ဖုန်းဟိုင်စစ်ပွဲအခြေအနေ
Vol. 42 Ch. 635
ရုံးတော်သခင်၏ တည်ကြည်ခိုင်မာပြီး ယုံကြည်မှုပြည့်ဝသော ပုံစံကြောင့် သူသည် စကားအများကြီးပြောနေရန် မလိုအပ်ပေ။ ထိုစကားတစ်ခွန်းမျှဖြင့် လုံလောက်ပေသည်။
ဓားကိုင်အားလုံးသည် ရုံးတော်သခင်ကို အာရုံအပြည့်ထား၍ ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်ထဲမှာ ရိုသေလေးစားမှု၊ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ မင်းတို့အားလုံး ဓားကိုင်ဖြစ်လာတဲ့အခါတုန်းက ကျမ်းကျိန်မှုတစ်ခုကို ပြုလုပ်ခဲ့ကြတယ် ”
“ ကျုပ်တို့ လူသားမျိုးနွယ်ကိုကာကွယ်မယ်… အန္တရာယ်အားလုံးကို အမြစ်ဖြတ်သုတ်သင်ပြီး ဒီကမ္ဘာကို အလင်းဆောင်ကျဉ်းပေးမယ် ”
“ အဲ့ဒါက ပါးစပ်ကနေအော်ရမယ့် ဆောင်ပုဒ်သက်သက်မဟုတ်ဘူး… မင်းတို့တွေ အရင်တုန်းက အော်ခဲ့ပြီးပြီ… အခု ငါတို့တွေ အဲ့ဒီအတိုင်း လက်တွေ့လုပ်ဆောင်ရတော့မယ် ”
ရုံးတော်သခင်သည် တည်ငြိမ်စွာ ပြောသည်။
“ ဒါကြောင့် အခုကစပြီး မင်းတို့တွေ တစ်ယောက်ကိုတစ်ယောက် ညီအကိုလို သဘောထားကြပါ… တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ အကောင်းဆုံးကြိုးစားကြပါ… ဘာကိုမှမကြောက်နဲ့ အရှုံးမပေးနဲ့ ”
“ ငါတို့တွေ ဖုန်းဟိုင်ဒေသနဲ့ အတူရှင်ကြမယ် အတူသေကြမယ် ”
“ တကယ်လို့ အနာဂတ်မှာ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး ပရမ်းပတာဖြစ်ပြီး ပြိုလဲပျက်စီးသွားမယ်ဆိုရင်တောင်… ငါတို့ရဲ့ လူသားမျိုးနွယ်စစ်တပ်က လူသားဧကရာဇ်ရဲ့ မွန်မြတ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်တိုက်ပွဲဝင်နေကြဦးမှာ ဖြစ်တယ် ”
“ အဲ့ဒီအချိန်ကျရင် သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ အမွေခံမီးတောက်က နောက်ဆုံးမှာ ငြိမ်းသတ်သွားရလိမ့်မယ် ”
ရုံးတော်သခင်သည် ဓားကိုင်တစ်သိန်းကို စိုက်ကြည့်လိုက်သည်။
“ အခု… ငါအမိန့်ပေးမယ် ”
“ ရွှီချင်း မှတ်တမ်းတင်ထား ”
ရုံးတော်သခင်၏ အသံသည် အေးစက်ပြီး တင်းမာသည်။
ရွှီချင်းသည် အရှေ့သို့ ခြေသုံးလှမ်းတိုးလိုက်ပြီး မှတ်တမ်းတင်ရန် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။
“ အလောင်းကောင်တားမြစ်နယ်မြေနဲ့ ဝတ်ရုံတားမြစ်နယ်မြေက အဓိကရုဏ်းတွေကို လောလောဆယ် တားဆီးနေတဲ့ ယင်ဟွမ်ပြည်နယ်နဲ့ ရွှီကျောက်ပြည်နယ်ကလွဲရင် ဖုန်းဟိုင်ဒေသငယ်အတွင်းက ကျန်လူသားအင်အားစုအားလုံး မဖြစ်မနေ စစ်မှုထမ်းရမယ် ”
“ သန့်စင်ရေလှိုင်းမျိုးနွယ်က ငါတို့မျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်ဖို့ ကျုးကျော်ဝင်ရောက်လာပြီ… တကယ်လို့ ဂိုဏ်းတွေနဲ့ အင်အားစုတွေက အမိန့်မနာခံဘူးဆိုရင် သူတို့တွေ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ လက်ထဲမှာ မသေဆုံးခဲ့ဘူးဆိုရင်တောင် လူသားမျိုးနွယ်စုရဲ့ သစ္စာဖောက်တွေအဖြစ် မှတ်တမ်းတင်ခံရလိမ့်မယ် ”
“ ပြည်နယ်အသီးသီးမှာရှိကြတဲ့ ဓားကိုင်ရုံးတော်တွေဆီ အကြောင်းကြားပြီး သူတို့ပြည်နယ်မှာရှိတဲ့ လူသားမျိုးနွယ်ကျင့်ကြံသူတွေနဲ့ စစ်တပ်တစ်ခု ဖွဲ့ခိုင်းပါ… ပြီးကျရင် သူတို့တွေကို အနောက်ဘက်ဆီ ချက်ချင်းဦးတည်သွားခိုင်းပြီး တိုက်ပွဲအတွက် ကြိုပြင်ဆင်ခိုင်းပါ ”
“ မျိုးနွယ်ခြားတွေနဲ့ မဟာမိတ်စစ်တပ်ဖွဲ့ခိုင်းဖို့ ပြည်ထဲရေးရုံးတော်ကို အကြောင်းကြားပါ… ယောင်မိသားစုကို စစ်ထဲပူးပေါင်းပါဝင်ဖို့ အမိန့်ပေးပြီး မြောက်ဘက်စစ်မြေပြင်ကို စောင့်ကြပ်ခိုင်းပါ ”
“ အနောက်ဘက်နဲ့ မြောက်ဘက်က အဓိကစစ်မြေပြင်နှစ်ခုကြားမှာ တံတားဆောက်လုပ်ဖို့နဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် အကူအညီပေးဖို့ ဒေသငယ်မြို့တော်က အဓိကဂိုဏ်းကြီးသုံးဂိုဏ်းကို စုပေါင်းဆောင်ရွက်ကြဖို့ တရားရေးရုံးတော်ကို အကြောင်းကြားပါ ”
“ ဒေသငယ်မြို့တော်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထုလုံခြုံရေးအတွက် ဒေသဖွဲ့စည်းပုံကို အသုံးချဖို့ လက်ထောက်ဒေသအကြီးအကဲကို အကြောင်းကြားပါ ”
“ ပြီးတော့ ဖုန်းဟိုင်ဒေသငယ်ထဲက စစ်ထဲမပါရသေးတဲ့ မျိုးနွယ်ခြားအားလုံးနဲ့ အင်အားစုအားလုံးထံ အကြောင်းကြားပါ… သူတို့က ရည်ရွယ်ချက်ရှိလို့ဖြစ်စေ မရှိလို့ဖြစ်စေ စစ်ပွဲအတွင်းမှာ အတွင်းရေးပဋိပက္ခမဖြစ်ရအောင် ဝိညာဉ်သိုက်အဆင့်နဲ့ ဗလာနတ္ထိအဆင့်ကျင့်ကြံသူအားလုံး စစ်ပွဲမှာ မပါမဖြစ်ပါဝင်ကြရမယ်… တစ်ယောက်လေးတောင် နောက်မှာကျန်နေခဲ့လို့မရဘူး… အမိန့်မနာခံတဲ့ မျိုးနွယ်စုက အမြစ်ဖြတ်သုတ်သင်ခံရမယ် ”
“ စီမံခန့်ခွဲရေးမှူးလေးဦး ”
တာအိုပညာရှင်စစ်မာပါဝင်သော ဓားကိုင်ရုံးတော်မှ စီမံခန့်ခွဲရေးမှူးလေးဦးသည် ချက်ချင်း အရှေ့သို့ လျှောက်သွားကြပြီး ရုံးတော်သခင်ကို တည်ကြည်လေးနက်စွာ ဦးညွတ်လိုက်ကြသည်။
“ မင်းတို့လေးယောက်က ကြီးကြပ်ဖို့တာဝန်ယူရမယ်… တကယ်လို့ မနာခံတဲ့လူရှိရင် သတ်ပစ်လိုက် ”
“ ကျုပ်တို့တွေ အမိန့်တော်ကို လေးစားပါတယ် ”
စီမံခန့်ခွဲရေးမှူးလေးဦးသည် တည်ကြည်စွာ ခေါင်းညိတ်လိုက်ကြသည်။
ရွှီချင်းသည် ရုံးတော်သခင်ပြောကြားသွားခဲ့သော အမိန့်အားလုံးကို မှတ်တမ်းတင်ထားသည်။ ယင်းက သူ၏ တာဝန်ဖြစ်သည်။ စုဝေးပွဲပြီးသွားလျှင် သူသည် အမိန့်တော်အတိုင်း ချက်ချင်း လိုက်နာဆောင်ရွက်ပြီး ရလဒ်များကို မှတ်တမ်းတင်ရလိမ့်မည်။
“ ညီအကိုယွင်ဖန်း… ညီအကိုရှန်းထူ ”
ရုံးတော်သခင်သည် ခေါင်းလှည့်လိုက်ပြီး သူ၏ ဘေးမှ လက်ထောက်ရုံးတော်သခင်နှစ်ဦးကို ကြည့်လိုက်သည်။ ထိုအဖိုးအိုနှစ်ဦးသည် ရိုသေလေးစားသော အမူအရာဖြင့် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။
“ အကျဉ်းထောင်ဌာနကနေ လွတ်မြောက်သွားကြတဲ့ အကျဉ်းသားတွေကို အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်… ဒေသငယ်မြို့တော်ထဲက ဓားကိုင်အရေအတွက် သုံးဆယ်ရာခိုင်နှုန်းကို ဒေသငယ်မြို့တော်ကို ကာကွယ်ဖို့ ကျန်နေစေခဲ့မယ်… ခုနစ်ဆယ်ရာခိုင်နှုန်းကို အဖွဲ့ဝင်တစ်ရာစီပါဝင်တဲ့ တပ်စုခုနစ်ရာအဖြစ် ခွဲခြားစေမယ်… တပ်စုကနေ အဖွဲ့ငယ်တွေကို နောက်ထပ်ခွဲခြားနိုင်တယ် ”
“ တပ်စုတစ်ခုစီက နယ်မြေတစ်ခုစီမှာ တာဝန်ထမ်းဆောင်ရမယ်… နယ်ရုပ်တွေက ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို မင်းတို့သတ်နိုင်အောင်လို့ ကူညီပေးကြလိမ့်မယ် ”
“ တကယ်လို့ သူတို့ကို အရှင်ဖမ်းဆီးလို့ရရင် ဖမ်းဆီးပါ… အဆင်မပြေရင်တော့ အားလုံးကို သတ်ပစ်လိုက်ပါ ”
“ လက်ထောက်ရုံးတော်သခင်တွေက ကျေးဇူးပြုပြီး သူတို့ကို ဦးဆောင်ပေးပါ… ဒီစစ်ဆင်ရေးကို ဆယ်ရက်အတွင်း အပြီးသတ်ရမယ်… ဆယ်ရက်အတွင်း ဒေသငယ်မြို့တော်မှာ လူစုဝေးပြီး စစ်မြေပြင်ဆီ ဦးတည်သွားပါ ”
လက်ထောက်ရုံးတော်သခင်များသည် ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။
စင်အောက်မှ ဓားကိုင်တစ်သိန်းသည်လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လျက် တစ်ညီတစ်ညာတည်း ခေါင်းညိတ်လိုက်ကြသည်။
အထူးသဖြင့် နယ်ရုပ်များဖြစ်ကြသည်။ သူတို့အားလုံး၏ အမူအရာသည် အေးစက်နေကြပြီး သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တခြားဓားကိုင်များထက် ပို၍သိပ်သည်းကြသည်။ မည်သို့ဖြစ်စေ သူတို့၏ တာဝန်က ရာဇဝတ်သားများကို ဖိနှိပ်ရန်မဟုတ်ပါလော။ သူတို့သည် ရာဇဝတ်သားများနှင့် လွန်စွာမှ ရင်းနှီးကျွမ်းဝင်ကြသည်။ တခြားဓားကိုင်များနှင့်သာ ပူးပေါင်းဆောင်ရွက်ရမည်ဆိုလျှင် သူတို့၏ စွမ်းဆောင်နိုင်စွမ်းသည် ပိုမိုမြင့်တတ်သွားပေလိမ့်မည်။
အမှန်တော့ ရုံးတော်သခင်က ထိုသို့အမိန့်မပေးလျှင်ပင် နယ်ရုပ်အားလုံးသည် တစ်စိတ်တစ်ဝမ်းတည်း သဘောတူညီမှုတစ်ခု ရယူပြီးကြပြီ ဖြစ်သည်။ ယင်းမှာ သူတို့စောင့်ကြပ်ရသော အခန်းငယ်များထဲမှ ထွက်ပြေးသွားကြသော ရာဇဝတ်သားများကို လိုက်လံဖမ်းဆီးရန် ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းသည်လည်း သဘောတူခဲ့သည်။
အမိန့်ထုတ်ပြန်ပြီးသောအခါ ဓားကိုင်အားလုံးသည် မြန်မြန်သွက်သွက် စလှုပ်ရှားကြသည်။ သူတို့ထဲမှ အများစုသည် လက်ထောက်ရုံးတော်သခင်နှစ်ဦး၏ စီမံမှုအောက်မှာ ဒေသငယ်မြို့တော်ထဲမှ ထွက်ခွာသွားကြသည်။
ရွှီချင်းသည် အပြင်မသွားရသော်လည်း သူလုပ်ဆောင်ရမည့် အလုပ်သည် အတော်လေး ကိုးရိုးကားရားနိုင်ပေသည်။ သူ့မှာ အနားယူရန်ပင် အချိန်မရှိလုနီးပါး အလုပ်များလှသည်။ သူက ရုံးတော်သခင်ဆောင်ရွက်ရမည့် ရှုပ်ထွေးသော အုပ်ချုပ်မှုကိစ္စများကို ဘေးမှကူညီပေးရမည်ဖြစ်ပြီး နေရာတိုင်းမှ တိုက်ပွဲသတင်းများကို စုစည်းရမည် ဖြစ်သည်။
စုဝေးပွဲပြီးဆုံးသွားပြီးနောက် ရုံးတော်သခင်က ပြည်ထဲရေးရုံးတော်နှင့် တရားရေးရုံးတော်ကို ခေါ်ဆိုပြီး အစည်းအဝေးငယ်တစ်ခု ပြုလုပ်နေစဉ်အတောအတွင်း ရွှီချင်းသည် ဘေးမှာ ရပ်နေရသည်။ သူက အကြောင်းအရာအားလုံးကို မှတ်တမ်းတင်နေပြီး ရုံးတော်သခင်၏ အမိန့်တော်များကို အမြန်အဆန် ထုတ်ပြန်နေသည်။
မကြာမီ ရွှီချင်း၏ အသံသည် ဓားကိုင်ရုံးတော်ထဲရှိ အတွင်းအင်အားစုများမှတဆင့် ဖုန်းဟိုင်ဒေသငယ်၏ ပြည်နယ်အသီးသီးထံသို့ ပျံ့လွင့်သွားသည်။ အမိန့်တော်များကို အသံပို့လွှတ်ပြီးနောက် ဖုန်းဟိုင်ဒေသငယ်ထဲမှ အင်အားစုအမျိုးမျိုးသည် ရုံးတော်သခင်၏ သံတော်ဆင့်မှတဆင့် ထုတ်ပြန်ပြီးသော အမိန့်တော်များကို နေ့ချင်းညချင်း သိရှိသွားကြသည်။
ရွှီချင်းသည် ရုံးတော်သခင်နောက်သို့ နီးကပ်စွာ လိုက်ပါခဲ့သည်။ နောက်ရက်များတွင် ရုံးတော်သခင် မည်မျှစိတ်ပင်ပန်းရကြောင်း သူမျက်မြင်တွေ့ခဲ့သည်။ နေ့တိုင်းနီးပါး ရုံးတော်သခင်သည် လက်ထောက်ဒေသအကြီးအကဲ၊ တခြားရုံးတော်သခင်နှစ်ဦးနှင့် အဆက်အသွယ်မပြတ်အောင် နေရသည်။
ထိုအတောအတွင်း အမိန့်တော်များကို ပို၍ထုတ်ပြန်ခဲ့သည်။ လျှပ်တစ်ပြက်အတွင်း ဖုန်းဟိုင်ဒေသငယ်သည် ကသောင်းကနင်းဖြစ်လာသည်။
ထို့အတူ ရွှီချင်းစုဆောင်းရမည့် တိုက်ပွဲသတင်းများသည်လည်း ပိုမိုများပြားလာသည်။ နောက်ဆုံးမှာတော့ သူသည် ဓားကိုင်တချို့ကို သူ၏ ဘေးမှာ ခေါ်ယူစုဆောင်းခဲ့ပြီး အတွင်းရေးမှူးဌာနကို တည်ထောင်ခဲ့သည်။
ချင်းချိုးသည် သူတို့ထဲမှတစ်ယောက် ဖြစ်သည်။
သူက လွန်ခဲ့သောနှစ်ရက်က ပြန်ရောက်လာခဲ့သည်။ ရွှီချင်းသည် ထိုအကြောင်းကို သိရှိသောအခါ သူ့ကို ချက်ချင်း ခေါ်ယူစုဆောင်းခဲ့သည်။
ရွှီချင်းကိုမြင်သောအခါ ချင်ချိုး၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာဖြစ်ပေါ်လာသည်။ သို့သော်လည်း ရွှီချင်းသည် စကားအများကြီးပြောရန် အချိန်မရှိသဖြင့် ကိစ္စအများအပြားကို အလျှင်အမြန် စီစဉ်လိုက်သည်။
“ တကယ်လို့ ခေါင်းဆောင်သာ ဒီမှာရှိမယ်ဆို… ”
ရွှီချင်းသည် အလုပ်များနေရင်း ခေါင်းဆောင်ကို မကြာခဏ တွေးမိသည်။ သို့သော်လည်း သူ့ထံမှ မည်သည့်သတင်းမှ မကြားရသည်မှာ စိတ်မကောင်းစရာပင်။
ထို့အပြင် မျိုးနွယ်ခြားမှ ဧည့်သည်များသည် ရံဖန်ရံခါ ရောက်လာတတ်သည်။ များသောအားဖြင့် ရွှီချင်းသည် သူတို့ကို လက်ခံကြိုဆိုရသောသူ ဖြစ်ပေသည်။
ဤအခိုက်အတန့်မှာ ဓားကိုင်ရုံးတော်၏ ဧည့်ခန်းမထဲ၌ ရွှီချင်းသည် နဖူးပွတ်သပ်လိုက်ပြီး သူ့အရှေ့မှ ဒေါသထွက်နေသော လူသားမဟုတ်သည့် ကျင့်ကြံသူကို ကြည့်လိုက်သည်။
ထိုသူသည် ဝိညာဉ်နားတော်မျိုးနွယ်မှ သံတမန်တစ်ဦး ဖြစ်သည်။ ထိုမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် တူညီသော်လည်း သူတို့မှာ အပိုနားတစ်စုံ ပါရှိကြသည်။ ထို့အပြင် သူတို့မှာ သူငယ်အိမ်နှစ်ခုရှိပြီး အသားအရေသည် မီးခိုးရောင်ရှိသည်။ သူတို့အားလုံးသည် ဆံပင်မရှိဘဲ ဦးခေါင်းပြောင်ကြသည်။
“ အရှင်သခင်ရွှီ… ကျုပ်တို့မျိုးနွယ်က စစ်ထဲမပါချင်တာမဟုတ်ပါဘူး… ဘိုးဘေးနဲ့ တခြားလူတွေက တကယ်ပဲ ထွက်မရတာပါ… သူတို့ထွက်တာနဲ့ ကျုပ်တို့မျိုးနွယ်ရဲ့ မဟာရန်သူ ခရမ်းရေမျိုးနွယ်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျုပ်တို့နယ်မြေဆီ ကျူးကျော်ဝင်လာကြလိမ့်မယ် ”
ရွှီချင်းသည် လက်ထဲမှာ ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။ မျိုးနွယ်ခြားအမျိုးမျိုးမှ သံတမန်များ စုပြုံအောတိုက် ရောက်ချလာကြရသည့် အဓိကအကြောင်းအရင်းမှာ ရုံးတော်သခင်ထုတ်ပြန်ထားသော မျိုးနွယ်စုတိုင်း၏ ဝိညာဉ်သိုက်အဆင့်နှင့် ဗလာနတ္ထိကျင့်ကြံသူများ မဖြစ်မနေ စစ်ထဲဝင်ရမည်ဟူသော အမိန့်တော်ကြောင့် ဖြစ်ပေသည်။
ထိုအမိန့်တော်ကြောင့် မျိုးနွယ်စုအမျိုးမျိုးထံမှ မကျေနပ်သော တုံ့ပြန်မှုများ ပေါ်ထွက်လာကြသော်လည်း သူတို့သည် အမိန့်မနာခံဘဲ မနေဝံ့ကြချေ။ သို့ကြောင့် သူတို့သည် ဤနေရာသို့လာရောက်၍ ညည်းတွားပြပြီး ကန့်ကွက်ကြခြင်း ဖြစ်သည်။
“ ခင်ဗျားရဲ့ မျိုးနွယ်မှာ နှောင်းပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူ(၉)ဦး၊ အလယ်အလတ်အဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူ(၃၇)ဦး၊ အစောပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူ(၁၄၅)ဦးနဲ့ ရွှေအမြူတေကျင့်ကြံသူ(၃၀၀)ကျော် ရှိကြတယ်… ခင်ဗျားတို့ရဲ့ အင်အားက ခရမ်းရေမျိုးနွယ်နဲ့ အတူတူလောက်ပဲ… ဘယ်လိုလုပ် သူတို့က ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး လာကျူးကျော်မှာလဲ ”
ရွှီချင်းသည် သူ၏ အရှေ့ရှိ ဝိညာဉ်နားတော်မျိုးနွယ်မှ သံတမန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ စကားဆုံးသည်နှင့် ဝိညာဉ်နားတော်မျိုးနွယ်မှ သံတမန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ရွှီချင်း စောစောက ရွတ်ပြသွားသော အရေအတွက်သည် အတိအကျဖြစ်သည်။ အမှန်တော့ ယင်းက သူတို့မျိုးနွယ်၏ လျှို့ဝှက်ချက်ဖြစ်သည်။ ရွှီချင်းပြောသွားသော အရေအတွက်၏ သုံးဆယ်ရာခိုင်နှုန်းသည် အပြင်လောကသို့ ထွက်မလာဘဲ မျိုးနွယ်ထဲမှာ ပုန်းအောင်းနေကြသည့် လျှို့ဝှက်ကျင့်ကြံသူများ ဖြစ်ကြသည်။
လျှို့ဝှက်ချက်ပေါက်ကြားပြီးသောအခါ သံတမန်သည် တုံ့ဆိုင်းသွားသည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်းသည် ရုံးတော်သခင်၏ ဆင့်ခေါ်အမိန့်ကို ရရှိလိုက်သည်။ ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ခင်များတို့ အမိန့်တော်ကို လိုက်နာတာကောင်းမယ်… မဟုတ်ရင် ဝိညာဉ်နားတော်မျိုးနွယ်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရမယ်… ချင်းချိုး ဒီကိစ္စကို ဆက်ကိုင်တွယ်လိုက်ပါ… တကယ်လို့ သူက မလိုက်နာဘူးဆိုရင် စီမံခန့်ခွဲရေးမှူးစစ်မာကို အကြောင်းကြားပါ ”
ချင်ချိုးသည် ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်နားတော်မျိုးနွယ်၏ သံတမန်အရှေ့သို့ လျှောက်သွားသည်။ ရွှီချင်းသည် သူ့ကို ဂရုမစိုက်တော့ဘဲ ဧည့်ခန်းမထဲမှ ထွက်ခွာသွားသည်။
ဝိညာဉ်နားတော်မျိုးနွယ်ကဲ့သို့ တူညီသောအကြောင်းအရင်းဖြင့် ရောက်လာကြသည့် မျိုးနွယ်ခြားသံတမန်များသည် အလွန်များပြားသည်။ သူတို့၏ အတွေးသည် အလွန်ရိုးရှင်းသည်။ သူတို့မျိုးနွယ်၏ ပညာရှင်ကျင့်ကြံသူများက စစ်ထဲမသွားချင်ကြဘဲ ဖုန်းဟိုင်ဒေသငယ်ထဲမှာ ဆက်လက်နေထိုင်ချင်ကြသည်။
သူတို့မှာ တခြားအတွေးလည်း ရှိကောင်းရှိနိုင်၏။ ဥပမာ အကယ်၍ ဖုန်းဟိုင်ဒေသငယ်စစ်ရှုံးသွားလျှင် ပညာရှင်ကျင့်ကြံသူများ ကျန်ရှိနေသေးသော အင်အားစုများနှင့် မျိုးနွယ်စုများသည် အကျိုးအမြတ်တချို့ကို လျှို့ဝှက်လုယူနိုင်ကြလိမ့်မည်။ ပရမ်းပတာစစ်ပွဲအတောအတွင်း သူတို့သာ သေချာသတိထားမည်ဆိုလျှင် ဖော်ထုတ်ခံရမည်ကို စိုးရိမ်နေရန်မလိုအပ်ပေ။
ယင်းသည် ရုံးတော်သခင် စိုးရိမ်သောကိစ္စဖြစ်ပေသည်။ ထို့ကြောင့် သူက ဤအမိန့်တော်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။
စီမံခန့်ခွဲရေးမှူးလေးဦးသည် ဤရက်ထဲမှာ အမိန့်မနာခံသော မျိုးနွယ်စုတချို့ကို အမြစ်ဖြတ်သုတ်သင်ခဲ့ပြီး ဖြစ်သည်။
“ ဖုန်းဟိုင်ဒေသငယ်က အပြင်ရော အတွင်းမှာပါ ပြဿနာတွေရှိနေတယ် ”
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ယခု ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးသည် မည်သို့အခြေအနေကို ကျရောက်နေသနည်း။ ထိုအဖြေကို အတွင်းရေးမှူးဌာနက အကောင်းဆုံး သိလိမ့်မည်။
တိုက်ပွဲသတင်းအားလုံးသည် သူ၏ ဌာနမှာ စုစည်းကြရသည်။ သူက ယင်းတို့ကို စီစစ်ရွေးထုတ်ပြီးနောက် ရုံးတော်သခင်ထံသို့ ချက်ချင်း အစီအရင်ခံရလိမ့်မည်။
ယင်းက ရုံးတော်သခင်၏ အမိန့်ဖြစ်သည်။ စစ်ပွဲကာလအတွင်း အရာအားလုံးသည် ရိုးရှင်းသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ တာဝန်သည် အလွန်အမင်း ကြီးမားသည်။ သူက တိုက်ပွဲသတင်းများကို စနစ်တကျပြုစုရုံသာမက မှန်ကန်တိကျကြောင်း အတည်ပြုရဦးပေမည်။
ရွှီချင်းသည် တွေးတောလမ်းလျှောက်နေရင်း သိပ်မကြာမီ ဓားကိုင်ခန်းမဆီသို့ ရောက်ရှိသွားသည်။
ရုံးတော်သခင်၏ သံတော်ဆင့်ဖြစ်သောကြောင့် သူ၏ ရောက်ရှိမှုကို အသိပေးရန် မလိုအပ်ပေ။ ခန်းမအပြင်ဘက်မှ ဓားကိုင်များ ရိုသေလေးစားစွာ ဦးညွတ်ကြသည့်အခါ ရွှီချင်းသည် အထဲသို့ မြန်မြန်လျှောက်သွားသည်။
ဤအခိုက်အတန့်မှာ ခန်းမထဲတွင် ရုံးတော်သခင်တစ်ဦးတည်း ရှိနေခြင်းမဟုတ်ပေ။ လက်ထောက်ဒေသအကြီးအကဲနှင့် တခြားရုံးတော်သခင်နှစ်ဦးလည်း ရှိနေကြသည်။ ထို့အပြင် ကျောင်းတော်သားပုံစံ ဝတ်စားထားသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးပင် ရှိနေသည်။
ရွှီချင်းသည် ထိုပုဂ္ဂိုလ်ကို ဤရက်များတွင် အကြိမ်ရေအနည်းငယ် မြင်တွေ့ဖူးသည်။ ထိုသူသည် အမတ်ယောင်ဖြစ်သည်။
ယခုအချိန်မှာ ထိုငါးယောက်သည် ငြင်းခုံဆွေးနွေးနေကြသည်။
“ ညီအကိုလျှန်ရှို့… ဒီလိုအခြေအနေမျိုးမှာ ဒေသငယ်ထဲက မျိုးနွယ်အသီးသီးကို ဘာလို့ အလွန်အကျွန် ဖိနှိပ်ချင်ရတာလဲ… တကယ်လို့ ဒီကိစ္စကို အချိန်တိုအတွင်း ငါတို့မဖြေရှင်းနိုင်ဘူးဆိုရင် တားမြစ်စွမ်းအား ပျောက်ကွယ်တဲ့အခါ ငါတို့ စစ်တပ်ဖွဲ့စည်းဖို့ နှောင့်နှေးရလိမ့်မယ် ”
စကားပြောသူသည် အမတ်ယောင်ဖြစ်သည်။
“ ထျန်းယန်ပြောတာ အဓိပ္ပာယ်ရှိတယ်… လျှန်ရှို့ အဲ့ဒါက နည်းနည်းမဆီလျော်ဘူးလား… မျိုးနွယ်ခြားတွေရဲ့ ပညာရှင်ကျင့်ကြံသူတွေကို စစ်ထဲပါဖို့ ငါတို့ တခြားနည်းလမ်းတွေ သုံးနိုင်တာပဲ ”
လက်ထောက်ဒေသအကြီးအကဲက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။
ပြည်ထဲရေးရုံးတော်သခင်နှင့် တရားရေးရုံးတော်သခင်သည် အမျိုးသမီးနှင့် အမျိုးသားဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့နှစ်ဦးသည် မည်သည့်စကားမှမဆိုဘဲ ထိုင်၍သာ ကြည့်နေကြသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ရုံးတော်သခင်၏ အနောက်သို့ လျှောက်သွားသည်။ အမတ်ယောင်နှင့် လက်ထောက်ဒေသအကြီးအကဲ၏ စကားကို အလေးအနက်ထား၍ သူနားထောင်နေစဉ် ရုံးတော်သခင်၏ မျက်နှာသည် အေးစက်စက်အမူအရာဖြစ်နေကြောင်း လျှင်မြန်သော အကြည့်တစ်ချက်ဖြင့် သူသတိပြုမိသွားသည်။ ထို့ကြောင့် သူသည် နေရာမှာသာရပ်နေပြီး အနှောင့်အယှက်မပေးချေ။
အချိန်တစ်ခဏကြာပြီးနောက် ဓားကိုင်ရုံးတော်သခင်သည် တည်ငြိမ်စွာ စကားပြောသည်။
“ ရွှီချင်း… ဒီနေ့ရဲ့ တိုက်ပွဲသတင်းတွေကို ဖတ်ပြပါ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောသည်။
“ အလောင်းကောင်နဲ့ ဝတ်ရုံတားမြစ်နယ်မြေက အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်နေပါတယ်… သူတို့နှစ်ခုမှာ အလောင်းကောင်တားမြစ်နယ်မြေရဲ့ ကဒ်ဘေးက အဆိုးဝါးဆုံး အခြေအနေမှာရှိပါတယ်… ဝတ်ရုံတားမြစ်နယ်မြေက သူ့နောက်က လိုက်ပါတယ်… နောက်ဆုံးမှာ ယင်ဟွမ်ပြည်နယ်နဲ့ ရွှီကျောက်ပြည်နယ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူတို့ရဲ့ တားမြစ်နယ်မြေအသီးသီးကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပါတယ်… လောလောဆယ် အခြေအနေက သူမသာကိုယ်မသာပါပဲ… ပြည်နယ်နှစ်ခုမှာရှိတဲ့ ဓားကိုင်ရုံးတော်တွေရဲ့ အစီအရင်ခံမှုအရ သူတို့တွေ တစ်လလောက် ဒီအခြေအနေကို ထိန်းထားနိုင်တယ်လို့ ဆိုပါတယ် ”
“ သူတို့ထဲမှာ ယင်ဟွမ်ပြည်နယ်က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲက ချီယွဲ့ထုံဂိုဏ်းဟာ တားမြစ်ပင်လယ်နဲ့ နန်ဟွမ်ကုန်းမြေက မျိုးနွယ်ခြား(၉၃)ခုကို အကူအညီပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ”
“ ဒီနေ့မှာ တခြားပြည်နယ်တွေထဲက ဓားကိုင်ရုံးတော်တွေက စစ်သည်စုဆောင်းတာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်… သူတို့က ဂိုဏ်းကြီး(၃၇)ဂိုဏ်း၊ အလယ်အလတ်ဂိုဏ်း(၉၅၇)ဂိုဏ်းနဲ့ ဂိုဏ်းငယ်(၇၈၃၁)ဂိုဏ်းကို စုစည်းနိုင်ခဲ့ကြပါတယ်… သူတို့က အနောက်ဘက် စစ်မြေပြင်ဆီ ဦးတည်သွားနေကြပါပြီ ”
“ ဂိုဏ်းကြီးနဲ့ ဂိုဏ်းငယ်စုစုပေါင်း(၃၉)ဂိုဏ်းက အမိန့်တော်ကို နာခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်… ဓားကိုင်ရုံးတော်ရဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေအရ သူတို့ကို သက်ဆိုင်ရာ ဓားကိုင်ရုံးတော်တွေက တခြားဂိုဏ်းတွေကို သတိပေးတဲ့အနေနဲ့ ကိုင်တွယ်ဖြေရှင်းကြပါလိမ့်မယ် ”
“ ပြည်ထဲရေးရုံးတော်နဲ့ ယောင်မိသားစုတို့ စည်းရုံးဖွဲ့ထားတဲ့ မျိုးနွယ်ခြားမဟာမိတ်စစ်တပ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းက မြောက်ဘက် စစ်မြေပြင်ဆီ ရောက်ရှိသွားကြပါပြီ… ကျန်ခုနစ်ဆယ်ရာခိုင်နှုန်းက ပမာဏများပြားတဲ့ အရင်းအမြစ်တွေပေးဖို့ တောင်းဆိုနေကြပြီး စစ်မြေပြင်ဆီသွားမယ့် လှုပ်ရှားမှုတွေကို အခုထိ မစကြသေးပါဘူး ”
“ တရားရေးရုံးတော်က ဒေသငယ်မြို့တော်ထဲက အဓိကဂိုဏ်းကြီးသုံးဂိုဏ်းကို အပြည့်အဝ စစ်တပ်ဖွဲ့ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်… လောလောဆယ်မှာ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းက ဂိုဏ်းတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို ပထမအသုတ်ကနေ ဆဌမအသုတ်အထိ စစ်မြေပြင်ဆီ ပို့ဆောင်ပေးထားပါတယ် ”
“ တိုက်ပွဲတွေမှာ တစ်ခါမှမပါရသေးတဲ့ မျိုးနွယ်ခြားတွေနဲ့ အင်အားစုတွေကြားမှာ မျိုးနွယ်(၄၂၁)စုက သူတို့ရဲ့ ပညာရှင်ကျင့်ကြံသူတွေကို စစ်ထဲစေလွှတ်ဖို့ ငြင်းဆန်ကြပါတယ်… မျိုးနွယ်ခြား(၂၁၅)စုသာ အမိန့်တော်ကို တုံ့ပြန်ကြပါတယ်… ဒီနေ့ စီမံခန့်ခွဲရေးမှူးလေးဦးက သတိပေးတဲ့အနေနဲ့ မျိုးနွယ်(၁၃)စုကို အမြစ်ဖြတ်သုတ်သင်ခဲ့ပါတယ်… ”
“ လူသားမျိုးနွယ်ရဲ့ တားမြစ်ဓမ္မရတနာတွေထဲ အခွင့်အာဏာလွှဲပြောင်းတာက လွန်ခဲ့တဲ့တစ်နာရီက ပြီးဆုံးသွားခဲ့ပါတယ် ”
“ ဒီနေ့ ဓားကိုင်တွေက ရာဇဝတ်သား(၄၉၅၁၃)ယောက်ကို သတ်ဖြတ်ခဲ့ကြပါတယ်… မနေ့ကထက် တစ်ဆယ်ရာခိုင်နှုန်း ပိုများပါတယ်… ဒါပေမဲ့ ဓားကိုင်(၉၇၁)ယောက်က အသက်စွန့်သွားကြပါတယ် ”
“ အနောက်ဘက် စစ်မြေပြင်က အန္တရာယ်ကျရောက်တော့မယ့် အခြေအနေမှာရှိပါတယ်… သန့်စင်ရေလှိုင်းမျိုးနွယ်ကနေ တတိယအဆင့် ဗလာနတ္ထိကျင့်ကြံသူအများအပြား ထွက်ပေါ်လာကြပါတယ်… မြေပြည်ထောင်ကလည်း တိုက်ပွဲမှာ ပါဝင်လာပါတယ်… မြို့တော်ဒေသငယ်ရဲ့ တားမြစ်ပိုက်ကွန်က အနောက်(၃၅၀၀၀)ကီလိုမီတာကို ပြန်ဆုတ်သွားပါတယ် ”
“ ဒီနေ့ ကောင်းကင်လေပြည်ထောင်က မြောက်ဘက် စစ်မြေပြင်မှာ ပေါ်ထွက်လာပါတယ်… သူတို့ရဲ့ ပြည့်အရှင်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လာပါတယ် ”
ရွှီချင်းသည် ညင်သာစွာ ပြောသည်။ သူသည် အစီအရင်ခံပြီးသည်နှင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။