တစ်ခုမှမလျော့နဲ့
Vol. 43 Ch. 639
သူသည် လွတ်လပ်မှုပြန်ရသည်မှာ သိပ်မကြာသေးသော်လည်း နယ်ရုပ်တစ်ယောက်နှင့် မည်သို့တွေ့ဆုံခဲ့ကြောင်း တွေးမိသောအခါ ခေါင်းကြီးသည် စိတ်သောကရောက်ပြီး ခံပြင်းဒေါသထွက်လာသည်။
အကယ်၍ တစ်ဖက်လူက သာမန်နယ်ရုပ်တစ်ယောက်ဆိုလျှင် သူ့ကို လိမ်လည်လှည့်ဖြား၍ ရပေဦးမည်။ သို့သော်လည်း ရွှီချင်းနှင့် ရင်ဆိုင်ရသည့်အခါ သူသည် မည်သို့မှမခုခံဝံ့ဘဲ အစွမ်းကုန်သုံး၍ ထွက်ပြေးရုံသာ တတ်နိုင်ပေသည်။
သူသည် ရွှီချင်း၏ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့ဖြစ်၍ ရွှီချင်းသည် မည်မျှအကြင်နာမဲ့ပြီး ရက်စက်ကြောင်း သူသိသည်။ တခြားအရာများကို ထည့်မပြောလျှင်ပင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအခွင့်အာဏာ၏ အားလှိုင်းအတတ်အကျများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သူ့မှာ ဝါးမျိုနိုင်သော အရိပ်လေးလည်း ရှိသေး၏။
ထို့အပြင် ရွှီချင်းသည် နိုးလာသည့်အခါတိုင်း သူ့ကို သေသည့်အထိ တတ်နင်းလိမ့်မည်။ သူသည် ထိုအဖြစ်ဆိုးကို အကြိမ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်နောက် ယင်းနှင့် နေသားကျမလာသည့်အပြင် ရွှီချင်းကို ကြောက်သည့်စိတ်က သူ၏ နှလုံးသားထဲမှာ အမြစ်တွယ်လာခဲ့သည်။
ခေါင်းကြီးသည် ပို၍မြန်မြန် ထွက်ပြေးသည်။ သူ၏ အရှေ့မှ ကျောက်တုံးခြင်္သေ့သည်လည်း ထို့အတူပင်။
ရွှီချင်းသည် မနှေးလွန်းမမြန်လွန်း ရွေ့လျားနေလျက် ထွက်ပြေးနေကြသော ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့ကို အေးစက်စွာ ကြည့်လိုက်သည်။ (ဃ၁၃၂)၏ လွှမ်းမိုးမှုပျောက်ကွယ်သွားသည့်အခါ (ဃ၁၃၂)၏ မှတ်ဉာဏ်အများအပြားသည် ဤအတောအတွင်း သူ၏ စိတ်ထဲမှာ ထင်ပေါ်လာသည်။
အဘယ့်ကြောင့် သူသည် ဝါးခြမ်းပြားကို အချိန်တိုင်း ခြေမွဖျက်ဆီးခဲ့ရကြောင်းကိုလည်း မှတ်မိသည်။
(ဃ၁၃၂)မှ သူယူဆောင်ခဲ့သော ဝါးခြမ်းပြားများသည် ထူးခြားလာသည်မှာ ကြာလှချေ၏။ သူတို့သည် မေ့လျော့ကမ္မစွမ်းအားနှင့် ပြည့်နှက်နေစဉ် နတ်ဘုရား၏ စွမ်းအားကို စုဆောင်းခဲ့ကြသည်။
သူတို့သည် အကြိမ်ကြိမ်အခါခါ စုပုံများပြားလာသည်နှင့် သူတို့၏ အနှစ်သာရသည် လုံးဝပြောင်းလဲသွားလိမ့်မည်။
“ ဒါကြောင့် ငါနိုးလာတဲ့အခါတိုင်း အဲ့ဒါကိုတွေးမိပြီး (ဃ၁၃၂)ရဲ့ စွမ်းအားကို တုနှိုင်းမဲ့ရတနာတစ်ခုဖန်တီးဖို့ အသုံးပြုချင်ခဲ့တာဖြစ်ရမယ် ”
ရွှီချင်းသည် အတွေးနက်သွားသည်နှင့် ငရဲဝိညာဉ်သွေးအတောင်ပံက သူ၏ ကျောနောက်မှာ ထွက်ပေါ်လာသည်။ အတောင်ပံ တစ်ချက်ခတ်လိုက်သည်နှင့် သူ၏ အလျင်သည် ပေါက်ကွဲထွက်လာပြီး ပေထောင်ပေါင်းများစွာသို့ တစ်ခဏအတွင်း ရောက်ရှိသွားကာ ခေါင်းကြီး၏ ဘေးတွင် ထွက်ပေါ်လာသည်။
ရွှီချင်း၏ အလျင်သည် အလွန်မြန်ဆန်သောကြောင့် ခေါင်းကြီးသည် သူ့အနားကို ဝေဝါးသော ပုံရိပ်တစ်ခု ရောက်လာသည်ဟုသာ မြင်မိသည်။ ရွှီချင်းက ခြေထောက်အား မြှောက်တင်လိုက်သည်ကိုမြင်သောအခါ ခေါင်းကြီးသည် ချက်ချင်း ကြောက်လန့်တကြား အော်လိုက်သည်။
“ အား… ထပ်လုပ်ပြန်ပြီ ”
ခေါင်းကြီးသည် ဝမ်းနည်းဖွယ်ကောင်းစွာ အော်ငိုလိုက်ပြီး မသိစိတ်မှ အလိုအလျောက် မျက်စိမှိတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဘန်းဟူသော ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာသည်။
ရွှီချင်းသည် ညာခြေထောက်ကို မြှောက်တင်လိုက်ပြီး ခေါင်းကြီးကို ဆောင့်နင်းချလိုက်သည်။ ထို့နောက် သူသည် အဝေးမှ ကျောက်တုံးခြင်္သေ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီကိုလာခဲ့ ”
အဝေးမှ ကျောက်တုံးခြင်္သေ့သည် ရပ်တန့်သွားပြီး အပြင်းအထန် တုန်လှုပ်လာသည်။ ၎င်းသည် ဆက်လက်ထွက်ပြေးချင်သော်လည်း ထိုသို့လုပ်ရဲသောသတ္တိ မရှိချေ။ ၎င်းသည် သေသည့်အထိ မီးလောင်ကျွမ်းခံရသော အတွေ့အကြုံများစွာကို ပြန်မှတ်မိသွားသောအခါ နောက်ဆုံးမှာတော့ ရိုကျိုးသွားပြီး ရွှီချင်း၏ ဘေးသို့ အမြှီးကလေးယမ်း၍ ခုန်ဆွခုန်ဆွပြန်လာသည်။ ဘုတ်ဟူသော မြည်သံနှင့်အတူ ၎င်းသည် ဒူးထောက်လိုက်သည်။
ရွှီချင်းသည် ကျောက်တုံးခြင်္သေ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်း ပြန်ပေါ်လာသော သူ၏ မှတ်ဉာဏ်များကြောင့်ဖြစ်စေ သို့မဟုတ် ကျိုးပဲ့နေသော ထိုဝါးခြမ်းပြားများပေါ်ရှိ အတူတကွဆက်စပ်နေသော အကြောင်းအရာကြောင့်ဖြစ်စေ ယင်းတို့အားလုံးက ဤကျောက်တုံးခြင်္သေ့သည် (ဃ၁၃၂)၏ တိမ်မြူသားရဲဖြစ်ကြောင်း သူ့အား နားလည်စေသည်။
အတိအကျဆိုရလျှင် တိမ်မြူသားရဲသည် ကမ္မ၏ ဖိနှိပ်ခံထားရသော အခြေအနေမှာရှိခဲ့ပြီး ၎င်း၏ တကယ့်အသွင်အပြင်သည် ဦးခေါင်းမရှိသော ကျောက်တုံးခြင်္သေ့ဖြစ်သည်။
ထိုအကြောင်းကြောင့် ခေါင်းကြီးသည် ရွှီချင်းကို ပထမဆုံးအကြိမ် မြင်ခဲ့စဉ်အခါက သူ့ကို ကျောက်တုံးခြင်္သေ့၏ ဘေးသို့ ပို့ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သူက ကျောက်တုံးခြင်္သေ့၏ ဦးခေါင်းဖြစ်ချင်သောကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ခြေဖဝါးအောက်မှ အသွေးအသားပုံသည် အလျှင်အမြန် ပြန်ပေါင်းစည်းသွားသည်။ သိပ်မကြာမီ ခေါင်းကြီးသည် အကောင်းတိုင်းပြန်ဖြစ်သွားသည်။ သူသည် ပြန်လည်ပေါင်းစည်းပြီးသည်နှင့် မြန်မြန်အော်ပြောသည်။
“ အရှင်အစောင့်အကြပ်… ငါ…. ”
ရွှီချင်းသည် နောက်တစ်ကြိမ် ဆောင့်နင်းချလိုက်သည်။
ဘန်းဟူသော မြည်သံနှင့်အတူ ခေါင်းကြီးသည် ကွဲထွက်သွားသည်။
ကျောက်တုံးခြင်္သေ့၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ၎င်း၏ အမြှီးကို ပို၍မြန်မြန် ခါယမ်းလိုက်သည်။
“ သွားပြီ သွားပြီ… (ဃ၁၃၂)ရဲ့ မေ့လျော့အစွမ်းမရှိရင် ငါတော့… ”
“ ဘန်း ”
ခေါင်းကြီးသည် ထပ်မံကွဲထွက်သွားသည်။
ထိုသို့ဖြင့် အချိန်တစ်နာရီ ကုန်ဆုံးသွားသည်။ ဆယ့်ခုနစ်ကြိမ် ဆယ့်ရှစ်ကြိမ်မျှ ဆောင့်နင်းချပြီးနောက် ရွှီချင်းသည် ထွက်ခွာသွားသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် ခြေကြင်မလျှောက်ခဲ့ပေ။ ယင်းအစား ဦးခေါင်းမဲ့ ကျောက်တုံးခြင်္သေ့ပေါ်တွင် စီးနင်းလိုက်သည်။ ခေါင်းကြီးသည်မူ ကျောက်တုံးခြင်္သေ့၏ အမြှီးတွင် ချည်နှောင်ခံထားရသည်။
ကျောက်တုံးခြင်္သေ့ အရှေ့သို့ ရွေ့လျားသွားသည်နှင့် ၎င်း၏ နောက်ခြေထောက်နှစ်ချောင်းသည် ခေါင်းကြီးကို ကန်မိနေလိမ့်မည်။ ခေါင်းကြီးသည် စိတ်သောကရောက်ပြီး ဒေါသအလိပ်လိပ်ထွက်လာသည်။ သို့သော်လည်း သူသည် ရွှီချင်းအပေါ် ဒေါသမထွက်ဝံ့ချေ။ သို့ကြောင့် သူက ကျောက်တုံးခြင်္သေ့ကိုသာ ဆက်လက်ကျိန်ဆဲနေလေသည်။
ခေါင်းကြီး၏ ကျိန်ဆဲသံကိုကြားသောအခါ ကျောက်တုံးခြင်္သေ့သည် အမြှီးကို ခပ်ကြမ်းကြမ်းယမ်းလိုက်ပြီး ၎င်း၏ နောက်ခြေထောက်များဖြင့် ပိုပြီးအကြင်နာမဲ့စွာ ကန်လိုက်သည်။
အစကတော့ ရွှီချင်းသည် (ဃ၁၃၂)မှ ထိုရာဇဝတ်သားနှစ်ကောင်ကို သတ်ပစ်ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း (ဃ၁၃၂)ရာဇဝတ်သားများသည် နတ်ဘုရား၏ လက်ချောင်းနှင့်အတူ အချိန်အတော်ကြာ အကျဉ်းချခံထားရကြောင်း သိသာရှင်းလင်းသည်။ ထိုလွှမ်းမိုးမှုအောက်မှာ သူတို့သည် ထူးဆန်းသော အပြောင်းအလဲတချို့ သို့မဟုတ် ထူးခြားသော ကျိန်စာတစ်ခုကို ပိုင်ဆိုင်ထားကြပြီး ဖြစ်၏။ ထိုအတွက် ပေးဆပ်မှုသည် မသိရသေးချေ။
ထိုကျိန်စာက သူတို့သေဆုံးသည့်အခါတိုင်း အလျှင်အမြန် ပြန်ရှင်လာအောင် ပြုလုပ်ပေးလိမ့်မည်။
အတိတ်တုန်းက (ဃ၁၃၂)မှာလည်း ထို့အတူဖြစ်ကြောင်း ရွှီချင်း မှတ်မိသည်။
သူသည် သူတို့ကိုမသတ်နိုင်သလို လွှတ်ပေးရန်လည်း ခွင့်မပြုနိုင်သောကြောင့် သူတို့ကို သူနှင့်အတူ ခေါ်ဆောင်သွားမည် ဖြစ်၏။
သို့သော်လည်း ဤမြင်ကွင်းသည် အတော်ထူးဆန်းပေသည်။
ဦးခေါင်းမဲ့ ကျောက်တုံးခြင်္သေ့သည် မြန်ဆန်စွာ ပြေးနေပြီး ၎င်း၏ နောက်ခြေထောက်များသည် အပြင်းအထန် ကန်ကျောက်နေသည်။ ၎င်း၏ အမြှီးတွင် ချည်နှောင်ခံထားရသော ခေါင်းကြီးသည် အော်ဟစ်ညည်းညူလျက် အဆက်မပြတ် ကျိန်ဆဲနေသည်။ ရွှီချင်းသည်မူ ကျောက်တုံးခြင်္သေ့၏ ကျောပေါ်တွင် အမူအရာကင်းမဲ့စွာ ထိုင်နေသည်။ ရံဖန်ရံခါ သူသည် ဦးတည်ရာတစ်ခုသို့ ညွှန်ပြပြီး ကျောက်တုံးခြင်္သေ့ကို ထိုဦးတည်ရာသို့ ပြေးခိုင်းလိမ့်မည်။
ထိုသို့ဖြင့် နေဝင်ချိန်ရောက်ခါနီးတွင် ရွှီချင်းသည် ကျောက်ရှာပြည်နယ်ကို တဖြည်းဖြည်း မြင်ရလာသည်။
“ ကျောက်ရှာပြည်နယ်လား ”
မျက်နှာဖူးရောင်နေသော ခေါင်းကြီးသည် ကျောက်တုံးခြင်္သေ့၏ ခြေထောက်မှ သူကိုက်ငုံထားသော ကျောက်ခဲတစ်တုံးကို ထွေးထုတ်ပစ်လိုက်သည်။ သူက ကျောက်ရှာပြည်နယ်ကို မြင်သောအခါ ရုတ်တရက် ပြောသည်။
“ ဆရာ… ဆရာ… အစီအရင်ခံပါတယ် ”
“ ပန်းချီကားမျိုးနွယ်အဖိုးအိုက ကျောက်ရှာပြည်နယ်ထဲမှာ ရှိပါတယ်… သူတင်မကဘူး ငါတို့(ဃ၁၃၂)က နတ်ဘုရားလက်ချောင်းလည်း အဲ့ဒီမှာရှိပါတယ် ”
ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး အနောက်သို့လှည့်ကာ ခေါင်းကြီးကို ကြည့်လိုက်သည်။
ခေါင်းကြီးသည် ကမန်းကတန်း မျက်မှောင်ကြုတ်လိုက်ပြီး ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြောသည်။
“ အဲ့ဒီရာဇဝတ်သားတွေက အရမ်းလွန်လွန်းတယ်… သူတို့က ဘာကျေးဇူးတရားမှ မသိတတ်ကြဘူး… အကျဉ်းထောင်ဌာနက ငါတို့အပေါ် ဒီလောက်ကောင်းခဲ့တဲ့ဟာကို… သူတို့က စားစရာနဲ့ သောက်စရာတွေပေးတဲ့အပြင် နေစရာနေရာတောင် ပေးတယ်… ပရမ်းပတာဖြစ်နေတဲ့ ဒီလောကကြီးထဲမှာ ဒီလိုအေးဆေးတဲ့နေရာမျိုးကို ငါတို့ဘယ်မှာ သွားရှာလို့ရပါ့မလဲ… ဒါပေမဲ့ သူတို့က တကယ်ကြီး အကျဉ်းထောင်ကို ချိုးဖောက်ခဲ့ကြတယ် ”
“ ဆရာ… တကယ်တော့လေ ငါအပြင်ရောက်တဲ့အခါ အကျဉ်းထောင်ဌာနမှာ နေခဲ့ရတဲ့ဘဝကို အရမ်းပဲလွမ်းတယ်… ငါပြန်သတိရမိတဲ့အခါတိုင်း သက်ပြင်းချမိတယ်… ငါ အဲ့ဒါကို အရမ်းလွမ်းတယ်… ဒါကြောင့် ကျေးဇူးသိတတ်တဲ့ ငါခေါင်းကြီးက အဲ့ဒီရာဇဝတ်သားတွေကို အစီအရင်ခံရမယ် ”
“ ဆရာ… အမှန်တော့လေ အဲ့ဒါ ပန်းချီကားမျိုးနွယ်အဖိုးအိုပဲ… သူက ထွက်ပြေးဖို့ ဦးဆောင်ခဲ့တဲ့လူ ”
ယင်းကို ရွှီချင်းကြားသည့်အခါ သူက အတွေးနက်သွားပြီး ကျောက်ရှာပြည်နယ်သို့ ကြည့်လိုက်သည်။
ရုံးတော်သခင်၏ သံတော်ဆင့်အနေဖြင့် သူသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၏ သတင်းအချက်လက်ကို ထိန်းချုပ်ထားရုံသာမက ထိုနေ့က အကျဉ်းထောင်ဌာန ပြိုလဲပျက်စီးသွားခြင်းနှင့်ပတ်သက်ပြီး အတော်များများ သိထားပေသည်။
အကျဉ်းထောင်ဌာန ပြိုလဲပျက်စီးသွားရခြင်းသည် ဌာနမှ ဖိနှိပ်စွမ်းအား ရုတ်တရက် လွင့်ပြယ်သွားသောကြောင့် ဖြစ်သည်။ ထို့နောက် အကျဉ်းထောင်ဌာနထဲမှ နတ်ဘုရား၏ ကိုယ်ပွားသည် မှတ်ဉာဏ်များ ပြန်နိုးထလာပြီး အပိုင်းပိုင်းအစစ ပြိုကွဲနေသော အခြေအနေမှ အတူတကွ ပြန်လည်ပေါင်းစည်းရန် ကြိုးစားခဲ့သည်။
ကံကောင်းသည်မှာ ထိုအချိန်တွင် ရုံးတော်သခင်က အကျဉ်းထောင်ဌာနကို စောင့်ကြပ်နေခဲ့သည်။ သူ၏ နှောင့်ယှက်မှုနှင့်အတူ ဓားကိုင်ရုံးတော်၏ စီမံခန့်ခွဲရေးမှူးများနှင့် လက်ထောက်ရုံးတော်သခင်များ၏ အကူအညီပေးမှုကြောင့် ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာကို အသုံးပြုပြီးနောက် နတ်ဘုရားကိုယ်ပွား၏ နိုးထလာသော ဦးနှောက်အစိတ်အပိုင်းနှင့် သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းအများစုကို ပြန်လည်ချိပ်ပိတ်နိုင်ခဲ့သည်။
သို့သော်လည်း ထိုအတောအတွင်း ဒေသအကြီးအကဲသေဆုံးမှုနှင့် အကျဉ်းထောင်ဌာန ပေါက်ကွဲသွားမှုကြောင့် ဒေသငယ်တစ်ခုလုံးသည် ပရမ်းပတာဖြစ်နေခဲ့သည်။ သို့ကြောင့် အကျဉ်းသားအများအပြားသည် ထိုအခြအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားကြသည်။ ထိုအထဲမှာ နတ်ဘုရားကိုယ်ပွား၏ သေးငယ်သော အစိတ်အပိုင်းတချို့လည်း ပါဝင်သည်။
အခြေအနေကို သေချာစာရင်းပြုစုပြီးနောက် လက်ချောင်းနှစ်ချောင်းနှင့် မျက်လုံးတစ်လုံး ပျောက်သွားခဲ့သည်။ သို့သော်လည်း ထိုအစိတ်အပိုင်းများသည် တန်ဖိုးကြီးမားစွာ ပေးဆပ်ခဲ့ရပြီး ထွက်ပြေးသွားကြစဉ် အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြသည်။
အကျဉ်းသားပြန်လည်ဖမ်းဆီးမည့် ဆယ်ရက်တာ စစ်ဆင်ရေးအတွင်း ဓားကိုင်များသည် လက်ချောင်းတစ်ချောင်းကို ရှာတွေ့ခဲ့ကြပြီး ယင်းကို လက်ထောက်ရုံးတော်သခင်နှစ်ဦး၏ အကူအညီဖြင့် ပြန်ဖမ်းနိုင်ခဲ့သည်။
ကျန်ရှိနေသော လက်ချောင်းတစ်ချောင်း မျက်လုံးတစ်လုံးနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ မရခဲ့ပေ။ မည်သည့်နေရာမှာ သူတို့ပုန်းကွယ်နေကြောင်း မသိရချေ။ အမှန်တော့ အကယ်၍ စစ်ဆင်ရေးသာ ဆယ်ရက်ထက် အချိန်ပိုကြာမည်ဆိုလျှင် သူတို့ကို ရှာတွေ့နိုင်လိမ့်မည်။ သို့သော်လည်း စစ်ပွဲအန္တရာယ်ကြောင့် ဓားကိုင်များကို ထိုမျှအချိန် မပေးနိုင်ချေ။
အကယ်၍ ခေါင်းကြီး၏ ပြောစကားသာ အမှန်ဆိုလျှင် (ဃ၁၃၂)၏ လက်ချောင်းသည် ကျောက်ရှာပြည်နယ်တွင် ပုန်းကွယ်နေခြင်းဖြစ်ရမည်။
ရွှီချင်းအတွေးနက်နေစဉ် ခေါင်းကြီးသည် ပီတိဖြစ်စွာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ အကယ်၍ ရွှီချင်းက အဖိုးအိုကို သွားရှာမည်ဆိုလျှင် ရွှီချင်းက အဖိုးအို၏ သတ်ဖြတ်ခြင်းခံရမည်ဖြစ်စေ သို့မဟုတ် အဖိုးအိုက ရွှီချင်း၏ ဖမ်းဆီးခြင်းခံရမည်ဖြစ်စေ တစ်ခုခုတော့ သေချာပေါက်ဖြစ်လာလိမ့်မည်။ ပထမတစ်ခုဆိုလျှင် သူသည် လွတ်လပ်ခွင့်ပြန်ရမည်ဖြစ်ပြီး ဒုတိယတစ်ခုဆိုလျှင် (ဃ၁၃၂)၏ အကျဉ်းသားအများစုသည် ပြန်လည်ပေါင်းစည်းသွားကြလိမ့်မည်။
သူက အဖမ်းခံထားရပြီး (ဃ၁၃၂)၏ တခြားအကျဉ်းသားများက အပြင်မှာ လွတ်လပ်စွာရှိနေကြကြောင်း ခေါင်းကြီး စဉ်းစားမိသောအခါ စိတ်ထိခိုက်သွားသည်။ အကျဉ်းသားအပေါင်းအဖော်များသည် အတူတကွ ဖမ်းချုပ်ခံရသင့်သည်ဟု သူတွေးမိသည်။
ထိုသို့အတွေးရလာသောအခါ ခေါင်းကြီးသည် အလျှင်အမြန် ဆက်ပြောသည်။
“ အရှင်… အဲ့ဒီနေ့က အကျဉ်းထောင်ဌာန ပေါက်ကွဲပြီးတဲ့နောက် ပန်းချီကားအဖိုးအိုက နတ်ဘုရားလက်ချောင်းနဲ့ လွတ်မြောက်သွားခဲ့တယ်… ”
ရွှီချင်းသည် ခေါင်းကြီးကို အေးစက်စက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အလိမ်အညာတွေ နားထောင်ရတာကို ငါမကြိုက်ဘူး ”
ခေါင်းကြီးသည် ခေါင်းခါလိုက်ပြီး လေသံကို ချက်ချင်း ပြောင်းလိုက်သည်။
“ အဲ့ဒါ နတ်ဘုရားလက်ချောင်းပါ… သူ့မှာ ကိုယ်ပိုင်အသိစိတ်ရှိတာ လုံးဝသေချာတယ်… အဲ့ဒီအချိန်တုန်းက ကိုယ်ပွားက တခြားအစိတ်အပိုင်းတွေကို ဆင့်ခေါ်နေတာကို အဲ့ဒါက မတုံ့ပြန်ခဲ့ဘူး… အဲ့ဒီအစား ပန်းချီကားအဖိုးအိုနဲ့ လွတ်မြောက်သွားခဲ့တယ်… ငါနဲ့ ခြင်္သေ့က ရွေးချယ်စရာမရှိဘဲ သူတို့နောက်ကို လိုက်သွားခဲ့ကြရတယ် ”
“ ဟုတ်တယ်… လမ်းမှာ အဖိုးအိုနဲ့ လက်ချောင်းတို့ ပြောဆိုနေတာကို ငါကြားခဲ့တယ်… ကြည့်ရတာ လက်ချောင်းက အဖိုးအိုကို သူ့အတွက် ခန္ဓာကိုယ်တစ်ခု ပန်းချီဆွဲခိုင်းချင်တာဖြစ်မယ် ”
“ ဒါပေမဲ့ အဲ့ဒါက နတ်ဘုရားတစ်ပါးမလား ငါတို့နဲ့ခြားနားတယ်… ဒါကြောင့် ပန်းချီဆွဲဖို့ ထူးခြားတဲ့ ဆေးရည်တချို့ လိုအပ်တယ်လို့ အဖိုးအိုက ပြောတယ်… ဒါကြောင့် သူတို့က ကျောက်ရှာပြည်နယ်ကိုလာပြီး ဒီနေရာမှာ ကြွေကျထားတဲ့ နေအကြွင်းအကျန်တွေကို လာရှာတာပဲ… အဖိုးအိုက အဲ့ဒီအကြွင်းအကျန်တွေကို ဆေးရည်အတွက် အသုံးပြုချင်တာ ”
ဤတစ်ကြိမ်မှာတော့ ခေါင်းကြီးသည် အမှန်ကို မဖုံးကွယ်ဝံ့တော့ချေ။ ရွှီချင်းသည် မည်မျှကြောက်စရာကောင်းကြောင်း သူကောင်းကောင်း သိသည်။ သူနှင့်ရင်ဆိုင်ရာတွင် အလိမ်အညာများ ထည့်မပြောသည်က အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မဟုတ်ဘဲ တစ်ဖက်လူက သူလိမ်ပြောနေသည်ဟု ခံစားမိသွားမည်ဆိုလျှင် နာကျင်ခံစားရမည့်သူက သူဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ခေါင်းကြီးသည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူသိထားသမျှအားလုံးကို အသေးစိတ် ပြောပြသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အောက်မှ ကျောက်တုံးခြင်္သေ့၏ ဇတ်ပိုးကို ပုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးခြင်္သေ့သည် မန္တန်တစ်ခုကို အလျှင်အမြန် အသုံးပြုလိုက်လေရာ လေသည် ၎င်း၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး အရှိန်ကို အဆပေါင်းများစွာ တိုးမြှင့်သွားစေကာ ကျောက်ရှာပြည်နယ်သို့ တစ်ဟုန်ထိုး ပြေးသွားသည်။
ပြည်နယ်နှင့် နီးကပ်လာသောအခါ ကျောက်ရှာပြည်နယ်၏ သတင်းအချက်အလက်သည် ရွှီချင်း၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။
ကျောက်ရှာပြည်နယ်သည် ဖုန်းဟိုင်ဒေသငယ်မှ တခြားပြည်နယ်များနှင့် ခြားနားသည်။
ဤနေရာတွင် ကုန်းမြေမရှိပေ။ အလွန်အမင်း နက်ရှိုင်းသော တွင်းကြီးတစ်ခုသာ ရှိ၏။ ထိုတွင်းကြီးသည် ကျောက်ရှာပြည်နယ်တစ်ခုလုံး၏ ကိုးဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
ဒဏ္ဍာရီထဲမှာတော့ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာချိန် နေလုံးသည် ထိုနေရာသို့ ပြုတ်ကျခဲ့ပြီး အလွန်နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုထားသည်။
သို့ကြောင့် ကျောက်ရှာပြည်နယ်တစ်ခုလုံး၏ ပုံသဏ္ဍာန်သည် အလွန်ကြီးမားသော ချောက်နက်ကြီးတစ်ခုနှင့် ဆင်တူသည်။ ထိုချောက်နက်သည် ပင်လယ်နက်တစ်ခုပမာရှိပြီး ပင်လယ်၏ မျက်နှာပြင်ထက်တွင် အပေါ်သို့ ထိုးထောင်နေသော တောင်ထွတ်များကို ရံဖန်ရံခါ အရိပ်အယောင်မျှ မြင်တွေ့ရလိမ့်မည်။
ထိုတောင်ထွတ်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် ဤချောက်နက်ပင်လယ်ထဲတွင် ရေလွှမ်းမိုးခြင်းခံထားကြရသည်။ ရေလွှမ်းမိုးမခံရသည့် ကျန်ရှိသော တောင်ထွတ်တချို့သည်သာ ကျောက်ရှာပြည်နယ်ထဲမှ မျိုးနွယ်များ၏ နေထိုင်ရာနေရာ ဖြစ်လာကြသည်။
ထိုတောင်ထွတ်များ၏ ပုံစံသည် ထူးခြားသည်။ သူတို့သည် အနက်ရောင်ဖြစ်ပြီး အထဲမှာ သလင်းကျောက်များ ရှိကြသည်။ အတိတ်တုန်းက နေလုံးပြုတ်ကျပြီးနောက် မြင့်မားသော အပူချိန်က ဤနေရာရှိ မြေကြီးကို လောင်ကျွမ်းပစ်လိုက်ပြီး ထိုသို့မြေအနေအထား ဖြစ်သွားစေခဲ့သည်ဟု ဆိုကြသည်။
ထိုအကြောင်းအရင်းကြောင့်ပင် ကျောက်ရှာပြည်နယ်သည် အပူကာကျောက်တုံးဟုခေါ်သော သတ္ထုတစ်မျိုးကို ထုတ်လုပ်ပေးနိုင်သည့် ထူးခြားသော မြေအနေအထားဖြစ်လာခဲ့သည်။
ချောက်နက်ပင်လယ်၏ တောင်ထွတ်များအကြား ကျောက်ရှာပြည်နယ်၏ အလယ်ဗဟိုတွင် ကျောက်ရှာတောင်ဟုအမည်ရသော ဧရာမတောင်ကြီးတစ်တောင် ရှိသည်။ ထိုနေရာသည် ကျောက်ရှာပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲတစ်ခု တည်ရှိရာနေရာလည်း ဖြစ်သည်။
ထို့အပြင် ကျောက်ရှာပြည်နယ်ထဲမှ နေခြည်လေသည် နယ်နိမိတ်မျဉ်းမှာထက်ပင် ပို၍အားကောင်းသည်။ အမှန်တော့ ယင်းက ထိုပြည်နယ်တွင် တစ်နှစ်ပတ်လုံး တိုက်ခတ်နေခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ကျောက်ရှာပြည်နယ်သည် တည်နေရာပြောင်းရွှေ့ရန် မဖြစ်နိုင်သော ဒေသတစ်ခုဖြစ်လာခဲ့သည်။ ပျံသန်းခြင်းကိုလည်း ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်စေသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် နှစ်ပေါင်းများစွာ ဖွင့်ဖြိုးတိုးတတ်လာပြီးနောက် အန္တရာယ်များသော ချောက်နက်ပင်လယ်ထဲတွင် ရွက်လွှင့်သွားလာနိုင်မည့် သင်္ဘောအကြီးစားတစ်မျိုးကို ဒီဇိုင်းထုတ်နိုင်ခဲ့ကြသည်။
သင်္ဘောအကြီးစားကဲ့သို့ ဓမ္မရတနာများ ပေါ်ထွက်လာမှုကြောင့် ကျောက်ရှာပြည်နယ်၏ အစွန်းဖျားတွင် ဆိပ်ကမ်းများစွာ ရှိလာကြသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် အလယ်အလတ်အရွယ်အစားရှိသော ဆိပ်ကမ်းတစ်ခုဆီသို့ လမ်းလျှောက်သွားနေခြင်း ဖြစ်သည်။ သူသည် အသွင်အပြင်နှင့် အရှိန်အဝါကို ပြောင်းလဲထားပြီး ဖြစ်သည်။ သူ၏ အေးစက်စက်အကြည့်အောက်မှာ ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည် ရိုကျိုးစွာ သူတို့၏ အသွင်အပြင်ကို ပြောင်းလဲခဲ့ကြသည်။
အဝေးမှ ဆိပ်ကမ်းသည် ချီယွဲ့ထုံဂိုဏ်းမှ ဆိပ်ကမ်းများနှင့် ပုံစံဆင်တူသည်။ မည်သို့ဖြစ်စေ ဤချောက်နက်ပင်လယ်သည် တကယ့်ပင်လယ်နှင့် သိသိသာသာ ကွာခြားခြင်းမရှိပေ။ ပင်လယ်၏ အရောင်သည်ပင် တူညီသည်။
သင်္ဘောဆိပ်ကမ်းမှ ရှည်ထွက်နေပြီး ချောက်နက်ပင်လယ်၏ အတွင်းပိုင်းထဲထိ ရောက်ရှိနေသော ရှည်လျားဖြောင့်တန်းသည့် ဆိပ်ခံတံတားများကို အဝေးမှ မြင်တွေ့ရလိမ့်မည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ ဆိပ်ကမ်းများတွင် ကမ်းကပ်ထားသော မည်သည့်လှေ မည်သည့်သင်္ဘောမှ မရှိပေ။
သို့သော်လည်း ကျင့်ကြံသူအများအပြားသည် ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေကြသည်။ ထိုကျင့်ကြံသူများတွင် လူသားမျိုးနွယ်သည် အနည်းငယ်သာရှိပြီး သူတို့ထဲမှ အများစုသည် အသွင်ပုံစံကွဲပြားသော မျိုးနွယ်ခြားများ ဖြစ်ကြသည်။
ရွှီချင်းသည် အရှေ့သို့ လျှောက်သွားနေစဉ် ဆူဆူညံညံအသံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။