← Chapters

မြူခိုးတောင်ကြား

Vol. 28 Ch. 407

မြူခိုးတောင်ကြား

Vol. 28 Ch. 407

ထိုသတင်းက ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးကို ဆူညံ့ပွက်လောရိုက်သွားစေဖို့ လုံလောက်လေသည်။ ပြောရမည်ဆိုလျှင် သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်ခွာပြီးနောက် ကျင့်ကြံလောကမှာပါ ထိုသတင်းက များစွာအုတ်အော်သောင်းနင်း ဖြစ်ကြပေဦးမည်။

ပုံမှန်ဆိုလျှင် လူတိုင်းသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ဘယ်သူရသွားသလဲဆိုတာနှင့် ပတ်သတ်၍ စတင်ဆွေးနွေးနေကြသင့်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟု လောလောလတ်လတ် ဝန်ခံထားသော တစ်ယောက်က သူတို့ကြားထဲမှာ ရှိနေသောကြောင့် ဖြစ်လေသည်။

အဖြစ်အပျက်နှစ်ရပ်က အချိန်ကာလတစ်ခု ခြားနားပြီးမှ ဖြစ်ခဲ့သည်ဆိုလျှင် မည်သူမျှ ထိုနှစ်ခုကို ဆက်စပ်မိကြလိမ့်မည် မဟုတ်ပေ။

သို့သော် အခုလေးတစ်ယောက်က အဲ့ဒါကို ဝန်ခံခဲ့ပြီးနောက် သတင်းက မြို့ထဲသို့ ပျံ့နှံ့လာခဲ့၏။ လူတိုင်းက အထူးတဆန်း အမူအယာနှင့် ဆူဇီမိုကို အလိုလို ဝိုင်းကြည့်လိုက်ကြ၏။

အဲ့ဒါက တစ်ကယ်ကြီးလား..

အဲ့ဒါသည် လူတိုင်း၏ စိတ်ထဲ ဖျတ်ကနဲ ဝင်ရောက်လာသော အတွေးဖြစ်ပြီး များမကြာမီ မဖြစ်နိုင်ဟု ပယ်ချလိုက်ကြ၏။

ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်သည် ရှေးဟောင်းခေတ်မှာ ဖွဲ့တည်ခဲ့တာဖြစ်၏။ ထိုအချိန်ကတည်းက မရေမတွက်နိုင်သော ပါရမီရှင်များသည် အမွေအနှစ်ကို ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပြီး အခုချိန်ထိ စမ်းသပ်ချက်ကို အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့သူက တစ်ယောက်တည်းသာ ရှိလေသည်။

အဲ့ဒါက ရနို်ငဖို့ ဘယ်လောက်ထိ ခက်ခဲကြောင်း သက်သေပင်။

လွန်ခဲ့သည့်နှစ်တစ်ထောင်က ထိုမိစ္ဆာဂိုဏ်းသားကျင့်ကြံသူကို အနှိုင်းမဲ့ပါရမီရှင်ဟု ပြောလျှင် လွန်ရာကျမည် မဟုတ်ပေ။

သူတို့ကြားထဲကို အနှိုင်းမဲ့ပါရမီရှင်တစ်ယောက်က ရောက်နေတာများလား။

အဲ့ဒါက ဆန်းကြယ်လွန်းပြီး အိပ်မက်ဆန်လွန်းလေသည်။

“အားလုံးပဲ ကျုပ် ရှောင်းနင်ကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်”

ထို့နောက် ဆူဇီမိုသည် လူတိုင်းကို နှုတ်ဆက်စကားပြော၍ လက်သီးဆုပ်လေးစားဟန်ပြပြီး ပျံသန်းထွက်ခွာသွားလေသည်။

ဆူဇီမို ခပ်လှမ်းလှမ်းကို ရောက်သွားပြီးနောက် ဖုန့်မန်းမန်က ရုတ်တရက် ပြောလိုက်၏။

“ရှောင်ယု သူက တစ်ကယ်ကြီး ပြောသွားတာလို့ နင်ထင်လား”

“ကျမလဲ ဘယ်လိုလုပ်ပြီး သိမှာလဲ”

ထန်ယုက ခါးသက်သက် ရယ်မော၍ ခေါင်းခါပြလိုက်၏။

. . .

နောက်အချိန်အတိုင်းအတာတစ်ခုအတွင်း အဆိပ်ဂိုဏ်းဖျက်ဆီးခံလိုက်ရသည်ဆိုသော သတင်းကို ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ် ပျောက်ကွယ်သွားသည့်သတင်းက ဖုံးအုပ်သွားလေသည်။

ရွှမ်ထျန်းမြို့ထဲရှိ လူတိုင်းနီးပါးသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရရှိသွားခဲ့သည့် ကျင့်ကြံသူအကြောင်းသာ ဆွေးနွေးနေကြတော့လေသည်။ လူတိုင်းသည် အမျိုးမျိုးပြော၊ အမျိုးမျိုးဆွေးနွေးငြင်းခုန်ကြသော်လည်း မည်သူမှ တိကျသေချာသော အဖြေကို မပေးနိုင်ကြပေ။

သူတို့အထဲတွင် အမွေအနှစ်ကို ရရှိခဲ့သူက အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ပြောကြသောလူများလည်း ရှိလေသည်။

ကောလာဟလများစွာထဲတွင် ထိုစကားက အပြင်လူတွေအတွက် သိပ်ပြီး အရေးစိုက်စရာ မဟုတ်ပေ။

သို့သော်လည်း ထိုစကားကို ထန်ယုနှင့် အခြားသူများ ကြားရချိန်တွင် သူတို့သည် ဆူဇီမိုကို တန်းပြီး ပြေးမြင်မိကြလေသည်။

သို့သော်လည်း ထိုအချိန်အတောအတွင်း ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေပြီဖြစ်တာကြောင့် ထန်ယုတို့မှာ အချက်အလက်များကို အတည်ပြုနိုင်မည့်အခွင့် မရှိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ.. ရွှမ်ထျန်းမြို့ထဲရှိ လေထုက တစ်နေ့တစ်ခြား ပို၍ လေးလံသိပ်သည်းလာ၏။

ဤရက်များအတွင်း မြို့ထဲတွင် သာမန်ထက်ထူးကဲသော ခွန်အားများကို ပိုင်ဆိုင်ထားသည့် မျက်နှာသစ်သူစိမ်းများကို တွေ့လာရ၏။

ဆေးရေအိုင်ဂိုဏ်းချိတ်စည်းက ပျက်ပြယ်တော့မှာပဲ..

သည့်အရင်ကဆိုလျှင် ရွှမ်ထျန်းမြို့ထဲရှိ အဖွဲ့အစည်းကြီးများအကြား ဆက်ဆံရေးက အတော်လေး ကောင်းမွန်သင့်မြတ်ကြလေသည်။

သို့သော်လည်း ချိတ်စည်းက ပျက်ပြယ်ပြီး ရတနာများက ပေါ်လာသည်နှင့် တစ်ဖက်နှင့်တစ်ဖက် အသေအကြေ သွေးလွှမ်းတိုက်ပွဲများက သေချာပေါက် ထွက်ပေါ်လာပေမည်။

ဤနေ့တွင် ယန်ဆေးဂိုဏ်းသားတစ်ယောက်က ဆူဇီမို၏ အခန်းတံခါးကို လာခေါက်ပြီး အရှေ့ခန်းမမှာ စုဝေးပေးဖို့ လာဖိတ်လေသည်။

ဆူဇီမိုက ခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်၍ သူ့ရှေ့တွင် သွေးသောက်သူကို ကန့်လန့်ဖြတ်ချထား၏။ အသက်ကိုပြင်းပြင်းရှိုက်၍ သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ တည်ကြည်သောပုံစံနှင့် ရေလိုကြည်လင်တောက်ပနေသော မျက်လုံးတစ်စုံက ပေါ်လာ၏။

ထန်ယုက အရေးကြီးကိစ္စတစ်စုံတစ်ရာ မရှိဘဲနှင့် သူ့ကို လာနှောင့်ယှက်မှာ မဟုတ်ဆိုတာ သူသိလေသည်။

ဆူဇီမိုသည် ယန်ဆေးဂိုဏ်းသားတပည့်နောက်ကနေ လိုက်သွားပြီး သိပ်မကြာမီ အရှေ့ခန်းမသို့ ရောက်လာလေသည်။

အရှေ့ခန်းမထဲတွင် လူများက ပြည့်နေကြပြီဖြစ်၏။

တစ်ချက်ကြည့်ရုံနှင့် လူပေါင်းတစ်ထောင်လောက်ကို တွေ့ရလေသည်။

ဂိုဏ်းကြီးတစ်ဂိုဏ်းက ဘယ်လိုမျိုးလဲဆိုတာ နောက်ဆုံး ဆူဇီမို နားလည်သွား၏။

ရှေးဟောင်းတိုက်ပွဲမြေကို မဝင်ခင်က.. မဟာကျိုးအင်ပါယာ၏ ခွန်အားသည် အများဆုံး ကျင့်ကြံသူငါးဆယ်ကိုသာ ပို့ဆောင်ပေးဖို့ လုံလောက်ကြောင်း မဟာကျိုးဧကရာဇ်က ပြောခဲ့လေသည်။

သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးအဖွဲ့အစည်းအချို့ကတော့ ရှေးဟောင်းတိုက်ပွဲမြေသို့ ကျင့်ကြံသူပေါင်း ထောင်သောင်းချီ၍ ပို့ပေးနိုင်လေသည်။

ယန်ဆေးဂိုဏ်းသည် တိုက်ခိုက်ရည်မှာ သိပ်ပြီး အားမသန်ကြသော်လည်း တစ်သီးပုဂ္ဂလလေးအုပ်စုမှ တစ်ခုအနေနှင့် သူတို့ဂိုဏ်းက တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး ထောက်ပံ့ပေးနိုင်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးများ ရှိလေသည်။ ထို့ကြောင့်ပင် သူတို့ဂိုဏ်းက ကျင့်ကြံသူတစ်ထောင်ကျော်ကို ပို့ပေးနိုင်ခဲ့လေသည်။

သူတို့အကြားရှိ ကွာဟချက်က မိုးနှင့်မြေလိုပင်။

ဆူဇီမို ဝင်လာသည်ကို မြင်သောအခါ ထန်ယုက ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

ထန်ယုနောက်မှာရှိသော ဦးလေးလျန့်ကလည်း ခါတိုင်းနှင့်မတူ.. ဆူဇီမိုကို ဦးစွာပြုံးပြနှုတ်ဆက်လိုက်၏။

ကျိချန်းရှန်နှင့် ရှောင်းနင်က ရောက်နေသည်မှာ ကြာလေပြီ။

ဆူဇီမိုသည် ရန်လိုစိတ်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် သိသိသာသာပင် လှည့်ပြီး စိုက်ကြည့်လိုက်၏။

အဲ့ဒါက ယန်ကျွင်းပင်..

လွန်ခဲ့သည့်ဆယ်ရက်က ယန်ကျွင်းသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် မေ့မျောသွားခဲ့၏။

ဆူဇီမိုက ညှာတာခဲ့သောကြောင့် ယန်ကျွင်းသည် ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်း မရှိပေ။ ယန်ဆေးဂိုဏ်း၏ အံ့အားသင့်ဖွယ် ဆေးများအစွမ်းဖြင့် နှစ်ရက်သုံးရက်ကြာပြီးနောက် ယန်ကျွင်းသည် ပြန်လည်သက်သာကောင်းမွန်လာခဲ့၏။

သူ့တည့်တည့်သို့ ဆူဇီမို ကြည့်နေသည်ကို မြင်သောအခါ ယန်ကျွင်းသည် ဘေးတစ်ဖက်သို့ ကပျာကယာလှည့်လိုက်၏။ သူ့ပုံစံက မလုံမလဲနှင့် ထိတ်လန့်နေသလိုပင်။

“အားလုံးပဲ..”

ထိုအချိန်မှာပင် ထန်ယု၏ အသံက ထွက်ပေါ်လာပြီး ဆူညံဆူညံနှင့် ရောက်တတ်ရာရာ ပြောဆိုနေကြသော လူအုပ်ကြီးက တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ထန်ယုက အလေးအနက် ပြောလိုက်၏။

“အလွန်ဆုံး နှစ်ရက်ပဲ.. ဆေးရေအိုင်ဂိုဏ်းချိတ်စည်းက လုံးဝ ပျက်ပြယ်သွားတော့မယ်.. အချိန်တစ်ခုပဲ လိုတော့တယ်.. ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲက လူတိုင်းကို စောင့်ကြိုနေပြီ.. အားလုံးပဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြပါ”

“ဆေးရေအိုင်ဂိုဏ်းက ရွှမ်ထျန်းမြို့ကနေ တောင်ဘက် ၅ ကီလိုမီတာလောက်က တောင်ကြားတစ်ခုထဲမှာရှိတယ်.. သူ့ရဲ့ မြေပြင်အနေအထားကြောင့် တောင်ကြားက တစ်နှစ်ပတ်လုံး မြူခိုးတွေစိုင်းပြီးတော့ မြင်နိုင်စွမ်းအား အရမ်းနည်းတယ်.. အဲ့ဒါကြောင့်လဲ ဆေးရေအိုင်အပျက်အစီးကို အခုထိ ဘယ်သူမှ မရှာနိုင်ကြသေးတာပဲ”

အဖိုးတန်သော သတင်းအချက်အလက်များ ဖြစ်သောကြောင့် လူတိုင်းသည် အာရုံစိုက် နားထောင်နေကြ၏။

“ဆေးရေအိုင်ဂိုဏ်းက ချိတ်စည်းပျက်ပြယ်သွားတာနဲ့ ငါတို့က အေးအေးဆေးဆေး ဘေးကင်းကင်းနဲ့ အဲ့ကို ဝင်သွားလို့ရပြီလို့ မမှတ်လိုက်နဲ့.. ဂျူနီယာညီငယ်အချို့ရဲ့ ထောက်လှမ်းခဲ့ပုံအရဆို.. အဲ့တောင်ကြားက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တွေ၊ ရှေးဦးအဆက်နွယ်တောကောင်တွေနဲ့ အပြင်လောကမှာ ပျောက်ကွယ်ကုန်ပြီဖြစ်တဲ့ ရှေးဟောင်းသက်ရှိတွေများစွာရဲ့ အိမ်ပဲ.. သူတို့ရဲ့ အင်အားက အရမ်းကြောက်ဖို့ကောင်းတယ်”

“သားရဲတွေရဲ့ သက်တမ်းက လူသားတွေထက် အများကြီးပိုရှည်တယ်.. အဲ့ဒီမူလသွေးမျိုးဆက်ကြမ်းကြမ်းသားရဲတွေက ရှေးဟောင်းတိုက်ပွဲမြေရဲ့ လောကစည်းမျဉ်းကြောင်းသာ အတွင်းအမြုတေကို မဖွဲ့တည်နိုင်ကြတာ.. ဒါပေမယ့် သူတို့ရဲ့ခွန်အားက အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်မှာရှိတယ်.. အရမ်းကို ကြောက်ဖို့ကောင်းတယ်”

ဆူဇီမိုက သူ့မျက်ခုံးကို နည်းနည်းတွန့်ထားလိုက်၏။

အဲ့ဒါက အရမ်းအန္တရာယ်များပြီး ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ကြောင်း သူနားလည်လာလေသည်။

ပထမတစ်ချက် သူတို့သည် အရေအတွက်အားဖြင့် အသာရနိုင်သော်လည်း သူတို့၏ ခွန်အားက ရှေးဟောင်းတိုက်ပွဲမြေမှာ ပေါက်ဖွားပြီး နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျင်လည်ကျက်စားခဲ့သော မူလသွေးမျိုးဆက်တောင်ကောင်များကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဒုတိယတစ်ချက်.. ဤနေရာက ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းဖြစ်၏။ မူလသွေးမျိုးဆက်တောကောင်များကို အသာထား.. သာမန်ရိုးရိုး ရှေးဟောင်းခေတ်သက်ရှိများကပင် ကြောက်စရာကောင်းသည့်ခွန်အားကို ပိုင်ဆိုင်လေသည်။

တတိယတစ်ချက်.. ပတ်ဝန်းကျင်အနေအထား..

ပတ်ဝန်းကျင်အနေအထားက သူတို့ဘက်မှာ လုံးဝ မရှိပေ။

ထိုမူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ ဉာဏ်ရည်ဉာဏ်သွေးက လူသားများအောက် မကျပေ။

သူတို့သည် မြို့ထဲသို့ ဝင်ရောက်မတိုက်ခိုက်သည်မှာ လူသားများ၏ နယ်မြေစိုးမိုးမှုကြောင့် သူတို့အသာမရနိုင်ဆိုတာကို သိသောကြောင့် ဖြစ်လေသည်။

သို့သော်လည်း သည်တစ်ခေါက်တွင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။

သားရဲတောကောင်များ စိုးမိုးခြယ်လှယ်ကျက်စားသည့်နေရာကို သူတို့က သွားရောက်ရမှာ ဖြစ်လေသည်။

လူသားအဖွဲ့အစည်းများသည် ထိုတောင်ကြားနှင့် ပတ်သတ်၍ အစိမ်းသက်သက်သာ ဖြစ်ပြီး ထိုသားရဲတောကောင်များကတော့ ထိုနေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် နေလာခဲ့သောကြောင့် အကုန်လုံးကို ခရေစေ့တွင်းကျ သိလေသည်။

အဲ့ဒါတွေအပြင် ပိုပြီးကြောက်ဖို့ကောင်းသည့်အရာမှာ ... ည ဖြစ်လေသည်။

ထန်ယုက‌ ပြောလိုက်၏။

“တောင်ကြားပတ်လည်မှာ မြူခိုးတွေက ဆိုင်းနေတော့ ငါတို့ရဲ့ အမြင်အာရုံက လျော့ကျသွားလိမ့်မယ်။ အဲ့ဒါမို့ ငါတို့ရဲ့ ခွန်အားအပြည့်အဝကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး.. ညမိုးချုပ်ပြီဆိုရင်တော့ ငါတို့က ဘာမှကို မမြင်ရသလောက် ဖြစ်သွားလိမ့်မယ်.. အဲ့အချိန်မှာသာ ငါတို့ကို မူလသွေးမျိုးဆက်တောကောင်တွေ ဝိုင်းပတ်တာ ခံရပြီဆိုရင်တော့....”

ထန်ယုက ဆက်မပြောသော်လည်း လူတိုင်းသည် ကျောချမ်းပြီး ကြက်သီးမွေးညင်းများ ထသွားကြ၏။

ခဏမျှ ရပ်နားပြီးနောက် ထန်ယုက ဆက်ပြောလိုက်၏။

“အဲ့ဒါကြောင့် ငါတို့က ဆေးရေအိုင်ဂိုဏ်းရှိတဲ့နေရာကို ညမိုးမချုပ်ခင် ရောက်ဖို့ လိုတယ်.. ညကိုရောက်သွားပြီဆိုတာနဲ့ ငါတို့က နောက်တစ်နေ့နေထွက်တာကို မမြင်ရတော့ဘဲနဲ့ တောင်ကြားထဲမှာ ထာဝရအိပ်စက်သွားရလိမ့်မယ်”

All Chapters