← Chapters

သံတော်ဆင့်

Vol. 42 Ch. 634

သံတော်ဆင့်

Vol. 42 Ch. 634

ရွှီချင်းသည် သုန်မှုန်သော အမူအရာဖြင့် ပြိုလဲပျက်စီးသွားသော အကျဉ်းထောင်ဌာနထဲမှ ပြန်ထွက်လာသည်။

သူက ကျိုးပဲ့ပျက်စီးသွားသော ဒေသငယ်မြို့တော်ကို အပေါ်မှကြည့်လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။ သိပ်မကြာမီ သူသည် မြို့တော်သို့ရောက်ရှိသွားပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ တပ်စခန်းဆီသို့ ဦးတည်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် ဖျက်ဆီးခံထားရသော အဆောက်အအုံများသည် ရွှီချင်း၏ အမြင်အာရုံထဲသို့ ဆက်တိုက်ဝင်ရောက်လာသည်။ သိသာစွာပင် မနေ့က စိုးရိမ်ဖွယ် အပြောင်းအလဲများက ဒေသငယ်မြို့တော်ထဲမှ အဆောက်အအုံများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့သည်။

ခါတိုင်းဆိုလျှင် မြို့တော်၏ လမ်းများပေါ်မှာ သွားလာလှုပ်ရှားနေကြသော လူအုပ်ကြီးဖြင့် စည်ကားနေလေ့ရှိသော်လည်း ယခုအခါ လမ်းသွားလမ်းလာတချို့သာလျှင် ရှိတော့သည်။ သူတို့၏ အမူအရာများတွင် တုံ့ဆိုင်းခြင်း၊ ရှုပ်ထွေးခြင်း၊ စိုးရိမ်ခြင်းနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေကြသည်။

ဒေသအကြီးအကဲ၏ ထူးဆန်းစွာ သေဆုံးမှုက သူတို့ကို ကြောက်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။ အကျဉ်းထောင်ဌာန၏ ပြိုလဲပျက်စီးမှုက ပို၍ပင် တုန်လှုပ်စရာကောင်းသည်။ ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှု သတင်းများက မြို့တော်ထဲ၌ ပျံ့နှံ့နေပြီးဖြစ်လေရာ ဤလူများသည် ရင်တထိတ်ထိတ်ဖြင့် ကျီးလန့်စာစား နေနေကြရသည်။

အကြောက်တရားကို သူတို့၏ မျက်နှာပေါ်မှာ မဖုံးကွယ်နိုင်ကြသော ကျင့်ကြံသူတချို့လည်း ရှိကြပေသည်။ မည်သို့ဖြစ်စေ လူတိုင်းသည် ဓားကိုင်တစ်ဦးမဟုတ်ကြချေ။

ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အရှိန်တင်၍ ပျံသန်းလိုက်သည်။

သိပ်မကြာမီ သူသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ အခြေစိုက်စခန်းဆီသို့ ရောက်ရှိသွားသည်။

နတ်မိမယ်ကျစ်ရွှမ်၏ ကြီးကြပ်မှုကြောင့် ဂိုဏ်းခွဲသည် အကောင်းတိုင်း ရှိနေသေးပေသည်။ သို့သော်လည်း ဂိုဏ်းထဲမှ မဟာမိတ်တပည့်အများစုသည် အထုပ်အပိုးပြင်ဆင်ပြီးကြပြီး ထွက်ခွာရန် အသင့်ဖြစ်နေကြချေ၏။

ရွှီချင်း၏ အကြည့်က သူတို့ထံသို့ ဖြတ်ကျော်သွားသည်။ သို့သော်လည်း သူသည် တားဆီးခြင်းမပြုချေ။ သူက နတ်မိမယ်ကျစ်ရွှမ်၏ စံအိမ်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထိုနေရာတွင် နတ်မိမယ်ကျစ်ရွှမ်နှင့် သူ၏ အကောင်းဆုံးသူငယ်ချင်း လီရှစ်တောက်ကို သူမြင်သွားသည်။

သူတို့နှစ်ယောက်သည် သုန်မှုန်သော အမူအရာဖြင့် အရေးကြီးကိစ္စတချို့ကို ဆွေးနွေးနေကြသည်။ နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကိုမြင်သောအခါ သူ၏ သုန်မှုန်သော မျက်နှာပေါ်တွင် သိမ်မွေ့ညင်သာမှု တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

“ ရွှီချင်း… ငါနင့်ကို ခဏနေကျရင် လာရှာတော့မလို့… ဂိုဏ်းကနေ အရေးကြီးဆင့်ခေါ်မှုကို ငါရထားတယ်… ဒီမှာ ကြာကြာနေလို့မရဘူး… ဒီနေ့ပဲ ငါ တည်နေရာပြောင်းရွှေ့ပြီး ပြန်ရမယ် ”

“ အလောင်းကောင်တားမြစ်နယ်မြေက ပေါ်ထွက်လာပြီ… ဓားကိုင်ရုံးတော်က ယင်ဟွမ်ပြည်နယ်က လူသားမျိုးနွယ်အင်အားစုတိုင်းကို အလောင်းကောင်တားမြစ်နယ်မြေရဲ့ ကဒ်ဘေးကိုတားဆီးဖို့ အမိန့်တော်ထုတ်ပြန်ထားတယ် ”

နတ်မိမယ်ကျစ်ရွှမ်သည် တည်ကြည်လေးနက်စွာ ပြောသည်။

ရွှီချင်းသည် စိတ်လေးလံလာသည်။ အတိတ်တုန်းက အလောင်းကောင်တားမြစ်နယ်မြေ၏ ပြဿနာကို သူပထမဆုံး ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အထဲမှာ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူသိပေသည်။

“ အမှန်တော့ ဟိုးအရင်ကတည်းက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်နဲ့ ဓားကိုင်ရုံးတော်က အလောင်းကောင်တားမြစ်နယ်မြေ ကဒ်ဘေးရဲ့ နောက်ကွယ်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်ရှိတာကို သိထားပြီးသားပါ… ပြီးတော့ သတိထားခဲ့ကြတယ်… ဒါကြောင့် နင့်ဆရာကို အရမ်းစိတ်ပူမနေပါနဲ့ ”

“ အလောင်းကောင်တားမြစ်နယ်မြေ ရုန်းရင်းဆန်ခတ်ဖြစ်စေတဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်လည်းပဲ အခု ပေါ်ထွက်လာပြီ… သူတို့က အလောင်းကောင်တားမြစ်နယ်မြေကို အသုံးချပြီး ဖုန်းဟိုင်ဒေသငယ်ထဲက ပြည်နယ်အချို့ရဲ့ အင်အားကို ထိန်းချုပ်ချင်နေတာ ”

“ ရွှီချင်း… အန္တရာယ်တွေက နေရာတိုင်းမှာရှိနေပြီ… အခုလိုအချိန် နင် ဓားကိုင်ရုံးတော်ရဲ့ ရုံးတော်သခင်ဘေးမှာ ရှိနေတာက နင့်အတွက် လုံခြုံစိတ်ချရတယ်… ဒါကြောင့် ငါနဲ့အတူပြန်ဖို့ နင့်ကိုမမေးတော့ဘူး… နင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”

နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးထဲမှာ စိုးရိမ်စိတ်ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းပြားသုံးခုကို ထုတ်လိုက်ပြီး ရွှီချင်းကို ကမ်းပေးသည်။

“ တစ်ခုက ဖုံးကွယ်အဆောင်… အဲ့ဒါက အရင်တစ်ခေါက်က နင့်ကိုယ်ပေါ်မှာ ငါရေးဆွဲခဲ့တဲ့ ဖုံးကွယ်မှော်သင်္ကေတတွေနဲ့ အကျိုးသက်ရောက်ပုံအတူတူပဲ… တခြားတစ်ခုက တာဝေးတည်နေရာပြောင်းရွှေ့အဆောင်… အရေးကြီးအခြေအနေမျိုးမှာ အန္တရာယ်ရှောင်ရှားဖို့ နင်အသုံးပြုနိုင်တယ် ”

“ နောက်ဆုံးကျောက်စိမ်းပြားထဲမှာ ငါ့နတ်ဘုရားအာရုံရဲ့ အမျှင်တန်းတစ်ခုပါဝင်တယ်… အဲ့ဒါက အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတစ်ခုကို ခုခံတားဆီးဖို့ နင့်ကိုကူညီပေးလိမ့်မယ် ”

ရွှီချင်း၏ နှလုံးသားသည် လှုပ်ခတ်သွားသည်။ သူက ကျောက်စိမ်းပြားသုံးခုကို တိတ်တဆိတ် ယူပြီးနောက် တာအိုသစ်သီးဆယ်လုံးကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး သူတို့ကို ကမ်းပေးလိုက်သည်။ မည်သို့ဖြစ်စေ တာအိုသစ်သီးသည် လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာတွင် အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိပေသည်။ ဓားကိုင်ရုံးတော်သည် ပစ္စည်းဥစ္စာကြွယ်ဝသဖြင့် ယင်းတို့ကို အရေးတကြီး မလိုအပ်ပေ။ သို့သော်လည်း ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တွင် ထိုတာအိုသစ်သီးများသည် အတော်လေး အသုံးဝင်သည်။

ထွက်ခွာသွားနေစဉ် နယ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းဆီသို့ မကြာခဏ လှည့်ကြည့်လေ့ရှိသည်။ သူတို့နှစ်ဦးသည် တည်နေရာပြောင်းရွှေ့အစီအရင်ဘေးသို့ ရောက်သည်အထိ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်နေခဲ့ကြသည်။ အလင်းရောင်ပျံ့လွင့်ထွက်ပေါ်လာသည်နှင့် ကျစ်ရွှမ်နှင့် ဂိုဏ်းခွဲမှ တပည့်များသည် ပျောက်ကွယ်သွားကြသည်။

လီရှစ်တောက်သည်လည်း စိတ်ထဲမှာ အတွေးများစွာရှိနေဟန်တူသည်။ ကျစ်ရွှမ်ထွက်သွားပြီးနောက် သူက ရွှီချင်းကို ခေါင်းညိတ်ပြပြီး အလျှင်စလို ထွက်သွားသည်။

ဟာလာဟင်းလင်းဖြစ်သွားသော တည်နေရာပြောင်းရွှေ့အစီအရင်ကို ကြည့်နေလျက် ရွှီချင်း၏ အမူအရာသည် ဖြည်းဖြည်းချင်း ထိုင်းမှိုင်းသွားသည်။ တစ်ချိန်တုန်းက ထိုခံစားမှုမျိုးကို သူအလွန်ရင်းနှီးခဲ့သည်။ ယင်းက ဆင်းရဲသားရပ်ကွက်မှာ သူတစ်ယောက်တည်း အထီးကျန်နေသော အချိန်ကို ပြန်ရောက်သွားသလိုပင်။

“ ဓားကိုင်ရုံးတော်ဆီ အစီအရင်ခံဖို့ အချိန်ကျပြီ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူလှည့်ပြန်လိုက်သည့်အခါ နေဝင်ဖျိုးဖျအလင်းရောင်သည် သူ၏ တာအိုဝတ်ရုံပေါ်သို့ ကျဆင်းလာပြီး ဝတ်ရုံကို သွေးရောင်ယှက်သန်းစေကာ သူ့အရိပ်ကို ရှည်လျားသွားစေသည်။

နေဝင်ဖျိုးဖျအချိန်ကုန်လွန်ပြီး ညရောက်လာသည့်အခါ ရွှီချင်းသည် ဓားကိုင်ရုံးတော်ဆီသို့ ရောက်ရှိသွားသည်။

သူထွက်ပေါ်လာသည့်အခါ သူ၏ အသံပို့လွှတ်မှုကိုရရှိထားသော ခုန်ရှန်းလုံသည် ဓားကိုင်ရုံးတော်ထဲမှ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းထွက်လာသည်။ သူနီးကပ်လာပြီး ရွှီချင်းကို မြင်လိုက်ရသည့်အခါ အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။

သိသာစွာပင် ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်သွားခြင်းကို ခုန်ရှန်းလုံသည် အာရုံခံမိသည်။ မည်သို့ဖြစ်စေ သူထွက်မသွားခင်ကနှင့် နှိုင်းယှဉ်လျှင် ရွှီချင်း၏ အပြောင်းအလဲသည် အလွန်ကြီးမားလှပေသည်။ ယင်းသည် သူက ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ခံစားရစေသည်။

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် ခုန်ရှန်းလုံသည် ထိုအကြောင်းကို စူးစမ်းသိလိုစွာ သေချာပေါက် မေးလိမ့်မည်။ သို့သော်လည်း စိုးရိမ်ဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော ဒေသငယ်မြို့တော်၏ လက်ရှိအခြေအနေအရ သူသည် ထိုသို့မေးရန် စိတ်မပါချေ။ သူသည် ရွှီချင်းနှင့်နီးကပ်လာပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။

“ ရွှီချင်း… ငါအခုလေးတင် နယ်စပ်ကနေ သတင်းရထားတယ်… တားမြစ်ဓမ္မရတနာက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်တပ်ကို အပြည့်အဝ မရပ်တန့်နိုင်ဘူး… သူတို့ကို အနည်းငယ် နှောင့်နှေးသွားစေရုံလောက်ပဲ တတ်နိုင်တယ် ”

“ သွားစို့… ဓားကိုင်တွေ ပြန်ရောက်လာကြပြီ… ဒီည ရုံးတော်သခင်က ဒေသငယ်မြို့တော်ထဲက ဓားကိုင်အားလုံးအတွက် တိုက်ပွဲအစီအစဉ်တစ်ခု စီမံပေးလိမ့်မယ် ”

“ အခု… မင်း တကယ့်သံတော်ဆင့်လုပ်ဖို့ အချိန်ကျပြီ ”

ခုန်ရှန်းလုံသည် ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ရွှီချင်းသည် တည်ငြိမ်စွာ ခေါင်းညိတ်သည်။ နယ်ရုပ်နောက်ကွယ်က သရုပ်ကို ရှင်းရှင်းလင်းလင်း သူနားလည်ထားပြီး သူ၏ မူလရာထူးသည် ရုံးတော်သခင်၏ သံတော်ဆင့်ဖြစ်သည်။

ရွှီချင်းသည် ဓားကိုင်ရုံးတော်ထဲသို့ ခြေချပြီး သိပ်မကြာမီ ရုံးတော်သခင်၏ ဆင့်ခေါ်မှုကို ရရှိခဲ့သည်။

ဓားကိုင်ရုံးတော်၏ အနက်ရှိုင်းဆုံးပိုင်းရှိ ဓားကိုင်ခန်းမထဲဝယ် ကြီးမားသော အလင်းမြေပုံတစ်ခု၏ အရှေ့မှာ မတ်တတ်ရပ်နေသည့် ဓားကိုင်ရုံးတော်သခင်ကို ရွှီချင်း မြင်လိုက်သည်။ သူ၏ မျက်လုံးသည် သွေးရောင်တောက်ပနေပြီး သူ၏ အမူအရာသည် ဖော်မပြနိုင်အောင် သုန်မှုန်နေသည်။

ရုံးတော်သခင်၏ ခန္ဓာကိုယ်မှ သွေးတစ်စွန်းတစ်စ ထွက်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မောပန်းနွမ်းလျမှုသည် အလွန်ပြင်းထန်သည်။ သိသာစွာပင် သူသည် ဒေသငယ်ထဲ၌ စိုးရိမ်ဖွယ် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည့်အချိန်မှစ၍ တစ်ခါမှ အနားမယူရသေးပေ။

ဘေးပတ်ဝန်းကျင်တွင် ဓားကိုင်ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိကြသည်။ စီမံခန့်ခွဲရေးမှူးလေးဦးနှင့် လက်ထောက်ရုံးတော်သခင်များသည်လည်း ထိုနေရာမှာ ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အတိုင်းအတာတစ်ခုထိ ဒဏ်ရာအမျိုးမျိုး ရရှိထားကြသည်။ အထူးသဖြင့် လက်ထောက်ရုံးတော်သခင်နှစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

သူတို့သည် ထိုဒဏ်ရာများကို မနေ့က ရုံးတော်သခင်နှင့်အတူ အကျဉ်းချခံနတ်ဘုရားအား ဖိနှိပ်နှိမ်နင်းရာမှ ရရှိလာခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဒဏ်ရာများကို ပြန်လည်ကုသရန်ပင် အချိန်မပေးနိုင်ကြဘဲ လက်ရှိမှာ ရုံးတော်သခင်နှင့်အတူ တာဝန်များနှင့် စီစဉ်စရာရှိသည်များကို စီမံဆောင်ရွက်နေကြသည်။

ရုံးတော်သခင်၏ ညွှန်ကြားမှုနောက်လိုက်၍ စီမံခန့်ခွဲရေးမှူးလေးဦးနှင့် လက်ထောက်ရုံးတော်သခင်နှစ်ဦးသည် သုန်မှုန်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြပြီး တစ်ဦးပြီးတစ်ဦး ထွက်သွားကြသည်။ သူတို့ ရွှီချင်းကိုဖြတ်ကျော်သွားကြစဉ် အများစုသည် လေးနက်သော အဓိပ္ပာယ်ဖြင့် သူ့ကို ခေါင်းညိတ်ပြသွားကြသည်။

အချိန်တစ်ခဏကြာပြီးနောက် ခန်းမထဲတွင် မည်သူမှမရှိတော့ပေ။ ရုံးတော်သခင်သည် အလင်းမြေပုံထံမှ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဘေးသို့လှည့်ကာ ရွှီချင်းကို တင်းကြပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ ဓားကိုင်ရွှီချင်း… တာဝန်အတွက် အစီအရင်ခံပါတယ် ”

ရွှီချင်းသည် တည်ကြည်လေးနက်စွာ လက်သီးဆုပ်လိုက်ပြီး အရိုအသေးပေးသည်။

“ ရွှီချင်း… ပြန်ရောက်လာတဲ့ ဓားကိုင်တွေကို စာရင်းပြုစုပြီး ဘယ်သူတွေ ပြန်မလာဘူးလဲ ရှာပါ… ပြီးရင် ပြန်မလာနိုင်ရတဲ့ အကြောင်းအရင်းကိုရှာပြီး ဒီည စုဝေးပွဲလုပ်ဖို့အတွက် စီစဉ်ပါ… အဲ့အတွက် မင်းမှာပြဿနာရှိလား ”

ရုံးတော်သခင်သည် နက်ရှိုင်းသော အသံဖြင့် ပြောသည်။

“ ကျွန်တော်မျိုး အမိန့်တော်ကို လေးစားပါတယ် ”

ရွှီချင်းသည် တည်ကြည်လေးနက်စွာ ပြောသည်။

ရုံးတော်သခင်သည် ခေါင်းညိတ်ပြပြီး ရွှီချင်းကို လျစ်လျူရှုလိုက်သည်။ သူ့မှာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စအများအပြားရှိနေပေသည်။ အခုချိန်မှာ ဖုန်းဟိုင်ဒေသငယ်သည် အတွင်းပိုင်းသော်လည်းကောင်း အပြင်ပိုင်းသော်လည်းကောင်း ပြဿနာများဖြင့် ပြည့်နှက်နေသည်။ ဒေသအကြီးအကဲသေဆုံးသွားသည့်အခါ တာဝန်အားလုံးက သူ၏ ပခုံးပေါ်သို့ ကျရောက်လာချေ၏။

ရွှီချင်းသည် သူ့အဆင့်ကို သိသည်။ သူသည် အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။ သူသည် အဓိကခန်းမထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် အမိန့်တော်ဓားကို ထုတ်လိုက်ပြီး ရုံးတော်သခင်၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် စတင်အလုပ်များတော့သည်။

နောက်ဆုံးမှာတော့ သူ၏ သံတော်ဆင့်သရုပ်သည် အသုံးဝင်လာချေ၏။ သူ့မှာ ဓားကိုင်အားလုံး၏ မှတ်တမ်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်နှင့် သူတို့အားလုံးကို ပူးပေါင်းပါဝင်ဆောင်ရွက်ခိုင်းရန် အခွင့်အာဏာရှိပေသည်။ သို့သော်လည်း သူတစ်ယောက်တည်းအားဖြင့် ထိုသို့လုပ်ဆောင်ရန် အဆင်မပြေသေးချေ။ ထို့ကြောင့် တစ်ခဏကြာတွေးတောပြီးနောက် ရွှီချင်းသည် ခုန်ရှန်းလုံဆီသို့ အသံပို့လွှတ်လိုက်သည်။

မကြာမီ ခုန်ရှန်းလုံ၊ ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့သည် ရွှီချင်းရှိရာသို့ ရောက်လာကြသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ရွှီချင်းသည် မြို့တော်သို့ ပြန်ရောက်ရှိလာကြပြီးသော ဓားကိုင်များနှင့် ပြန်ရောက်မလာသေးသူများ၏ အကြောင်းအရင်းများကို အလျှင်အမြန် စာရင်းပြုစုနိုင်ခဲ့သည်။

နောက်ဆုံးမှာတော့ သူသည် စုဝေးပွဲကို နောက်နှစ်နာရီအကြာ ညသန်းခေါင်အချိန်တွင် စီစဉ်နိုင်ခဲ့ပြီး ကျင်းပမည့်နေရာကို ဆုံးဖြတ်နိုင်ခဲ့သည်။ သူ၏ သံတော်ဆင့် အခွင့်အာဏာကိုအသုံးပြု၍ စုဝေးပွဲအကြောင်းကို ဓားကိုင်အားလုံးထံသို့ အလျှင်အမြန် အကြောင်းကြားလိုက်သည်။

“ ရုံးတော်သခင်ရဲ့ အမိန့်တော်အရ… ဒီနေ့ညသန်းခေါင် ဓားကိုင်ရုံးတော်ရဲ့ အရှေ့အရပ် ပထမမြေကွက်လပ်မှာ ဓားကိုင်အားလုံး စုဝေးပွဲအတွက် ရောက်လာကြရမယ် ”

ရွှီချင်း၏ အသံသည် ဓားကိုင်အားလုံး၏ အမိန့်တော်ဓားထဲမှာ ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ သံတော်ဆင့်အနေဖြင့် ပထမဆုံး သူစကားပြောဖူးခြင်း ဖြစ်သည်။

သိပ်မကြာမီ ညသန်းခေါင်သို့ ကျရောက်သွားသည်။

မြို့တော်ထဲတွင် လောလောဆယ်ရှိနေကြသော ဓားကိုင်အားလုံးသည် အရှေ့အရပ် ပထမမြေကွက်လပ်မှာ စုဝေးရောက်ရှိလာကြသည်။ သူတို့၏ ပင်ကိုယ်အသိစိတ်ကြောင့် စည်းမျဉ်းစည်းကမ်းများ ထပ်ချမှတ်ရန် မလိုအပ်ချေ။ ဤအခိုက်အတန့်မှာ ဓားကိုင်တစ်သိန်းသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်အလိုက် မြေကွက်လပ်ထဲမှာ ညီညီညာညာ တန်းစီရပ်နေကြသည်။

မည်သူမှ စကားမပြောကြချေ။ သူတို့၏ မျက်လုံးထဲမှာ ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာ ပေါ်လွင်နေသည်။

ဒေသအကြီးအကဲ၏ သေဆုံးမှု၊ အကျဉ်းထောင်ဌာန၏ ပြိုလဲပျက်စီးမှုနှင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ နယ်မြေကျူးကျော်လာမှု အစရှိသည့် အဖြစ်အပျက်များသည် ဓားကိုင်များကို ကြောက်ရွံ့တုန်လှုပ်စေရန် မလုပ်ဆောင်နိုင်ပေ။ ယင်းအစား သူတို၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုသာ ပို၍အားကောင်းလာစေသည်။

ဒေါသထွက်နေကြသော ဓားကိုင်များက တစ်နေရာတည်းမှာ စုဝေးရောက်ရှိနေကြလေရာ သူတို့၏ အရှိန်အဝါများက အတူတကွ ပေါင်းစည်းသွားကြပြီး ဘေးပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်သွားသည်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော စုပ်ဝဲတစ်ခုသည် ကောင်းကင်ပေါ်မှာ ဖြစ်ပေါ်လာသည်။

စီမံခန့်ခွဲရေးမှူးလေးဦးနှင့် လက်ထောက်ရုံးတော်သခင်များသည် တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။ နောက်ဆုံးမှာတော့ ဓားကိုင်အားလုံး၏ အရှေ့မှာ တည်ကြည်လေးနက်ပြီး ဂုဏ်သရေရှိသော ရုံးတော်သခင်သည် ဆင်းသက်လာသည်။

ရွှီချင်းသည် ရုံးတော်သခင်၏ အနောက်မှ လိုက်ပါလာသည်။

ဓားကိုင်အားလုံး၏ အကြည့်သည် ရွှီချင်းထံသို့ တိုက်ရိုက် ရွှေ့ပြောင်းသွားကြသည်။ ရွှီချင်းသည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရုံးတော်သခင်နောက် ပေသုံးဆယ်အကွာမှာ နေရာယူထားသည်။ သူက ထိုနေရာမှာ တိတ်ဆိတ်စွာ ရပ်နေလျက် ရုံးတော်သခင်ထံ ကြည့်နေပြီး စုဝေးပွဲစတင်ရန် စောင့်ဆိုင်းနေသည်။

ရုံးတော်သခင်၏ အကြည့်သည် မြေကွက်လပ်ထဲရှိ လူတိုင်းထံသို့ ဖြတ်ကျော်သွားသည်။ အချိန်တစ်ခဏအကြာမှာ သူ၏ နက်ရှိုင်းသောအသံက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

“ ဓားကိုင်တွေ… စစ်ပွဲရောက်လာပြီ ”

“ နှစ်တွေဘယ်လောက်ပဲကြာကြာ ငါတို့ဖုန်းဟိုင်ဒေသငယ်ကို သိမ်းပိုက်ကြီးစိုးချင်နေတဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က ရပ်တန့်မသွားဘူး… သူတို့ဘက်က စစ်ပွဲစတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး… ပြီးတော့ သူတို့ရဲ့ အရင်က ကြိုးစားမှုအားလုံး ကျရှုံးခဲ့တယ် ”

“ ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း ငါရယ်၊ သေဆုံးသွားပြီဖြစ်တဲ့ ဒေသအကြီးအကဲနဲ့ အုပ်ချူပ်သူအားလုံးက ဒီတိုက်ပွဲကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့တာ ကြာလှပြီ ”

“  သန့်စင်ရေလှိုင်းမျိုးနွယ်က ဝိညာဉ်နီပြည်ထောင်နဲ့ မြူခိုးလပြည်ထောင်ရဲ့ ပထမအသုတ် ရန်သူ့စစ်တပ်က ဖုန်းဟိုင်ဒေသငယ်ထဲ ဝင်ရောက်လာပြီးကြပြီဆိုပေမဲ့ ငါ့မှာ ယုံကြည်မှုရှိတုန်းပဲ ”

“ တကယ်လို့ အားလုံးက ကိုယ့်တာဝန်အပေါ် သစ္စာရှိပြီး ဘာအမှားမှ မလုပ်ဘူးဆိုရင် ငါတို့က အတိတ်တုန်းက အာဇာနည်တွေလိုမျိုး ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်နိုင်ကြောင်း သက်သေပြနိုင်လိမ့်မယ်… စစ်ပွဲမှာအနိုင်ရပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ဘေးအန္တရာယ်ကနေ ရှင်သန်နိုင်လိမ့်မယ် ”

“ ပြည်ထဲရေးရုံးတော်ရဲ့ အကူအညီနဲ့ မဟာမိတ်မျိုးနွယ်(၃၇၉)စု၊ သန့်စင်ဒီမွန်မျိုးနွယ်အပါအဝင် ဒီစစ်ပွဲထဲမှာ ပါဝင်ကြလိမ့်မယ်… ငါ ကျွမ်းရှင်းမျိုးနွယ်နဲ့လည်း စကားပြောပြီးပြီ… သူတို့က ဘိုးဘေးနယ်မြေကို ချိပ်ပိတ်ပြီး ဒီစစ်ပွဲမှာ ခြေတစ်လှမ်းတောင် ဝင်ပါကြလိမ့်မှာမဟုတ်ဘူး ”

“ ဒါကြောင့် ဒီစစ်ပွဲမှာ ငါတို့အားမနည်းဘူး ”

ရုံးတော်သခင်က တည်ငြိမ်စွာ ပြောသည်။ သူ၏ လေသံထဲမှာ စိတ်လှုပ်ရှားမှု စိုးစဉ်းမှမပါရှိပေ။

“ ဒါပေမဲ့… မင်းတို့သိထားရမဲ့ ကိစ္စတချို့ရှိတယ် ”

“ ဒီနေ့ နန်းမြို့တော်ဒေသမှာ ကိစ္စနှစ်ခုဖြစ်ပွားခဲ့တယ် ”

“ ပထမကိစ္စက လူသားဇကရာဇ် ရာထူးခန့်အပ်ထားတဲ့ ဒေသအကြီးအကဲအသစ်နဲ့ စစ်ကူတွေက မနက်ဖြန် တည်နေရာပြောင်းရွှေ့အစီအရင်နဲ့ ဒီကိုရောက်ရှိလာကြရမှာ… ဒါပေမဲ့ သူတို့က ဒီနေ့ နေ့လယ်မှာ ကောင်းကင်နက်မျိုးနွယ်ရဲ့ တားဆီးခြင်းခံလိုက်ရတယ်… သူတို့ရဲ့ ကံတရားက မသိရသေးဘူး ”

“ ဒုတိယကိစ္စက ကောင်းကင်နက်မျိုးနွယ်ရဲ့ စစ်တပ်က နန်းမြို့တော်ဒေသဆီ ချီတတ်သွားနေကြပြီ… ဒါရဲ့ဆိုလိုတာက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ နယ်မြေကျူးကျော်တာကို ငါတို့ဘာသာ ရင်ဆိုင်ဖြေရှင်းရလိမ့်မယ် ”

“ အဲ့ဒါကြောင့် ဒါက ရှည်လျားတဲ့ တိုက်ပွဲဖြစ်လိမ့်မယ် ”

“ အဲ့ဒါကြောင့် ဒါက ကိုယ့်အားကိုယ်ကိုးရမယ့် တိုက်ပွဲဖြစ်လိမ့်မယ် ”

“ ဘယ်လိုပဲဖြစ်ပါစေ ဒီအခြေအနေကို ငါတို့အားလုံး မလွဲမသွေ ရင်ဆိုင်ကြရလိမ့်မယ်… ဒါပေမဲ့ အဲ့ဒါက ဖုန်းဟိုင်ဒေသငယ်ကို အသက်စွန့်ကာကွယ်မယ်ဆိုတဲ့ ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို ယိမ်းယိုင်စေဖို့ မလုံလောက်ဘူး… ဘာလို့ဆို ငါတို့မှာ နောက်ဆုတ်စရာမြေမရှိလို့ပဲ ”

“ ပြည်နယ်(၁၃)ခုကို သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်တပ်က သိမ်းပိုက်ထားပြီးပြီ… ဒါပေမဲ့ သူတို့ကို တားဆီးဖို့ ဖုန်းဟိုင်ဒေသငယ်ရဲ့ တားမြစ်ဓမ္မရတနာကို အပြည့်အဝ အသက်သွင်းထားပြီးပြီ… ဒါမှ သူတို့တွေ မတိုးသာမဆုတ်သာ အခြေအနေဖြစ်ပြီး ငါတို့အတွက် အချိန်တချို့ရမှာ ”

“ ဒီရတဲ့အချိန်လေးမှာ ငါတို့တွေ ပြဿနာတချို့ ဖြေရှင်းရလိမ့်မယ် ”

“ အလောင်းကောင်တားမြစ်နယ်မြေနဲ့ ဝတ်ရုံတားမြစ်နယ်မြေ… ဒီနယ်မြေနှစ်ခုက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ပြည်နယ်ရဲ့ အင်အားတချို့ကို အဲ့ဒီနေရာတွေပေါ် အာရုံစိုက်ဖို့ အသုံးပြုရလိမ့်မယ်… အဲ့ဒါက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်ပဲ ”

“ အကျဉ်းထောင်ဌာန ပြိုလဲပျက်စီးပြီး အကျဉ်းသားတွေ လွတ်မြောက်သွားကြတယ်… လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကြောင့် ဖုန်းဟိုင်ဒေသငယ်ထဲမှာ ပရမ်းပတာတွေဖြစ်နေကြပြီး အတွင်းပိုင်းရော အပြင်ပိုင်းရော ပြဿနာတွေ ဖြစ်ပွားနေကြတယ်… အဲ့ဒါလည်းပဲ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ် ”

လေထုသည် တင်းကျပ်လာပြီး ဓားကိုင်များ၏ အသက်ရှူသံသည် ပြင်းထန်လာကြသည်။ ရုံးတော်သခင်၏ စကားများက ရွှီချင်းအပါအဝင် အားလုံးကို ဖုန်းဟိုင်ဒေသငယ် လက်ရှိကြုံတွေ့နေရသည့် အန္တရာယ်အား သေချာနားလည်စေသည်။

သို့သော်လည်း ရုံးတော်သခင်၏ တည်ငြိမ်သော လေသံသည် ပင်လယ်အောက်ခြေတွင် မရွေ့မလျားတည်ရှိနေသော နတ်ဘုရားအပ်တစ်ချောင်းပမာ အားလုံး၏ စိတ်ကို ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားစေသည်။ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် စိတ်ဓာတ်ခိုင်မြဲမှုသည်သာ ဆက်လက်မြင့်တတ်သွားသည်။

အားလုံးကိုကြည့်နေလျက် ရုံးတော်သခင်သည် တစ်ခဏမျှ ရပ်နားလိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။

“ ဘာမှမကြောက်ကြနဲ့… တကယ်လို့ ကောင်းကင်ပြိုကျလာရင်တောင် ငါထမ်းပိုးထားပေးမယ် ”

All Chapters