ရုံးတော်သခင်ချန်ထားခဲ့သော သဲလွန်စများ
Vol. 43 Ch. 637
ထိုညတွင် တရားရေးရုံးတော်သခင်နှင့် ပြည်ထဲရေးရုံးတော်သခင်သည် မြို့ထဲမှ ထွက်ခွာသွားကြပြီး မြောက်ဘက် စစ်မြေပြင်ဆီသို့ ဦးတည်သွားကြသည်။ ထိုစဉ် ဓားကိုင်ရုံးတော်၏ ဓားကိုင်များသည် ရဲရင့်တည်ကြည်သော ဓားကိုင်ရုံးတော်သခင်၏ ဦးဆောင်မှုအောက်မှာ ထွက်ခွာသွားကြသည်။
ထိုလူတစ်သိန်းသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး နှစ်ရာနှင့်ချီကြာအောင် စုဆောင်းထားခဲ့သော လက်ရွေးစင် အင်အားစုများ ဖြစ်ကြသည်။
သူတို့ထဲမှ မည်သည့်တစ်ယောက်မဆို ပြည်နယ်အသီးသီးမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ သူတို့သည် စမ်းသပ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာ ဓားကိုင်တစ်ဦး ဖြစ်လာကြခြင်း ဖြစ်သည်။
…..
သူတို့အားလုံးသည် တာဝန်များစွာကို ထမ်းဆောင်ဖူးကြသည်။ သတ်ဖြတ်ခြင်းသော်လည်းကောင်း ပြဿနာဖြေရှင်းခြင်းသော်လည်း သူတို့သည် အတွေ့အကြုံများစွာ ရှိကြသည်။
သူတို့သည် ဖုန်းဟိုင်ဒေသငယ်၏ အဓိကကျောရိုးမဖြစ်ပြီး ဒေသငယ်၏ နောင်အနာဂတ်အတွက် တာဝန်ရှိသူများ ဖြစ်ကြသည်ဟုပင် အများက ဆိုကြသည်။
သို့သော် ယနေ့မှာတော့ ထိုဓားကိုင်တစ်သိန်းသည် စစ်မြေပြင်သို့ ရွေ့လျားသွားကြပြီ ဖြစ်သည်။
သူတို့သည် ဆုံးဖြတ်ချက်ပြတ်သားစွာ အနောက်ဘက် စစ်မြေပြင်ဆီသို့ ဦးတည်သွားနေကြသည်။ သူတို့သည် အတိတ်ကပြုလုပ်ခဲ့သော ကျမ်းကျိန်မှုအတိုင်း အသက်သေဆုံးသည်အထိ ရန်သူနှင့်တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်ထားကြသည်။
ရွှီချင်းသည် သူ့ကိုယ်သူ ဖုံးကွယ်ထားလျက် မြို့တော်အပြင်ဘက် တောင်ထိပ်တစ်ခုပေါ်မှာ မတ်တတ်ရပ်နေသည်။ ညအမှောင်ထဲမှာ သူက စစ်တပ်ထွက်ခွာသွားသော ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။ လေတဟူးဟူး တိုးဝှေ့တိုက်ခတ်မှုကြောင့် သူ၏ ဆံပင်နှင့် အင်္ကျီသည် တဖျတ်ဖျတ်လှုပ်ခါသွားသည်။
အချိန်တစ်ခဏကြာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီးနောက် သူက အနောက်သို့ လှည့်ထွက်သွားပြီး အမှောင်ထုနှင့် ရောယှက်သွားကာ ကျောက်ရှာပြည်နယ်သို့ ဦးတည်သွားလိုက်သည်။
ညအမှောင်ထဲမှာ သူက အထီးကျန်ဝံပုလွေတစ်ကောင်ပမာပင်။
“ ကျောက်ရှာပြည်နယ်… ”
ညအမှောင်ထဲ၌ အရှိန်အဟုန်အပြည့်သုံး၍ ရွေ့လျားနေသော ရွှီချင်းသည် သူ၏ စိတ်ထဲတွင် လှိုင်းများထလာသည်ဟု ခံစားနေမိသည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ရှာတောင်သည် ကျောက်ရှာပြည်နယ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။
အတိတ်တုန်းက ဒေသငယ်မြို့တော်သို့ သူရောက်လာခဲ့သည့်အချိန်တွင် သူ၏ အဖြစ်ချင်ဆုံးဆန္ဒသည် ကျောက်ရှာတောင်သို့ သွားရောက်ရန် ဖြစ်သည်။ သို့သော် ထိုသို့နည်းလမ်းဖြင့် သူသွားရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
အရှေ့သို့ ရွေ့လျားသွားနေရင်း ရွှီချင်းသည် ရုံးတော်သခင်ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး စတင်စစ်ဆေးလိုက်သည်။
ရုံးတော်သခင်သည် မထွက်သွားမီ သူ့ကို စကားအများကြီးပြောခဲ့ပြီး သူ၏ သဘောကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
ဒေသအကြီးအကဲ၏ ရုတ်တရက် သေဆုံးမှုသည် ထူးဆန်းမှုများနှင့် ပြည့်နှက်နေပြီး မည်သူမဆို နောက်ကွယ်ကတရားခံ ဖြစ်နိုင်၏။
ကျောက်စိမ်းပြားထဲတွင် ပါရှိသော သတင်းအချက်အလက်သည် ရွှီချင်းကို ခေတ္တရပ်တန့်သွားစေပြီး သူ၏ အသက်ရှူသံကို အနည်းငယ် မြန်ဆန်လာစေသည်။
“ အသက်ကဒ်ဘေးအလင်းဆေးလုံး ”
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သူသည် ဆေးတာအိုကို နက်ရှိုင်းစွာ နားလည်ထားသည့်တိုင် ထိုသို့ဆေးလုံးမျိုးကို တစ်ခါမှ မကြားဖူးချေ။
ရုံးတော်သခင်၏ ကျောက်စိမ်းပြားထဲတွင် ထိုဆေးလုံးအကြောင်းကို အသေးစိတ်ဖော်ပြထားသည်။ ယင်းက တင်းကျပ်စွာ ပိတ်ပင်ခံထားရသည့် တားမြစ်ဆေးလုံးဖြစ်ပြီး ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်း ဖျက်ဆီးခံခဲ့ရသည်။ ယင်း၏ ဆေးလုံးဖော်စပ်နည်းသည် ဟိုးနှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီး မည်သူမှ မမှတ်မိကြတော့ချေ။
အမှန်တော့ ထိုဆေးလုံးကို ပိတ်ပင်တားမြစ်ရန် မျိုးနွယ်စုအားလုံးက သဘောတူထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။ မျိုးနွယ်စုတိုင်း၏ ခေါင်းဆောင်အကြီးအကဲများသည် ထိုဆေးလုံးကို နက်နက်ရှိုင်းရှိုင်း မုန်းတီးကြသည်။
ထိုအသက်ကဒ်ဘေးအလင်းဆေးလုံးသည် သာမန်ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း မျိုးနွယ်စုတိုင်း၏ အုပ်ချုပ်သူများအတွက် ယင်းသည် သူတို့ကို ချက်ချင်း သတ်ဖြတ်နိုင်သော ဖြေရှင်းရန်မဖြစ်နိုင်သည့် ကဒ်ဘေးဆေးလုံး ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ယင်း၏ အခြေခံသဘောတရားက ကမ္မနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။
ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်း ထိုဆေးလုံးသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီး ကမ္မစုစည်းထားသော လူသားမျိုးနွယ်မှ အရေအတွက် အများအပြားသည် သတ်ဖြတ်ခံခဲ့ရသည်။ ယင်းက မျိုးနွယ်ခြားများမှ အုပ်ချုပ်သူအများအပြားကိုလည်း သတ်ဖြတ်ခဲ့သည်။ ထိုဆေးလုံးကြောင့် မျိုးနွယ်ခြားဧကရာဇ်သုံးပါးပင် သေဆုံးခဲ့ကြသည်။
လူသားမျိုးနွယ်ဖြစ်စေ မျိုးနွယ်ခြားဖြစ်စေ ဝမ်ကူးကုန်းမြေထဲတွင် ရှိနေကြသရွေ့ ရာထူးမြင့်မားသော ထိုပုဂ္ဂိုလ်များသည် ပုံမှန်အားဖြင့် သူတို့မျိုးနွယ်စု၏ ကမ္မကို စုဆောင်းကြရလိမ့်မည်။
ထိုကမ္မက တစ်စုံတစ်ဦးအား ကောင်းကင်ကံကြမ္မာကို အဆင့်တစ်ခုထိ ပိုင်ဆိုင်နိုင်စေလိမ့်မည်။ သို့သော်လည်း တစ်ချိန်တည်းမှာ ထိုကမ္မက ကဒ်ဘေးသို့ပြောင်းလဲသွားလျှင် တန်ပြန်ဆိုးကျိုးသည် အလွန်ကြောက်စရာကောင်းသည်။
စုံစမ်းစစ်ဆေးခဲ့သည့် လွန်ခဲ့သောလဝက်အတွင်း ဓားကိုင်ရုံးတော်သခင် စုဆောင်းရရှိသော သဲလွန်စအားလုံးသည် သူ့အား အသက်ကဒ်ဘေးအလင်းဆေးလုံးဆီသို့ ညွှန်ပြနေသည်။
ရုံးတော်သခင်ချန်ထားခဲ့သော သတင်းအချက်အလက်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသောအခါ ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။
“ ကျုပ်ရဲ့စုံစမ်းစစ်ဆေးမှုအရ ဒေသအကြီးအကဲရဲ့ သေဆုံးမှုမှာ ဖြစ်နိုင်ခြေတွေ အများကြီးရှိတယ်… ဒါပေမဲ့ အဲ့ဒီဖြစ်နိုင်ခြေတွေ အများကြီးထဲမှာ တချို့တလေကပဲ ကျုပ်စောင့်ကြပ်နေတဲ့ အကျဉ်းထောင်ဌာနကို တစ်ချိန်တည်းမှာ သက်ရောက်နိုင်တယ် ”
“ အကျဉ်းထောင်ဌာန ဖိနှိပ်ထားတဲ့အရာက မသေမျိုးတားမြစ်နယ်မြေထဲမှာ အိပ်စက်နေတဲ့ နတ်ဘုရားရဲ့ နောက်ဆုံးကိုယ်ပွား ဖြစ်တယ်… ဖိနှိပ်တဲ့နည်းလမ်းက ကံကြမ္မာနဲ့ ဆက်စပ်နေတယ်… အဲ့ဒါက မေ့လျော့စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားကိုယ်ပွားကို သူဟာ အကျဉ်းထောင်ဌာနရဲ့ လက်နက်ဝိညာဉ်ဖြစ်တယ်လို့ သူ့ကိုယ်သူ အယုံသွင်းစေတယ် ”
“ နောင်စုံစမ်းမယ့်သူတွေ… မင်း အမှုတွဲကို ပြန်လည်ဆန်းစစ်ပြီး အကျဉ်းထောင်ဌာနက (ဃ၁၃၂)ကို မှီငြိမ်းကိုးကားနိုင်တယ်… (ဃ၁၃၂)က အကျည်းထောင်ဌာနရဲ့ ပုံစံငယ်ဖြစ်ပြီး ဌာနကို ကိုယ်စားပြုတယ်… ကျုပ်ရဲ့သံတော်ဆင့် ရွှီချင်းကိုလည်း မင်းယုံကြည်နိုင်တယ်… အဲ့ကလေးက (ဃ၁၃၂)က နောက်ဆုံးအစောင့်အကြပ်ဖြစ်ပြီး ကျုပ်ပြုစုပျိုးထောင်နေတဲ့ နောင်အရိုက်အရာဆက်ခံမယ့် လူတွေထဲက တစ်ယောက်ဖြစ်တယ်… သူက ယုံကြည်စိတ်ချရတယ် ”
“ အကျဉ်းထောင်ဌာနရဲ့ (ဃ၁၃၂)ဆိုတာ ဖိနှိပ်မှုကို ဖြန့်ကြက်ဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်… အတွင်းထဲမှာ နတ်ဘုရားကိုယ်ပွားရဲ့ လက်တစ်ချောင်းနဲ့ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကံကြမ္မာကနေ ဖွဲ့စည်းထားတဲ့ ဝိညာဉ်တစ်ခု ရှိတယ် ”
“ နတ်ဘုရားကိုယ်ပွားရဲ့ စွမ်းအားက သူ့ကိုမှတ်မိနေတဲ့ ဘယ်သူ့ကိုမဆို အဆုံးမဲ့ကံဆိုးမှုထဲ ကျရောက်စေတယ်… အတိတ်က မှတ်တမ်းတွေအရ ကံဆိုးမှုက အဲ့ဒီလူမသေဆုံးမချင်း ပိုပိုကြောက်စရာကောင်းလာလိမ့်မယ် ”
“ (ဃ၁၃၂)ရဲ့ ကမ္မဝိညာဉ်ရဲ့ လုပ်ဆောင်မှုက လက်ညှိုးကို မြင်တဲ့လူတိုင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ပြီး အဲ့ဒီနည်းလမ်းနဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို ဖြတ်တောက်ပစ်တယ် ”
“ ဒါကြောင့် ပုံမှန်အခြေအနေမျိုးမှာ ဒေသငယ် ဘာပဲဖြစ်ဖြစ်… ဒေသအကြီးအကဲသေဆုံးသွားမယ်ဆိုရင်တောင် အကျဉ်းထောင်ဌာနက သက်ရောက်ခံရမှာ မဟုတ်ဘူး… ဘာလို့လဲဆိုတော့ အကျဉ်းထောင်ဌာနက ဒေသအကြီးအကဲတွေအများကြီး ခန့်အပ်ခံရတာနဲ့ ထုတ်ပယ်ခံရတာတွေကို တွေ့ကြုံခဲ့ဖူးလို့ပဲ ”
“ ဖြစ်နိုင်ခြေတွေကို တစ်ခုပြီးတစ်ခု ရှင်းထုတ်ပြီးမှာ နောက်ဆုံးတော့ အသက်ကဒ်ဘေးအလင်းဆေးလုံးကို ကျုပ်ရှာတွေ့ခဲ့တယ်… ဘာကြောင့် ကျုပ်ဒီလိုတွေးမိလဲဆိုတာနဲ့ပတ်သက်ပြီး နောင်စုံစမ်းမယ့်သူတွေအနေနဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေအတွက် သီးသန့်စာရွက်စာတမ်း(၁၉)ကို မှီငြိမ်းကိုးကားနိုင်တယ် ”
“ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက ကျုပ်စုံစမ်းရထားသလောက် သဲလွန်စတွေပေါ်မှာ အခြေခံတယ်… အချိန်မလုံလောက်တာရယ် ရန်သူက အမှောင်ထဲမှာရှိနေပြီး ကျုပ်က အလင်းထဲမှာရှိနေတာရယ်ကြောင့် ကျုပ်ရဲ့ သံသယတွေကို ထုတ်ဖော်မပြနိုင်ဘူး… ဒါ့အပြင် စစ်မြေပြင်တွေက စိုးရိမ်ရတဲ့ အခြေအနေကို ကျရောက်နေပြီး ဖုန်းဟိုင်ဒေသငယ်ရဲ့ လုံခြုံရေးက ပိုပြီးအရေးကြီးတာကြောင့် ကျုပ်အနေနဲ့ သတိရှိရှိ နောက်ထပ်စုံစမ်းဖို့ မဖြစ်နိုင်တော့ဘူး ”
“ ဒါကြောင့် သဲလွန်စတစ်ခုကို လျှို့ဝှက်စုံစမ်းစစ်ဆေးပြီး အတည်ပြုခိုင်းဖို့ ကျုပ်ရဲ့သံတော်ဆင့် ရွှီချင်းကို စေလွှတ်ထားတယ် ”
“ အဲ့ဒါက ကျောက်ရှာအလင်း… ”
“ ဘာကြောင့်လဲဆိုတော့ အသက်ကဒ်ဘေးအလင်းဆေးလုံးကို အသက်သွင်းဖို့ဆိုရင် အခြေအနေတစ်မျိုးကို လိုအပ်တယ်… အဲ့ဒါက နေမကွယ်ခင် အလင်းရောင်ပဲ… အဲ့ဒီအလင်းရောင်မျိုးက အရမ်းကို မြန်ဆန်တယ် ”
“ ဒါပေမဲ့ အဲ့ဒီအလင်းရောင်က ကျောက်ရှာတောင်ပေါ်မှာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်တယ် ”
“ နောက်ကွယ်က တရားခံရဲ့ ဉာဏ်များပုံနဲ့ လှည့်စားတတ်တဲ့ ပရိယာယ်တွေကြောင့် ဒီစုံစမ်းစစ်ဆေးမှုမှာ သိသာထင်ရှားတဲ့ ရလဒ်တွေထွက်ပေါ်လာဖို့ ရာခိုင်နှုန်းအရမ်းနည်းတယ်… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးတာကို ကျုပ်တို့ဆက်လက်လုပ်ဆောင်ရမယ်… ရလဒ်ကတော့…. တကယ်လို့ ကျုပ်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရင် ရွှီချင်းနဲ့ ဆွေးနွေးတိုင်ပင်ပါ ”
ညအမှောင်ထဲဝယ် ရွှီချင်းသည် မြေကွက်လပ်တစ်ခုပေါ်မှာ မတ်တတ်ရပ်နေသည်။ သူက ကျောက်စိမ်းပြားကို တိတ်တဆိတ် ပြန်သိမ်းဆည်းလိုက်ပြီး အနောက်ဘက် စစ်မြေပြင်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ အချိန်တစ်ခဏအကြာမှာ သူက အရှိန်တင်လိုက်ပြီး ကျောက်ရှာပြည်နယ်သို့ အမြန်ဆုံး ပျံသန်းသွားသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
သူက ရုံးတော်သခင်၏ နောက်သို့ လိုက်ပါသွားပြီး စစ်မြေပြင်ဆီသို့ ရောက်ရှိသွားပြီဟု လူတိုင်းက တွေးထင်နေကြစဉ် ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်ပေးခဲ့သော ဖုံးကွယ်ကျောက်စိမ်းပြားအဆောင်ကို အသက်သွင်းထားလျက် ဒေသငယ်မြို့တော်နှင့် ကျောက်ရှာပြည်နယ်ကြားမှ နယ်စပ်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
ထိုပြည်နယ်၏ နယ်နိမိတ်မျဉ်းသည် မသေးငယ်ပေ။ ရံဖန်ရံခါ ဤနေရာတွင် ထူးထူးဆန်းဆန်းလေ တိုက်ခတ်လေ့ရှိသည်။
ထိုလေပြင်းတိုက်ခတ်သည့်အခါတိုင်း အရေအတွက်များပြားသော ရှုပ်ထွေးသည့် လေဟာနယ်အက်ကွဲကြောင်းများသည် လေထဲမှာ ပေါ်ထွက်လာကြလိမ့်မည်။ ထိုအခါ ဝေဟင်ထက်၌ သွားလာခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး မည်သို့မှ ပျံသန်းနိုင်ကြလိမ့်မည်မဟုတ်ပေ။ သူတို့သည် မြေပြင်ပေါ်မှာသာ ရွေ့လျားနိုင်ကြသည်။ ထူးဆန်းသည်မှာ ထိုအားကောင်းသော လေသည် ကောင်းကင်ကိုသာ အဓိကပစ်မှတ်ထားဟန်တူပြီး မြေပြင်သည် ၎င်း၏ အနှောင့်အယှက်စွမ်းအားကို သက်ရောက်မခံရပေ။
ကျောက်ရှာပြည်နယ်တွင် ထိုလေသည် နေကွယ်ပြီးနောက် ဖြစ်ပေါ်လာသော ထူးခြားသည့်ရာသီဥတုတစ်မျိုးဟု ဒဏ္ဍာရီထဲမှာ ဆိုထားသည်။ ဒေသခံများကတော့ ယင်းကို နေခြည်လေဟု ခေါ်ဆိုကြသည်။
နေခြည်လေတိုက်ခတ်သည့်အခါ အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက အံ့မခန်းမြင့်မားနေမည်မဟုတ်လျှင် ယင်းကို ခုခံတားဆီးရန် ခက်ခဲလိမ့်ပေမည်။
လေတိုက်ခြင်းအဆုံးသတ်သွားမှသာ သူတို့ ပျံသန်းနိုင်ကြလိမ့်မည်။
ဤနေရာကို ဖြတ်ကျော်ပြီးမှသာ ကျောက်ရှာပြည်နယ်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
ရွှီချင်းသည် လမ်းတစ်လျှောက် အရှိန်တင်ခဲ့သည်။ လေတိုက်သည့်အခါ သူက မြေပြင်ပေါ်သို့ ဆင်းသက်ပြီး လေတိုက်ခြင်းပြီးဆုံးသွားသည့်အခါ တဖန်ပျံသန်းလိမ့်မည်။ လမ်းတစ်လျှောက်တွင် သူသည် ဖုန်းဟိုင်ဒေသငယ်ထဲမှ စစ်ပွဲ၏ ကြီးမားသော သက်ရောက်မှုများကိုလည်း မြင်တွေ့ခဲ့သည်။
နေရာတိုင်းမှ လူသားမျိုးနွယ်၏ မြို့ငယ်လေးများသည် ထိတ်လန့်ဖွယ်ရာ အခြေအနေမှာ ရှိနေကြသည်။
ကျေးလက်ဒေသမှ တောရွာများနှင့် မြို့နယ်များ၏ အထိအခိုက် အပျက်အစီးများသည် စတင်တိုးပွားလာနေသည်။
ရွှီချင်းသည် လမ်းတစ်လျှောက်ရှိ လူသားတိုင်း၏ မျက်လုံးထဲတွင် စစ်ပွဲကိုကြောက်ရွံ့မှုနှင့် မသေချာမရေရာသော သူတို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုကို မြင်တွေ့ခဲ့သည်။
မျိုးနွယ်ခြားများသည်လည်း ထို့အတူပင်။ သို့သော်လည်း သာမန်ဝတ်ရုံကို ဝတ်ဆင်ထားသော ရွှီချင်းအဖို့တော့ သူတို့ထံမှ လောဘရမ္မက်နှင့် ရည်ရွယ်ချက်ကြီးကို မြင်နိုင်သေးပေသည်။
အကယ်၍ ဖုန်းဟိုင်ဒေသငယ် စစ်ရှုံးသွားပြီး သန့်စင်ရေလှိုင်းမျိုးနွယ် တစ်ဟုန်ထိုး ဝင်ရောက်ကျူးကျော်လာသည့်အခါ ဖုန်းဟိုင်ဒေသငယ်ထဲမှ ထိုမျိုးနွယ်ခြားများသည် လူသားမျိုးနွယ်ကို ချက်ချင်း ပုန်ကန်လာကြလိမ့်မည်ဖြစ်ကြောင်း သူစိတ်ကူးကြည့်နိုင်၏။ သူတို့က ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး အားလုံးကို လုယက်သိမ်းယူကြလိမ့်မည်။
“ ရုံးတော်သခင်ရဲ့ အမိန့်တော်တွေက မှန်တယ်… တကယ်လို့ မျိုးနွယ်ခြားတွေရဲ့ ပညာရှင်ကျင့်ကြံသူတွေကို စစ်ထဲမစေလွှတ်ခိုင်းဘူးဆိုရင် ပိုပြီးအန္တရာယ်များလိမ့်မယ် ”
အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ သူက ဆက်လက်သွားနေရင်း လူသားမျိုးနွယ်ဂိုဏ်းများ၏ ပိုက်နက်များကို မြင်လိုက်ရသည်။ သူတို့အားလုံးသည် ဂိုဏ်း၏ ချိပ်ပိတ်ခြင်းအစီအရင်ကို အသက်သွင်းထားကြသည်။ ဂိုဏ်းထဲမှ ကျင့်ကြံသူအများစုသည် စစ်မှုထမ်းရန် စစ်မြေပြင်ဆီသို့ သွားရောက်ကြပြီး ဖြစ်သည်။
ထို့အပြင် ဂိုဏ်းကြီးများထံမှ တားမြစ်ဓမ္မရတနာများသည်လည်း ကောင်းကင်ပေါ်မှာ မျောလွင့်နေကြသည်။ ၎င်းတို့အားလုံးက ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေကြပြီး အတူတကွ အသုံးပြုခြင်းခံထားကြရသည်။
လွန်ခဲ့သောရက်များတွင် ကောင်းကင်သည် ဆက်လက်အရောင်ပြောင်းလဲနေပြီး မုန်တိုင်းများသည် ကြုံရာကျပန်း ထွက်ပေါ်လာလေ့ရှိသည်။
ယင်းက တားမြစ်ဓမ္မရတနာများကို အသက်သွင်းထားသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရွှီချင်း သိသည်။
ဤအခိုက်အတန့် မွန်းတည့်အချိန်ဝယ် ကောင်းကင်သည် ထပ်မံတုန်လှုပ်သွားသည်။ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေသော ပိုက်ကွန်ကြီးမှ အလျှင်အမြန် စီးဆင်းသွားနေကြသော အလင်းစီးကြောင်းများကို ကြည့်လိုက်သည်။ ယင်းတို့က အပိုင်းနှစ်ခုခွဲပြီး အနောက်ဘက်နှင့် မြောက်ဘက်သို့ ဦးတည်သွားနေကြသည်။
ထို့အပြင် လူသားမျိုးနွယ်အင်အားစုများ၏ တားမြစ်ဓမ္မရတနာများမှ ဖွဲ့စည်းထားသော စွမ်းအားသည် လွန်စွာကြီးမားသော အဖျက်စွမ်းအားကို ဖြစ်ပေါ်စေသည်။
တစ်ခဏကြာသွားတိုင်း ကောင်းကင်သည် လှုပ်ယမ်းသွားလေ့ရှိပြီး စစ်ပွဲသည် အခြေအနေဆိုးဝါးစွာ ဆက်လက်ဖြစ်ပွားနေကြောင်း ရွှီချင်းကို အမြဲသတိပေးနေသည်။
ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားပြန်သည်။
သူသည် ကျောက်ရှာပြည်နယ်သို့ရောက်ရန် တစ်ညခရီးသာလျှင် လိုတော့သည်။ နေခြည်လေ ထပ်မံတိုက်ခတ်လာ၍ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရသော ရွှီချင်းသည် အဝေးမှ ရွာတစ်ရွာကို မြင်သွားသည်။
ထိုရွာနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်။
ရွာထဲမှာရှိသော အရာအားလုံးသည် သဘာဝတရားနှင့် ဆန့်ကျင်နေသည်။ ယင်းက သူသိနားလည်ထားသော ရွာများနှင့် လုံးလုံးလျားလျား ခြားနားသည်။
ဥပမာ ရွာထဲမှာရှိနေကြသော သစ်ပင်များသည် မြေကြီးပေါ်မှာ မပေါက်ရောက်ကြပေ။ ယင်းအစား လေထဲမှာ ပေါက်ရောက်ကြသည်။
ထို့အပြင် လေထဲမှာ မျောလွင့်နေကြသော ငှက်အုပ်စုများလည်း ရှိကြသည်။ ၎င်းတို့သည် အတောင်ပံ တဖျတ်ဖျတ်ခတ်နေကြသော်လည်း အရှေ့သို့ မရွေ့လျားနိုင်ကြချေ။ တစ်စုံတစ်ခုက ၎င်းတို့ကို ထိုနေရာမှာ ချုပ်နှောင်ထားသည့်အလားပင်။
နေခြည်လေ၏ တိုးဝှေ့မှုအောက်မှာ ၎င်းတို့သည် တဖြည်းဖြည်း စတင်ပျက်စီးသွားကြသည်။
မြေပြင်ပေါ်မှ အရာများသည် ပို၍ပင် ထူးခြားဆန်းကြယ်သေး၏။ ရွာထဲမှ အိမ်များသည် ဇောက်ထိုးဆောက်ထားကြသည်။ ရံဖန်ရံခါ ရွာထဲမှ နေရာအများစုသည် ချို့ယွင်းမှုတစ်ခု ရှိနေသည့်အလား ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေသည်။
ရွာဝင်ဝတွင် လူမျက်နှာနှင့် အမွှေးမဲ့ခွေးတစ်ကောင် ရှိသည်။ ၎င်းသည် သွားများကို ဖော်ထုတ်ပြလျက် ရွှီချင်းကို ဟောင်လိုက်သည်။
ရွှီချင်း၏ အကြည့်က ရွာကို ဖြတ်ကျော်သွားသည့်အခါ နေဝင်ရီတရောအချိန် ကုန်လွန်သွားပြီး ညအချိန် ကျရောက်လာသည်။
ထိုအခါ လျှပ်တစ်ပြက်အတွင်း ထိုနေရာရှိ အရာအားလုံးသည် ထပ်မံပြောင်းလဲသွားသည်။ ကောင်းကင်က မည်းမှောင်သွားသောအခါ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားပြီး ယင်းက သာမန်ရွာလေးတစ်ရွာ ဖြစ်လာသည်။
ရွာဝင်ဝမှ ခွေးသည်ကား ရိုးအပြီး အရပ်ရှည်သော လူငယ်တစ်ယောက် ဖြစ်လာသည်။ သူက ဝါကြင့်ကြင့်သွားများကို လှစ်ဟပြလျက် ရွှီချင်းကို လက်ဝှေ့ယမ်းပြသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ ဤနေရာတွင် အချိန်ဖြုန်းရန် သူ့မှာ အချိန်ပေါမနေချေ။ သူက ရွာကိုကွေ့ပတ်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ့နောက်မှ ရွာသည် ရုတ်တရက် လှုပ်ခါလာသည်။ ရွာထဲမှ အဆောက်အအုံအားလုံးသည် ခြေတံများ ရှည်ထွက်လာကြပြီး မြေကြီးပေါ်မှာ မတ်တတ်ရပ်လိုက်ကြကာ ရွှီချင်း၏ အနောက်သို့ လိုက်လာကြသည်။
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ အနောက်သို့ သူလှည့်လိုက်သည့်အခါ ရွာထဲမှ အဆောက်အအုံများသည် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ရွာဝင်ဝမှ ရိုးအသော ကောင်လေးသည် သူ၏ ဝါကြင့်ကြင့်သွားများကို လှစ်ဟဖော်ပြလျက် ရွှီချင်းကို လက်ဝှေ့ယမ်းပြနေသည်။
တစ်ရွာလုံးသည် ဆန်းကြယ်သော ခံစားမှုကို ပေး၏။
ရွှီချင်းသည် တစ်ချက်ကြည့်လိုက်ပြီး ရွာဆီသို့ လျှောက်သွားသည်။
အမှောင်ထုထဲဝယ် အရိပ်လေးသည် သူ၏ အနောက်၌ စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာပြီး ဆက်လက်ဖြန့်ကြက်သွားသည်။ တံတွေးမြိုချသံသည်ပင် တိတ်ဆိတ်ငြိမ်သက်သော အမှောင်ထုထဲဝယ် ပဲ့တင်ထပ်သွားသည်။
“ ဗိုက်ဆာတယ်… ဗိုက်ဆာတယ်… ”
အရိပ်လေး၏ တံတွေးမြိုချသံကိုကြားသောအခါ ရွှီချင်းသည် အရိပ်လေးထံမှ စိတ်ခံစားချက်အတတ်အကျကို အာရုံခံမိသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မဟာလောကထဲ၌ သူရှိနေခဲ့စဉ် အရိပ်လေးသည် စက်ဆုပ်ရွံရှာမှုကို တောင့်ခံပြီး မကောင်းဆိုးဝါးဝိညာဉ်အများအပြားအား အတင်းအကျပ် စားသုံးခဲ့သည်ကို သူသတိပြန်ရသွားသည်။
ထို့နောက် အရိပ်လေးသည် ၎င်းတို့အားလုံးကို ပြန်အန်ထုတ်ခဲ့ရသည်။
အရိပ်လေးက ၎င်း၏ သစ္စာရှိပုံကို ထိုသို့ဖော်ပြသောကြောင့် ၎င်းကို ဆုချီးမြှင့်သင့်သည်ဟု ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် သူက မြန်မြန်သွက်သွက် လျှောက်လိုက်သည်။
ခဏလေးအတွင်း သူသည် ရွာအရှေ့သို့ ရောက်ရှိသွားပြီး သူ့အား ထူးဆန်းစွာ ပြုံးပြနေသော လူငယ်၏ အရှေ့တွင် ရပ်လိုက်သည်။
ရွှီချင်းရောက်လာသည်ကို မြင်သောအခါ ရိုးအသော လူငယ်သည် စကားပြောရန် ပါးစပ်ဟလိုက်စဉ် ရွှီချင်း၏ အနောက်မှ အရိပ်လေးသည် ဆက်လက်စိတ်မရှည်တော့ဘဲ လူငယ်ကို ခုန်အုပ်လိုက်သည်။
အနက်ရောင် အရိပ်လေးက သူ့ကို လွှမ်းခြုံသွားသောအခါ ရိုးအသော လူငယ်သည် ပျောက်ကွယ်သွားသည်။
တဂျွတ်ဂျွတ် ဝါးစားသံသည် အရိပ်လေးထံမှ မြည်ထွက်လာပြီး တစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားလေရာ ရွာထဲမှ အဆောက်အအုံအားလုံးသည် တုန်လှုပ်သွားကြသည်။
မျက်လုံးအများအပြားသည် ထိုအိမ်များနှင့် သစ်ပင်များပေါ်မှာ ပေါ်ထွက်လာကြသည်။ သူတို့က ရွှီချင်းထံသို့ ကြည့်လိုက်သည့်အခါ သူတို့၏ သူငယ်အိမ်သည် အမြန်ကျုံ့သွားကြသည်။
“ သွားစား ”
ရွှီချင်းသည် နေရာတွင် အမူအရာကင်းမဲ့စွာ ရပ်နေပြီး တည်ငြိမ်စွာ ပြောသည်။