← Chapters

မုန်တိုင်းစပြီ

Vol. 42 Ch. 632

မုန်တိုင်းစပြီ

Vol. 42 Ch. 632

ဝိညာဉ်အင်ပါယာ၏ အသံသည် ကမ္ဘာအက်ကွဲစေရန် လုံလောက်သော်လည်း သူ၏ စိတ်ခံစားမှုအပြောင်းအလဲကြောင့် ရွှီချင်း ပြိုလဲပျက်စီးသွားပြီး ချက်ချင်း သေဆုံးသွားမည်ကို စိုးရိမ်နေဟန်ရသည်။ ထို့ကြောင့် ၎င်း၏ နတ်ဘုရားအစွမ်းနှင့် ဆုတ်ဖြဲခြင်းစွမ်းအားကို သိသာစွာ လျှော့ချထိန်းချုပ်ထား၏။

ပြိုလဲပျက်စီးတော့မည့် ရွှီချင်းသည် နောက်ဆုံးမှာတော့ အသက်ပြန်ရှူနိုင်သွားသည်။

သူသည် ဒယိမ်းဒယိုင်ပြန်ထလိုက်ပြီး ထွက်သွားရန်ပြင်သည်။ သို့သော်လည်း သူခေါင်းမော့လိုက်သည့်အခါ ဧရာမမျက်လုံးအောက်၌ လွင့်မျောကူးခတ်နေကြသော အစိမ်းရောင် ကမ္မတရားမှ ဖြစ်တည်လာကြသည့် နဂါးများနှင့် မြွေများကို မြင်သွားပြီး စောစောတုန်းက သူ၏ အသိစိတ်ပင်လယ်ထဲမှာ လင်းအာထုတ်ဖော်ပြခဲ့သော လိုချင်တပ်မက်ပုံကို သတိရသွားသည်။

ထို့ကြောင့် ရွှီချင်း၏ နှလုံးသားသည် အနည်းငယ် လှုပ်ခါသွားသည်။ သူက လက်မြှောက်လိုက်ပြီး အစိမ်းရောင်ကမ္မတရားကို ညွှန်ပြကာ ရုတ်တရက် ပြောသည်။

“ လေးစားရပါသော ဝိညာဉ်အင်ပါယာ… ကျုပ်ကို ကမ္မအမျှင်တစ်ခု ငှားယူခွင့်ပြုပါ… အနာဂတ်မှာ အဲ့ဒါနဲ့ တန်ဖိုးတူညီတဲ့ ပစ္စည်းတစ်ခုကို ကျုပ်ပြန်ပေးပါမယ် ”

ရွှီချင်း၏ စကားသံဆုံးသွားသောအခါ ဝိညာဉ်အင်ပါယာ ရုပ်သိမ်းသွားခဲ့သော ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားအစွမ်းသည် နောက်တစ်ကြိမ် ပြန်ပေါ်လာလေသည်။ ဧရာမမျက်လုံးသည် ရွှီချင်းကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ ကြီးကျယ်မြင့်မြတ်သော ဖိအားသည် စောစောတုန်းကထက်ပင် ပို၍ပြင်းထန်သည်။

“ ကျုပ်က အလကားတောင်းနေတာမဟုတ်ပါဘူး… ကျုပ်က ငှားယူနေတာပါ ”

ရွှီချင်းသည် အလေးအနက်ထားပြီး ရှင်းပြသည်။

ဧရာမမျက်လုံးသည် ကောင်းကင်ပေါ်မှ အနီရောင်အစက်အပြောက်များကို ကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ အကြည့်က ရွှီချင်းကို ဖြတ်ကျော်သွားပြီး ကောင်းကင်ဘုံတာအို မိုဆာဆောဆီသို့ ကျရောက်သွားသည်။

တစ်ခဏအကြာမှာ အစိမ်းရောင် ကမ္မအမျှင်တစ်ခုသည် လှုပ်ယမ်းသွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ရွေ့လျားသွားသည်။ ယင်းကို ရွှီချင်း ဖမ်းဆုပ်လိုက်သည့်အခါ မြူခိုးသည် အစိမ်းရောင်သလင်းကျောက်သို့ ပြောင်းလဲသွားသည်။

သလင်းကျောက်သည် ကြည်လင်တောက်ပပြီး အလွန်တရာ လှပသည်။ အကြည့်တစ်ချက်ဖြင့်ပင် ယင်းက အထွတ်အထိပ် ရတနာတစ်ခုဖြစ်ကြောင်း မည်သူမဆို ပြောနိုင်ကြ၏။

ထို့နောက် ချက်ချင်းပင် နက်ရှိုင်းသော အော်သံသည် ဧရာမမျက်လုံးထဲမှ မြည်ဟိန်းထွက်လာသည်။

“ အခုချက်ချင်း ထွက်သွား ”

ထိုသို့ပြောပြီးနောက် မျက်လုံးသည် ပြန်မှိတ်သွားပြီး ရွှီချင်းကို ဆက်မကြည့်တော့ချေ။

ရွှီချင်းသည် ချက်ချင်း အရှိန်တင်လိုက်ပြီး အသားတောင်ကုန်းနှင့် နန်းတော်ဆီမှ အမြန်ဆုံး ထွက်ခွာသွားသည်။ သွေးအတောင်ပံသည် သူ၏ ကျောနောက်မှာ ပေါ်ထွက်လာပြီး သူ့အလျင်ကို အဆုံးစွန်အထိ တိုးမြှင့်စေသည်။

မည်သည့်မတော်တဆမှုမှ မဖြစ်ရလေအောင် ရွှီချင်းသည် ခရမ်းလကို သူ၏ စတုတ္ထနတ်နန်းတော်ထဲသို့ ပြန်မထည့်ခဲ့ချေ။ ယင်းအစား သူသည် အချက်ပြမှုကို ဖုံးကွယ်ရန် အဆိပ်မြူခိုးကို ပျံ့လွင့်စေသည်။ ရံဖန်ရံခါ သူသည် ကောင်းကင်သို့ မော့ကြည့်လေ့ရှိသည်။

အနီရောင်လဆင်းသက်လာပြီး ဝိညာဉ်အင်ပါယာ နောက်တစ်ကြိမ် မျက်လုံးဖွင့်မည်ကို သူစိုးရိမ်နေခြင်း ဖြစ်သည်။

ထိုစိုးရိမ်မှုနှစ်ခုကြောင့် ရွှီချင်းသည် သူ၏ အလျင်ကို အဆုံးစွန်အထိ မြှင့်တင်ထားပြီး လာရာလမ်းအတိုင်း အမြန်ပြန်နေခြင်း ဖြစ်သည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ ထိုရက်များတွင် ရွှီချင်းသည် မည်သည့်အတားအဆီးနှင့်မှ မတွေ့ကြုံခဲ့ပေ။ မဟာလောကတွင် ပထမဆုံး သူခြေချခဲ့သည့်နေရာသို့ ပြန်ရောက်သွားသောအခါ အချက်ပြအမှတ်အသားသည် အဆိပ်မြူခိုး၏ ဖုံးကွယ်မှုကြောင့်သော်လည်းကောင်း ဝိညာဉ်အင်ပါယာ၏ ကြိုးစားမှုကြောင့်သော်လည်းကောင်း ကောင်းကင်ပေါ်မှ ခရမ်းလသည် အရောင်ဖျော့တော့လာပြီး အနီရောင် အစက်အပြောက်များသည် မှုန်ဝါးလာကြသည်။

ရွှီချင်းသည် အချိန်ကြာကြာ မနေဝံ့ချေ။ ထို့ကြောင့် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။

မြေပြင်က တဖြည်းဖြည်း သေးသထက်သေးလာသည့်အခါ ဆွဲငင်အားသည် မြေကြီးထံမှ ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူသည် မဟာလောကထဲမှ လုံးလုံးလျားလျား ပြန်ထွက်လာနိုင်ခဲ့သည်။ ထို့နောက် ရွှီချင်းသည် ခရမ်းလကို သူ၏ နတ်နန်းတော်ထဲသို့ အမြန်ပြန်ထည့်လိုက်ပြီး တားမြစ်အဆိပ်ကိုအသုံးပြုကာ ယင်းကို ဖုံးကွယ်လိုက်သည်။

သူသည် တုန်ရီနေလျက် အချိန်အတော်ကြာ စောင့်ဆိုင်းသည်။ မည်သည့်ပြဿနာမှမရှိကြောင်း သေချာအတည်ပြုပြီးနောက် သူသည် အရှေ့သို့ ဆက်လက်ရွေ့လျားသွားပြီး ဝိညာဉ်ချောက်နက်ထဲမှာ ထွက်ပေါ်လာသည်။ သူသည် ဘေးမှ ကျောက်ကမ်းပါးတစ်ခုကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို မြဲမြံစွာ ကျောက်ချစေသည်။ သို့မှသာ သူသည် အဝေးသို့ စုပ်ယူမခံရလိမ့်မည် ဖြစ်သည်။

အေးစက်စက် ကျောက်ကမ်းပါးမှ ထုတ်လွတ်နေသော အအေးလှိုင်းများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ရွှီချင်းသည် ခရမ်းသလင်းကျောက်ကို လှည့်ပတ်လိုက်ပြီး အပေါ်သို့ ဆက်လက်တွယ်တတ်နေရင်း ဒဏ်ရာများကို ကုသလိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။

ရွှီချင်းသည် အနားယူရန် ရံဖန်ရံခါ ရပ်လေ့ရှိသည်။ ခြောက်နာရီကြာပြီးနောက် သူသည် အပေါ်မှ ယဇ်ပလ္လင်ကို နောက်ဆုံးမှာတော့ မြင်သွားသည်။ စိုးရိမ်ပူပန်သောအမူအရာဖြင့် ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေလျက်ထိုင်နေပြီး နောက်ထပ်ဂိတ်တံခါးတစ်ခုအား ဖွင့်ရန် ချိပ်တံဆိပ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဖွဲ့စည်းနေသော ဖန်ချွန်လမ်းအဖိုးအိုကိုလည်း သူမြင်သည်။

ရွှီချင်းသည် အဖိုးအိုကိုကြည့်ပြီးနောက် ကျောက်ကမ်းပါးပေါ်ရှိ ကျောက်ဂူတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ဂူထဲတွင် တင်ပျဉ်ခွေလျက်ထိုင်နေသော ဝတ်ရုံဖြူမိန်းကလေးကို သူမြင်သောအခါ စိတ်ထဲမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

လင်းအာ၏ မျက်နှာသည် ယခင်ကဲ့သို့ ဖြူဖျော့မနေတော့ပေ။ သူသည် အသက်ရှူနေပြီး မျက်နှာသည် ပန်းဆီရောင်သန်းနေသည်။ သိသာစွာပင် သူသည် အသက်စွမ်းအင်ကို ပြန်လည်ရရှိသွားပြီဖြစ်၏။

သို့သော်လည်း သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ အချိန်အတော်ကြာ ထွက်ခွာသွားခဲ့သောကြောင့် ပြန်လည်နလန်ထူရန် လုပ်ဆောင်ရဦးပေမည်။ သူသည် အချိန်တစ်ခုထိ နိုးလာဦးမည်မဟုတ်ချေ။ အဖိုးအိုက အကာအကွယ်စည်းများကို သူ၏ ဘေးပတ်ပတ်လည်တွင် ချထားပေးသည်။

ရွှီချင်းက လင်းအာကိုကြည့်နေစဉ် ယဇ်ပလ္လင်ပေါ်၌ ဂိတ်တံခါးဖွင့်မန္တန်သုံးရန် အကြိမ်ကြိမ်ကျရှုံးနေခဲ့သော အဖိုးအိုသည် ရုတ်တရက် ဆွံ့အသွားသည်။ သူသည် ဆတ်ခနဲ ခေါင်းငုံ့လိုက်ပြီး ဝိညာဉ်ချောက်နက်ကို ကြည့်လိုက်သည်။ ကျောက်နံရံကို ဆုပ်ကိုင်လျက် အပေါ်သို့ ဖြည်းဖြည်းချင်း တွယ်တတ်လာနေသော ရွှီချင်းကို သတိထားမိသောအခါ သူ၏ မျက်လုံးသည် ပြူးကျယ်သွားပြီး အလန့်တကြား အော်လိုက်သည်။

“ မင်း… မင်း တကယ်ကြီး ကိုယ့်ဘာသာ ပြန်ထွက်လာနိုင်တယ် ”

အဖိုးအိုသည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဆွံ့အနေမိသည်။ သူသည် ဤရက်များတွင် ဂိတ်တံခါးဖွင့်လှစ်ရန် မန္တန်များစွာကို အသုံးပြုခဲ့ပြီး ဝိညာဉ်မျိုးနွယ်ကိုပင် ဖိတ်ခေါ်ခဲ့သည်။ သို့တိုင် အကြိမ်တိုင်း သူကျရှုံးခဲ့သည်။ အကယ်၍ ကံကောင်းထောက်မပြီး အောင်မြင်သွားခဲ့လျှင်ပင် ရွှီချင်းကို ကယ်တင်နိုင်လိမ့်မည်မဟုတ်ကြောင်း သူနားလည်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ဝိညာဉ်အင်ပါယာသည် မျက်လုံးဖွင့်လှစ်ပြီးပြီ မဟုတ်ပါလော။

ထို့ကြောင့် သူသည် အလွန်စိုးရိမ်သည်။ တစ်ဖက်တွင် ရွှီချင်းက လင်းအာကို ကယ်တင်ရန် မည်သို့အသေခံခဲ့ကြောင်း သူတွေးမိသည့်အခါ စိတ်ရှုပ်ထွေးလာသည်။ အခြားတစ်ဖက်တွင် လင်းအာနိုးလာပြီးနောက် ဤအကြောင်းကိုသိသွားသည့်အခါ ထိတ်လန့်သွားပြီး ခံနိုင်ရည်မရှိမည်ကို သူစိုးရိမ်သည်။

သို့သော်လည်း စိုးရိမ်စိတ်ပင်လယ်ထဲ၌ သူနစ်မြုပ်နေချိန် ရွှီချင်းက ဝိညာဉ်ချောက်နက်ပေါ်သို့ သူ့ဘာသာ ပြန်တတ်လာနေသည်ကို အမှန်တကယ် မြင်လိုက်ရလေသည်။

“ ဝိညာဉ်အင်ပါယာကများ… ”

အဖိုးအိုသည် မိန်းမောတွေဝေစွာ ရေရွတ်လိုက်သည်။

ရွှီချင်းသည် ယဇ်ပလ္လင်ပေါ်သို့ ခုန်တတ်လိုက်ပြီး ဆွံ့အနေသော အဖိုးအို၏ အရှေ့မှာ ပေါ်လာသည်။ အဖိုးအိုက စကားပြောတော့မည့်အချိန် ရွှီချင်းသည် အမောတကော အသက်ရှူလိုက်ပြီး လက်ဝှေ့ယမ်းပြကာ ဝိညာဉ်အင်ပါယာထံမှ သူရရှိခဲ့သော အစိမ်းရောင် ကမ္မသလင်းကျောက်ကို ကမ်းပေးလိုက်သည်။

“ အဲ့ဒါ လင်းအာအတွက် ”

အဖိုးအိုသည် မသိစိတ်မှ လှမ်းယူလိုက်သည်။ သလင်းကျောက်ကို မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကြည့်ပြီးနောက် သူ၏ မျက်လုံးသည် ထပ်မံပြူးကျယ်လာပြီး သူ၏ စိတ်သည် တုန်ခါသွားသည်။ သူက မတ်တတ်ထရပ်လိုက်ပြီး အထိတ်တလန့် ပြောသည်။

“ ဘိုးဘေးကမ္မအင်ပါယာချီ ”

သူ၏ နှလုံးသည် မြန်မြန်ဆန်ဆန်ခုန်လာပြီး သလင်းကျောက်ကို တင်တင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ စိတ်သည် လှုပ်ခါလာသည်။ ဤသလင်းကျောက်သည် အလွန်အမင်း တန်ဖိုးကြီးမားကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ အထူးသဖြင့် ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ နောင်မျိုးဆက်များအတွက် ဖြစ်ပေသည်။

အကယ်၍ လင်းအာသာ ဤဘိုးဘေးကမ္မအင်ပါယာချီကို စုပ်ယူလိုက်မည်ဆိုလျှင် သူ၏ သွေးမျိုးစက်သည် ပို၍သိပ်သည်းလာမည်သာမက သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာသည်လည်း အတိုင်းအတာတစ်ခုထိ လျော့ပါးသွားလိမ့်မည်။

ဤသလင်းကျောက်သည် ရှေးရှေးတုန်းက ရှေးဟောင်းဝိညာဉ်မျိုးနွယ်ခေတ်တွင် အင်ပါယာမိသားစု၏ ကမ္မဖြစ်ပေသည်။

ယင်းက လင်းအာ၏ ကျင့်ကြံခြင်းကို တစ်ဟုန်ထိုး ခုန်ပျံမြင့်တတ်သွားစေလိမ့်မည်။

တစ်ဖက်လူ၏ အမူအရာကိုမြင်ပြီးနောက် ရွှီချင်းသည် စိတ်သက်သာရာရသွားသည်။ ကျောက်ဂူထဲမှာ ပြန်လည်အားဖြည့်တင်းနေသော လင်းအာကို သူလှမ်းကြည့်လိုက်သည်။ ထို့နောက် မဟာလောကထဲမှ မြင်ကွင်းများသည် သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာကြသည်။

“ ဒီတစ်ကြိမ် လင်းအာရဲ့ သွေးမျိုးစက်ဇစ်မြစ်က ဒဏ်ရာရသွားတယ်… သူက တစ်လကြာမှ ပြန်နိုးလာလိမ့်မယ်… ဒါပေမဲ့ ဒီဘိုးဘေးကမ္မအင်ပါယာချီနဲ့ဆို သူ့ရဲ့သွေးမျိုးစက်က ပြန်သက်သာလာရုံတင်မကဘူး နောက်တစ်ဆင့်ကို မြင့်တတ်သွားလိမ့်မယ် ”

အဖိုးအိုက အလျင်စလို ပြောသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ မောပန်းနွမ်းလျသော ခံစားချက်လှိုင်းများသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် သူသည် တုံကင်နက်တစ်ခုကို ထုတ်ယူလိုက်သည်။

“ ဒီဟာကဘာလဲ ခင်ဗျားသိလား ”

တုံကင်သည် ဘဲဥပုံသဏ္ဍာန်ရှိပြီး ယင်းအပေါ်မှာ ရှုပ်ထွေးသော မှော်အက္ခရာများကို ထွင်းထုထားသည်။ တုံကင်မှ အနက်ရောင်အလင်းကို ထုတ်လွှတ်နေပြီး ယင်း၏ ကိုယ်ထည်တစ်ခုလုံးသည် အေးစက်နေသည်။ ထိုအထဲမှ တည်နေရာပြောင်းရွှေ့ အားလှိုင်းအတတ်အကျတချို့လည်း ထွက်ပေါ်နေလေသည်။ ရွှီချင်းသည် ထိုတုံကင်ကို ဝိညာဉ်အင်ပါယာ၏ မဟာလောကထဲ၌ သူသတ်ဖြတ်ခဲ့သော အလောင်းကောင်တစ်ဦးထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တုန်းက ဤတုံကင်က အနည်းငယ် ထူးခြားသည်ဟု သူခံစားခဲ့ရသောကြောင့် သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

“ အဲ့ဒါ ဝိညာဉ်ချောက်နက်အဆောင် ”

“ ဒီတုံကင်က အပြင်မှာ ရှားပါးပေမယ့် မဟာလောကထဲမှာတော့ အများကြီးရှိတယ်… အထူးနည်းလမ်းတစ်မျိုးနဲ့ ဓမ္မစွမ်းအားကို ပေါင်းစပ်အသုံးပြုပြီးတဲ့နောက် အဲ့ဒါက ဘယ်အချိန်မဆို အပြင်လူတွေကို ဝိညာဉ်ချောက်နက်ထဲရောက်အောင် တည်နေရာပြောင်းရွှေ့ပေးနိုင်တယ်… တစ်ချိန်တည်းမှာ တကယ်လို့ မင်းက စိတ်ထဲမှာ တည်နေရာတစ်ခုကို စဉ်းစားနေမယ်ဆိုရင် မဟာလောကထဲက အဲ့ဒီတည်နေရာဆီ တည်နေရာပြောင်းရွှေ့နိုင်တယ် ”

အဖိုးအိုသည် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ယခု သူ၏ မျက်လုံးထဲမှာ ရွှီချင်းသည် ယခင်ကနှင့် လုံးလုံးခြားနားသွားချေ၏။ ယခုထိတိုင် တစ်ဖက်လူက မည်သို့မည်ပုံ အန္တရာယ်ကဒ်ဘေးကို ကျော်လွှားနိုင်ခဲ့ကြောင်း သူနားမလည်နိုင်သေးပေ။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် တုံကင်ကို သူဆက်သိမ်းထားလိုက်သည်။ သူသည် လင်းအာကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။

“ မင်း… မင်း လင်းအာနိုးတဲ့အထိ မစောင့်ဘူးလား ”

အဖိုးအိုသည် ချီတုံချတုံမေးသည်။

“ ကျုပ်မှာ အခက်အခဲတချို့ရှိတယ်… ဒီမှာကြာကြာနေဖို့ ကျုပ်အတွက် မသင့်တော်ဘူး… အနာဂတ်မှာ ကျုပ်တို့ ပြန်တွေ့ဆုံကြဦးမှာပါ ”

ရွှီချင်းသည် နူးညံ့စွာပြောပြီး တစ်လှမ်းချင်းလျှောက်သွားကာ ထွက်ခွာသွားသည်။

ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်နေလျက် အဖိုးအိုသည် ထိုနေရာမှာ အချိန်ကြာကြာ ရပ်နေမိသည်။ တစ်ဖက်လူက သူ၏ ခန္ဓာကိုယ်ကိုအသုံးပြု၍ အက်ကွဲကြောင်းထဲမှ လင်းအာကို ကာကွယ်ရန် နတ်ဘုရားအစွမ်းအား ပိတ်ဆို့ပေးခဲ့သည့် မြင်ကွင်းက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ကောင်စုတ်လေး… မင်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမယ့် ခင်စရာမကောင်းတာတော့ မဟုတ်ဘူး… မင်းက ရန်ငြိုးနဲ့ ကျေးဇူးတရားကို ကောင်းကောင်းခွဲခြားတတ်တဲ့… ဆက်ဆံရေးကို တန်ဖိုးထားတတ်တဲ့ လူငယ်လေးပါ ”

အဖိုးအိုသည် တီးတိုးရေရွတ်လိုက်သည်။

သစ်ဝိညာဉ်မျိုးနွယ်၏ အပြင်ဘက်တွင် နေဝင်ရီတရောအချိန်သို့ ကျရောက်နေချေ၏။ တိမ်တိုက်နီများသည် သွေးစက်များအလား ကောင်းကင်ယံတွင် ပြည့်နှက်နေကြသည်။

ရွှီချင်းသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ညနေခင်း လေပြေလေညှင်းက သူ၏ အဝတ်အစားများကို တိုက်ခတ်သွားသောအခါ ဒေသငယ်မြို့တော်၏ ဦးတည်ရာသို့ကြည့်နေသော သူ၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်သော အရိပ်အယောင် ပေါ်ထွက်လာသည်။

ယဇ်ပလ္လင်မှ မြန်မြန်ဆန်ဆန် သူထွက်လာရသည့် အကြောင်းအရင်းမှာ မ‌ဟာလောကထဲတွင် အနီရောင်လကို သူက ဦးစွာဆင့်ခေါ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်မလာနိုင်ဘူးဟု အတပ်မပြောနိုင်သောကြောင့် ဖြစ်ပေသည်။

နောက်အကြောင်းအရင်းတစ်ခုမှာ လွန်ခဲ့သော လအနည်းငယ်ခန့်က သူခံစားခဲ့ရသော အန္တရာယ်အငွေ့အသက်သည် ဝိညာဉ်ချောက်နက်ထဲမှ သူပြန်ထွက်လာသည့်အခိုက်အတန့်မှာ အလွန်ပြင်းထန်လာသောကြောင့် ဖြစ်ပေသည်။

“ အနီရောင်လကြောင့်များလား ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အတွေးများစွာက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။ သူသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး အရှေ့သို့ ရွေ့လျားရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မြေပြင်သည် ရုတ်တရက် အပြင်းအထန် တုန်ခါလာသည်။

များစွာသော သစ်ပင်ကြီးများသည် အကြမ်းပတမ်း လှုပ်ယမ်းလာကြသည်။ မမြင်နိုင်သော လှိုင်းဂယက်တစ်ခုက ကြမ်းတမ်းသော လေပြင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး အဝေးမှ တိုက်ခတ်နေသည့်အလားပင်။

အက်ကွဲကြောင်းများသည် တောင်တန်းဒေသအတွင်းမှာ ပေါ်ထွက်လာကြသည်။ အဝေးမှ မြေကြီးသည်လည်း လှုပ်ယမ်းလာကြပြီး ကမ္ဘာသည် တုန်ခါလာသည်။

ကောင်းကင်၏ အရောင်သည် ရုတ်တရက် ပြောင်းလဲသွားပြီး ဖုန်းဟိုင်ဒေသငယ်တစ်ဝက်ထိ ပျံ့လွင့်သွားမည့် ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခုသည် ဒေသငယ်မြို့တော်၏ ဦးတည်ရာမှ မြည်ဟိန်းထွက်လာသည်။ ယင်းသည် မြို့တော်ထဲတွင် တစ်စုံတစ်ခုက ပေါက်ကွဲသွားသည့်အလားပင်။

ပေါက်ကွဲသံကြောင့် ကောင်းကင်ပေါ်မှ တိမ်တိုက်နီများသည် ၎င်းတို့ဘာသာ အလိုအလျောက် ကွဲထွက်သွားကြသည်။

မီးခိုးတိမ်တိုက်များသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး ဒီရေအလား အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားကြသည်။ နေဝင်ဆည်းဆာအလှသည် မျက်စိတစ်မှိတ်အတွင်း ဖယ်ရှင်းခံလိုက်ရပြီး အမှောင်ထုသည် ကမ္ဘာတစ်ခွင်လုံးပေါ်သို့ ကျရောက်လာသည်။

ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှုပ်ခါသွားသည်။ ကြမ်းတမ်းသော လေပြင်းမှ သက်ရောက်အားကို သူခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားပြီး လေထဲမှာ အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ ဒေသငယ်မြို့တော်၏ ဦးတည်ရာမှ အဖြူရောင်အလင်း တောက်ပနေသော ပုံရိပ်ကြီးတစ်ခုကို သူမြင်လိုက်ရသည်။

ပုံရိပ်သည် အဖိုးအိုတစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ထဲသို့ ပျံတတ်သွားပြီး ကြောက်မက်ဖွယ်ရာဖိအားကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် အလျှင်အမြန် ဖြစ်တည်လာကြပြီး ပြိုလဲပျက်စီးသွားကြကာ သူ၏ ဘေးပတ်ဝန်းကျင်၌ ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်ပေးနေသည်။

သူက နတ်ဘုရားတစ်ပါးနှင့် မယှဉ်ပြိုင်နိုင်သော်လည်း သူ့ထံမှ ရွှီချင်းခံစားမိသော အရှိန်အဝါသည် ရုံးတော်သခင်ထက် သာလွန်ပေသည်။

ဖုန်းဟိုင်ဒေသငယ်ကိုကြည့်နေစဉ် အဖိုးအို၏ မျက်လုံးထဲ၌ မလိုလားသောဆန္ဒတစ်ခု ပေါ်လွင်နေသည်။ တဖြည်းဖြည်း အနက်ရောင် အစက်အပြောက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ ထိုအစက်အပြောက်များသည် ပိုမိုများပြားစွာ ပေါ်ထွက်လာကြပြီး သူ၏ တစ်ကိုယ်လုံးကို အလျှင်အမြန် ဖုံးလွှမ်းသွားသည်။ အဖိုးအိုသည် တစ်စုံတစ်ခုပြောချင်နေသည့်အလား ပါးစပ်ဖွင့်ဟလိုက်သည်။

သို့သော်လည်း အဆုံးမှာတော့ သူသည် မည်သည့်စကားမှ မပြောနိုင်ခဲ့ချေ။ သူ၏ ခန္ဓာကိုယ်သည် ညအမှောင်၏ ဝါးမျိုးခြင်းခံလိုက်ရပြီး တဖြည်းဖြည်း လွင့်ပြယ်သွားကာ အမှောင်ထုထဲ၌ လုံးလုံးလျားလျား ပျော်ဝင်သွားလေသည်။

တိတ်တဆိတ်… သေဆုံးသွားချေ၏။

လျှပ်စီးသည် တစ်ခါမှမဖြစ်စဖူး လင်းထိန်စွာ ပေါ်ထွက်လာသည်။

ဆူညံသံများနှင့် ပေါက်ကွဲသံများကြားမှာ မိုးရေစက်ကလေးများသည် ကောင်းကင်ပေါ်မှ တဖွဲဖွဲရွာကျလာကြသည်။ မကြာမီ မိုးက သည်းကြီးမည်းကြီး ရွာသွန်းလာသည်။ မိုးရေစက်သည် ဖုန်းဟိုင်ဒေသငယ်အတွင်းရှိ တောင်တန်းဒေသများ၊ မြစ်ချောင်းအင်းအိုင်များ၊ တောအုပ်သစ်တောများ၊ ကုန်းမြေများနှင့် မရေမတွက်နိုင်သော မျိုးနွယ်ဝင်များထံ ရွာသွန်းလာသည်။

မိုးရေစက်သည် အသိစိတ်ထဲ၌ မုန်တိုင်းထန်နေသော ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့လည်း ကျရောက်လာသည်။

သူသည် ဒေသငယ်မြို့တော်တွင် ထိုပုံရိပ်ကို အဝေးမှနေ၍ အကြိမ်ရေအနည်းငယ် မြင်တွေ့ဖူးသည်။

“ ဒေသအကြီးအကဲ…”

ရွှီချင်းသည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

All Chapters