← Chapters

မကြောက်နဲ့လင်းအာ… ငါမင်းကို အိမ်ပြန်ခေါ်သွားမယ်

Vol. 42 Ch. 631

မကြောက်နဲ့လင်းအာ… ငါမင်းကို အိမ်ပြန်ခေါ်သွားမယ်

Vol. 42 Ch. 631

မှောင်ရီသော ကောင်းကင်အောက်တွင် အသားတောင်ထိပ်ပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်း၏ ပုံရိပ်သည် နတ်ဘုရားအစွမ်းဖြင့် ရစ်သိုင်းခြုံထားလျက် ကောင်းကင်ဆီသို့ စိုက်ကြည့်နေသည်။

သူ၏ အကြည့်က လင်းအာ၏ ဝိညာဉ်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ သူ၏ အသိစိတ်ပင်လယ်ထဲမှ မြွေဖြူလေးသည် မျက်လုံးဖွင့်လိုက်လေသည်။ ၎င်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အော်မြည်သံတစ်မျိုးကို ထုတ်ဖော်လိုက်သည်။

“ ဂလူး… ဂလူး… ”

တူညီသောဇစ်မြစ်မှ ဝိညာဉ်သံပေါ်ထွက်လာသည့်အခါ လေထဲမှ လင်းအာ၏ ဝိညာဉ်သည် တုန်ယင်သွားသည်။ သူသည် ခေါင်းမော့လိုက်ပြီး ယင်းကို အာရုံခံလိုက်သည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်၌ မျောလွင့်ကူးခတ်နေကြသော အစိမ်းရောင် မြူခိုးနဂါးများနှင့် မြူခိုးမြွေများ ဆယ့်ရှစ်ကောင်သည် ရုတ်တရက် သိပ်သည်းသော ကမ္မတရားကို မှုတ်ထုတ်လိုက်ကြပြီး လင်းအာ၏ အာရုံခံမှုကို ပိတ်ဆို့ရန် အတားအဆီးစွမ်းအင်တစ်မျိုးကို ဖြစ်ပေါ်စေသည်။

ကမ္မတရား ပေါ်လျှိုးလာသောအခါ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ မြွေမြူလေးသည် လိုချင်တပ်မက်သော အရိပ်အမြွက်ကို အလိုအလျောက် ထုတ်ဖော်လိုက်လေသည်။

ထိုနဂါးများနှင့် မြွေများသည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ကမ္မတရားမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

သူတို့၏ အသွင်သဏ္ဍာန်သည် ရှင်းလင်းထင်ရှားကြပြီး သူတို့၏ အကြေးခွံများမှ စိမ်းဖန့်ဖန့်အလင်းရောင်ကို ထုတ်လွှတ်နေကြလေရာ တကယ့်အစစ်အမှန်နဂါးများ မြွေများအလားပင်။

သူတို့သည် ကောင်းကင်ဘုံတာအို၏ ကျိန်စာသင့်ခဲ့ကြသော်လည်း ဒဏ္ဍာရီများအရ ရှေးဟောင်းဝိညာဉ်မျိုးနွယ်သည် ဝမ်ကူးကုန်းမြေထဲမှ ကမ္မတရားကို စုစည်းခဲ့သော ကောင်းကင်ကံကြမ္မာမျိုးနွယ် ဖြစ်ခဲ့သည်။ သို့ကြောင့် သူတို့ပိုင်ဆိုင်သော ကောင်းကင်ကံကြမ္မာက ယခုထိတိုင် ရှိနေရခြင်းဖြစ်သည်။

ရွှီချင်း၏ မျက်လုံးထဲ၌ စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ လင်းအာ၏ ဝိညာဉ်ကို ပြန်မခေါ်နိုင်မှတော့ သူသည် လင်းအာ၏ ဝိညာဉ်ဆီသို့ တိုက်ရိုက် သွားရောက်မည် ဖြစ်၏။

အစိမ်းရောင် ကမ္မတရားမှဖြစ်ပေါ်လာကြသော နဂါးများနှင့် မြွေများသည် ချက်ချင်း ခြိမ်းခြောက်သော ဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။

အင်ပါယာက အမိန့်ပေးသည်နှင့် ရွှီချင်းကို ချက်ချင်း ဝါးမျိုပစ်ရန် သူတို့သည် အသင့်ဖြစ်နေကြသည်။

ရွှီချင်းသည် ဂရုမစိုက်ချေ။ သူက လင်းအာ၏ ဝိညာဉ်ဆီသို့ ဆက်လက် ချဉ်းကပ်သွားသည်။ ခရမ်းလစွမ်းအားသည်လည်း ပျံ့လွင့်ထွက်လာသည်။ ထိုအခါ ရက်စက်ကြမ်းကြုတ်ဟန်ရသော နဂါးများနှင့် မြွေများသည် ဆန္ဒမရှိသည့်တိုင် အနောက်သို့ဆုတ်ခွာသွားကြသည်။

သူတို့ဆုတ်ခွာသွားကြသည့်အခါ အတားအဆီးသည် လွင့်ပြယ်သွားသည်။

လင်းအာ၏ ဝိညာဉ်သည် ဆက်လက်တုန်ရီမနေတော့ပေ။ သူ၏ အာရုံခံနိုင်စွမ်းကို ပြန်ရလာသည့်အခါ ရွှီချင်း၏ ပုံရိပ်က သူ၏ အရှေ့မှာ ထွက်ပေါ်လာလေသည်။

ရွှီချင်းသည် လင်းအာ၏ ဝိညာဉ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဖမ်းယူလိုက်သည်။

သူတို့ချင်းထိတွေ့မိသောအခါ လင်းအာ၏ ဝိညာဉ်အပြင်ဘက်မှ အနက်ရောင်အလင်းသည် လွင့်ပြယ်သွားသည်။ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ မြွေဖြူလေးသည် တူညီသောဇစ်မြစ်၏ ဆွဲဆောင်မှုကြောင့် ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာပြီး လင်းအာ၏ မျက်ခုံးနှစ်ခုကြားမှနေရာသို့ ဝင်ရောက်သွားသည်။

လင်းအာ၏ ခန္ဓာကိုယ်သည် တုန်ရီလာပြီး သူ၏ မျက်တောင်များသည် အနည်းငယ် လှုပ်ခါသွားသည်။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်လေရာ ရွှီချင်း၏ ပုံရိပ်ကို ပထမဆုံးမြင်ကွင်းအဖြစ် မြင်သွားသည်။

“ အကိုရွှီချင်း… ဒါအိမ်မက်လား… ”

လင်းအာ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ ထိုသို့တီးတိုးပြောပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်ပေါ်မှာ အားနည်းသော လှိုင်းဂယက်များ ပေါ်ထွက်လာကြသည်။ သိသာစွာပင် သူ၏ ဝိညာဉ်သည် မူလခန္ဓာကိုယ်ထဲမှ အချိန်အတော်ကြာ ထွက်ခွာလာခဲ့သောကြောင့် မူလခန္ဓာကိုယ်က အချိန်အကြာကြီး ဆက်လက် တောင့်မထားနိုင်တော့ခြင်း ဖြစ်သည်။

“ မကြောက်နဲ့လင်းအာ… ငါမင်းကို အိမ်ပြန်ခေါ်သွားမယ် ”

ကျောက်စိမ်းပြား ကွဲကြေသွားသောအခါ ဝိညာဉ်အင်ပါယာ၏ မဟာလောကအပြင်ဘက် ဖုန်းဟိုင်ဒေသငယ်မှ သစ်ဝိညာဉ်မျိုးနွယ်ထဲဝယ် ဝိညာဉ်ချောက်နက်အပေါ်ရှိ ယဇ်ပလ္လင်၏ အစွန်းဖျားမှာ ရပ်ပေါင်းများစွာကြာအောင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသော အဖိုးအို၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။

သူ၏ ဇရာအိုနေသော မျက်နှာနှင့် အရေးအကြောင်းအားလုံးသည် လှုပ်ခါသွားသည်။ မျှော်လင့်ချက်ဟူသော စွမ်းအင်တစ်မျိုးက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှ မြင့်တတ်ထွက်ပေါ်လာနေသလိုပင်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးထဲမှာ တစ်ခါမှမဖြစ်စဖူး တောက်ပသော အလင်းရောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

အဖိုးအိုသည် ချိပ်တံဆိပ်များစွာကို အလျှင်အမြန် ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး နှလုံးခုန်သံသည် မြန်ဆန်လာသည်။ ဤအခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံးမှ သွေးသည် မြန်မြန်သွက်သွက် စီးဆင်းနေပြီး သူ့သွေးမျိုးစက်၏ ချိပ်တံဆိပ်စွမ်းအားကို လှုံ့ဆော်ပေးနေ၏။

ထို့အပြင် သစ်ဝိညာဉ်မျိုးနွယ်ပိုင်ဆိုင်သော စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းများလည်း ရှိသည်။ ထိုအခိုက်အတန့်မှာ မြစ်ဝှမ်းဒေသထဲမှ သစ်ပင်ကြီးများ၏ အမြစ်များသည် ပျံ့နှံ့ထွက်လာကြပြီး အဖိုးအိုဆိသို့ မြန်မြန်ဆန်ဆန် စုဝေးသွားကြသည်။

အဖိုးအို၏ မျက်လုံးသည် နီရဲလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးကြောများသည် ချက်ချင်း ဖောင်းကြွလာကြပြီး သူ၏ ဦးခေါင်းသည် ပေါက်ကွဲထွက်တော့မည့် အခြေအနေမှာ ရှိ၏။ မရေမတွက်နိုင်သော လက်တံကြီးများသည် ကောင်းကင်မှ ဆင်းသက်လာကြပြီး ၎င်းတို့ဘာသာ ပေါက်ကွဲထွက်သွားကြသည်။

ပမာဏများပြားသော သွေးသည် လက်တံကြီးများထဲမှ ဖြန်းခနဲ ပန်းထွက်လာကြပြီး အဖိုးအို၏ အရှေ့မှာ စုဝေးသွားကြသည်။ ထို့နောက် ယင်းက ပေသုံးဆယ်ခန့်ရှည်လျားသော သွေးအခဲအတုံးသို့ ပြောင်းလဲသွားပြီး ဆက်လက်တွန့်လိမ်သွားသည်။

“ အသက်ဝင်စေ ”

ဆူညံသံများကြားမှာ သွေးအခဲအတုံးသည် မြန်မြန်ဆန်ဆန် လှည့်ပတ်လာပြီး ကျောက်စိမ်းပြား၏ ညွှန်ပြမှုပေါ်သို့ ပိတ်လှောင်လိုက်ကာ အက်ကွဲကြောင်းအသေးတစ်ခုကို ဖွင့်ဟစေသည်။

ယင်းက ကျောက်စိမ်းပြား၏ တည်နေရာနှင့် ဆက်သွယ်သွား၏။

အဆုံးမရှိသော သေခြင်းစွမ်းအားသည် အက်ကွဲကြောင်းအသေးထဲမှ ချက်ချင်း ပျံ့လွင့်ထွက်လာပြီး မြစ်ဝှမ်းဒေသကို ဖုံးလွှမ်းသွားသည်။ အက်ကွဲကြောင်းမှတဆင့် အဖိုးအိုသည် ရွှီချင်း၏ လက်ထဲမှ လင်းအာကို မြင်သွားသည်။

ထိုအက်ကွဲကြောင်းသည် အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး အချိန်ကြာကြာ ထိန်းမထားနိုင်ပေ။ အမှန်တော့ ယင်းက စတင်ပြန်ပိတ်နေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ဦးခေါင်းထက်ရှိ ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းသည် ရုတ်တရက် လှုပ်ခါလာသည်။ ဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် စတင်ပွင့်လာတော့မည့်ဟန်ရသည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ ယခုထုတ်လွှတ်နေသော နတ်ဘုရားအစွမ်းသည် ယခင်အကြိမ်များထက် ပို၍ကြောက်မက်ဖွယ်ကောင်းပြီး အံ့ဩဖွယ်ကောင်းကြောင်း ရွှီချင်း အာရုံခံမိသည်။

ကမ္ဘာသည် ဝေဝါးလာပြီး အရာအားလုံးသည် ပုံပျက်တွန့်လိမ်လာသည်။ ၎င်းသည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်နှင့် နိုးထလာနေသော အားလှိုင်းအတတ်အကျသည် အကြမ်းပတမ်း ပျံ့လွင့်ထွက်ပေါ်လာသည်။

အလောင်းကောင်အားလုံးနှင့် မကောင်းဆိုးဝိညာဉ်အားလုံးသည် ဒူးထောက်လိုက်ကြသည်။

ရွှီချင်းသည် ပြင်းထန်သော နာကျင်မှုကို ခံစားရလိုက်သည်။ ခရမ်းလ၏ စွမ်းအားကြောင့်သာ သူ ဆက်ရပ်နေနိုင်ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်းသည် တုံ့ဆိုင်းမနေဘဲ အနောက်ဆုတ်သွားပြီး ဖန်ချွန်လမ်းအဖိုးအို ဖွင့်လှစ်ထားသော အက်ကွဲကြောင်းဆီသို့ အမြန်ချဉ်းကပ်သွားသည်။

အက်ကွဲကြောင်းအသေးသည် ထိုအခိုက်အတန့်မှာ အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်လာနေသည်။ အဖိုးအို၏ စိုးရိမ်တကြီးအော်သံသည် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။

“ လင်းအာ ”

ရွှီချင်းသည် သတိမေ့နေသော လင်းအာ၏ ဝိညာဉ်ကို အက်ကွဲကြောင်းထဲသို့ ချက်ချင်း တွန်းပို့လိုက်သည်။

ထို့နောက် သူသည် အက်ကွဲကြောင်းနှင့် လင်းအာ၏ အရှေ့မှာ ပိတ်ဆို့ရပ်လိုက်သည်။ သူက တဖြည်းဖြည်း ပွင့်လာနေသည့် ဝိညာဉ်အင်ပါယာ၏ မျက်လုံးထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် နတ်ဘုရားအစွမ်းကို တားဆီးရန် သူ၏ ခန္ဓာကိုယ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ခန္ဓာကိုယ်က အပိုင်းအစစ ဆုတ်ဖြဲခံနေရသည့် ပြင်းထန်သော နာကျင်မှုကို ရွှီချင်း ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး သွေးသည် မရပ်မနား စီးကျလာသည်။ သို့သော်လည်း သူ၏ ပိတ်ဆို့မှုသည် အောင်မြင်သွားခဲ့သည်။

အဖိုးအိုသည် လင်းအာ၏ ဝိညာဉ်ကို ဖမ်းဆုပ်မိသွားသည်။ သူက ရွှီချင်းကိုလည်း ကယ်တင်ချင်ဟန်ရသော်လည်း ယခု အလွန်နောက်ကျသွားချေ၏။ သူက လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။ သူ လက်ပြန်ရုတ်သိမ်းလိုက်သည်နှင့် အက်ကွဲကြောင်းသည် ဆက်လက် ထိန်းမထားနိုင်တော့ဘဲ ပရမ်းပတာဖြစ်လာပြီး လွင့်ပြယ်သွားသည်။

ရွှီချင်းသည် ပြုံးလိုက်သည်။

သူ၏ ဖျော့တော့နေသော မျက်နှာပေါ်မှာ သေခြင်းတရားဖြင့် ပြည့်နှက်နေသော ဤမဟာလောကဆီသို့ သူရောက်ရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အပြုံးပေါ်ထွက်လာချေ၏။

အက်ကွဲကြောင်းသည် သေးငယ်ပြီး အလျှင်အမြန် ပြန်ပိတ်နေကြောင်း သူသတိပြုမိသည်။ သူဖြတ်သန်းနိုင်မည်မဟုတ်ကြောင်းလည်း သိသည်။ သို့သော်လည်း ယင်းက ကိစ္စမရှိပေ။ သူ၏ လာရင်းရည်ရွယ်ချက်သည် အောင်မြင်သွားခဲ့ပြီ မဟုတ်ပါလော။

သူသည် လင်းအာ၏ ဝိညာဉ်ကိုရှာတွေ့ခဲ့ပြီး သူ့ကို ဘေးကင်းလုံခြုံစွာ အပြင်သို့ ပို့ဆောင်ပေးခဲ့သည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းသည် လုံးလုံးလျားလျား ပွင့်သွားသည်။

ဖော်မပြနိုင်အောင် အလွန်ကြီးမားသော အဝါရောင် ဒေါင်လိုက်မျက်လုံးသူငယ်အိမ်တစ်လုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ရွှီချင်းကို စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်မှာ နေရာတိုင်းရှိ အဆုံးမရှိသော အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် ခေါင်းငုံ့လိုက်ကြပြီး ကြည်ညိုလေးစားသော အော်သံကို ထုတ်ဖော်လိုက်ကြသည်။

“ အင်ပါယာ ”

နားကွဲလုမတတ် ကျယ်လောင်သော အော်သံသည် ကမ္ဘာတစ်ခွင်လုံး ပျံ့လွင့်သွားသည်။

သူတို့ချည်းသာမဟုတ်ပေ။ ကောင်းကင်ရှိ မြူခိုးထဲမှ နဂါးဦးခေါင်းများ၊ မြေပြင်ပေါ်မှာ တွားသွားရွေ့လျားနေကြသော ဧရာမမြေကြီးများ၊ မရဏမြစ်ထဲမှ ကြောက်မက်ဖွယ်ပုံရိပ်များနှင့် အဝေးမှ မရေမတွက်နိုင်သော စစ်ရထားလုံးဆွဲ မိစ္ဆာများသည် ကောင်းကင်ပေါ်မှ မျက်လုံးပွင့်လာသည်နှင့် နက်ရှိုင်းသော အော်သံကို ထုတ်ဖော်လိုက်ကြသည်။

“ အင်ပါယာ ”

ကောင်းကင်ပေါ်မှ ဧရာမမျက်လုံးထဲမှာ ဂရုမစိုက်ဟန်ဖြင့် ပြည့်နှက်နေသည်။ မှေးမှိန်သော အဝါရောင် မျက်လုံးသူငယ်အိမ်၏ ဘေးပတ်ပတ်လည်တွင် မီးတောက်နက်များ လောင်မြိုက်နေကြသည်။

နတ်ဘုရားတစ်ပါးနှင့် တုယှဉ်နိုင်သော ဖိအားသည် မဟာလောကကို လွှမ်းခြုံသွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များသည် ထိန်းချုပ်မရအောင် ဟက်တက်ကွဲထွက်သွားကြသည်။

ဝိညာဉ်အင်ပါယာ၏ စွမ်းရည်က ဒဏ်ရာအားလုံးကို လျှပ်တစ်ပြက်အတွင်း အဆပေါင်းများစွာ ပိုမိုဆိုးဝါးသွားအောင် လုပ်ဆောင်နိုင်ဟန် ထင်ရ၏။ ယင်းသည် ဆုတ်ဖြဲခြင်း၏ အရင်းအမြစ်လည်း ဖြစ်ပေသည်။

ယင်းအစွမ်းသည် တစ်စုံတစ်ယောက်က ပိုပြီးဒဏ်ရာရထားလေ ပိုပြီးအကျိုးသက်ရောက်မှုရှိလေ ဖြစ်သည်။ ထိုထူးဆန်းသောအစွမ်း၏ သက်ရောက်မှုအောက်မှာ အသေးအမွှား ဒဏ်ရာလေးများသည်ပင် မျက်စိတစ်မှိတ်အတွင်း အလေးအနက်ထားရမည့် ဒဏ်ရာကြီးများ ဖြစ်လာကြလိမ့်မည်။

ထို့အပြင် ဆက်လက်ဆုတ်ဖြဲခံနေရသောကြောင့် ခန္ဓာကိုယ်က တစ်လွှာပြီးတစ်လွှာ ပိုင်းဖြတ်ခံနေရသည့်အလား နာကျင်မှုမျိုးကို ခံစားရလိမ့်မည်။

ထိုသို့စွမ်းရည်မျိုးဖြင့် ဝိညာဉ်အင်ပါယာ အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့စဉ်က သူ၏ ရန်သူများအနေဖြင့် သူ့ကို အလွန်ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရလိမ့်မည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ သူတို့သည် မည်သို့မှ ဒဏ်ရာရ၍မဖြစ်ချေ။ သူတို့ ဒဏ်ရာအသေးလေး ရသွားသရွေ့ စက္ကန့်ပိုင်းလေးအတွင်း သူတို့၏ ဒဏ်ရာများသည် အဆပေါင်းများစွာ ပိုမိုဆိုးဝါးလာကြလိမ့်မည်။

ဆုတ်ဖြဲခံနေရမှုကြောင့် ရွှီချင်း၏ ခန္ဓာကိုယ်သည် ဆက်လက် ပြိုလဲပျက်စီးလာသည်။ သူ၏ အသွေးအသားများသည် တစ်ခုပြီးတစ်ခု ကွဲထွက်သွားကြသည်။ သို့သော်လည်း ယင်းတို့သည် ခရမ်းလစွမ်းအားကြောင့် အတင်းအကျပ် အတူတကွ ပြန်ဆက်သွားကြသည်။

ဤဖြစ်စဉ်မှ ပြင်းထန်သော နာကျင်မှုသည် ဆူနာမီလှိုင်းလုံးကြီးသဖွယ် တိုးဝင်လာသည်။ အထူးသဖြင့် သူ၏ အသွေးအသားများ ဖျစ်ညှစ်ခံနေရသော ခံစားမှုသည် အနာကျင်ဆုံးဖြစ်သည်။ သို့သော်လည်း ရွှီချင်းသည် သူ၏ မြှောက်တင်ထားသော ညာဘက်လက်ကို လုံးဝအားမလျော့ခဲ့ချေ။ ပို၍ပင် အားထည့်ဆုပ်ကိုင်ထားသည်။

သူသည် ကျားကုတ်ကျားခဲ ခေါင်းမော့လိုက်ပြီး ဝိညာဉ်အင်ပါယာကို ကြည့်လိုက်သည်။

ချက်ချင်းပင် အဆုံးမဲ့သော သတင်းအချက်အလက်များသည် ရွှီချင်း၏ အသိစိတ်ထဲသို့ ဒလဟော တိုးဝင်လာကြသည်။ သူ၏ စိတ်ထဲမှာ သတင်းအချက်အလက်ဖြင့် ပြည့်လျှံသွားသည်။

ထိုသတင်းအချက်အလက်များသည် အစီအစဉ်တကျ ရှိမနေကြပေ။ ထိုအထဲမှာ ရက်စက်မှုနှင့် ရူးသွပ်မှုတို့ ပါဝင်နေသေး၏။ ရွှီချင်း၏ ဦးခေါင်းသည် ပေါက်ကွဲထွက်တော့မည့်အလား ဖောင်းပွလာသည်။

၎င်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ကို လှုပ်ခါပြီး အထဲမှ ဝိညာဉ်ကို ခြေမွဖျက်ဆီးပစ်ချင်နေသည်။ ၎င်းကိုတားဆီးရန် တားမြစ်အဆိပ်စွမ်းအားသည် နတ်နန်းတော်ထဲမှ ပေါ်ထွက်လာသည်။

မိုဆာဆောသည် ဟိန်းသံတစ်ခု ထုတ်ဖော်လိုက်ပြီး ၎င်းကိုတားဆီးရန် ဆဌမနတ်နန်းတော်ထဲမှ ပျံထွက်လာသည်။

မိုဆာဆောထွက်ပေါ်လာသည့်အခါ အလွန်အစွမ်းကြီးမားသော ထိုစိတ်ဆန္ဒသည် အနည်းငယ် ရပ်တန့်သွားသည်။ သိသာစွာပင် ၎င်းသည် မိုဆာဆောပေါ်မှ ကောင်းကင်ဘုံတာအိုကို မှတ်မိသည်။

နတ်ဘုရားအာရုံသည် လျှပ်စီးအလား ရွှီချင်း၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်းလက်ထဲက နီလာနတ်ဘုရားမအရင်းအမြစ်က အလုခံထားရတာ ဖြစ်မယ် ”

ရွှီချင်း၏ မျက်လုံးထဲမှ သွေးကြောများသည် ကွဲထွက်သွားကြပြီး သွေးသည် သူ၏ မျက်လုံးထောင့်မှ စီးကျလာသည်။ သူက ကောင်းကင်ပေါ်မှ မှုန်ဝါးဝါး ဧရာမမျက်လုံးကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ အဲ့တော့ ဘာဖြစ်လဲ ”

သူ၏ စကားဆုံးသည်နှင့် ရွှီချင်း၏ ညာလက်ထဲမှ ခရမ်းလအလင်းသည် နောက်တစ်ကြိမ် ပေါ်လျှိုးလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စတုတ္ထနတ်နန်းတော်သည် အပြင်းအထန် တုန်ခါလာပြီး ကောင်းကင်ပေါ်မှ ခရမ်းလသည် လင်းထိန်လာကာ အလွန်ထူထဲသော ခရမ်းလရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။ ခရမ်းလ၏ အစွန်းဖျားသည် အနီရောင်သို့ စတင်ပြောင်းလဲသွားနေပြီ ဖြစ်၏။

ထိုအနီရောင်သည် တဖြည်းဖြည်း ဆက်လက်ကျယ်ပြန့်လာနေသည်။

ခရမ်းလ၏ အနောက်၌ အလွန်အမင်း သိပ်သည်းသော သွေးနီရောင်အလင်းက မဟာလောက၏ အပြင်ဘက်မှနေ၍ လကို တဖြည်းဖြည်း လွှမ်းခြုံလာနေသလိုပင်။

“ ငါ့ကို အပြင်ပေးထွက်မလား ဒါမှမဟုတ် ငါတို့အတူတူ သေကြမလား… မင်းဘာသာရွေး ”

ရွှီချင်းသည် ခက်ခက်ခဲခဲကြိုးစား၍ တစ်လုံးချင်း ပြောလိုက်သည်။

ဧရာမမျက်လုံးကိုကြည့်နေရင်းမှ သူ၏ စိတ်ထဲသို့ မရေမတွက်နိုင်သော သတင်းအချက်အလက်များ တိုးဝင်လာကြပြီး သူ၏ ဦးခေါင်းကို ပေါက်ကွဲစေလုနီးပါး ခံစားရစေသော်လည်း ထိုသတင်းအချက်အလက်များထဲမှ တချို့တလေကို အနည်းနှင့်အများ သူနားလည်ခဲ့သည်။

နတ်ဘုရားများသည် တစ်ဦးနှင့်တစ်ဦး ဝါးမျိုနိုင်ကြသည်။

အနီရောင်လဆင်းသက်လာသည့်အခါ ဝိညာဉ်အင်ပါယာ၏ လက်ရှိအခြေအနေဖြင့် သူက အမှန်တကယ် အစားအစာဖြစ်သွားလိမ့်မည်။

ထိုသတင်းအချက်အလက်ကြောင့် သူ၏ ခြိမ်းခြောက်မှုက သေချာပေါက် ထိရောက်မှုရှိမည်ဖြစ်ကြောင်း ရွှီချင်း ပို၍သေချာသွားသည်။

သူသည် ဆက်လက်တောင့်ခံရန် မဖြစ်နိုင်တော့သည့် အခြေအနေမှာ ရှိနေပြီးဖြစ်၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော နာကျင်မှုနှင့် သူ၏ စိတ်ထဲမှ ပရမ်းပတာ သတင်းအချက်အလက်များကြောင့် ကမ္ဘာသည် အလွန်မြန်ဆန်စွာ လှည့်ပတ်နေသည်ဟု ခံစားနေရသည်။

အကယ်၍ ဤအခိုက်အတန့်မှာ ခရမ်းလ၏ စွမ်းအားသည် အချက်ပြမှုတစ်ခုဖြစ်လာပြီး အလွန်မြင့်မားသော အတိုင်းအတာတစ်ခုထိရောက်အောင် တစ်စုံတစ်ရာ၏ အစွမ်းတိုးမြှင့်ပေးခြင်း မခံထားရဘူးဆိုလျှင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အစောကြီးကတည်းက ဖျက်ဆီးခံရပြီးဖြစ်ချေ၏။

သို့သော်လည်း ကောင်းကင်ပေါ်မှ ဧရာမမျက်လုံး၏ အကြည့်သည် ဆက်လက်ပြင်းထန်နေဆဲပင်။ ရွှီချင်းသည် ဆုံးဖြတ်ချက်ပြတ်သားစွာ ချမှတ်လိုက်ပြီး တိုးညင်းစွာ အော်လိုက်သည်။

“ အနီရောင်လ… အနီရောင်လ… ”

ရွှီချင်း၏ အော်ခေါ်သံထွက်ပေါ်လာသောအခါ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ကြီးမားသော အနီရောင် အစက်အပြောက်များသည် ကောင်းကင်ပေါ်မှာ တိုက်ရိုက် ဖြစ်ပေါ်လာကြသည်။ ယင်းတို့သည် တဖြည်းဖြည်း များပြားလာကြပြီး ကျယ်ပြန့်လာကြကာ တစ်ခုနှင့်တစ်ခု ထိစပ်ရန် ကြိုးစားနေကြသည်။

ရွှီချင်းသည် အနီရောင်လကို ဦးစွာဆင့်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

နတ်ဘုရားအခွင့်အာဏာကိုအသုံးပြု၍ ဦးစွာဆင့်ခေါ်ခြင်းသည် စောစောတုန်းက ရွှီချင်းလုပ်ဆောင်ခဲ့သော သွယ်ဝိုက်စွာ လမ်းညွှန်ခြင်းနှင့် လုံးလုံးလျားလျား ခြားနားပေသည်။

ကောင်းကင်သည် အနီရောင်တောက်ပလာသည်။

ဧရာမမျက်လုံးသည် ချက်ချင်း ကျဉ်းမြောင်းသွားပြီး မြန်ဆန်သော အသက်ရှူသံသည် ကမ္ဘာတစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ ထိတ်လန့်မှုနှင့် ဒေါသသည် ခံစားချက်များကို ဖိနှိပ်ထားသော အော်သံတစ်သံသို့ ပြောင်းလဲသွားသည်။

“ ထွက်သွား ”

All Chapters