အံ့ဩဖွယ်ကောင်းသော ကြေညာချက်
Vol. 38 Ch. 564
လက်ရှိတွင် ရဲ့လင်းချန်သည် လူတိုင်း၏ မျက်လုံးထဲ၌ တောက်ပနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လူပေါင်းများစွာ၏ ကံကြမ္မာကို သယ်ပိုးထားခြင်းကြောင့် ဖြစ်သည်။ ၎င်းတွင် ဤနေရာ၌ ရှိနေသည့် လူများတင် မကဘဲ နောင်ရှိလာမည့် လူများနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ လူများ၏ ကံကြမ္မာများလည်း ပါဝင်ပေသည်။
သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာပြီး လူတိုင်းက သူ့အား ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်နေ ကြသည်။
“နတ်ဆေးဆရာဝိုင်၊ ငါ သန်းငါးဆယ် ပေးပါ့မယ်၊ ငါ့ရဲ့ အဆစ်အမြစ်ရောင် ရောဂါကိုပဲ ကုပေးဖို့ တောင်းဆို ချင်ပါတယ်”
“နတ်ဆေးဆရာဝိုင်၊ ကျွန်မ သန်းတစ်ရာ ပေးပါ့မယ်၊ ကျွန်မ ရှင့်ကို တစ်ခုပဲ တောင်းဆိုချင်တာပါ၊ အဲ့ဒါက ကျွန်မခင်ပွန်း ပြန်သတိရလာအောင် လုပ်ပေးဖို့ပါပဲ”
“နတ်ဆေးဆရာဝိုင်၊ ကုသခကိုသာ ပြောလိုက်ပါ၊ ငါ မင်းကို ဈေးမဆစ်ပါဘူး”
ထိုသူဌေးများသည် ရှေ့သို့ တိုးလာပြီး ရဲ့လင်းချန်အား တောက်ပသော အကြည့်များဖြင့် စိုက်ကြည့်လေသည်။
ရဲ့လင်းချန်က လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး သူတို့အား ဝေ့ကြည့်သည်။ ထို့နောက် သူက တုံးတိတိသာ ပြောလိုက်သည်။
“ခင်ဗျားတို့ ရောဂါက ချက်ချင်း မကုရင် သေမှာလား”
ထိုသူဌေးများ တစ်ခဏမျှ ကြက်သေ သေသွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါပြသည်။
“ဒါဆို ထွက်သွား”
ထိုသို့ပြောပြီးသည်နှင့် သူသည် မြို့တော်ဆေးရုံထဲသို့ ဆက်လက်၍ လျှောက်သွားလေသည်။
လမ်းတစ်လျှောက်၌ လူတိုင်းက အလိုလို ဘေးဖယ်ပေးကြသည်။ ဘယ်သူကမှ စကားတစ်ခွန်းပင် မပြောဘဲ ဘေးနှစ်ဖက်လုံးမှ တိတ်ဆိတ်စွာ စောင့်ကြပ်နေသည်။
မကြာခင်မှာပင် လူနာတစ်ယောက်အား ခွဲခန်းထဲသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေ၏။
ထိုလူနာသည် လူတိုင်း သတိထားမိသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူသည် တစ်ဘဝလုံး စိုက်ပျိုးရေးကို လေ့လာခဲ့ပြီး နောက်ဆုံး၌ တစ်နိုင်ငံလုံးမှ လူများ စားနိုင်သော အစားအစာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
သူသည် လူမျိုးအတွက် ဘဝကို နှစ်မြှုပ်ထားပြီး နိုင်ငံအတွက် သူ၏ အောင်မြင်မှုက တိုင်းတာ၍ မရနိုင်ပေ။ လူတိုင်း အေးအေးချမ်းချမ်း ရှင်သန်၍ အလုပ်လုပ်နိုင်သည့် အကြောင်းရင်းက သူ့ကြောင့်ပင်။
သူသည် လေးစားမှုနှင့် ထိုက်တန်သော အဘိုးအို၊ အောက်မေ့တမ်းတရန် ထိုက်တန်သော အဘိုးအိုတစ်ယောက် ဖြစ်ပေသည်။
ထို့ကြောင့် အစောပိုင်းက ဆရာချင်ကဲ့သို့ပင် နတ်ဆေးဆရာဝိုင်က ထိုအဘိုးအိုကို အရင်ဆုံး ကုသခြင်းအပေါ် ဘယ်သူမှ ကန့်ကွက်ခြင်း မရှိချေ။ ထိုအစား သူတို့သည် စောင့်ကြည့်၍ ဆုတောင်းက အားလုံး အဆင်ပြေသွားရန် မျှော်လင့်နေ၏။
ထိုအခိုက်အတန့်သည် နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လာသည်။ လူနာ အရေအတွက်သည် တိုးလာရုံသာမက တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူ အရေအတွက်သည်လည်း တိုးပွားလာသည်။
နှစ်နာရီ ကြာပြီးနောက် ခွဲခန်းတံခါး ပွင့်လာပြီး ယခင်ကဲ့သို့ပင် ခွဲစိတ်မှုက အောင်မြင်စွာ ပြီးဆုံးသွားသည်။
“ငါ သိနေတယ်၊ နတ်ဆေးဆရာဝိုင် မကုနိုင်တဲ့ ရောဂါဆိုတာ ရှိသေးရဲ့လား”
“အံ့ဩဖို့ ကောင်းလိုက်တာ၊ သူက တကယ် မိုက်တာပဲ၊ ငါ့တစ်သက်လုံး ဘယ်သူ့ကိုမှ ဒီလောက် မလေးစားဖူးဘူး”
“ဟင့်ဟင့် … ငါတို့နိုင်ငံက ဒီလောက် အံ့ဩဖို့ကောင်းတဲ့လူကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ ငါ ငိုမိတော့မယ်”
“အဘိုးအိုကို ခွဲခန်းထဲကနေ ပြန်ထုတ်လာတုန်းက ငါလဲ ငိုမိတယ်၊ သူ့အကြောင်းတွေ နားထောင်ပြီး ငါ ကြီးလာခဲ့တာ၊ သူက ငါ့အတွက် အမျိုးလိုပဲ၊ ငါ့အဘိုးလိုပဲ”
“ငါတို့နိုင်ငံရဲ့ သမိုင်းမှာ နတ်ဆေးဆရာဝိုင်ဆိုတဲ့ နောက်နာမည်တစ်ခုက တစ်သက်လုံး စွဲထင်နေတော့မယ် ဆိုတာကို ငါ သိလိုက်ပြီ”
…
လူတိုင်း ပြောဆိုနေစဉ်မှာပင် ရဲ့လင်းချန်သည် ခွဲခန်းထဲမှ ထွက်လာ၏။ အားလုံး၏ စိတ်အားထက်သန်နေသော အကြည့်အောက်၌ သူက ရှေ့သို့ လှမ်းလိုက်သည်။
ထို့နောက် သူသည် ခပ်လှမ်းလှမ်းမှ သတင်းထောက်တစ်ဖွဲ့အား လက်လှမ်းပြလိုက်သည်။
မြို့တော်ရှိ အဓိက ရုပ်သံဌာနများအားလုံးမှ သတင်းထောက်များ ရှိနေသည်။ သူတို့သည် ဆေးရုံသို့ လာပြီး တစ်နေ့လုံး စောင့်ဆိုင်းခဲ့သည်။ ရဲ့လင်းချန်က သူတို့အား ခေါ်နေသည်ကို မြင်ပြီးနောက် အံ့ဩသွားပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ ထို့နောက် သတိဝင်လာသည့် သတင်းထောက်များက ချက်ချင်း လျင်မြန်စွာ တုံ့ပြန်လာပြီး စိတ်အားထက်သန်သော အကြည့်များဖြင့် သူ့ထံ အသည်းအသန် ပြေးသွားကြလေသည်။
သတင်းထောက်များသည် နတ်ဆေးဆရာဝိုင်အား အင်တာဗျူးချင်ကြသော်လည်း စစ်သည်တော်ဌာနက အပြည့်အဝ ပြင်ဆင်ထားသဖြင့် သူတို့ မထီမဲ့မြင် မပြုမူရဲကြချေ။ သူတို့သည် အလွန် နီးကပ်နေမှာကိုပင် ကြောက်နေကြသည်။ သို့သော် နတ်ဆေးဆရာဝိုင်က သူတို့ကို လှမ်းခေါ်နေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားမှု ကိုသာ ခံစားလိုက်ရသည်။
“နတ်ဆေးဆရာဝိုင်၊ မင်းရဲ့ ဆေးပညာကို ဘယ်သူ့ဆီကနေ သင်ခဲ့တာလဲ”
“နတ်ဆေးဆရာဝိုင်၊ မင်း ကမ္ဘာပေါ်က ရောဂါအားလုံးကို ကုနိုင်လား”
“နတ်ဆေးဆရာဝိုင်၊ မင်းရဲ့ Mask ကို ချွတ်ပေးနိုင်မလား၊ လူတွေက မင်းရဲ့ မျက်နှာကို မြင်ချင်နေကြမှာ”
“နတ်ဆေးဆရာဝိုင်၊ မင်း ဒီကုသမှုအတွက် ဘယ်လောက် ကြာကြာ ပြင်ဆင်ခဲ့လဲ၊ မင်း လူဘယ်နှစ်ယောက် ကယ်မှာလဲ”
သူတို့ရင်ထဲ၌ မေးခွန်းပေါင်းများစွာ ရှိနေပြီး တစ်ခုပြီးတစ်ခုကို တရစပ် ထုတ်မေးကြသည်။ သို့သော် ဘယ်သူကမှ အရှက်ရစေမည့် မေးခွန်းကို မမေးကြချေ။ သို့မဟုတ်ပါက မေးခွန်းထုတ်သူကိုယ်တိုင် အရှက်ရသွားပေလိမ့်မည်။
ထိုစဉ် ငယ်ရွယ်လှပသော အမျိုးသမီး သတင်းထောက်က မေးလာသည်။
“နတ်ဆေးဆရာဝိုင်၊ ကမ္ဘာပေါ်မှာ လူနာတွေက အများကြီး ရှိတာ၊ ပြီးတော့ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ကုသဖို့ ဆိုတာက မဖြစ်နိုင်ဘူး၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ရှင် ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ”
“စင်ပေါ် တက်လာခဲ့ပါ”
ရဲ့လင်းချန်က ထိုအမျိုးသမီး သတင်းထောက်ကို လက်ညှိုးထိုးလိုက်သည်။
“အာ … ကျွန်မ …”
အမျိုးသမီး သတင်းထောက်သည် တစ်ခဏမျှ အံ့ဩသွားပြီး ရဲ့လင်းချန်အား ကြောင်တောင်တောင် ကြည့်နေသည်။
သူမသည် မကြာသေးခင်ကမှ တက္ကသိုလ်က ဘွဲ့ရပြီး သူမ၏ အလုပ်သင်ကာလကို ဖြတ်ကျော်နေဆဲ ဖြစ်သည်။ ဤသို့သော အခြေအနေနှင့် ရုတ်တရက် ကြုံတွေ့ရသောအခါ သူမ ဝမ်းသာသွားသည်။ သူမဘေးမှ သတင်းထောက်များကလည်း သူမကို အားကျဟန်ဖြင့် ကြည့်နေသည်။
ဤသို့သော အခွင့်အရေးက အလွန် ကောင်းသော အခွင့်အရေးပင်။ မသိလျင် ကံကောင်းသော ကလေး တစ်ယောက်ကို ရွေးလိုက်သလိုပင်။
လူဆယ်ချီ သို့မဟုတ် နိုင်ငံတစ်ဝှမ်းမှ သန်းရာချီသော လူများက ဤကိစ္စကို စိတ်ဝင်စားနေကြသည်။ အကယ်၍ သူမသာ စင်ပေါ်၌ ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ပါက အမြဲတမ်းဝန်ထမ်း ဖြစ်နိုင်သည့်အပြင် အကောင်းဆုံး သတင်းထောက်ဆုပင် ရနိုင်လောက်သည်။
“အိုး … ကျွန်မ … ကျွန်မ …”
မိန်းမပျိုလေးသည် စင်ပေါ်သို့ အူကြောင်ကြောင်နှင့် တက်လာပြီး စိတ်လှုပ်ရှားမှုကြောင့် စကားထစ်နေသည်။ သူမစိတ်ကို လျင်မြန်စွာ ထိန်းနိုင်ပြီး မေးခွန်းကို ထပ်မေးနိုင်၍ ကံကောင်းသွားသည်။
“နတ်ဆေးဆရာဝိုင်၊ ကမ္ဘာပေါ်မှာ လူနာတွေက အများကြီး ရှိတာ၊ ပြီးတော့ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ကုသဖို့ ဆိုတာက မဖြစ်နိုင်ဘူး၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ရှင် ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ”
“ဒါ သိပ်ကောင်းတဲ့ မေးခွန်းပဲ”
ရဲ့လင်းချန်က မိုက်ခရိုဖုန်းကို ယူလိုက်သည်။
“ကျွန်တော် ဒီမှာ ရပ်နေရတဲ့ အကြောင်းရင်းက ဒီမေးခွန်းကြောင့်ပါပဲ၊ ကျွန်တော် ပြောမယ့် စကားက ဒီက လူတိုင်းနဲ့ ပတ်သက်ပါတယ်”
သူ၏ အံ့ဩစရာကောင်းသော တဲ့တိုးဆန်သည့် အဖွင့်စကားက လူတိုင်းကို အံ့အားသင့်သွားစေသည်။ သူတို့ နားကို စွင့်၍ ဂရုတစိုက် နားထောင်နေကြသည်။ သူတို့ စိတ်ဝင်စား၍တင်မကဘဲ လက်ရှိ ပြဿနာနှင့် ပတ်သက်၍ စိုးရိမ်ကြသောကြောင့် ဖြစ်လေသည်။
တီဗွီရှေ့မှသူများ၊ အထူးသဖြင့် ခုတင်ပေါ် လဲနေသည့် လူများနှင့် သူတို့၏ မိသားစုဝင်များသည်လည်း ပါးစပ်ကို လက်ဖြင့် မအုပ်ထားဘဲ မနေနိုင်အောင် ဖြစ်နေသည်။ သူတို့၏ အကြည့်၌ စိုးရိမ်မှုနှင့် မျှော်လင့်မှုတို့ ပြည့်နှက် နေ၏။
ရဲ့လင်းချန် ပြောလာမည့်စကားက သူတို့၏ ကံကြမ္မာကို ကြေညာလိုက်သည်နှင့် အတူတူပင်။
“ကမ္ဘာပေါ်က လူနာတိုင်းကို ကျွန်တော့်ဘာသာ မကယ်နိုင်ဘူးဆိုတာ သိသာပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဆေး ထုတ်လုပ်နိုင်ပါတယ်၊ ကျွန်တော် ရောဂါမျိုးစုံအတွက် ဆေးဝါးတွေ ထုတ်လုပ်သွားမှာပါ၊ အချိန်ကျလာရင် ခင်ဗျားတို့အားလုံး ဆေးကို သောက်ဖို့ပဲ လိုပါတယ်၊ ဒီလိုဆိုရင် ရောဂါကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်၊ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ကုသပေးဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး”
ထိုစကားက လူတိုင်းကို ခေါင်းနားပန်းကြီးသွားစေပြီး အံ့ဩကာ ကြက်သေ သေသွားစေသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူညံပွက်လောရိုက်လာ၏။
“ဝိုး … နတ်ဆေးဆရာဝိုင်၊ မင်း တကယ် ပြောနေတာလား၊ ငါ … ငါ … ငါ ငိုမိတော့မယ်”
“နောက်ဆိုရင် ဒီရောဂါအားလုံးကို ကုနိုင်မယ့် ဆေးတွေ ရှိလာလိမ့်မယ်၊ အဲ့ဒါတွေက အသက်ကယ်နိုင်လိမ့်မယ်၊ အဲ့ဒါက လူ့အသက်ကို ကယ်နိုင်မှာပဲ”
“ဟူးဟူးဟူး … ငါ့ကျေးဇူးရှင်၊ သူက အသက်သခင် ကျေးဇူးရှင်ပဲ၊ နတ်ဆေးဆရာဝိုင် အသက်ရှည်ပါစေဗျာ”
“ကျေးဇူး အများကြီး တင်ပါတယ်၊ ကျေးဇူး အများကြီး အများကြီး တင်ပါတယ်၊ ငါ … ငါ နတ်ဆေးဆရာဝိုင်အပေါ် လေးစားတာကို ဘယ်လို ဖော်ပြရမလဲ မသိတော့ဘူး”
“နတ်ဆေးဆရာဝိုင်၊ ငါ အခု တိုက်ရိုက် ထုတ်လွှင့်မှုရှေ့မှာ ဒူးထောက်နေတာ၊ ငါ တကယ် ဒူးထောက်နေတာပါ”
ကိုယ်တိုင် မြင်နေရသည့် လူများဖြစ်စေ တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်နေသည့်သူများ ဖြစ်စေ၊ အားလုံး အံ့ဩကာ မြေကြီးပေါ် လူးလိမ့်ငိုယိုနေကြသည်။ အခြားသူများက ဒူးထောက်၍ ကျေးဇူးတင် ဆုတောင်းနေ၏။
“ဒီဆေးတွေကို ရှင် ထုတ်လုပ်မှာလားလို့ မေးပါရစေ၊ လေပူလက္ခဏာ တုပ်ကွေးရောဂါတုန်းကလိုမျိုးလား”
အမျိုးသမီး သတင်းထောက်က မှန်ကန်သော မေးခွန်းကို မေးလာပြီး တောက်ပသော မျက်လုံးများဖြင့် ရဲ့လင်းချန်အား တလေးတစား ကြည့်နေသည်။
“အမှန်ပဲ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ရှင် ဈေးကို ဘယ်လို သတ်မှတ်မှာလဲ၊ တကယ်တော့ … ဟို … ကျွန်မ ပြောချင်တာက ဒီအသက်ကယ်ဆေးတွေက ဈေးကြီးနေရင်တောင်မှ လူတိုင်းက ဈေးကို လက်ခံနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
…