အထီးကျန်ခြင်းနှင့် ဘေးအန္တရာယ်
Vol. 42 Ch. 636
ခန်းမသည် တိတ်ဆိတ်သွားသည်။
လက်ထောက်ဒေသအကြီးအကဲသော်လည်းကောင်း၊ အမတ်ယောင်သော်လည်းကောင်း၊ ရုံးတော်သခင်နှစ်ဦးသော်လည်းကောင်း သူတို့သည် အခြေအနေကို အနည်းနှင့်အများ သိရှိထားကြသည်။ သို့သော်လည်း သူတို့၏ သတင်းအချက်အလက်သည် ဓားကိုင်ရုံးတော်ကဲ့သို့ အသေးစိတ်တိကျခြင်း၊ ပြည့်စုံခြင်း မရှိပေ။
မည်သို့ဖြစ်စေ ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်သည် ယာယီဒေသအကြီးအကဲဖြစ်ပြီး စစ်ပွဲနှင့်သက်ဆိုင်သော ကိစ္စအားလုံးကို ဓားကိုင်ရုံးတော်ကသာ စီမံခန့်ခွဲရသည် မဟုတ်ပါလော။ သို့ဖြစ်၍ ဓားကိုင်ရုံးတော်၏ သတင်းအချက်အလက်က အပြည့်စုံဆုံးဖြစ်သည်မှာ မဆန်းပေ။
“ မင်းတို့ကြားကြလား ”
ဓားကိုင်ရုံးတော်သခင်က ဖြည်းညင်းစွာ ပြောသည်။
“ လက်ထောက်ဒေသအကြီးအကဲ… ကျုပ်က မျိုးနွယ်ခြားတွေ သူတို့ရဲ့ ပညာရှင်ကျင့်ကြံသူတွေကို စစ်ထဲစေလွှတ်စေဖို့ ပိုကောင်းတဲ့ နည်းလမ်းကို အသုံးမပြုချင်တာမဟုတ်ဘူး… ဒါပေမဲ့ ကျုပ်တို့မှာ အဲ့လောက်အချိန်မရှိဘူး ”
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။
“ အမတ်ယောင်… ဘာလို့ မဟာမိတ်စစ်တပ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက စစ်မြေပြင်ဆီ မသွားသေးတာလဲ… ဘာလို့ သူတို့က ပမာဏများပြားတဲ့ အရင်းအမြစ်တွေကို တောင်းဆိုရဲကြတာလဲ ”
ဓားကိုင်ရုံးတော်သခင်၏ အသံထဲမှာ သတ်ဖြတ်ချင်သောစိတ်ဆန္ဒ တစ်စွန်းတစ်စ ပါဝင်နေလေသည်။
“ မျိုးနွယ်ခြား(၄၀၀)စုနဲ့ အင်အားစုတွေက ပညာရှင်ကျင့်ကြံသူတွေကို စေလွှတ်ပေးဖို့ ငြင်းဆန်ကြတယ်… တကယ်လို့ ဖုန်းဟိုင်ဒေသငယ်သာ ဖရိုဖရဲဖြစ်သွားရင် သူတို့ဘာလုပ်ကြမယ်လို့ မင်းတို့ထင်လဲ… အမတ်ယောင် မင်းဒီကိစ္စကို တွေးကြည့်ဖူးလား ”
“ အခု စစ်မြေပြင်နှစ်ခုက အန္တရာယ်ထဲကျရောက်နေပြီး ဖုန်းဟိုင်ဒေသငယ်က ဒီအခြေအနေထိ ရောက်နေတာ… မျိုးနွယ်ခြားတချို့ကိုသတ်ဖို့အတွက်နဲ့ မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ငါဘာလို့ နားထောင်နေရမှာလဲ ”
ဓားကိုင်ရုံးတော်သခင်၏ အသံက ခန်းမတစ်ခုလုံးကို အေးစက်သွားစေသည်။
“ တကယ်လို့ အဲ့ဒီမျိုးနွယ်ခြားတွေ အတူအင်အားပူးပေါင်းပြီး ခုခံမယ်ဆို ဘယ်လိုလုပ်မလဲ ”
အမတ်ယောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ဓားကိုင်ရုံးတော်သခင်ထံသို့ ကြည့်နေစဉ် သူ၏ အမူအရာသည် မည်းမှောင်နေသည်။
“ သတ်ပစ် ”
ဓားကိုင်ရုံးတော်သခင်က တည်ငြိမ်စွာ ပြောသည်။
“ တကယ်လို့ မျိုးနွယ်ခြားတွေကို သူတို့ရဲ့ ပညာရှင်ကျင့်ကြံသူတွေကို အတင်းအဓမ္မ စစ်ထဲစေလွှတ်ခိုင်းမယ်ဆိုရင် သူတို့က စစ်ပွဲအတွင်းမှာ ပုန်ကန်လာတဲ့အခါ ဘယ်လိုလုပ်ကြမလဲ… မင်း သူတို့အားလုံးကို လိုက်သတ်ပစ်နိုင်မှာလား ”
“ ရွှီချင်း… အမိန့်မနာခံတဲ့ မျိုးနွယ်တွေကို ဆက်ပြီးအမြစ်ဖြတ်သုတ်သင်ဖို့ စီမံခန့်ခွဲရေးမှူးလေးဦးကို အကြောင်းကြားပါ… ဘယ်သူတွေ အမိန့်မနာခံရဲလဲ ကြည့်တာပေါ့ ”
ဓားကိုင်ရုံးတော်သခင်သည် အမတ်ယောင်ကို လျစ်လျူရှုထားပြီး ဖြည်းညင်းစွာ ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်ပြီး မှတ်တမ်းတင်လိုက်သည်။
“ ခုန်လျှန်ရှို့… မင်းက ခေါင်းမာတယ်… ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်… တကယ်လို့ ဖုန်းဟိုင်ဒေသငယ်က မကာကွယ်နိုင်ရင် အဲ့ဒီမျိုးနွယ်ခြားတွေက…. ”
အမတ်ယောင်သည် မတ်တတ်ရပ်လိုက်ပြီး ဓားကိုင်ရုံးတော်သခင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
ဓားကိုင်ရုံးတော်သခင်သည် အမတ်ယောင်ကို အေးစက်စက် ပြန်စိုက်ကြည့်လိုက်သည်။
“ တကယ်လို့ ဖုန်းဟိုင်ဒေသငယ် ဖျက်ဆီးခံရမယ်ဆိုရင် အဲ့ဒီမျိုးနွယ်ခြားတွေကို ငါဘာလို့ ထည့်စဉ်းစားနေရမှာလဲ ”
အမတ်ယောင်သည် ဓားကိုင်ရုံးတော်သခင်ကို စိုက်ကြည့်လိုက်သည်။ သူက အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။
“ ယောင်ထျန်းယန်… မျိုးနွယ်ခြားတွေ ဘယ်တော့ စစ်ထွက်မှာလဲ ”
ဓားကိုင်ရုံးတော်သခင်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ တစ်ရက်အတွင်း ”
အမတ်ယောင်၏ အေးစက်စက်အသံသည် ခန်းမ၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
လက်ထောက်ဒေသအကြီးအကဲသည် သက်ပြင်းချလိုက်ပြီး ထွက်မသွားခင် ရုံးတော်သခင်ကို အရိုအသေပေးလိုက်သည်။ တခြားရုံးတော်သခင်နှစ်ဦးသည် အမူအရာကင်းမဲ့စွာ ထရပ်လိုက်ကြပြီး ခန်းမထဲမှ ထွက်သွားကြသည်။
များမကြာမီ ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ ရွှီချင်းနှင့် ရုံးတော်သခင် နှစ်ဦးတည်းသာ ခန်းမထဲတွင် ကျန်ရှိတော့သည်။
အားလုံးထွက်သွားကြပြီးနောက် ရုံးတော်သခင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ညင်သာစွာ မဖိညှစ်ခင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ထို့နောက် သူက ယောင်ဂေဟာဘက်သို့ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ သူများလား ”
တစ်ချိန်တည်းမှာ ဓားကိုင်ရုံးတော်ထဲမှ ပြန်ထွက်လာသော အမတ်ယောင်၏ မျက်နှာပေါ်၌ ဒေါသထွက်သော အမူအရာဖြစ်ပေါ်နေသည်။ ရုံးခန်းထဲသို့ ပြန်ရောက်ပြီးသောအခါ သူ၏ မျက်နှာပေါ်မှ ဒေါသသည် ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်လာသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ ခုန်လျှန်ရှို့တော့ မဖြစ်နိုင်လောက်ဘူး… ဒါဆို ဘယ်သူက ဒေသအကြီးအကဲကို သတ်လိုက်တာလဲ… ”
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွား၏။ သူတို့သတိမထားမိခင်မှာပင် ဆယ်ရက်ကုန်လွန်သွားခဲ့သည်။
ထိုဆယ်ရက်အတောအတွင်း ရွှီချင်းသည် အနားယူရန် လုံးဝအချိန်မရှိခဲ့ပေ။ နေ့စဉ်နှင့်အမျှ နေရာတိုင်းမှ ပို့လာကြသော တိုက်ပွဲသတင်းများသည် ပိုပိုများလာသည်။ စစ်တပ်အင်အားစုများ မြောက်ဘက်နှင့် အနောက်ဘက်၏ အဓိကစစ်မြေပြင်များဆီသို့ ရောက်ရှိသွားကြသောအခါ တိုက်ပွဲသတင်းများသည် ဆက်လက်များပြားလာသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် တိုက်ပွဲသည်လည်း ဝမ်နည်းဖွယ်ကောင်းသော ဦးတည်ရာသို့ ဆက်လက်ဖြစ်ပွားနေလေသည်။
အချိန်တိုင်း တိုက်ပွဲသတင်းများသည် ရောက်လာကြလိမ့်မည်။
အမတ်ယောင်သည် အစည်းအဝေးမှာ သူပြောခဲ့သည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့လဲမသိရသော်လည်း တစ်ရက်အတွင်း မဟာမိတ်ထဲမှ မျိုးနွယ်ခြားများသည် စစ်ထဲမှာ ပါဝင်လာကြသည်။
အမတ်ယောင်သည်တော့ ယောင်ဂေဟာမှ အဖွဲ့ဝင်အများစုကို ဦးဆောင်ပြီး မြောက်ဘက် စစ်မြေပြင်ဆီသို့ သွားရောက်ခဲ့သည်။
သူသည် မထွက်သွားခင်အထိ မည်သူ့ကိုမှ မတွေ့ခဲ့ပေ။
သို့သော် ရုံးတော်သခင်သည် အဓိကခန်းမထဲမှ ထွက်လျှောက်လာပြီး အမတ်ယောင်ထွက်ခွာသွားသော ဦးတည်ရာသို့ လှမ်းကြည့်နေကြောင်း ရွှီချင်း မြင်လိုက်သည်။
နောက်ဆုံးမှာတော့ စီမံခန့်ခွဲရေးမှူးလေးဦးနှင့် လက်ထောက်ရုံးတော်သခင်နှစ်ဦး၏ အကြမ်းပတမ်းနည်းလမ်းများအောက်မှာ စစ်ထဲမဝင်ရသေးသော မျိုးနွယ်ခြားအားလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ယခုအခါ မျိုးနွယ်ခြားများသည် ဓားကိုင်ရုံးတော်သခင်၏ အမိန့်တော်ကို မနာခံဘဲ မနေဝံ့ကြတော့ဘဲ သူတို့မျိုးနွယ်ထဲမှ ပညာရှင်ကျင့်ကြံသူများကို စစ်ထဲသို့ စေလွှတ်လိုက်ကြတော့သည်။
ထို့ကြောင့် ဝိညာဉ်သိုက်အဆင့်နှင့် ဗလာနတ္ထိအဆင့်ကျင့်ကြံသူများသည် စစ်မြေပြင်များမှလွဲ၍ ဖုန်းဟိုင်ဒေသငယ်ထဲမှာ မရှိကြတော့ချေ။
လွတ်မြောက်သွားကြသော အကျဉ်းသားများထဲမှာပင် ထိုသို့ဖြစ်ခဲ့သည်။
သူတို့ကို ဖမ်းဆီးမည့်စစ်ဆင်ရေးကို စေ့စပ်သေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသော အကျဉ်းသားများကို ဦးစားပေးခဲ့ကြသည်။ အားနည်းသော အကျဉ်းသားအများအပြားသည် လွတ်မြောက်သွားနိုင်ကြသော်လည်း သန်မာသော အကျဉ်းသားအားလုံးသည် အသတ်ခံခဲ့ကြရသည်။
များမကြာမီ စစ်ဆင်ရေးပြီးဆုံးသွားကြသော ဓားကိုင်များသည် ပြန်ရောက်လာကြသည်။ ဆယ်ရက်မြောက်နေ့မှာ သူတို့အားလုံးသည် ဒေသငယ်မြို့တော်ဆီသို့ ပြန်ရောက်လာကြသည်။
ထိုအခိုက်အတန့်မှာ စစ်မြေပြင်သည် အရေးကြီးသော အလှည့်အပြောင်းသို့ ရောက်ရှိနေချေ၏။
ရွှီချင်းရရှိသော တိုက်ပွဲသတင်းများက အဆုံးမဲ့သော ဆင်းရဲဒုက္ခကို ဖော်ပြနေလေသည်။ လူအသေအပျောက် အရေအတွက်သည် နေစဉ်နှင့်အမျှ ကြောက်မခန်းလိလိ တိုးပွားလာနေသည်။ ဆယ်ရက်မြောက်နေ့ ညဉ့်နက်အချိန်မှာ အနောက်နှင့်မြောက်မှ အရေးကြီးသော သတင်းတစ်ခုကို သူရရှိခဲ့သည်။
ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာ ပိုက်ကွန်တစ်ခုလုံးသည် ပြိုလဲပျက်စီးတော့မည်ဖြစ်ပြီး အချိန်ကြာကြာ မတောင့်ခံနိုင်တော့ပေ။ ယင်းပြိုလဲပျက်စီးသည်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် ဒေသငယ်ထဲသို့ ဆူနာမီလှိုင်းလုံးများသဖွယ် ဝင်ရောက်လာကြတော့ပေမည်။
သို့သော်လည်း လူသားမျိုးနွယ်၏ စစ်ကူများသည် ယခုအထိ ရောက်မလာကြသေးချေ။
အမှန်တော့ ရွှီချင်းသည် တိုက်ပွဲသတင်းများမှတဆင့် ဤနေရာနှင့် အလွန်အမင်း ဝေးကွာလှသော နန်းမြို့တော်ဒေသနှင့် တခြားဒေသငယ်များတွင်လည်း ဤသို့အခြေအနေမျိုးဖြင့် တွေ့ကြုံနေကြရကြောင်း သိထားပေသည်။ ကောင်းကင်နက်မျိုးနွယ်သည် အကွက်ကြီးတစ်ကွက်ကို စရွှေ့ခဲ့ပြီဖြစ်သည်။
၎င်း၏ လက်အောက်မှ မျိုးနွယ်စုအမျိုးမျိုးသည် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။ လျှပ်တစ်ပြက်အတွင်း လူသားမျိုးနွယ်တစ်ခုလုံး၏ ပိုင်နက်များသည် ကဒ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေကြရသည်။
ထိုတိုက်ပွဲသတင်းကို ရုံးတော်သခင်ထံသို့ ရွှီချင်း သွားတင်ပြသောအခါ ရုံးတော်သခင်သည် ယင်းကို ကြိုသိနှင့်ပြီးသည့်အလား ခန်းမထဲမှာ စစ်ချပ်ဝတ်ကို ဝတ်ဆင်နေသည်။
စစ်ချပ်ဝတ်သည် အနက်ရောင်ဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသော ချပ်ဝတ်အပိုင်းအစတစ်ရာကျော် ပါဝင်သည်။
ရုံးတော်သခင်သည် ရွှီချင်းကိုမြင်သောအခါ ခါတိုင်းကဲ့သို့ တည်ကြည်လေးနက်သော အမူအရာဖြင့် သူ့ကို လက်ယပ်ခေါ်သည်။
“ ဒီကိုလာ… ငါ့ကို စစ်ချပ်ဝတ်ကူဝတ်ပေး ”
ရွှီချင်းသည် တိတ်ဆိတ်စွာ လျှောက်သွားပြီး ချပ်ဝတ်အပိုင်းအစများကို ကောက်ယူလိုက်သည်။ သူက ရုံးတော်သခင်၏ ခန္ဓာကိုယ်ပေါ်သို့ ချပ်ဝတ်အပိုင်းအစများကို တပ်ဆင်ပေးနေစဉ် ရုံးတော်သခင်သည် နေရာမှာ မားမားမတ်မတ်ရပ်လျက် အဝေးမှ ကွယ်ပျောက်လုဆဲဆဲ နေလုံးကို ကြည့်နေသည်။ သူက ရုတ်တရက် ပြုံးလိုက်သည်။
“ နောက်ဆုံးအကြိမ် စစ်ချပ်ဝတ်ကို ငါဝတ်တုန်းက အကြီးဆုံးသားက ငါ့ဘေးမှာရှိနေခဲ့တယ်… နှစ်တွေအတော်တောင် ကြာသွားခဲ့ပြီ ”
ဤရက်ပိုင်းအတွင်း အတော်လေး အသက်အရွယ်အိုမင်းလာသော ရုံးတော်သခင်ကိုကြည့်နေရင်း ရွှီချင်းသည် တစ္ဆေလက် သူ့အားပြောခဲ့ဖူးသော ရုံးတော်သခင်၏ ကလေးများသေဆုံးမှုအကြောင်းကို ပြန်အမှတ်ရသွားသည်။
“ ငါ့အကြီးဆုံးသားက ကိုယ့်ကိုယ်ကို သတ်သေပြီး သေဆုံးသွားခဲ့တယ်… အတိတ်မှာ သူ့ကို သူလျှိုလုပ်ခိုင်းဖို့ သန့်စင်ရေလှိုင်းမျိုးနွယ်ထဲ ငါစေလွှတ်ခဲ့တယ်… သူ့တာဝန်ကို ပြီးဆုံးအောင် လုပ်ပြီးတဲ့နောက် သူ့သရုပ်က ပေါ်သွားတယ်… ငါ့အစီအစဉ်ကို သက်ရောက်မှုမရှိအောင် အဲ့ကလေးက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ”
ခေါင်းဆောင်သည် တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ သူက နောက်ထပ် ချပ်ဝတ်အပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပြီး ရုံးတော်သခင်၏ ကိုယ်ပေါ်မှာ ဆက်လက်တပ်ဆင်ပေးလိုက်သည်။
“ ဒုတိယသားက အရမ်းဖြောင့်မတ်လွန်းတယ်… ခံစားချက်ကို တန်ဖိုးထားပြီး တရားမျှတမှုကို လိုလားတယ်… ဒါပေမဲ့ သူ့မှာ ပွေရှုပ်တတ်တဲ့ မကောင်းတဲ့အကျင့်တစ်ခု ရှိတယ်… ဒီတော့ သူ့ကို လျှို့ဝှက်ကြံစည်ဖို့ဆိုတာ အရမ်းလွယ်ကူတယ် ”
“ ဒါပေမဲ့ သူက မျိုးဆက်ချန်ခဲ့မယ်လို့ ဘယ်သူကထင်မှာလဲ… ငါ့ရဲ့ အဲ့ဒီမြေးက အရမ်း… အရမ်းကောင်းတယ် ”
ရုံးတော်သခင်သည် ပြုံးလိုက်သည်။ ဤသည်မှာ ရုံးတော်သခင်၏ မျက်နှာပေါ်မှ အပြုံးကို ပထမဆုံးအကြိမ် ရွှီချင်း မြင်ဖူးခြင်းဖြစ်သည်။
သူပြောသော မြေးဆိုသူနှင့်ပတ်သက်ပြီး ရုံးတော်သခင်၏ မျိုးရိုးနာမည်က ခုန်ဖြစ်ကြောင်း လွန်ခဲ့သောရက်တုန်းက ရွှီချင်းသိခဲ့ပြီးနောက် အရိပ်အမြွက် ခန့်မှန်းမိသည်။
ရွှီချင်းက နောက်ဆုံးချပ်ဝတ်အပိုင်းအစကို တပ်ဆင်ပေးပြီးသောအခါ ရုံးတော်သခင်၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားသည်။
သူ၏ အမူအရာသည် တဖန်တည်ကြည်လာပြီး တင်းမာခက်ထန်သော ခံစားမှုကိုပေးသည်။ သူက သံခေါင်းစွပ်ကို ရွှီချင်းထံမှ လှမ်းယူလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ရုံးတော်သခင်နှစ်ဦးကို မြောက်ဘက်စစ်မြေပြင်ဆီ စေလွှတ်ဖို့ ပြည်ထဲရေးရုံးတော်နဲ့ တရားရေးရုံးတော်ကို အမိန့်ထုတ်ပြန်ပါ… ငါတို့ မြောက်ဘက်စစ်မြေပြင်ကို ကာကွယ်ရမယ် ”
“ ငါကတော့ ဓားကိုင်တစ်သိန်းကို ဦးဆောင်ပြီး အနောက်ဘက်စစ်မြေပြင်ဆီသွားမယ်… သန့်စင်ရေလှိုင်းမျိုးနွယ်က အဲ့ဒီသက်ကြီးရွယ်အိုတွေ ဘယ်လောက်တိုးတတ်လာပြီလဲ သွားကြည့်တာပေါ့ ”
ရွှီချင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ ရုံးတော်သခင်… ကျွန်တော်တို့ ဘယ်အချိန်လောက် ထွက်ခွာကြမလဲ… ကျွန်တော် ပြင်ဆင်စရာရှိတာလေး သွားပြင်ဆင်လိုက်မယ် ”
“ မင်းက စစ်မြေပြင်ဆီ သွားစရာမလိုဘူး… မင်းကို တခြားလူတွေမြင်ရအောင်လို့ မင်းနေရာမှာ အစားထိုးတစ်ယောက် ငါစီစဉ်ထားတယ် ”
ရုံးတော်သခင်သည် ရွှီချင်းကို နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်သည်။
ရုံးတော်သခင်ကိုကြည့်နေစဉ် ရွှီချင်း၏ မျက်လုံးသည် ပြူးကျယ်လာသည်။ စစ်ချပ်ဝတ်နက်ကို ဝတ်ဆင်ထားစဉ် သူ့ထံမှ အလွန်ထင်ရှားသော အန္တရာယ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပြီး ယင်းက သူ၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။ ကြမ်းကြုတ်သော သားရဲကြီးများ၏ ဟိန်းသံများက သူ၏ ဘေးပတ်ပတ်လည်မှာ ပဲ့တင်ထင်နေကြသလို မကောင်းဆိုးဝါးဝိညာဉ်များ၏ ပုံရိပ်များက သူ၏ ချပ်ဝတ်မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
“ မင်းက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ရမယ် ”
ရုံးတော်သခင်၏ အကြည့်သည် ရွှီချင်း၏ မျက်လုံးပေါ်သို့ ကျရောက်လာသည်။ သူက အနီးကပ်ကြည့်ရှုချင်နေသည့်အလားပင်။
“ ဆယ့်ငါးမိနစ်ကြာပြီးရင် ကျောက်ရှာပြည်နယ်ကိုထွက်ခွာပါ… အဲ့ဒီက ဓားကိုင်ရုံးတော်ရဲ့ လျှို့ဝှက်နယ်မြေဆီသွားပြီး ငါ့အတွက် တစ်စုံတစ်ခုကို စုံစမ်းပေးပါ ”
ထိုသို့ပြောပြီးနောက် ရုံးတော်သခင်သည် ရွှီချင်းထံသို့ ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။
ထိုကျောက်စိမ်းပြားသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတစ်ယောက်တည်းရှိနေသည့်အချိန် ညင်သာစွာ ဖိညှစ်လေ့ရှိသော သာမန်ကျောက်စိမ်းပြား ဖြစ်သည်။
ရွှီချင်းသည် ကျောက်စိမ်းပြားကို တည်ကြည်လေးနက်သော အမူအရာဖြင့် ယူလိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။
ရုံးတော်သခင်သည် ခေါင်းလှည့်လိုက်ပြီး ခန်းမ၏ အပြင်ဘက်မှ ကွယ်လုဆဲဆဲ နေလုံးကို ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက အက်ရှရှအသံဖြင့် ဖြည်းညင်းစွာ ပြောသည်။
“ လွန်ခဲ့တဲ့လဝက်တုန်းက ဒေသအကြီးအကဲဟာ ဒီနေ့လို ကောင်းကင်အောက်မှာ… သေဆုံးသွားခဲ့တယ် ”
“ ရွှီချင်း… တကယ်လို့ တိုက်ပွဲမှာ ငါကျဆုံးသွားရင် ဒီကျောက်စိမ်းပြားကို ဒေသအကြီးအကဲအသစ်ဆီ ပေးပေးပါ ”
“ ဒီကျောက်စိမ်းပြားထဲမှာ အရင်ဒေသအကြီးအကဲရဲ့ ရုတ်တရက် သေဆုံးမှုနဲ့ပတ်သက်ပြီး ငါရှာတွေ့ထားတဲ့ သဲလွန်စတွေ ပါဝင်တယ် ”
ရုံးတော်သခင်ကိုကြည့်နေရင်း ရွှီချင်း၏ စိတ်သည် လှုပ်ခတ်သွားသည်။
ရုံးတော်သခင်သည် ခန်းမအပြင်ဘက်မှ နေဝင်ဆည်းဆာကို ဆက်လက်ကြည့်ရှုနေသည်။
“ အရင်ဒေသအကြီးအကဲရဲ့ သေဆုံးမှုက ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတယ်… သန့်စင်ရေလှိုင်းမျိုးနွယ်က သူ့ကို လုပ်ကြံသွားခဲ့တယ်လို့ပြောရအောင် ကိစ္စက အဲ့လောက်မရိုးရှင်းဘူး… အရင်ဒေသအကြီးအကဲက ဝိညာဉ်စုစည်းခြင်းအဆင့်ကိုရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တာ… ဘယ်လိုလုပ် သူက တိတ်တဆိတ် လုပ်ကြံခံရမှာလဲ… တကယ်လို့ ငါသာ သူ့ကို ကောင်းကောင်းနားမလည်ဘူးဆိုရင် သူက ရည်ရွယ်ချက်ရှိရှိ အဲ့လိုလုပ်ခဲ့တာလို့ တွေးမိလိမ့်မယ် ”
“ ဒါပေမဲ့ သူတကယ် သေသွားခဲ့တယ်… ပြီးတော့ သူ့ရဲ့သေဆုံးမှုက တကယ်ပဲ တစ်ခုခုလွဲမှားနေတယ် ”
“ ဒါပေမဲ့ အချိန်က လူကိုမစောင့်ဘူး… ငါ့မှာ ဆက်ပြီးစုံစမ်းဖို့ အချိန်မရှိတော့ဘူး ”
“ လူသားဧကရာဇ်က ဖုန်ဟိုင်းဒေသဆီ ဘယ်သူ့ကို စေလွှတ်မလဲ ငါမသိဘူး… ဒါပေမဲ့ မင်းသူ့ကို အဲ့ဒါပေးနိုင်တယ် ”
“ ဒါကို ငါဘာလို့ မင်းကိုပေးရလဲဆိုတော့ ဒီမှာရှိတဲ့ ဘယ်သူ့ကိုမှ ငါမယုံကြည်လို့ပဲ… ငါ့မြေးက အရမ်းစိတ်မြန်လက်မြန်လွန်းတယ်… သူက ဒီလိုတာဝန်မျိုးနဲ့ မသင့်တော်ဘူး ”
“ ယောင်ထျန်းယန်၊ လက်ထောက်ဒေသအကြီးအကဲ၊ တရားရေးရုံးတော်သခင်နဲ့ ပြည်ထဲရေးရုံးတော်သခင်… သူတို့အားလုံးက နောက်ကွယ်က တရားခံဖြစ်နိုင်တယ်… အရင်ဒေသအကြီးအကဲရဲ့ သေဆုံးမှုနဲ့ အကျဉ်းထောင်ဌာနရဲ့ ပြိုလဲပျက်စီးမှုက ဒေသငယ်မြို့တော်ထဲက ငါတို့လူရဲ့ လက်ချက်ကြောင့်ဖြစ်ရမယ်… တကယ်တော့ တချို့လူတွေရဲ့ အမြင်မှာ ငါက သံသယအရှိဆုံးလူပဲ ”
“ နောက်ကွယ်က ဒီလူက အရမ်းအပုန်းကောင်းတယ်… တကယ်လို့ ငါတို့တွေ သူ့ကို မဖော်ထုတ်နိုင်ဘူးဆိုရင် ဖုန်းဟိုင်ဒေသငယ်က မသေချာမရေရာတဲ့ အခြေအနေကို ကျရောက်သွားလိမ့်မယ်… ရွှီချင်း… မင်းက တရားခံရဲ့ လက်အောက်ငယ်သားမဟုတ်ဘူးလို့ ငါယုံကြည်တယ်… အဲ့ဒါ မင်းရဲ့နောက်ခံကြောင့်မဟုတ်ဘူး… မင်းရဲ့ နှလုံးသားသစ္စာအလင်းကြောင့်ပဲ ”
ရုံးတော်သခင်သည် ညင်သာစွာ ပြောသည်။
ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ရုံးတော်သခင်၏ စကားများက သူ၏ စိတ်ထဲမှာ အတော်လေး လှိုင်းတံပိုးထစေသည်။
“ ငါမင်းကို နောက်ထပ်တုံကင်တစ်ခုပေးမယ်… အဲ့တုံကင်က ဖုန်းဟိုင်ဒေသငယ်အတွင်းက ဘယ်ဓားကိုင်ရုံးတော်ထဲက လျှို့ဝှက်နယ်မြေကိုမဆို မင်းသွားနိုင်အောင်လို့ ခွင့်ပြုပေးလိမ့်မယ်… မင်း တိုက်ပွဲအမှတ်တွေ မလိုဘူး… လျှို့ဝှက်နယ်မြေတွေထဲက အစီအရင်တွေ လှုပ်ရှားထကြွလာမှာ မဟုတ်ဘူး… မင်း အထဲကို ခိုးဝင်ပြီး စုံစမ်းနိုင်တယ် ”
“ ပြီးတော့ ဒီတုံကင်ထဲမှာ စုံစမ်းနေတဲ့အတောအတွင်း မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဒေသငယ်မြို့တော်ရဲ့ တားမြစ်ဓမ္မရတနာကို အသုံးပြုဖို့ အခွင့်အရေးတစ်ကြိမ်ပါရှိတယ် ”
ရုံးတော်သခင်သည် အပြာရောင်တုံကင်တစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းဆီသို့ ကမ်းပေးသည်။ ထို့နောက် သူက အနောက်လှည့်ပြီး ခန်းမထဲမှ ထွက်လျှောက်သွားသည်။ သူက တံခါးနားသို့ရောက်သောအခါ ရွှီချင်းကို ကျောပေးထားလျက် ပြောသည်။
“ လွန်ခဲ့တဲ့တစ်နှစ်တုန်းက အကျဉ်းထောင်ဌာနမှာ မင်းကိုတွေ့တော့ ငါပထမဆုံး ပြောခဲ့တဲ့စကားကို မင်းမှတ်မိသေးလား ”
“ ကျွန်တော်မှတ်မိပါတယ် ”
ရွှီချင်းသည် ရုံးတော်သခင်ကို ကြည့်လိုက်သည်။
“ ကျယ်ကျယ်ရွတ်ပြစမ်း ”
“ ဓားကိုင်တွေအနေနဲ့ ငါတို့ဟာ လူသားမျိုးနွယ်ရဲ့ ထက်ရှတဲ့ ဓားတစ်လက်ဖြစ်ရမယ်… ငါတို့ဟာ ဘယ်အချိန်မှာမဆို လူသားမျိုးနွယ်အတွက် အသက်ပေးဖို့ အသင့်ဖြစ်နေရမယ် ”
ရွှီချင်းသည် ကျယ်လောင်စွာ ပြောသည်။
ရုံးတော်သခင်သည် ရယ်မောလိုက်ပြီး သံခေါင်းစွပ်ကို ဝတ်လိုက်သည်။ ခန်းမအပြင်သို့ သူခြေချလိုက်သည့်အခိုက် သူ၏ အသံက ရွှီချင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ငါလည်းပဲ ဓားကိုင်တစ်ယောက်ပါ ”