မျှော်လင့်ချက်နှင့် ပျော်ရွှင်မှု
Vol. 38 Ch. 563
အရာအားလုံး စီစဉ်ပြီးသွားသည်နှင့် ရဲ့လင်းချန်သည် ဆောက်လုပ်ရေးကို နောက်တစ်နေ့၌ စတင်ရန် ပြင်ဆင်ပြီး ဆရာဟောင်နှင့် အခြားသူများကိုလည်း ကျွန်းသို့ ခေါ်ဆောင်သွားရန် စိတ်ကူးထားသည်။
ဆရာဟောင်၏ အိမ်မှ ထွက်လာပြီးနောက် ချင်ပိုင်ချွမ်းသည် ရဲ့လင်းချန်ကို ခေါ်၍ မြို့တော်ဆေးရုံသို့ ပြန်လာသည်။
တစ်ချိန်တည်းမှာပင် မြို့တော်ဆေးရုံတွင်း၌။
မရေတွက်နိုင်သော လူများက ထက်သန်သော မျှော်လင့်ချက်တို့နှင့် စုဝေးနေကြသည်။ သူတို့အားလုံးသည် နတ်ဆေးဆရာဝိုင် ရောက်လာသည်ကို စောင့်နေခြင်း ဖြစ်သည်။ သို့သော် တစ်မနက်ခင်းလုံး ကုန်သွားသော်လည်း နတ်ဆေးဆရာဝိုင်က ပေါ်မလာသေးချေ။
နတ်ဆေးဆရာဝိုင် တစ်ဖန်ပြန်၍ ပျောက်သွားမည်ကို လူအများက စိုးရိမ်နေကြသည်။
လူအုပ်ထဲတွင် လူနာများနှင့် မျှော်လင့်ချက်တို့ဖြင့် ရောက်လာသော မိသားစုဝင်များလည်း ပါရှိသည်။
သတင်းထောက်များသည်လည်း နတ်ဆေးဆရာဝိုင်နှင့် အင်တာဗျူးလုပ်ပြီး သတင်းခေါင်းစီးများ ရေးနိုင်ရန် စောင့်ဆိုင်းနေ၏။
“နတ်ဆေးဆရာဝိုင် ဒီနေ့ မလာတာတော့ မဟုတ်ဘူးမလား”
“ချီးပဲကွာ … မပျောက်သွားပါစေနဲ့၊ ကျေးဇူးပြုပြီးတော့ …”
“နတ်ဆေးဆရာဝိုင်က အကြောင်းပြချက်မရှိဘဲ ပျောက်မသွားဘူးလို့ ငါ ယုံကြည်တယ်၊ သူက တကယ့် သူရဲကောင်းပဲ၊ ငါတို့ကို ဒုက္ခတွေကနေ ကယ်တင်နေတဲ့ သက်ရှိ ဘုရားလောင်းကွ”
“နတ်ဆေးဆရာဝိုင်ရေ တောင်းပန်ပါတယ်၊ မြန်မြန် ပေါ်လာပေးပါ၊ ငါတို့ အသက်ကို ကယ်ပေးဖို့ မင်းကို ငါတို့တွေ စောင့်နေတာပါ၊ ငါတို့ မင်းကို ဒူးထောက်ပါ့မယ်”
လူအုပ်ကြားထဲ၌ ဆုတောင်းသံများ ပဲ့တင်ထပ်နေပြီး လူတော်တော်များများက ယုံယုံကြည်ကြည် ပြုလုပ်နေ ကြသည်။
ထို့အပြင် လူများစွာက တိုက်ရိုက် ထုတ်လွှင့်မှုများ ပြုလုပ်နေပြီး နတ်ဆေးဆရာဝိုင် ပေါ်မလာသော်လည်း ကြည့်ရှုသူ အရေအတွက်က များပြားစွာ တိုးပွားနေသည်။ လက်ရှိတွင် ဖန်သားပြင်၌ မှတ်ချက်များ ပလူပျံလျက် ရှိသည်။
[ငါတို့ ဘယ်လောက် ကြာကြာ စောင့်ရမှာလဲ၊ နတ်ဆေးဆရာဝိုင်က သေချာတဲ့ အဖြေတောင် မပေးဘူး]
[အပေါ်ကလူ၊ စိတ်ရှည်စမ်းပါ၊ နတ်ဆေးဆရာဝိုင်က သူမတူတဲ့ အရည်အချင်းတွေရှိတဲ့ လူတစ်ယောက်ပဲ၊ သူ ပေါ်လာမယ်ဆိုတဲ့ အချက်ကတင် လုံလောက်နေပြီ၊ မင်းက ဘယ်လိုတောင် တောင်းဆိုချက် များရတာလဲ]
[နတ်ဆေးဆရာဝိုင်က မနေ့ညက သူဌေးတွေဆီက ကမ်းလှမ်းမှု ရပြီးလို့ အဲ့လူတွေကို သွားကုနေတယ်လို့ ငါ ထင်တယ်၊ သူက ငါတို့လို ဆင်းရဲသားတွေ ဂရုတောင် စိုက်တာ မဟုတ်ဘူး]
[အပေါ်ကလူ၊ မင်းက သောက်ရူးလား၊ နတ်ဆေးဆရာဝိုင်က ဘယ်လောက်တောင် အောင်မြင်မှုတွေ ရထားလဲဆိုတာကို မင်း မမြင်ဘူးလား၊ လေပူလက္ခဏာ တုပ်ကွေးရောဂါကို ကုသနိုင်တဲ့သူ ဆိုတဲ့ အောင်မြင်မှု တစ်ခုတည်းကတင် မင်းလို ကီးဘုတ်ဖိုက်တာ တစ်ယောက်ထက် အဆပေါင်းများစွာ သာနေပြီကွ၊ အမှိုက်ကောင်]
[ထောက်ခံတယ်၊ ကီးဘုတ်ဖိုက်တာတွေက ပိန်းလွန်းတယ်၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ]
[နတ်ဆေးဆရာဝိုင်က သူဌေးတွေကို သွားကုတော့ရော ဘာဖြစ်လဲ၊ သူတို့က ပိုက်ဆံ ပေးတာလေ၊ မင်းက နတ်ဆေးဆရာဝိုင်ကို ဘာပေးနိုင်လို့လဲ၊ ကီးဘုတ်လား]
[နတ်ဆေးဆရာဝိုင်က အဲ့လိုလူစားမျိုး မဟုတ်ဘူးလို့ ငါ ယုံတယ်၊ သူ တကယ် ပိုက်ဆံ လိုချင်တယ်ဆိုရင် သူ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်နေတာ ကြာလှပြီပေါ့]
[ငါက နတ်ဆေးဆရာဝိုင်ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပဲ၊ သူ လုပ်သမျှ အရာရာတိုင်းကို ငါ ထောက်ခံတယ်၊ အသက်တစ်ချောင်းကို ကယ်တင်တာက ခုနစ်ဆူဘုရား တည်တာထက် ပိုပြီး ကုသိုလ်ရသေးတယ်၊ နတ်ဆေးဆရာ ဝိုင်က နတ်ဖြစ်သင့်တာ ကြာပြီ]
…
ထိုသို့သောအချိန်၌ Mercedes-Benz S500 တစ်စီးက ဖြည်းညင်းစွာ မောင်းဝင်လာပြီး ဆေးရုံဝင်ပေါက်၌ ရပ်သွားသည်။ ထိုတန်ဖိုးကြီးကား၏ အနောက်၌ Mercedes-Benz MPV ငါးစီး လိုက်လာသည်။
ထိုကားတန်းကြောင့် ဆူညံသံများ ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်းက စူးစမ်းစွာ ကြည့်လာကြသည်။
ထို့နောက် ကားပေါ်မှ အဖြူရောင် ဝတ်စုံနှင့် အနက်ရောင် နေကာမျက်မှန်တစ်လက်ကို တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဆင်းလာသည်။
သူသည် သူ့လူများကို လက်ဝှေ့ယမ်းပြလိုက်သည်နှင့် MPV ကားငါးစီးလုံး၏ နောက်ဖုံးများ ပွင့်လာသည်။ တောက်ပသော အနီရောင်တစ်ခုက လူတိုင်း၏ မျက်စိရှေ့၌ ပေါ်လာသည်။
နီစွေးမှုသည် သွေးရောင်နှင့် မတူသလို ပန်းဆီရောင်ရင့်ရင့်မျိုးလည်း မဟုတ်ပေ။ ၎င်းသည် အနီရောင် … ပိုက်ဆံများ ဖြစ်ပေသည်။
ကားတစ်စီးလုံးတွင် ငွေသားများဖြင့် ပြည့်နေပြီး လူတိုင်း မျက်စိကျိန်းသွားရလေသည်။
သန်းငါးဆယ်သည် လူတိုင်းအတွက် များပြားလှသော ပိုက်ဆံပမာဏဟု သတ်မှတ်နိုင်ပြီး အားလုံးနီးပါး ထိုမျှ ပမာဏကို ထိတွေ့ဖူးသည့် အတွေ့အကြုံ မရှိချေ။ သူတို့အားလုံးသည် မျက်စိရှေ့၌ ထိုမျှ ပမာဏကို မြင်လိုက်ရ၍ ထိတ်လန့်သွားကြသည်။
ကားတစ်စီးစီတွင် ဆယ်သန်းစီ သယ်ဆောင်ထားသဖြင့် စုစုပေါင်း သန်းငါးဆယ် ရှိပေသည်။ ကားတစ်စီးလုံး ချက်ချင်း လေးလံသွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်က ချက်ချင်း ငြိမ်ကျသွားသည်။ ထို့နောက် အသက်ရှူသံများ ပြင်းထန်လာ၏။
“လခွမ်း … သန်း … သန်းငါးဆယ်တောင်လား”
“အမေရေ၊ သားတစ်ဘဝလုံး ဒီလောက် ပိုက်ဆံအများကြီးကို တစ်ခါမှ မမြင်ဖူးဘူး၊ ကျွန်တော် ဒါကို တွေးတောင် မတွေးရဲဘူး”
“သန်းငါးဆယ်ကို ချက်ချင်းလက်ခင်း ထုတ်လာရင် ဒီလိုပုံစံမျိုး ရှိတာလား၊ နောက်ဆုံးတော့ ငါ အနာဂတ်အတွက် အိပ်မက်တစ်ခု ရှိလာပြီ၊ ဒါပေမဲ့ အရင်ဆုံး ငါ့မျက်လုံးကို မှိတ်ထားဦးမယ်၊ ဘာလို့လဲဆိုတော့ ဒါက နာကျင်ရတယ် …”
“အမှန်အတိုင်း ပြောရရင် ပိုက်ဆံကို မျက်လုံး အပြူးသားနဲ့ ငေးကြည့်တတ်တဲ့ လူတွေကို ငါ အထင်သေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ အခု ငါ့မျက်လုံးတွေ ပြူးကျယ်နေတယ်လို့ ခံစားနေရပြီ”
“သေရော သေရောဟေ့ …”
“လီကျားဟွာ၊ သူက လီကျားဟွာပဲ၊ ဟောင်ကောင်က အချမ်းသာဆုံးလူ”
“လခွမ်း … သူ တကယ်ကြီး မြို့တော်ကို လာတာလား၊ ပြီးတော့ သူက သန်းငါးဆယ်ကို ငွေသားချည်းပဲတောင် ယူလာလိုက်သေးတယ်”
ဘေးပတ်လည်မှ လူတိုင်း ရူးမတတ် ဖြစ်သွားကြပြီး တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများသည်လည်း ထိုနည်းတူ ဖြစ်နေ၏။ တောင်ပုံပမာ ပိုက်ဆံပမာဏက သူတို့အား ချက်ချင်း မှင်တက်သွားစေ၏။
“ဝူး ဝူး ဝူး”
သို့သော် ကားအင်ဂျင်သံများ ထပ်မံ၍ ထွက်ပေါ်လာသည်။
ခပ်လှမ်းလှမ်းမှ သားရဲအော်သံကဲ့သို့သော အင်ဂျင်သံ ပေါ်ထွက်လာပြီး ၎င်းက လှပသော drift ဆွဲမှုနှင့်အတူ မြို့တော်ဆေးရုံရှေ့၌ ရပ်တန့်လာသည်။
၎င်း၏ လိမ္မော်ရောင် အရောင်က နေရောင်အောက်၌ ရောင်ပြန်ဟပ်နေပြီး အထင်ကြီးစရာ ကောင်းလှသည်။
ကမ္ဘာပေါ်၌ အကန့်အသတ်နှင့် ထုတ်လုပ်ထားသော Lamborghinis က အစီး ငါးဆယ်သာ ရှိပြီး တစ်စီးချင်းစီက ၄၅သန်း တန်ဖိုး ရှိသည်။
[ဒါ ဝမ်ကျန်းပဲ၊ မြို့တော်က အချမ်းသာဆုံး မိသားစုတွေထဲက တစ်ခုရဲ့ သခင်လေး၊ သူ ဒီကို ရောက်လာတာလား]
[သေရောဟေ့၊ သူ မနေ့ညက သန်းတစ်ရာနဲ့ လေလံပစ်တာကို ငါ သိရပြီ၊ သူ တကယ် လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး]
[အား … အား … ချောလိုက်တာ၊ သူက မြို့တော်က ထိပ်တန်း သူဌေး သုံးယောက်ထဲက တစ်ယောက်ပဲ၊ ငါတို့သာ သူနဲ့ သိခွင့်ရမယ်ဆိုရင် သူ့စားကြွင်းစားကျန်ကတင် ငါတို့ တစ်သက်လုံး ကြိုးကြိုးစားစား လုပ်ထားတာနဲ့ ညီမျှ နေလောက်တယ်]
[မင်း မကြားဘူးလား၊ ပြီးခဲ့တဲ့လက သူ အင်တာနက် ဆယ်လီတစ်ယောက်နဲ့ တွဲပြိး သူ့ကို သန်းချီတန်တဲ့ ပြိုင်ကား ပေးတယ်တဲ့]
[ကျစ် … သူတို့ ချမ်းသာတော့ရော ဘာဖြစ်လဲ၊ သူတို့ ဆေးကုဖို့ လိုသေးတာပဲ မဟုတ်လား၊ သူတို့အားလုံး သူတို့ အသက်ကို ကယ်ဖို့ ပိုက်ဆံပိုက်ပြီး ပြေးလာရတာပဲ]
[နတ်ဆေးဆရာဝိုင်က ဒီသူဌေးတွေကို သွားကုနေတယ်လို့ ဘယ်သူ ပြောတာလဲ၊ ဒါ မင်းတို့မျက်နှာကို အကြီးကြီး ဖြတ်ရိုက်လိုက်တာပဲကွ၊ နောက်တစ်ခါဆို မင်းတို့ရဲ့ သောက်ရူး ပါးစပ်တွေကို ပိတ်ထားလိုက်]
…
မကြာခင်မှာပင် အခြားသော သူဌေးများလည်း တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် အမျိုးအစား စုံလင်သော တန်ဖိုးကြီးကားများက မြို့တော်ဆေးရုံတစ်ခုလုံး၌ ရပ်နားလာသည်။ သူတို့၏ သက်တော်စောင့်များက စုဖွဲ့ကာ တန်းစီ၍ ရပ်နေကြသည်။ အဆိုပါ မြင်ကွင်းက အံ့ဩဖွယ် ကောင်းလှပေသည်။
သူတို့သာ မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရပါက ဤသို့သော မြင်ကွင်းမျိုးကို လက်တွေ့ဘဝ၌ တွေ့ရမည်ဟု လုံးဝ ယုံကြည်မိမည် မဟုတ်ပါ။ ၎င်း၏ ခမ်းနားမှုက ရုပ်သံဇာတ်လမ်းတွဲများထဲကထက် ပိုသာလေသည်။ သူတို့တောင်မှ ထိုမျှအတိုင်းအတာအထိ ရိုက်ရဲမည် မဟုတ်ပါ။
သို့သော် ထိုလူများသည် ချမ်းသာလျင်တောင်မှ ငတုံးများ မဟုတ်ကြပေ။ သူတို့သည မြို့တော်ဆေးရုံသို့ ရောက်ပြီးနောက် သူတို့၏ ဩဇာကို အသုံးမချရဲဘဲ လူတိုင်းကဲ့သို့ နတ်ဆေးဆရာဝိုင် ပေါ်လာသည်ကိုသာ ငြိမ်သက်စွာ စောင့်နေကြသည်။ ထို့ကြောင့် လူတိုင်း အနည်းငယ် စိတ်အေးသွားကြလေသည်။
တစ်နာရီလုံးလုံး ဘယ်သူမှ နတ်ဆေးဆရာဝိုင်ကို မကျိန်ဆဲသလို ဘယ်သူမှ ထွက်မသွားပေ။ သူတို့အားလုံး စိတ်ရှည်မှုအပြည့်နှင့် စောင့်နေ၏။
နောက်ဆုံးတွင် စစ်သည်တော်ဌာန သင်္ကေတ ပါသော ဂျစ်ကားများစွာ ပေါ်လာပြီး လူတိုင်း အံ့ဩသွားကြသည်။ ခမ်းနားမှုက ပို၍ ထင်ပေါ်လာသည်။
ထို့နောက်တွင်မူ ကားပေါ်မှနေ၍ စစ်သည်တော်ဌာနမှ စစ်သည်တော်များက ငြိမ်သက်မှုကို ထိန်းသိမ်းရန် လျင်မြန်စွာ ဆင်းလာကြသည်။ ရဲ့လင်းချန်နှင့် ချင်ပိုင်ချွမ်းတို့ နှစ်ယောက်လုံးက mask တပ်၍ ကားပေါ်မှ ဆင်းလာ၏။
“နတ်ဆေးဆရာဝိုင်၊ နတ်ဆေးဆရာဝိုင်ပဲ”
“အားးးးးးး … နောက်ဆုံးတော့ သူ ရောက်လာပြီ၊ နတ်ဆေးဆရာဝိုင် ငါတို့ကို မပစ်ပယ်ဘူးဆိုတာကို သိနေတယ်လေ”
“ကျွန်မ ဒီလောက် အကြာကြီးစောင့်ပြီးတော့မှပဲ ရှင် ရောက်လာတော့တယ်၊ ချောလိုက်တာ၊ ရှင်က အချောဆုံးလူပဲ”
“သေစမ်း ငါ အသက်ကြီးလာတော့ ခံစားချက်တွေ ဖြစ်ဖို့ လွယ်လာတာပဲ၊ လူတစ်ယောက်ကို ကြည့်တာက ငါ့ကို ငိုအောင် လုပ်နေပြီ၊ ချီးပဲ”
“လူတိုင်း ပိုစဉ်းစားတွေးခေါ်ပြီး နတ်ဆေးဆရာဝိုင်အတွက် လမ်းဖယ်ပေးလို့ မရဘူးလား”
ချက်ချင်းဆိုသလိုပင် မြို့တော်ဆေးရုံတစ်ခုလုံး ဆူညံလာ၏။ လူပေါင်းများစွာက နတ်ဆေးဆရာဝိုင်ကို အော်ခေါ်ပြီး သူတို့အသံက ကောင်းကင်ပင် တုန်လောက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင်း၌ နတ်ဆေးဆရာဝိုင် ဟူသည့် စာသားကသာ ဖန်သားပြင်အပြည့် နေရာယူနေသည်။
ကြာမြင့်စွာ စောင့်ဆိုင်းရသည်ကို ဘယ်သူမှ စောဒက မတက်ကြသလို မကျေနပ်ခဲ့လျင်တောင်မှ နတ်ဆေးဆရာ ဝိုင်ကို မြင်လိုက်ရသည့် အခိုက်မှာပင် အစအနမရှိ ပျောက်သွားလေပြီ။ သူတို့စိတ်ထဲ၌ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှု တို့သာ ကျန်ရှိတော့သည်။