← Chapters

ပျော်ရွှင်ခြင်းပန်းပွင့်

Vol. 43 Ch. 640

ပျော်ရွှင်ခြင်းပန်းပွင့်

Vol. 43 Ch. 640

လောလောဆယ်တွင် ဖုန်းဟိုင်ဒေသငယ်ထဲ၌ လူသားမျိုးနွယ်ကျင့်ကြံသူများကို ယခင်ကလောက် အလွယ်တကူ မမြင်တွေ့နိုင်တော့ပေ။ ပြည်နယ်အသီးသီး၏ ဓားကိုင်ရုံးတော်ခွဲများမှ ထုတ်ပြန်ထားသော မဖြစ်မနေစစ်မှုထမ်းရမည်ဟူသည့် အမိန့်တော်ကြောင့် သူတို့ထဲမှအများစုသည် အနောက်ဘက် စစ်မြေပြင်နှင့် မြောက်ဘက် စစ်မြေပြင်ဆီသို့ သွားရောက်ခဲ့ကြသည်။

လူသားမျိုးနွယ်ဂိုဏ်းများနှင့် အင်အားစုများသည် သူတို့၏ ဝိညာဉ်သိုက်အဆင့်နှင့် ဗလာနတ္ထိအဆင့်ကျင့်ကြံသူများကိုသာ စစ်မြေပြင်ဆီသို့ စေလွှတ်ခဲ့ခြင်းမဟုတ်ပေ။ ဂိုဏ်းအတွက် အစောင့်အကြပ်တချို့သာ ချန်ထားခဲ့ပြီးနောက် ကျန်ရှိသောလူတိုင်းသည် စစ်မြေပြင်ဆီသို့ သွားရောက်ခဲ့ကြသည်။

သို့ဖြစ်၍ ကျောက်ရှာပြည်နယ်၏ ဆိပ်ကမ်းများတွင် ရွှီချင်းတွေ့မြင်ရသော ကျင့်ကြံသူအများစုသည် မျိုးနွယ်ခြားများသာ ဖြစ်ကြသည်။

ဖုန်းဟိုင်ဒေသငယ်ထဲတွင် နေထိုင်ကြသော ထိုမျိုးနွယ်ခြားများသည် လူသားမျိုးနွယ်၏ အကာအကွယ်ပေးမှုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ရရှိခဲ့ကြသည်။

လူသားမျိုးနွယ်၏ ကာကွယ်ပေးမှုသည် အလွန်ကြီးမားသည်ဟု မဆိုနိုင်သော်လည်း သူတို့ကို ဖုန်းဟိုင်ဒေသငယ်ထဲမှ မောင်းမထုတ်ခဲ့ဘဲ အခြေချနေထိုင်နိုင်ရန် နေစရာပေးခဲ့သည်ဟူသော အချက်တစ်ခုတည်းကပင် လုံလောက်ပေ၏။

သို့သော်လည်း သူတို့၏ ပညာရှင်ကျင့်ကြံသူများကို စစ်ထဲစေလွှတ်ရန် ပြောသည့်အခါ သူတို့သည် ဖြစ်နိုင်သမျှနည်းလမ်းအမျိုးမျိုးဖြင့် ငြင်းဆန်ကြကြောင်း တွေးမိသောအခါ ရွှီချင်းသည် ခေါင်းခါလိုက်သည်။

ထိုမျိုးနွယ်ခြားများအတွက်မူ ဤစစ်ပွဲသည် သူတို့နှင့် မည်သို့မှမသက်ဆိုင်ဘူးဟု ယူဆထားကြကြောင်း သူနားလည်သည်။ သူတို့အတွက် ဖုန်းဟိုင်ဒေသငယ်ကို မည်သူအုပ်ချုပ်ပါစေ ပြဿနာမရှိချေ။

သို့ဆိုမှတော့ သူတို့က မည်သို့ကြောင့် လူသားမျိုးနွယ်ဘက်မှ အကူအညီပေးရမည်နည်း။

သူတို့၏ ရှုထောင့်မှကြည့်လျှင် ယင်းက မှားယွင်းသည်ဟု အပြည့်အဝမဆိုနိုင်သော်လည်း ရွှီချင်းသည်တော့ ထိုမျိုးနွယ်ခြားများအပေါ် သနားညှာတာနိုင်မည့် သူတော်စင်တစ်ပါးမဟုတ်ချေ။ သူ၏ ရှုထောင့်အရ ထိုမျိုးနွယ်ခြားများအပေါ် လုံးဝအကောင်းမြင်စိတ်မရှိချေ။

အထူးသဖြင့် မျိုးနွယ်ခြားများကြားတွင် မီးခိုးမျိုးနွယ်မှ အဖွဲ့ဝင်များကို သူမြင်လိုက်ရသောအခါတွင် ဖြစ်၏။

မီးခိုးမျိုးနွယ်သည် လွင်တီးခေါင်မြေမှာသာ ရှိကြသည်မဟုတ်ပေ။ ချောက်နက်ပင်လယ်ထဲတွင်လည်း မြူခိုးနှင့် မီးခိုးရှိကြသည်။ မြူခိုးရှိသော နေရာများသည် ထိုမျိုးနွယ်အတွက် အခြေချရန် အသင့်တော်ဆုံးနေရာများ ဖြစ်ကြသည်။

သူတို့၏ ခန္ဓာကိုယ်များကို မီးခိုးဖြင့် ဖွဲ့စည်းထားသောကြောင့် သူတို့ကို သေချာနားမလည်သည့်သူဆိုလျှင် သူတို့ကို အထီးအမခွဲခြားရန် သို့မဟုတ် သူတို့၏ အသွင်အပြင်ကို မြင်တွေ့ရန် အလွန်ခဲယဉ်းလိမ့်မည်။

သို့ဖြစ်၍ မီးခိုးလုံးများက ဆိပ်ကမ်းများ၏ ဘေးပတ်ဝန်းကျင်တွင် ပျံဝဲနေကြသည်ကိုသာ မြင်တွေ့ရလိမ့်မည်။ သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေကြသည့်အလား ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေကြသည်။

ထူးခြားသော အနက်ရောင် ရုပ်သေးတစ်ရုပ်လည်း သူတို့ထဲမှာ ရှိသည်။ ရုပ်သေး၏ ကိုယ်ထည်ပေါ်တွင် အက်ကြောင်းအများအပြားရှိသောကြောင့် မီးခိုးမျိုးနွယ်သည် ၎င်း၏ ကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်ပြီး ထိန်းချုပ်နိုင်ပေသည်။

လိပ်၏ ကျောကုန်းပေါ်တွင် ထိုင်နေသော ရွှီချင်းသည် ပုံမှန်အားဖြင့် မီးခိုးမျိုးနွယ်၏ အကြည့်များကို လက်ခံရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူစီးထားသော လိပ်သည် ဦးခေါင်းမရှိသည့်အပြင် ၎င်း၏ အမြှီးပေါ်မှာ လက်သီးဆုပ်အရွယ်ခန့်ရှိသော ကပ်ပါးကောင်တစ်ကောင် တွယ်ကပ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဆိပ်ကမ်းများမှ ထူးထူးဆန်းဆန်း မျိုးနွယ်ခြားများနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းသည် သာမန်မျှသာ ဖြစ်၏။ သူ၏ ဘေးနားမှ မျိုးနွယ်ခြားတချို့ဆိုလျှင် လူသေကောင်များကို စီးထားကြသည်။

ရွှီချင်းသည် မီးခိုးမျိုးနွယ်အပေါ် အလွန်ရွံရှာသည်။ ယခင်တစ်ခေါက်က လွင်တီးခေါင်မြေမှာ သူတို့မျိုးနွယ်၏ သဘောထားသည် အယုတ်တမာစိတ်ဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့အပြင် ချူထျန်းချွင် သူ့အား လွတ်လပ်စွာ တိုက်ခိုက်နိုင်ရန် သူတို့၏ မဟာလောကအပိုင်းအစကိုပင် ငှားယမ်းခဲ့သည်။

ရွှီချင်းသည် အချိန်ကို တွက်ဆလိုက်သည်။ ချူထျန်းချွင် သူ့အား တားဆီးခဲ့သည့်အချိန်တွင် သူသည် ဒေသငယ်မြို့တော်၏ ပိုင်နက်ထဲသို့ ခြေချရန် နှစ်နာရီမျှသာ လိုအပ်တော့သည်။ ထိုနှစ်နာရီသည် မီးခိုးမျိုးနွယ်ကြောင့် သူကြန့်ကြာသွားခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းသည် သူ၏ လျှို့ဝှက်တာဝန်ကို မမေ့ချေ။ ထို့ကြောင့် သူသည် အကြည့်လွှဲလိုက်ပြီး သတ်ဖြတ်ချင်သောစိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူသည် ကျောက်တုံးခြင်္သေ့အသွင်ပြောင်းထားသော လိပ်ပေါ်တွင် ဆက်လက် ထိုင်နေလိုက်ပြီး သင်္ဘောဆိုက်ရောက်လာမည့်ကို ဆိပ်ခံတံတားပေါ်မှာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

သိပ်မကြာမီ မီးခိုးမျိုးနွယ်မှ ထိုအဖွဲ့ဝင်များသည် မည်သည့်အရာမှ ရှာမတွေ့ခဲ့သည့်အလား မြန်မြန်ဆန်ဆန် ထွက်ခွာသွားကြပြီး တခြားဆိပ်ခံတံတားများပေါ်တွင် ဆက်လက်ရှာဖွေကြသည်။

ရွှီချင်းသည် မည်သည့်အရာကို သူတို့ရှာဖွေနေကြကြောင်း စိတ်မဝင်စားသော်လည်း မီးခိုးမျိုးနွယ်ဝင်များ ထွက်ခွာသွားကြပြီးနောက် လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြသော မျိုးနွယ်ခြားအများအပြား၏ စကားသံကို သူကြားလိုက်ရသည်။

“ မီးခိုးမျိုးနွယ်ရှာနေတာ ရက်အတော်ကြာပြီ… သူတို့ဘာကို ရှာနေတာလဲ ငါသိချင်လိုက်တာ… သူတို့က ဆိပ်ကမ်းတွေမှာပဲ လိုက်ရှာနေတာမဟုတ်ဘူး ချောက်နက်ပင်လယ်ထဲမှာပါ လိုက်ရှာနေတာလို့ ငါကြားတယ် ”

“ သူတို့က ကြွေကျသွားခဲ့တဲ့ နေလုံးရဲ့ အကြွင်းအကျန်တွေကို လိုက်ရှာနေတာလို့တော့ ပြောကြတာပဲ… ဒါပေမဲ့ နေအကြွင်းအကျန်တွေကို ဟိုးနှစ်ပေါင်းများစွာကတည်းက လူသားမျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေ ရှာဖွေပြီး သိမ်းယူသွားခဲ့ပြီမဟုတ်ဘူးလား… လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်း နေအကြွင်းအကျန်ကို ထပ်ရှာတွေ့တယ်ဆိုတဲ့သတင်း ငါတော့ တစ်ခါမှ မကြားမိပါဘူး ”

ရွှီချင်းသည် အတွေးနက်သွားပြီး အဝေးမှ မီးခိုးမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။

နှစ်နာရီကြာပြီးနောက် သင်္ဘောစောင့်နေကြသည့် မျိုးနွယ်ခြားများသည် တဖြည်းဖြည်း ပိုမိုများပြားလာကြသည်။ ထိုစဉ် ဆူဆူညံညံအသံများသည် အဝေးရှိ ချောက်နက်ပင်လယ်ပေါ်မှ မြူထဲတွင် မြည်ထွက်လာသည်။

ဆိပ်ကမ်းများပေါ်ရှိ မျိုးနွယ်ခြားများသည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသည်။

ထို့နောက် အေးစက်စက် လေကြမ်းများ တိုက်ခတ်လာကြသည်။

ထိုလေသည် ပင်လယ်ချောက်နက်တစ်လျှောက် ဖြတ်ကျော်သွားပြီး သင်္ဘောဆိပ်ကမ်းဆီသို့ ရောက်ရှိသွားသည်။ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဧရာမသင်္ဘောကြီးများသည် မြူထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြပြီး အသွင်အပြင် ထင်ရှားလာသည်။

၎င်းတို့မှာ ပုံသဏ္ဍာန် နှစ်မျိုးနှစ်စား ရှိသည်။

တစ်ခုသည် ပေတစ်ထောင်ရှည်လျားသော ပျံလွှားငှက်တစ်ကောင်နှင့် ပုံသဏ္ဍာန်ဆင်တူသည်။ သင်္ဘော၏ ဝမ်းဗိုက်ပေါ်တွင် ခမ်းနားထည်ဝါသော ဇိမ်ခံအခန်းများ ရှိကြသည်။ ယုန်နားရွက်နှင့် အစေခံအများအပြားလည်း ရှိကြသည်။ သူတို့အားလုံးသည် ချိုသာရွှင်ပြုံးသော အသွင်အပြင် ရှိကြပြီး တင့်တယ်လှပသော ကိုယ်လုံးကိုယ်ပေါက် ရှိကြသည်။

ရွှီချင်း၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်သွားသောအခါ ယင်းက ဝိညာဉ်ယုန်မျိုးနွယ်ဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ဝိညာဉ်ယုန်မျိုးနွယ်သည် မျိုးနွယ်စုကြီးတစ်စုဖြစ်သော်လည်း သူတို့မှာ ကိုယ်ပိုင်နယ်မြေမရှိပေ။ သူတို့၏ မျိုးနွယ်ဝင်များသည် ပြည်နယ်အသီးသီးမှာ ပြန့်ကျဲနေထိုင်ကြပြီး အသက်ရှင်ရန် အစွမ်းထက်မျိုးနွယ်များ၏ ပညာရှင်ကျင့်ကြံသူများအပေါ် မှီခိုကြရသည်။

တခြားသော သင်္ဘောအမျိုးအစားမှာမူ ယင်းကို သင်္ဘောဟုခေါ်ဆိုရန် မသင့်တော်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက သင်္ဘောဆိုသည်ထက် အလွန်ကြီးမားသော သစ်ရွက်တစ်ရွက်နှင့် ဆင်တူသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ သစ်ကိုင်းနှင့်တူသော သေးသေးသွယ်သွယ် ခြေလေးချောင်းရှိပြီး ချောက်နက်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်နေကြသည်။

ထိုသစ်ရွက်များသည် အရွယ်အစား အလွန်ကြီးမားကြပြီး အလျားအားဖြင့် ပေတစ်ထောင်ခန့်ရှိကြသည်။ ယင်းတို့သည် ပျံလွှားသင်္ဘောများနှင့် နှိုင်းယှဉ်လျှင် အများကြီး ရိုးရှင်းကြပြီး ယင်းတို့၏ အရေအတွက်သည် ပျံလွှားသင်္ဘောများထက် သိသာစွာ ကျော်လွန်သည်။ အမှန်တော့ ယခုဆိုက်ရောက်လာကြသော သင်္ဘောများ၏ ကိုးဆယ်ရာခိုင်နှုန်းသည် သစ်ရွက်ဖြင့် ပြုလုပ်ထားကြခြင်း ဖြစ်ပေသည်။

သင်္ဘောများဆိုက်ရောက်လာကြသည်နှင့် ဆိပ်ခံတံတားအမျိုးမျိုးမှ ကျင့်ကြံသူများသည် သူတို့သွားရောက်ကြမည့် ဦးတည်ရာအရ သင်္ဘောများကို ရွေးချယ်ကြပြီး အပေါ်သို့ ခုန်တတ်သွားကြသည်။

ရွှီချင်းသည် သူတို့ထဲမှ ဝိညာဉ်နတ်သူငယ်အဆင့် အားလှိုင်းအတတ်အကျကို အာရုံခံမိသည်။ သူတို့တတ်ရောက်ကြသော သင်္ဘောများသည် ပျံလွှားသင်္ဘောများဖြစ်ကြပြီး ကျန်လူများသည် သစ်ရွက်သင်္ဘောများပေါ်သို့ တတ်ရောက်သွားကြသည်။ ထိုသင်္ဘောအမျိုးအစားနှစ်မျိုးကို မတူညီသော ကျင့်ကြံခြင်းအဆင့်အလိုက် ခွဲခြားထားခြင်းဖြစ်ကြောင်း ချက်ချင်း သူနားလည်လိုက်သည်။

သူသည် တစ်ခဏကြာ စစ်ဆေးပြီးနောက် မြူခိုးစိမ်းတောင်ဆီသို့ ဦးတည်သွားမည့် သစ်ရွက်သင်္ဘောတစ်စီးကို ရှာတွေ့သွားသည်။ ထို့နောက် ထိုသင်္ဘောပေါ်သို့ သူခုန်တတ်လိုက်သည်။

မြူခိုးစိမ်းတောင်သည် ကျောက်ရှာပြည်နယ်၏ အလယ်ပိုင်းဧရိယာထဲတွင် တည်ရှိပြီး ကျောက်ရှာတောင်နှင့် သိပ်မဝေးချေ။

ကျောက်ရှာတောင်သို့ တိုက်ရိုက်သွားရောက်ခြင်းသည် အနည်းငယ် မဆီလျော်ကြောင်း ရွှီချင်း ခံစားမိသည်။ သူသည် လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သောကြောင့် မြူခိုးစိမ်းတောင်ကိုရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံခြင်းကိုအသုံးပြုပြီး ကျောက်ရှာတောင်သို့ သွားရောက်မည်ဟု စီစဉ်ထားသည်။

ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းအစွမ်းကို အသုံးပြု၍ မြူခိုးစိမ်းတောင်မှ ကျောက်ရှာတောင်သို့သွားလျှင် အချိန်ကြာမည်ဖြစ်ကြောင်း သိသော်လည်း သူ၏ အလျင်ဖြင့်ဆိုလျှင် အချိန်တိုအတွင်း ရောက်ရှိသွားလိမ့်မည်ဟု ယုံကြည်မှုရှိသည်။

ရွှီချင်းသည် သစ်ရွက်သင်္ဘောပေါ်သို့ ခြေချပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

ဤသစ်ရွက်သင်္ဘောသည် အလွန်အမင်း ရိုးရှင်းသည်။ သင်္ဘောပေါ်တွင် မည်သည့်အဆောက်အအုံမှမရှိသလို အစေခံများလည်း မရှိကြပေ။ တစ္ဆေမျက်နှာဖုံးကို တတ်ဆင်ထားကြသော ဝတ်ရုံစိမ်းအမျိုးသားတချို့သာလျှင် ရှိကြသည်။ သူတို့သည် သင်္ဘော၏ အရှေ့မှာ တင်ပျဉ်ခွေထိုင်လျက် သင်္ဘောကို ထိန်းချုပ်မောင်းနှင်နေကြသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာကြသော ကျင့်ကြံသူများမှာမူ အယောက်သုံးဆယ်ကျော် ရှိကြသည်။ အတူတကွ ထိုင်နေကြသော ခုနစ်ယောက်အုပ်စုမှလွဲ၍ တခြားလူများသည် တစ်ကိုယ်တည်း သီးသန့်ခွဲနေကြသည်။

ပေတစ်ထောင်ကျယ်ဝန်းသော ဧရိယာသည် သူတို့အားလုံးအတွက် ဝင်ဆံ့ပေသည်။

ရွှီချင်းသည် ထောင့်တစ်ထောင့်ကိုရှာလိုက်ပြီး တင်ပျဉ်ခွေလျက် ထိုင်လိုက်သည်။ သူ၏ အကြည့်သည် ဝတ်ရုံစိမ်းကျင့်ကြံသူသုံးယောက်ပေါ်သို့ ကျရောက်သွားသည်။

‌ကျောက်ရှာပြည်နယ်အပေါ် သူ၏ နားလည်မှုသည် အများအားဖြင့် ဓားကိုင်များ၏ မှတ်တမ်းမှတ်စုများဆီမှ ဖြစ်သည်။ ဥပမာ ဤနေရာတွင် သင်္ဘောပို့ဆောင်ရန် တာဝန်ယူထားသူများသည် အာရုဏ်ဦးဟုခေါ်သော ကုန်သည်မဟာမိတ်အဖွဲ့မှ ဖြစ်ကြသည်။

ထိုမဟာမိတ်အဖွဲ့ကို ကျောက်ရှာပြည်နယ်ထဲမှ အင်အားစုများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤနေရာမှ ဓားကိုင်ရုံးတော်ခွဲသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ မည်သို့ဖြစ်စေ ကျောက်ရှာပြည်နယ်တွင် လှေများနှင့် သင်္ဘောများဖြင့်သာ ကူးသန်းသွားလာနိုင်သောကြောင့် မယုံကြည်နိုင်ဖွယ် အမြတ်အစွန်းများများ ရရှိကြလိမ့်မည်။

အာရုဏ်ဦးကုန်သည်မဟာမိတ်၏ ဝတ်စုံများသည် ထိုသို့အစိမ်းရောင်ဝတ်ရုံ ဖြစ်သည်။

သူတို့ကို သေချာအကဲခတ်ပြီးနောက် ရွှီချင်း၏ အကြည့်သည် သင်္ဘောပေါ်မှ တခြားကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။ ထို့နောက်မှသာ သူသည် မျက်လုံးမှိတ်လိုက်ပြီး တိတ်ဆိတ်စွာ တရားထိုင်လိုက်သည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် သင်္ဘောဆိပ်ကမ်းမှ သင်္ဘောတချို့သည် ကမ်းမှ စတင်ထွက်ခွာကြသည်။

ရွှီချင်းတတ်စီးထားသော သစ်ရွက်သင်္ဘောသည် ထွက်ခွာသွားကြသည့် သင်္ဘောများအနက် တစ်စီးအပါအဝင် ဖြစ်သည်။ ကူးတို့ခပေးချေပြီးနောက် သစ်ရွက်သင်္ဘောသည် လှုပ်ခါလာပြီး သင်္ဘော၏ အောက်ခြေမှ သစ်ကိုင်းခြေလေးချောင်းသည် အရှေ့သို့ နှေးကွေးစွာ ရွေ့လျားသွားကြသည်။ လေပြင်းသည် တဟူးဟူးတိုက်ခတ်လာပြီး သစ်ရွက်သင်္ဘောပေါ်မှ လူတိုင်းအပေါ်သို့ သက်ဆင်းလာလေသည်။

သစ်ရွက်သင်္ဘောသည် အရှေ့သို့ ဆက်လက်ရွေ့လျားသွားပြီး ဆိပ်ကမ်းမှ တဖြည်းဖြည်း ထွက်ခွာသွားသောအခါ လေပြင်းတိုက်ခတ်မှုသည် အနည်ငယ် ပိုအားကောင်းလာသည်။ ထိုအခါ သေးငယ်သော အလင်းအကာအကွယ်တစ်ခုသည် သင်္ဘောထံမှ ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ လေပြင်းကို ခုခံတားဆီးလိုက်သည်။

သို့သော်လည်း စိတ်နောက်ကျိသော ခံစားမှုနှင့် သင်္ဘောလှုပ်ခါမှုသည် လျော့ကျမသွားဘဲ ပို၍ပင် အားကောင်းလာသည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူသည် မျက်လုံးကိုပိတ်ပြီး အနားယူလိုက်သည်။ ထိုသို့ဖြင့် သုံးရက်အချိန်ကုန်လွန်သွားသည်။

ထိုသုံးရက်အတောအတွင်း ရွှီချင်းသည် ရံဖန်ရံခါ မျက်လုံးဖွင့်ပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်သည်။ သူမြင်လိုက်ရသည့်အရာမှာ အဆုံးမဲ့သော မဟာချောက်နက်ပင်လယ် ဖြစ်သည်။ ပင်လယ်ထဲတွင် အေးစက်စက်လေဖြင့် ပြည့်နှက်နေကြောင်း သူခံစားမိပြီး ချောက်နက်ပင်လယ်ရှိ ထူးဆန်းသော တည်ရှိမှုတချို့ကိုလည်း တွေ့မြင်ခဲ့သည်။

အတောင်ပံပါဝေလငါးများ၊ ကခုန်နေသော မီးအိမ်နီများနှင့် ခေါင်းနှစ်လုံးလင်းနို့ကြီးများ ဖြစ်ကြသည်။ သို့သော်လည်း ထိုသန္ဓေပြောင်းသားရဲများသည် အာရုဏ်ဦးကုန်သည်မဟာမိတ်နှင့် သဘောတူညီမှုတစ်ခုပြုလုပ်ထားကြောင်း ရှင်းလင်းပေသည်။ ၎င်းတို့သည် ဘေးပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကြသော်လည်း သစ်ရွက်သင်္ဘောကို မတိုက်ခိုက်ကြချေ။

ရွှီချင်းသည် ချောက်နက်ပင်လယ်၏ ရေတိမ်ပိုင်းတွင် ပွင့်လန်းနေသော ပေတစ်သောင်းအရွယ်အစားရှိသည့် ဧရာမပန်းပွင့်ကြီးတစ်ပွင့်ကိုလည်း မြင်တွေ့ခဲ့သည်။

ထိုပန်းပွင့်ကြီး၏ အနီရောင်သည် အလွန်သိသာထင်ပေါ်သည်။ ယင်း၏ ဝတ်ဆံဖိုများသည် ချောက်နက်ပင်လယ်၏ အထက်မှာ မျောလွင့်နေကြပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်နေကြသည်။

ဝတ်ဆံဖိုများ၏ အသွင်အပြင်သည် သင်္ဘောပေါ်မှ မျိုးနွယ်ခြားကျင့်ကြံသူများ၏ အကြည့်ကို ဆွဲဆောင်သွားသည်။ သူတို့၏ အမူအရာများသည် ထူးခြားလာကြသည်။

အဘယ့်ကြောင့်ဆိုသော် ပျံ့လွင့်နေသော ဝတ်ဆံဖိုများ၏ အဆုံးပိုင်းတွင် မျိုးနွယ်ခြားများမှ မိန်းမပျိုလေးများ ရှိနေကြသောကြောင့် ဖြစ်သည်။ အမှန်တော့ ရွှီချင်းသည် လူသားမျိုးနွယ်မှ မိန်းကလေးတချို့ကိုပင် တွေ့မြင်ခဲ့သည်။

သူတို့အားလုံးသည် အလွန်အမင်း ကျက်သရေရှိပြီး မျိုးနွယ်တိုင်း ချီးမွမ်းရလောက်မည့် အဆင်းအလှကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှ မဝတ်ထားကြချေ။ သူတို့ပေါ်ထွက်လာပြီးနောက် သစ်ရွက်သင်္ဘောပေါ်မှ ကျင့်ကြံသူများကို ညုတုတုအမူအရာဖြင့် လက်ဝှေ့ယမ်းပြကြသည်။

“ ဆရာ… ငါတို့ကံက မဆိုးဘူး ”

ရွှီချင်းသည် ဝတ်ဆံဖိုများကိုကြည့်နေစဉ် လိပ်၏ အမြှီးပေါ်ရှိ ကပ်ပါးကောင်ထံမှ စကားသံကို ကြားရလိုက်သည်။ ထိုကပ်ပါးကောင်သည် ရုပ်ဖျက်ထားသော ခေါင်းကြီးဖြစ်သည်။ ဤအခိုက်အတန့်မှာ ခေါင်းကြီးသည် မျက်လုံးဖွင့်လိုက်ပြီး ပြင်ပကမ္ဘာကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

“ ပျော်ရွှင်ခြင်းပန်းပွင့်… အဲ့ဒါက အတိတ်မှာတုန်းက ငါအကြိုက်ဆုံး ပန်းပွင့်ပဲ ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ပန်းပွင့်မျိုးကို သူမသိချေ။

“ ပျော်ရွှင်ခြင်းပန်းပွင်က ကျောက်ရှာပြည်နယ်က ထူးခြားတဲ့ အပင်တစ်မျိုးပဲ… အဲ့ဒီအပင်က ပန်းပွင့်တဲ့အခါ ဝတ်ဆံဖိုတွေက မျိုးနွယ်အသီးသီးရဲ့ အမျိုးသမီးပုံစံကို ပြောင်းလဲသွားကြပြီး ဖြတ်သွားဖြတ်လာတွေကို ညှို့ငင်ဆွဲဆောင်ကြလိမ့်မယ် ”

“ ညှို့ငင်ခံလိုက်ရတဲ့လူတွေက ချောက်နက်ပင်လယ်ရဲ့ ဟိုးအောက်ခြေထိ ဆွဲချခံသွားရပြီး သေတဲ့အထိ ယန်ချီစုပ်ယူခံရလိမ့်မယ်… သာမန်အခြေတည်အဆင့်ကျင့်ကြံသူတွေက အသက်သုံးခါငါးခါရှူချိန်အတွင်း သေဆုံးသွားကြလိမ့်မယ်… ရွှေအမြူတေအဆင့်ကျင့်ကြံသူတွေက အဲ့ဒီထက် အချိန်ပိုကြာကြာ တောင့်ခံနိုင်လိမ့်မယ်… ဒါပေမဲ့ သိပ်မကြာဘူး ”

“ ငါ့လို အရည်အချင်းရှိတဲ့ လူတွေကပဲ ပျော်ရွှင်ခြင်းပန်းပွင့်ကပေးတဲ့ စိတ်ချမ်းသာမှုကို ခံစားသိရှိနိုင်ကြတာ ”

ခေါင်းကြီးသည် အတိတ်ကို ပြန်လည်အမှတ်ရရင်း တီးတိုးပြောသည်။

“ အော်… မင်းရဲ့ခန္ဓာကိုယ် ပျောက်သွားတာ ဒါကြောင့်ကို ”

ခေါင်းကြီး၏ အတွေးကို ဝင်ရောက်နှောင့်ယှက်သူသည် ရွှီချင်းမဟုတ်ပေ။ သူ၏ အောက်မှ ဧရာမလိပ်ဖြစ်သည်။

ခေါင်းကြီးသည် လိပ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး စကားပြောတော့မည့်အချိန် ရွှီချင်းသည် အသံတိုးတိုးဖြင့် ရုတ်တရက် ဝင်ပြောသည်။

“ ပါးစပ်ပိတ်ထားကြ ”

ချက်ချင်းပင် လိပ်နှင့် ကပ်ပါးကောင်သည် မည်သည့်အသံမှ မထွက်ဝံ့ကြတော့ချေ။ ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ကာ အုပ်စုဖွဲ့ထားကြသော မျိုးနွယ်ခြားခုနစ်ယောက်ထံသို့ ပို့လွှတ်လိုက်သည်။ စောစောတုန်းက ထိုလူများသည် ဓားကိုင်ရုံးတော်ခွဲအကြောင်း ပြောနေကြသည်ကို ခပ်ရေးရေး သူကြားမိခဲ့သည်။

သူအာရုံစိုက်နားထောင်လိုက်သည့်အခါ သူတို့၏ အသံများသည် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။

“ ဒါက ဖရိုဖရဲလောက… ကျောက်ရှာပြည်နယ်က မျိုးနွယ်စုအရေအတွက် သိသိသာသာ လျော့ကျသွားတဲ့အခါ ပျော်ရွှင်ခြင်းပန်းပွင့်လိုမျိုး ထူးခြားမကောင်းဆိုးဝါးအပင်တွေ ပန်းပွင့်လာလိမ့်မယ်လို့ ငါကြားဖူးတယ်… ”

“ ဒီတစ်ကြိမ် လူသားမျိုးနွယ်က ကံကြမ္မာဆိုးနဲ့ တွေ့ကြုံနေရပြီ… ဓားကိုင်ရုံးတော်လည်းပဲ အန္တရာယ်ကျရောက်နေပြီ… မင်းတို့ ကြားမိကြလား… မျိုးနွယ်စုအများအပြားနဲ့ လေလွင့်ကျင့်ကြံသူတွေက ကျောက်ရှာပြည်နယ်က ဓားကိုင်ရုံးတော်ခွဲကို မျက်စိကျနေကြတယ်တဲ့ ”

“ တစ်ယောက်ယောက်က လာမယ့်အနာဂတ်မှာ ကျောက်ရှာတောင်ကို တိုက်ခိုက်ပြီး ဓားကိုင်ရုံးတော်ထဲ ကျုးကျော်ဖို့ လေလွင့်ကျင့်ကြံသူတွေ၊ ဓားမြတွေနဲ့ မျိုးနွယ်စုအသီးသီးက လူသတ်သမားတွေကို ခေါ်ယူနေတယ်လို့ ငါလည်း သတင်းတချို့ ကြားမိတယ် ”

“ လူသားမျိုးနွယ်က အနာဂတ်မသေချာမရေရာတဲ့ အခြေအနေကို ကျရောက်နေပြီ… ဒီရက်တွေမှာ မျက်နှာစိမ်းကျင့်ကြံသူတချို့ကို ငါမြင်ခဲ့တယ်… သူတို့က ကျောက်ရှာပြည်နယ်က ဒေသခံကျင့်ကြံသူတွေ ဟုတ်ပုံမရဘူး ”

“ ဒီကိစ္စက ငါတို့နဲ့ဘာမှမဆိုင်ဘူး… မျိုးနွယ်ဆီ အမြန်ပြန်ကြရအောင်… ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ သေတာရှင်တာကို ငါတို့ ဂရုမစိုက်လို့တော့မရဘူး… တကယ်လို့ အဆုံးမှာ လူသားမျိုးနွယ် ရှုံးနိမ့်သွားရင်…. ငါတို့တွေ အကျိုးအမြတ်တချို့ မလုယက်နိုင်တာတော့ မဟုတ်ဘူး ”

“ အဲ့ဒါဟုတ်တယ်… ဓားကိုင်ရုံးတော်ခွဲက အရမ်းကြွယ်ဝတယ်လို့ ငါကြားဖူးတယ်… ”

ဤသည်ကိုကြားသောအခါ ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အဝေးမှ မြူခိုးဆီသို့ လှမ်းကြည့်လိုက်သည်။

ပေတစ်ရာခန့် ရှည်လျားကြသော အနက်ရောင် ရုပ်သေးခုနစ်ရုပ်သည် မြူခိုးထဲမှ မသဲမကွဲ ထွက်ပေါ်လာကြသည်။ သူတို့သည် ပင်လယ်ထက်မှာ လမ်းလျှောက်နေကြပြီး ရန်လိုသော အကြည့်ဖြင့် သစ်ရွက်သင်္ဘောကို ကြည့်နေကြစဉ် သူတို့၏ မျက်လုံးထဲမှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

သူတို့သည် မီးခိုးမျိုးနွယ်ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ဖြတ်ပြေးသွားသည်။ သူသည် မီးခိုးမျိုးနွယ်၏ အနက်ရောင် ရုပ်သေးရုပ်များကို ကြည့်လိုက်ပြီး သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို အကဲဖြတ်လိုက်သည်။

သင်္ဘောနှင့် သူတို့နီးကပ်လာသည့်အခါ မီးခိုးငွေ့များသည် အနက်ရောင် ရုပ်သေးရုပ်များ၏ ကိုယ်ထည်ပေါ်ရှိ အက်ကြောင်းများထဲမှ တိုးထွက်လာကြသည်။ မီးခိုးငွေ့များသည် အပြင်ဘက်၌ မှုန်ဝါးဝါးပုံရိပ်များသို့ ပြောင်းလဲသွားကြသည်။ သစ်ရွက်သင်္ဘောကို စစ်ဆေးကြည့်ရှုနေစဉ် မြူခိုးအများစုသည် အဝေးသို့ ပျံဝဲသွားပြီး သင်္ဘောကို ဝန်းရံလိုက်ကြသည်။

ကြီးမားသော ရုပ်သေးခုနစ်ရုပ်မှာမူ သစ်ရွက်သင်္ဘော၏ အရှေ့တွင် ရပ်နေကြပြီး လမ်းပိတ်ထားသည်။

သစ်ရွက်သင်္ဘော၏ အောက်မှ ခြေလေးချောင်းသည် အနည်းငယ် လှုပ်ခါသွားပြီး အရှေ့သို့ ဆက်လက်မရွေ့လျားဝံ့တော့ချေ။ သင်္ဘောပေါ်မှ ကျင့်ကြံသူများ၏ နှလုံးသည် တုန်ယင်လာကြသည်။ သူတို့ထဲမှ အများစုသည် ချက်ချင်း သတိကြီးစွာ ထားလိုက်ကြသည်။

တစ္ဆေမျက်နှာဖုံးကို တပ်ဆင်ထားကြသော ဝတ်ရုံစိမ်းကျင့်ကြံသူသုံးဦးသည်လည်း အမြန်မတ်တတ်ရပ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးသည် လက်သီးဆုပ်၍ လေသံအနိမ့်ဖြင့် ပြောသည်။

“ မီးခိုးမျိုးနွယ်က တာအိုရောင်းရင်းများ… ဒီကို ဘာကိစ္စကြောင့် ရောက်လာကြတာပါလဲ ”

All Chapters