← Chapters

မမျှော်လင့်ထားသော အပြောင်းအလဲ

Vol. 42 Ch. 633

မမျှော်လင့်ထားသော အပြောင်းအလဲ

Vol. 42 Ch. 633

ကောင်းကင်သည် မှောင်မည်းနေသည်။

ကျယ်လောင်သော မိုးခြိမ်းသံများကြားတွင် လျှပ်စီးသွားများသည်သာ ပေါ်ထွက်လာပြီး မှောင်ရီသော ကောင်းကင်ကို ဆုတ်ဖြဲနေလေသည်။

အေးမြသော မိုးရေသည် သည်းကြီးမည်းကြီး ဆက်လက်ရွာသွန်းနေပြီး ဖုန်းဟိုင်ဒေသငယ်၏ ကုန်းမြေကို စိုစွတ်စေသည်။

ရွှီချင်းသည် ပါးစပ်အဟောင်းသားဖြစ်လျက် ဒေသငယ်မြို့တော်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။ ပြင်းထန်သော လှိုင်းများသည် သူ၏ စိတ်ထဲမှာ လှုပ်ရှားထကြွလာသည်။

“ ဒေသအကြီးအကဲက သေသွားပြီ… ”

ရွှီချင်းသည် ဓားကိုင်ရုံးတော်ထဲတွင် ဒေသအကြီးအကဲကို အကြိမ်ရေအနည်းငယ်မျှသာ မြင်ဖူးသည်။ သူသည် တစ်ဖက်လူနှင့် တစ်ခါမှ ပြောဆိုမဆက်ဆံဖူးသော်လည်း သူ့အကြောင်းကို တခြားလူများထံမှ ကြားဖူးချေသည်။

ဖုန်းဟိုင်ဒေသငယ်က အေးအေးချမ်းချမ်းရှိနေပြီး သန့်စင်ရေလှိုင်းမျိုးနွယ်စု၏ ဝါးမျိုခြင်း၊ ပိုင်းခြားခြင်းမခံရသေးသည်မှာ ယခင်ဒေသအကြီးအကဲများ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေသည်။

လက်ရှိဒေသအကြီးအကဲသည် ဖုန်းဟိုင်ဒေသငယ်ကို နှစ်ပေါင်းရှစ်ရာကြာ အုပ်ချုပ်ခဲ့သည်။ သူ၏ အုပ်ချုပ်မှုအတောအတွင်း နယ်မြေချဲ့ထွင်ရန် မစွမ်းဆောင်နိုင်ခဲ့သော်လည်း ဖုန်းဟိုင်ဒေသငယ်၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ခဲ့ပြီး တာဝန်ကျေပွန်ကြောင်း ပြသခဲ့သည်။ အကြီးအကဲ၏ ဦးဆောင်မှုကြောင့် ဖုန်းဟိုင်ဒေသငယ်သည် လူသားမျိုးနွယ်၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်ရှိနေရခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက သူတို့၏ နယ်မြေများကို တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ကြသော တခြားဒေသငယ်ခြောက်ခုနှင့်မတူဘဲ ပြည်နယ်ဆယ့်သုံးခုသည် အကောင်းပကတိ ကျန်ရှိနေကြဆဲဖြစ်သည်။

သို့သော် ယနေ့မှာတော့ ထိုသို့စွမ်းဆောင်နိုင်ခဲ့သော အဖိုးအိုသည် ကျရှုံးသွားခဲ့ပြီ ဖြစ်၏။

ရွှီချင်းသည် အကြောင်းအရင်းအသေးစိတ်ကို မသိသလို ဒေသငယ်မြို့တော်ထဲမှာ မည်သို့ဖြစ်ပျက်ခဲ့ကြောင်းလည်း မသိချေ။ သူ၏ စိတ်ခံစားချက်များ အတတ်အကျဖြစ်လာသောအခါ နတ်မိမယ်ကျစ်ရွှမ်၊ ခုန်ရှန်းလုံနှင့် တခြားလူများကို တွေးမိသွားသည်။

သူသည် အမိန့်တော်ဓားနှင့် အသံပို့လွှတ်ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်ယူလိုက်သည်။ သို့သော်လည်း သူဘာမှမမေးမြန်းရသေးခင် အမိန့်တော်ဓားနှင့် ကျောက်စိမ်းပြားသည် တစ်ချိန်တည်း အပြင်းအထန် တုန်ခါလာကြသည်။ များပြားလှသော သတင်းအချက်အလက်သည် ပေါ်ထွက်လာသည်။

“ ရွှီချင်း… မင်း အကျဉ်းထောင်ဌာနထဲမှာလား… မင်းဘယ်လိုနေလဲ ”

“ ရွှီချင်း… ဒေသအကြီးအကဲက ဘာသတိပေးမှုမှမရှိဘဲ သေသွားပြီ ”

“ ရွှီချင်း… မင်းဘယ်မှာလဲ… အကျဉ်းထောင်ဌာနက ပြိုလဲပျက်စီးသွားပြီ ”

“ ရာဇဝတ်သားအများအပြား ထွက်ပြေးသွားကြတယ်… အခု မြို့တော်က ပရမ်းပတာဖြစ်နေပြီ ”

ရွှီချင်းသည် သူ၏ စိတ်အာရုံကို အမိန့်တော်ဓားနှင့် ကျောက်စိမ်းပြားဆီ အပ်နှံလိုက်သည့်အခါ သတင်းအချက်အလက်သည် သူ၏ စိတ်ထဲသို့ အကြမ်းပတမ်း ဒလဟောတိုးဝင်လာသည်။ ထိုထဲမှာ ခုန်ရှန်းလုံ၊ ရှန်းဟယ်နှင့် တခြားလူများ၏ အသံပို့လွှတ်မှုများအပြင် ရွှီချင်းသိသော ဓားကိုင်တချို့နှင့် အကျဉ်းထောင်ဌာနမှ နယ်ရုပ်များလည်း ပါရှိကြသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်လှုပ်ခါလာပြီး ကျောချမ်းဖွယ် အအေးဓာတ်က သူ၏ နှလုံးသားအောက်ခြေမှ မြင့်တတ်လာသည်။ ဤအခိုက်အတန့်မှာ အအေးဓာတ်က သူ၏ ခန္ဓာကိုယ်အနှံ့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ သူ၏ အသိစိတ်ထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသို့ ပြောင်းလဲသွားသည်။

“ အကျဉ်းထောင်ဌာန ပြိုလဲပျက်စီးသွားပြီလား ”

ရွှီချင်း၏ နှလုံးသည် ပရမ်းပတာဖြစ်နေ၏။ ဤကိစ္စသည် ယုံကြည်ရန် အလွန်ခဲယဉ်းသောကြောင့် သူက အမိန့်တော်ဓားမှတဆင့် ခုန်ရှန်းလုံကို ချက်ချင်း မေးလိုက်သည်။

ခုန်ရှန်းလုံ၏ အသံထဲမှာ ဝမ်းနည်းပူဆွေးမှုနှင့် ခံပြင်းဒေါသဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ ရွှီချင်း… အကျဉ်းထောင်ဌာနက ပေါက်ကွဲသွားတယ်… အခု ရာဇဝတ်သားတွေအများကြီး လွတ်မြောက်သွားကြတယ်… ရုံးတော်သခင်၊ ဒုရုံးတော်သခင်နှင့် စီမံခန့်ခွဲရေးမှူးတို့က ဒေသငယ်တားမြစ်ဓမ္မရတနာကို အမှီသဟဲပြုပြီး အကျဉ်းထောင်ဌာနထဲမှာ အကျဉ်းချခံထားရတဲ့ နတ်ဘုရားကိုယ်ပွားနဲ့ တိုက်ခိုက်နေကြတယ် ”

ရွှီချင်းက ဆက်လက်မေးမြန်းတော့မည့်အချိန် နတ်မိမယ်ကျစ်ရွှမ်၏ တုန်ယင်သောအသံက အသံပို့လွှတ်ကျောက်စိမ်းပြားထဲမှ မြည်ထွက်လာသည်။

“ ရွှီချင်း… နင်… နင်ဘယ်မှာလဲ… နင်အဆင်ပြေလား… ငါ အကျဉ်းထောင်ဌာနထဲမှာ ဒါပေမဲ့ ငါနင့်ကို ရှာမတွေ့ဘူး… ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် တုန်ယင်နေသည်။ ယင်းကို ရွှီချင်းကြားသည့်အခါ သူက ချက်ချင်း ပြန်ဖြေလိုက်သည်။ ရွှီချင်းအဆင်ပြေကြောင်း ကြားသိပြီးနောက် နတ်မိမယ်ကျစ်ရွှမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သူက ဆက်မေးမြန်းတော့ရန် စကားစသော်လည်း ယခု ရွှီချင်း၏ နှလုံးသည် အလွန်ပရမ်းပတာဖြစ်နေသည်။ သူက အလျင်စလို စကားတချို့ပြောပြီးနောက် သူ့အသံကို ခုန်ရှန်းလုံဆီသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။

“ ရွှီချင်း… တကယ်လို့ မင်း ဒေသငယ်မြို့တော်ထဲမှာ ရှိမနေဘူးဆိုရင် ပုန်းအောင်းဖို့ နေရာတစ်ခု ချက်ချင်းရှာပါ… အခု ပြန်မလာနဲ့ဦး… ရက်နည်းနည်းကြာမှ မင်းပြန်လာလို့ရတယ် ”

“ အကျဉ်းသားတွေအများကြီး အကျဉ်းထောင်ဌာနကနေ လွတ်မြောက်သွားကြတယ်… မင်းက နယ်ရုပ်တစ်ယောက်… တကယ်လို့ သူတို့နဲ့ မင်းတွေ့တဲ့အခါ အရမ်းအန္တရာယ်များလိမ့်မယ်… ပြီးတော့… ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ် ”

“ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်တပ်က ဖုန်းဟိုင်ဒေသငယ်ရဲ့ နယ်စပ်မှာ တပ်ဆွဲထားတယ်လို့ ငါသတင်းရထားတယ်… ဒါက ကြိုတင်ကြံစည်ထားတာပဲ… ရွှီချင်း… စစ်ပွဲစတင်တော့မယ် ”

ခုန်ရှန်းလုံသည် အလောတကြီး ပြောသည်။ သူ၏ စကားသံထဲမှာ စိတ်ဓာတ်ပြတ်သားမှု ပေါ်လွင်ထင်ရှားသည်။

ရွှီချင်း၏ စိတ်သည် အဆက်မပြတ် ဂယက်ထသွားသည်။ ထိုအဖြစ်အပျက်အားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ကြသည်။ သူသည် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။

သူသည် ဒေသငယ်မြို့တော်နှင့် သိပ်မကွာဝေးချေ။ သူ၏ ကျင့်ကြံခြင်းဖြင့်ဆိုလျှင် တစ်နာရီအတွင်း ထိုသို့ရောက်ရှိနိုင်သည်။ သို့ဆိုလျှင် အကျဉ်းထောင်ဌာနထဲမှ အကျဉ်းသားများ ဤနေရာသို့ရောက်လာရန် အချိန်သိပ်ကြာမည်မဟုတ်ချေ။

အကျဉ်းထောင်ဌာနထဲမှ အကျဉ်းသားအများစုသည် အားနည်းကြသော်လည်း နယ်မြေ(ဂ)မှ အကျဉ်းသားများ ဝမ်ကူးကုန်းမြေသို့ ပြန်ရောက်ရှိလာကြသည့်အခါ ကမ္ဘာငယ်၏ ကောင်းကင်ဘုံတာအိုမှ ဖိနှိပ်မှုမရှိ‌တော့လျှင် သူတို့၏ တိုက်ပွဲစွမ်းအင်သည် မျက်စိတစ်မှိတ်အတွင်း မူလအခြေအနေသို့ ပြန်ရောက်ရှိသွားကြလိမ့်မည်။

သို့ကြောင့် ခုန်ရှန်းလုံ၏ စကားက မှန်ပေသည်။ သူ့ကိုယ်သူ ပုန်းအောင်းရန် အရင်ဦးဆုံး လုပ်ဆောင်ရမည်။ ရက်အနည်းငယ်ကြာပြီး အခြေအနေအားလုံး တည်ငြိမ်ပြီးတော့မှ ပြန်သွားခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

“ ဖုန်းဟိုင်ဒေသငယ်က ပရမ်းပတာဖြစ်တော့မယ် ”

နက်ရှိုင်းသော မြေအောက်တစ်ခုတွင် စူးရှသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

အချိန်တစ်ခဏကြာပြီးနောက် သူသည် ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ဖန်ချွန်လမ်းအဖိုးအိုထံ အသံပို့လွှတ်၍ အားလုံးပြောပြကာ သစ်ဝိညာဉ်မျိုးနွယ်ကို သတိကြီးစွာထားရန် အကြောင်းကြားခိုင်းသည်။ ထို့နောက် ခေါင်းဆောင်ထံသို့ အသံပို့လွှတ်လိုက်သည်။

သို့သော်လည်း ခေါင်းဆောင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ချေ။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခဏတွေးပြီးနောက် သူက ချင်းချိုးထံ အသံပို့လွှတ်လိုက်သည်။ သို့သော် သူသည်လည်း ပြန်မတုံ့ပြန်ချေ။

ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး အသံပို့လွှတ်ကျောက်စိမ်းပြားကို သိမ်းထားလိုက်သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ငြိမ်စေရန် တရားထိုင်လိုက်သည်။

အချိန်သည် ဆက်လက်ကုန်လွန်သွားနေရာ တစ်ရက်ကုန်ဆုံးသွား၏။

ရွှီချင်း၏ အမိန့်တော်ဓားသည် အပြင်းအထန်တုန်ခါလာပြီး ရုံးတော်သခင်၏ မောပန်းနွမ်းနယ်သော အသံက ပဲ့တင်ထွက်လာသည်။

“ ဒေသငယ်မြို့တော်အပြင်က ဓားကိုင်အားလုံး ဒီသတိပေးမှုကိုရတာနဲ့ မြို့တော်ကို ချက်ချင်း ပြန်လာခဲ့ကြပါ… အချိန်အကန့်အသတ်က ဒီနေ့ညအထိ ”

“ မင်းတို့ကို ပြောစရာသုံးခုရှိတယ် ”

“ ပထမ ဒေသအကြီးအကဲသေဆုံးသွားပြီ ”

“ ဒုတိယအနေနဲ့ အကျဉ်းထောင်ဌာနက အကျဉ်းသားတွေ လွတ်မြောက်သွားကြပြီ… မင်းတို့ပြန်လာတဲ့လမ်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားကြပါ ”

“ တတိယကတော့ အခုရထားတဲ့ သတင်းအချက်အလက်အရ သန့်စင်ရေလှိုင်းမျိုးနွယ်က ဖုန်းဟိုင်ဒေသငယ်ကို ကျူးကျော်ဝင်လာနေပြီ… သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ဘိုးဘေးအင်ပါယာက နိုးထလာပြီး စစ်ပွဲစဖို့ မျိုးနွယ်တစ်ခုလုံးကို အမိန့်ပေးထားတယ် ”

“ ဓားကိုင်တွေ… စစ်ပွဲကရောက်လာပြီ ”

ရွှီချင်းသည် အမိန့်တော်ဓားကို တိတ်ဆိတ်စွာ အဝေးမှာ ထားလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်ပြီး သူ၏ လက်ရှိအခြေအနေကို အကဲဖြတ်လိုက်သည်။ လေထဲသို့ သူမြှောက်တတ်သွားသည့်အခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

မွန်းတည့်အချိန်ဖြစ်ပြီး ကောင်းကင်သည် တမူထူးခြားသော မြင်ကွင်းတစ်ခုအဖြစ် ဖြစ်ပေါ်နေသည်။ ပိုက်ကွန်ကျယ်တစ်ခုသည် လှည့်ပတ်လာပြီး နယ်မြေတစ်ခွင်ကို ဖြတ်ကျော်သွားသည်။

ထိုပိုက်ကွန်သည် သလင်းကျောက်အလင်းဖြင့် တလက်လက်တောက်ပပြီး အဆုံးမဲ့သော အကွာအဝေးတစ်ခုကို  ဖုံးလွှမ်းသွားသည်။

ဖိအားလှိုင်းများသည် သလင်းကျောက်ပိုက်ကွန်ထံမှ ပျံ့လွင့်ထွက်လာကြသည်။ ရွှီချင်းပေါ်ထွက်လာသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ ပိုက်ကွန်သည် တလက်လက်တောက်ပသွားသည်။ ယင်းက သူ့ကို မှတ်တမ်းတင်နေသည့်အလားပင်။

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်ပြီး ဒေသငယ်မြို့တော်၏ ဦးတည်ရာသို့ အရှိန်တင်လိုက်သည်။

လမ်းတစ်လျှောက်တွင် သူသည် ယခင်ထက် ပို၍ပင်သတိကြီးစွာထားလာသည်။ ဒေသငယ်မြို့တော်ဆီသို့ သူရောက်ခါနီးတွင် ခုန်ရှန်းလုံထံမှ အသံပို့လွှတ်မှုတစ်ခုကို ရရှိခဲ့သည်။

အသံပို့လွှတ်မှုထဲတွင် ဒေသငယ်မြို့တော်ထဲမှ ဖရိုဖရဲဖြစ်မှုများကို ရုံးတော်သခင်သုံးဦးနှင့် ဒုတိယဒေသအကြီးအကဲ၏ ပူးပေါင်းအားထုတ်မှုကြောင့် ယာယီဖိနှိပ်ထားနိုင်ခဲ့ကြောင်း ခုန်ရှန်းလုံက ရွှီချင်းကို ရှင်းပြသည်။ တစ်ချိန်တည်းမှာ စစ်ပွဲစတင်ပြီဖြစ်သောကြောင့် စစ်ထွက်မည့် ဓားကိုင်ရုံးတော်သခင်က ဒေသအကြီးအကဲ၏ ရာထူးကို ယာယီဆက်ခံယူမည်ဖြစ်ကြောင်း ပြောပြသည်။

ယနေ့ အမိန့်တော်နှစ်ခုကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

တစ်ခုက ဓားကိုင်များကို ဆင့်ခေါ်ရန်ဖြစ်ပြီး အခြားတစ်ခုက နယ်မြေတစ်ခုလုံးကို ချိပ်ပိတ်ပြီး ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာကို အပြည့်အဝ အသက်သွင်းရန် ဖြစ်သည်။

ကောင်းကင်ပေါ်မှ ကျယ်ပြောသော ပိုက်ကွန်သည် ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာဖြစ်သည်။

ရွှီချင်းသည် သလင်းကျောက်ပိုက်ကွန်ကို ကြည့်လိုက်ပြီး သူ၏ အမိန့်တော်ဓားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူက ဒေသငယ်မြို့တော်သို့ ပျံသန်းသွားလေရာ သိပ်မကြာမီ မြို့တော်ထဲသို့ ရောက်ရှိသွားသည်။

ဒေသငယ်တစ်ခုလုံး၏ အသွင်အပြင်သည် ရွှီချင်းထွက်မသွားခင်ကနှင့် လုံးလုံးခြားနားသွားချေ၏။

မျောလွင့်နေသော ဒေသငယ်မြို့တော်တွင် ကြီးမားသော အက်ကွဲကြောင်းများစွာဖြင့် ပြည့်နှက်နေသည်။ ယင်းက တွင်းနက်များဖြင့် ဇကာပေါက်သဖွယ် ဖြစ်နေသည်။ မြို့တော်၏ ဘေးပတ်ပတ်လည်မှ အထက်ဆန်းကြယ်ရုံးတော်သုံးခုသည်လည်း ပျက်စီးသွားကြသည်။

ထိတ်လန့်စရာအကောင်းဆုံးမှာ မြေပြင်ဖြစ်သည်။

အကျဉ်းထောင်ဌာနရှိသောနေရာတွင် တွင်းနက်သည် ပြိုလဲပျက်စီးသွားပြီး ဝင်ပေါက်သည် များစွာသော ကျောက်တုံးကျောက်ခဲများဖြင့် ပိတ်ဆို့ခံထားရသည်။

အကျဉ်းထောင်ဌာနကိုဗဟိုပြု၍ ကြီးမားသော အက်ကွဲကြောင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကြသည်။

အကျဉ်းထောင်ဌာနသည် ဆက်လက်မတည်ရှိတော့ပေ။

ထို့အပြင် ဓားကိုင်များနှင့် ကင်းစောင့်ကျင့်ကြံသူများသည် ဒေသငယ်မြို့တော်ထဲမှာ ယခင်ထက် အရေအတွက်ပိုမိုများပြားစွာ ရှိနေကြသည်။ သူတို့သည် နေရာတိုင်းမှာ ပြန့်ကျဲတည်ရှိနေကြပြီး သတိကြီးစွာထား၍ စစ်ဆေးနေကြသည်။ သူတို့အများစု၏ အမူအရာသည် ဝမ်းနည်းပူဆွေးမှုနှင့် ခံပြင်းဒေါသဖြစ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်ခြင်းဆန္ဒ အရိပ်အမြွက်ပင် ရှိသည်။

ဒြပ်နှောများနှင့် အကြွင်းအကျန် မန္တန်အားလှိုင်းများပင် မြို့တော်ထဲမှာ ရှိနေကြသေး၏။ ၎င်းတို့သည် ဤနေရာတွင် လုံးလုံးလျားလျား မလွင့်ပြယ်ကြသေးချေ။ နေရာအများစုသည် ပုံပျက်တွန့်လိမ်နေပြီး မှုန်ဝါးနေကြသည်။

ရွှီချင်းသည် စိတ်မကောင်းဖြစ်သွားသည်။ မြို့တော်နှင့် သူနီးကပ်လာသည့်အခါ ကင်းစောင့်ဓားကိုင်အများအပြားသည် သူ့ဆီသို့ သတိကြီးစွာထား၍ ချဉ်းကပ်လာကြသည်။ နတ်ဘုရားအာရုံတချို့ပင် သူ၏ ဘေးပတ်ဝန်းကျင်ကို ပိတ်လှောင်ထားကြသည်။ ရွှီချင်း၏ သရုပ်ကို အာရုံခံပြီးနောက်မှ သူတို့သည် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကြသည်။

ရွှီချင်းသည် အကျဉ်းထောင်ဌာနဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။

တွင်းနက်၏ ဝင်ပေါက်တွင် အကျဉ်းထောင်ဌာနမှ နယ်ရုပ်တချို့သည် မန္တန်တစ်ခုကို အသုံးပြုနေကြပြီး အထဲသို့ဝင်ရောက်နိုင်ရန် လမ်းကြောင်းငယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ရွှီချင်း၏ ရောက်ရှိလာမှုကို အာရုံခံမိသောအခါ ထိုနယ်ရုပ်များသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းလှည့်လိုက်ကြသည်။

မည်သူမှ စကားမပြောကြချေ။ သူတို့၏ အမူအရာသည် အေးတိအေးစက်ရှိကြပြီး သားကောင်ကို ဝါးမျိုရန်အသင့်ဖြစ်နေကြသော သားရဲကြီးများသဖွယ် ကြမ်းကြုတ်ကြသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ ဆက်လျှောက်သွားပြီး ပွင့်ဟနေသော အကြားကို ကြည့်လိုက်သည်။ ထို့နောက် သူက အကြားထဲသို့ ဝင်ရောက်သွားပြီး လမ်းကြောင်းမှတဆင့် အထဲသို့ ဆက်လျှောက်သွားသည်။ ဘေးပတ်ဝန်းကျင်မှ အခန်းငယ်လေးများသည် ယခု အပျက်အစီးပုံ ဖြစ်နေကြသည်။

အပျက်အစီးပုံကိုကြည့်ပြီးနောက် အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက (ဃ၁၃၂)အခန်းငယ်သို့ ရောက်ရှိသွားသည်။

(ဃ၁၃၂)၏ ဂိတ်တံခါးသည် အပိုင်းပိုင်းအစစ ဖြစ်နေချေ၏။ အထဲမှ ဧရိယာတစ်ဝက်သည် ကျောက်တုံးကြီးများ၏ ဖိခြေခြင်းခံထားရသည်။ အကောင်းတိုင်းကျန်ရှိနေသော လှောင်အိမ်များသည် အက်ကွဲသွားခဲ့ကြသည်။ လှောင်အိမ်များထဲမှ အကျဉ်းသားအားလုံးသည် ပျောက်ကွယ်သွားကြပြီး ဖြစ်သည်။

ကောင်လေးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ သူက ထောင့်တစ်ခုသို့ လျှောက်သွားလိုက်လေရာ ဝါးခြမ်းအပိုင်းအစများဖြင့် အစုလိုက်အပုံလိုက်ရှိနေသော တောင်ကုန်းငယ်တစ်ခုကို မြင်သွားသည်။

ဝါးခြမ်းတစ်ခုစီသည် တူညီသော အကြောင်းအရာကို မှတ်တမ်းတင်ထားသည်။

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ထိုဝါးခြမ်းအပိုင်းအစများကို ယူဆောင်ပြီး (၈၉)ထပ်သို့ သွားသည်။

နယ်မြေဂတွင် ရွှီချင်းသည် ဘေးပတ်ဝန်းကျင်၌ အက်ကွဲနေကြသော တံတိုင်းများကို ကြည့်လိုက်သည်။ ကမ္ဘာငယ်သည် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်၏။

“ မင်းရောက်လာပြီ ”

အက်ရှရှအသံသည် အဝေးရှိ အပျက်အစီးပုံဘေးမှ ထွက်ပေါ်လာသည်။

တစ္ဆေလက်သည် ဒဏ်ရာအပြည့်ရထားလျက် အမှောင်ထုထဲမှာ ထိုင်နေသည်။ သူ၏ နံဘေးတွင် သေရည်ပုလင်းများသည် ဟိုတစ်နေရာသည်တစ်နေရာဖြင့် ပြန့်ကျဲနေကြပြီး သူ၏ လက်ထဲမှာပင် သေရည်တစ်ပုလင်းကို ကိုင်ဆောင်ထားသေးသည်။ သူက ရွှီချင်းကိုကြည့်ပြီး ခါးသီးစွာ ရယ်မောလိုက်သည်။

“ သူတို့ထွက်ပြေးသွားကြတယ်… သူတို့အားလုံး ပေါ်ပေါ်ထင်ထင် ထွက်ပြေးသွားကြတယ် ”

“ တချို့တလေကို ငါသတ်ခဲ့ပေမဲ့ အားလုံးကိုတော့ ငါမသတ်နိုင်ခဲ့ဘူး… ”

ရွှီချင်းသည် အရှေ့သို့လျှောက်သွားပြီး ဒဏ်ရာအပြင်းအထန်ရထားသော တစ္ဆေလက်ကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအခြေခံသည်ပင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော သေခြင်းအငွေ့အသက်ကို သူအာရုံခံမိသည်။ ရွှီချင်းသည် ဆေးလုံးတချို့ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး သူ့နံဘေးမှာ ချပေးလိုက်သည်။

“ ငါမသေသေးပါဘူးဟ… ရွှီချင်း… မင်းမှာသေရည်ရှိလား ”

တစ္ဆေလက်သည် သူ၏ လက်ထဲမှ သေရည်ပုလင်းအလွတ်ကို မြေပေါ်သို့ လွှတ်ပစ်လိုက်လေရာ ချွင်ခနဲမြည်သံ ထွက်ပေါ်လာသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ သေရည်ပုလင်းတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

တစ္ဆေလက်သည် ပုလင်းကို တုန်တုန်ယင်ယင်လှမ်းယူလိုက်ပြီး အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူသည် အပြင်းအထန် ချောင်းစဆိုးလာပြီး သူ့မျက်နှာက နီမြန်းလာသည်။ သူက ပြတ်တောင်းပြတ်တောင်း အသက်ရှူရင်း အက်ကွဲသွားသော တံတိုင်းများကိုကြည့်လျက် တီးတိုးရေရွတ်လိုက်သည်။

“ ငါဘယ်လိုလုပ် အလွယ်တကူသေနိုင်မှာလဲ… ရွှီချင်း… ငါ့ဓားကို နှစ်ရာချီကြာအောင် ပြုစုပျိုးထောင်ခဲ့တာ မင်းသိတယ်မလား… ဒါပေမဲ့ ငါအဲ့ဒါကို မသုံးခဲ့ဘူး… လူတွေအများကြီး လွတ်မြောက်သွားခဲ့တယ်… ဒီဓားနဲ့ ငါက တစ်ခါပဲ ခုတ်ပိုင်းနိုင်တယ်… ဒါကြောင့် အဲ့လိုအခြေအနေမျိုးမှာ အလဟဿဖြစ်အောင် ငါမသုံးချင်ခဲ့ဘူး ”

“ ငါက နယ်မြေဂကို ကာကွယ်ဖို့အတွက် အဲ့ဒါကို ပြင်ဆင်ထားတာ… အကျဉ်းထောင်ဌာနကို ဖျက်ဆီးခဲ့တဲ့ အဲ့မျိုးမစစ်ကို ငါသတ်ချင်တယ်… ”

“ ငါ့ဓားနဲ့ အဲ့ဟာကို မခုတ်ရသေးခင် ငါသေမှာမဟုတ်ဘူး ”

တစ္ဆေလက်သည် တိုးညင်းစွာ ပြောသော်လည်း သူ၏ လေသံထဲမှာ မယိမ်းယိုင်သောစိတ်ဓာတ် ရှိသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက လက်သီးဆုပ်၍ အရိုအသေပေးပြီးနောက် ရှုပ်ထွေးသော ခံစားချက်များဖြင့် ထွက်ခွာသွားသည်။

ထိုအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းဒေသကြီးထဲဝယ် အလွန်အမင်းထူးခြားသော လွင်ပြင်တစ်ခုရှိသည်။ ထိုနေရာကို မည်သည့်ဒေသငယ်ကမှ မပိုင်ဆိုင်ကြချေ။ ယင်းသည် သန့်စင်ရေလှိုင်းဒေသကြီး၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ယင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်တစ်ခုလုံး၏ သိဒ္ဓိဝင်ကုန်းမြေဖြစ်သည်။

မြေမျက်နှာပြင်သည် လုံးလုံးအဖြူရောင်ဖြစ်၏။

ထိုနေရာတွင် နှင်းမဟုတ်ဘဲ ကျောက်တုံးကျောက်ခဲများဖြင့် ဖုံးလွှမ်းနေသည်။

ကျောက်တုံးတစ်ခုစီတွင် သိပ်သည်းသော စိတ်ဝိညာဉ်ချီရှိသည်။ ထို့အပြင် လွင်ပြင်၏ နေရာတိုင်းတွင် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသော လူသားအသွင်ကျောက်ရုပ်တုများလည်း မရေမတွက်နိုင်အောင် ရှိကြသည်။

သူတို့သည် အတိတ်တုန်းက လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့သော သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၏ ပုဂ္ဂိုလ်ရေးအစောင့်အရှောက်အဖွဲ့ဖြစ်၏။

ယခု နှစ်အတော်ကြာကုန်ဆုံးသွားခဲ့ပြီဖြစ်၍ အစောင့်အရှောက်အဖွဲ့ထဲမှ ကျင့်ကြံသူအားလုံးသည် လွင်ပြင်ဖြူပေါ်မှာ မတ်တတ်ရပ်နေကြသော ကျောက်ရုပ်တုများသို့ ပြောင်းလဲသွားခဲ့ကြသည်။ အဝေးမှပင် သူတို့ထံမှ မွန်မြတ်သန့်စင်သော ခံစားမှုကို ရရှိလိမ့်မည်။

ထိုမွန်မြတ်သန့်စင်သော ခံစားမှု၏ ဇစ်မြစ်သည် လွင်ပြင်ထဲရှိ တစ်ခုတည်းသော အဆောက်အအုံဖြစ်သည့် ဘုံကျောင်းဖြူထံမှ ဖြစ်ပေသည်။

ယင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဘိုးဘေးဘုံကျောင်းဖြစ်ပြီး သူတို့၏ ဘိုးဘေးအင်ပါယာ အိပ်စက်သောနေရာလည်း ဖြစ်ပေသည်။

ထိုအခိုက်အတန့်မှာ ဘုံကျောင်း၏ အပြင်ဘက်တွင် အရပ်ရှည်သော ပုံရိပ်လေးခုသည် ခံစားချက်ကင်းမဲ့စွာ ဒူးထောက်နေကြသည်။

ထိုလေးဦးသည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး သရဖူဆောင်းထားကြသည်။ သူတို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ လေပြည်ထောင်စလုံးမှ ပြည်တော်အရှင်များဖြစ်ကြသည်။ ကောင်းကင်လေပြည့်အရှင်သည်လည်း သူတို့ထဲမှာ ရှိသည်။

“ ဘိုးဘေး… ကျုပ်တို့တွေ အစီအစဉ်ကို အကောင်အထည်ဖော်ပြီးပါပြီ ”

ကောင်းကင်လေပြည့်အရှင်သည် ရိုသေလေးစားစွာ ပြောသည်။

“ ဘိုးဘေး… ဝိညာဉ်နီစစ်တပ်က ဖုန်းဟိုင်ဒေသငယ်ထဲ ဝင်ရောက်ပြီးပါပြီ… ပြီးတော့ ကောင်းကင်နက်နတ်သားတော်နဲ့ပတ်သက်ပြီး သဲလွန်စတချို့ကိုလည်း ကျုပ်တို့ရှာတွေ့ထားပါတယ်… ကျေးဇူးပြုပြီး အမိန့်တော်ချမှတ်ပေးပါ ”

ဝိညာဉ်နီပြည့်အရှင်သည် တိုးညင်းစွာ ပြောသည်။

ဘုံကျောင်းသည် တိတ်ဆိတ်နေ၏။ အချိန်တစ်ခဏကြာပြီးနောက် အချိန်မြစ်ထဲမှ ထွက်ပေါ်လာဟန်ထင်ရသော သက်ကြီးရွယ်အိုအသံသည် လွင်ပြင်ဖြူထဲ၌ ပဲ့တင်ထပ်သွားသည်။

“ အခုလောလာဆယ် နတ်သားတော်ကိစ္စကို ခဏဘေးချိတ်ထားဦး… ငါတို့ အရေးကြီးတဲ့ ကိစ္စတွေကို အရင်ဦးစားပေးလုပ်ဆောင်ရမယ် ”

“ ကျုပ်တို့ ဘိုးဘေးအင်ပါယာရဲ့ အမိန့်တော်ကို လိုက်နာပါတယ် ”

ပြည်တော်အရှင်လေးပါးသည် ရိုသေစွာ ဦးညွတ်လိုက်ကြသည်။

All Chapters