← Chapters

ချိတ်ပိတ်ထားသူ

Vol. 28 Ch. 408

ချိတ်ပိတ်ထားသူ

Vol. 28 Ch. 408

ရှေးဟောင်းတိုက်ပွဲမြေ၏ စမ်းသပ်ချက်က နောက်ဆုံးမှာတော့ အမှန်တစ်ကယ် ရောက်ရှိလာလေပြီ။

ကျင့်ကြံသူများအနေဖြင့် ရွှမ်ထျန်းမြို့ထဲမှာ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံပြီး နှစ်ကုန်မှ အေးဆေးပြန််သွားလို့ ရလေသည်။

သို့သော်လည်း ရှေးဟောင်းတိုက်ပွဲမြေအတွင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူအားလုံးလိုလိုသည် သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ လူငယ်ပါရမီရှင်များ ဖြစ်ကြပြီး သူတို့မှာ ရည်မှန်းချက်ကိုယ်စီ ရှိကြလေသည်။

သူတို့သည် ကျင့်ကြံဖို့အတွက်နှင့် ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်လာခဲ့ကြခြင်းမဟုတ်.. သူတို့သည် အခွင့်အလမ်းများ၊ ရတနာများနှင့် ပျောက်ဆုံးသွားပြီဖြစ်သော လျှို့ဝှက်ပညာရပ်၊ နည်းစနစ်များစွာကို ရှာဖွေဖော်ထုတ် ရယူနိုင်ဖို့ ဖြစ်လေသည်။

ရှေးဟောင်းခေတ်၏ ဂုဏ်ကျက်သရေထွန်းတောက်ခဲ့သည့်အချိန်က ဆေးရေအိုင်ဂိုဏ်းသည် နာမည်ဂုဏ်သတင်းကျော်ဇောခဲ့သော ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့လေသည်။

ထိုကဲ့သို့သောဂိုဏ်းတစ်ဂိုဏ်းက အချိန်မြစ်ရေ၏ တိုက်စားမှုအောက်၌ မြှုပ်နှံခံလိုက်ရပြီး ထာဝရ ချိတ်ပိတ်ခံထားခဲ့ရလေသည်။ အခုတော့ သူက နေ့အလင်းရောင်ကို တစ်ဖန်ပြန်မြင်လာရလေပြီ။ ထိုအထဲတွင် မရေမတွက်နိုင်သော ရတနာများနှင့် အခွင့်အလမ်းများက လူတိုင်းကို စောင့်ကြိုနေ၏။

“အားလုံးပဲ.. ရွှမ်းထျန်းမြို့ထဲမှာ အခုဆို အဖွဲ့အစည်းကြီးတွေ အများကြီးက စုမိနေကြပြီ။ ဖန်သားနန်းတော်တို့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့လို ဂိုဏ်းကြီးတွေအပါအဝင်ပေါ့.. အချိန်ကျလာရင် သွေးလွှမ်းတိုက်ပွဲတစ်ခုက သေချာပေါက် ပေါ်လာမှာပဲ”

ထန်ယုက အတည့်အတံ့ တင်းမာသောအမူအယာနှင့် ပြောလိုက်၏။

“အခြေအနေက မဟန်ဘူးဆို ယန်ဆေးဂိုဏ်းက တခြားရတနာတွေကို လက်လွှတ်ချင်လက်လွှတ်ရနိုင်တယ်.. ဒါပေမယ့်လို့.. ဆေးရေအိုင်ဂိုဏ်းရဲ့ ဆေးကျမ်းတွေပေါ်လာရင်တော့ ငါတို့က အသေအကြေ တိုက်ခိုက်ပြီး အရယူရလိမ့်မယ်”

ထိုဆေးဖော်စပ်နည်းအများစုက ခေတ်အဆက်ဆက် ဖြတ်ကျော်ခဲ့ပြီးနောက် တိမ်မြုပ်ပျောက်ဆုံးကုန်ကြလေပြီ။

သူတို့က ပြန်ပေါ်လာတာနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအတွင်း ကြီးကြီးမားမား အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပြီး ယန်ဆေးဂိုဏ်း၏ အဆင့်အတန်းကလည်း အနေအထားတစ်ခုသို့ သေချာပေါက် မြင့်တက်လာပေလိမ့်မည်။

“အားလုံးပဲ.. ကိုယ်နေရာကိုယ်ပြန်သွားပြီး စောင့်နေကြပါ.. အချိန်မရွေး ထွက်ခွာရနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ပြီး အဆင်သင့်ပြင်ထားကြပါ”

ထန်ယုပြောပြီးသည့်နောက်.. ကျင့်ကြံသူများသည် လူချဲ၍ ကိုယ့်အခန်းကိုယ် ပြန်ကုန်ကြ၏။

“တာအိုရောင်းရင်းဆူ.. တာအိုရောင်းရင်းကျိ.. ကျေးဇူးပြုပြီး ခဏနေပေးပါဦး”

ထန်ယုက ဆွဲထားသောကြောင့် ဆူဇီမိုနှင့် ကျိန်ချန်းရှန်တို့သည် သူတို၏ထိုင်ခုံမှာသူတို့ ပြန်ထိုင်လိုက်ကြ၏။ အားလုံးက ထွက်ခွာသွားကြလေပြီ။

“ချိတ်ပိတ်ထားသူဆိုတာ ရှင်တို့ကြားဖူးလား”

ထန်ယုက စကားအပိုတွေ ပြောမနေတော့ဘဲ တည့်တည့်သာ တန်းမေးလိုက်၏။

ဆူဇီမိုနှင့် ကျိချန်းရှန်သည် အနည်းငယ် ကြောင်အသွားကြပြီး အကြည့်ချင်းဖလှယ်ကာ ခေါင်းခါပြလိုက်၏။

ရှေးဟောင်းတိုက်ပွဲမြေနှင့် ပတ်သတ်၍ သူတို့၏ သိမြင်နားလည်မှုက ထိပ်သီးဂိုဏ်းကြီးများမှ လူများအောက် များစွာနိမ့်ကျလေသည်။

ထိုသည်ကို ထန်ယုက မျှော်လင့်ထားပြီးဖြစ်တာကြောင့် အံ့သြမနေပေ။

ဆူဇီမိုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကိုတောင် မကြားဖူးခဲ့မှတော့ ချိတ်ပိတ်ထားသူများကို မသိတာက သဘာဝကျလေသည်။

ထန်ယုက ရှင်းပြလိုက်၏။

“ဒီနေရာကို အခြေတည်အဆင့် ပါရမီရှင်တွေအပြင် တချို့ဂိုဏ်းကြီးတွေက ရွှေအမြုတေအဆင့်တွေကိုပါ ပို့ထားတယ်”

“ဘာ” “ဘယ်လို”

ဆူဇီမိုနှင့် ကျိချန်းရှန်သည် တုန်လှုပ်သွားကြ၏။

ဆူဇီမိုသည် နတ်ဆိုးမကျိထံမှ ကြားဖူးခဲ့သည်မှာ.. ရှေးဟောင်းခေတ်က ကမ္ဘာပျက်စစ်ပွဲကြီးအပြီး၌ ကွဲထွက်သွားသော ရှေးဟောင်းတိုက်ပွဲမြေတွင် သူ့စည်းသူ့မျဉ်းနှင့် သူ့ကိုယ်ပိုင် ဖွဲ့စည်းတည်ဆောက်မှုသဏ္ဌာန်ရှိလေသည်။ ရှေးဟောင်းတိုက်ပွဲမြေကို အခြေခံ၊ ဥပစာနှင့် အဆင့်မြင့်ဟူ၍ သုံးမျိုးခွဲထားလေသည်။

အခုအချိန် သူတို့ရောက်ရှိနေသည်မှာ အခြေခံရှေးဟောင်းတိုက်ပွဲမြေဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေ၏ အဆင့်သုံးဆင့်မှာ သူတို့၏ တည်ငြိမ်နိုင်စွမ်းကို နှိုင်းယှဉ်၍ ဆုံးဖြတ်ခွဲခြားထားခြင်း ဖြစ်လေသည်။

အခြေခံရှေးဟောင်းတိုက်ပွဲမြေက မတည်ငြိမ်နိုင်ဆုံး ဖြစ်လေသည်။ စွမ်းအင်ဖြာထွက်မှုက ကြီးမားလာလျှင် တည်ဆောက်မှုပုံသဏ္ဌာန်က စုတ်ပြဲသွားမည်ဖြစ်ပြီး ထိုစွမ်းအင်ကို ထုတ်လိုက်သည့် ကျင့်ကြံသူကို လေဟာနယ်ထဲသို့ ဆွဲယူဝါးမျိုလိုက်မည်ဖြစ်ပြီး လေဟာနယ်စီးကြောင်းများထဲ၌ ထိုသူက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

အကြိမ်ပေါင်းမြောက်များစွာ လေ့လာစမ်းသပ်ခဲ့ပြီးနောက် သူတို့အတည်ပြုနိုင်သည်မှာ တည်ငြိမ်နိုင်စွမ်းကို ပျက်ပြားစေသည့် အနိမ့်ဆုံးအဆင့် ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့် ဖြစ်လေသည်။

ကျင့်ကြံသူများက ရွှေအမြုတေအောက် ဖြစ်နေသမျှ သူတို့က တည်ဆောက်မှုပုံသဏ္ဌာန်အပေါ် အကျိုးသက်ရောက်စေလိမ့်မည် မဟုတ်ပေ။

ဥပစာရှေးဟောင်းတိုက်ပွဲမြေ၏ တည်ဆောက်မှုပုံသဏ္ဌာန်က ပို၍ တည်ငြိမ်မှုရှိပြီး ထိုအထဲတွင် ရွှေအမြုတေများက လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ကြလေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က နိုးထဝိညာဉ်အဆင့်အောက်မှာ ရှိနေသ၍ တည်ဆောက်မှုပုံသဏ္ဌာန်စုတ်ပြဲမှုကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။

ကိုယ်ပိုင်ကမ္ဘာတစ်ခုအနေနှင့် ရှေးဟောင်းတိုက်ပွဲမြေသည် သူ့ကိုယ်ပိုင် အလိုလို ပြုပြင်ထိန်းသိမ်းနိုင်စွမ်းရှိပြီး သူ၏ တည်ဆောက်မှုပုံသဏ္ဌာန်ကို ပျက်ပြားစေနိုင်သည့် ကျင်ကြံသူများကို လက်ခံထားလိမ့်မည် မဟုတ်ပေ။

ဥပမာပြောရလျှင် အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာဆိုလျှင် ရွှေအမြုတေများက ၎င်းထဲကို ဝင်ရောက်လို့ရမည် မဟုတ်ပေ။

အဲ့ဒါက သွေဖယ်လို့မရသော စည်းမျဉ်းတစ်ခုလိုမျိုးပင်။

သို့သော် အခုတော့ ထန်ယု၏ စကားက ဆူဇီမို၏ ယခင်က နားလည်သဘောပေါက်ထားမှုများကို လွှတ်ချရတော့မလိုပင်။

ထန်ယုက ရှင်းပြလိုက်၏။

“အချို့ထိပ်သီးဂိုဏ်းတွေမှာဆိုရင် တစ်ကယ့်စွမ်းအားကြီး မဟာပုဂ္ဂိုလ်ကြီးတွေ ရှိကြပြီးတော့ သူတို့ရဲ့ နည်းလမ်းတွေကလဲ အနှိုင်းမဲ့ပဲ.. အဲ့ပုဂ္ဂိုလ်တွေက ရွှေအမြုတေတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို ချိတ်ပိတ်ပစ်နိုင်တယ်.. သူတို့က အဲ့ရွှေအမြုတေတွေကို ရှေးဟောင်းတိုက်ပွဲမြေထဲ တိတ်တဆိတ် စေလွှတ်ခဲ့ကြတယ်”

“အဲ့လိုမျိုး ရွှေအမြုတေတွေကို ချိတ်ပိတ်ထားသူတွေလို့ ခေါ်ကြတယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုနှင့် ကျိချန်းရှန်တို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်သွားကြ၏။

ကမ္ဘာတစ်ခု၏ စည်းမျဉ်းများကိုတောင် ဖီဆန်နိုင်သော နည်းလမ်းများက တစ်ကယ့်အနှိုင်းမဲ့ပင်။

သို့သော်လည်း ကျိချန်းရှန်၏ စိတ်ထဲ မတင်မကျတာတစ်ခုရှိလာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“သူတို့က ချိတ်ပိတ်ထားသူတွေကို တိတ်တိတ်လေး ထည့်ပေးလိုက်တယ်ဆိုရင်တောင် သူတို့က အထွတ်အထိပ်အခြေတည်အဆင့်တစ်ယောက်ရဲ့ ခွန်အားကိုပဲ ထုတ်ပေးနိုင်မှာ မဟုတ်လား.. အဲ့ဒါကို အဲ့လောက်ထိ တကူးတက အားစိုက်ထုတ်စရာ လိုလို့လား”

ထန်ယုက ပြန်လည်ဖြေပေးခြင်းမရှိဘဲ.. ဆူဇီမိုကို စမ်းသပ်လိုသောပုံစံနှင့် ကြည့်လိုက်၏

ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမို၏ မျက်လုံးများက ဝင်းလက်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါက ခြိမ်းခြောက်ဖို့ထက် ပိုတယ်”

ထိုစကားကို ကြားသောအခါ ဦးလေးလျန့်က အသိအမှတ်ပြု ချီးကျူးသည့်ပုံစံနှင့် ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ”

ထန်ယုက ပြန်ဖြေလိုက်၏။

“ချိတ်ပိတ်ထားသူတွေရဲ့ ခွန်အားက အထွတ်အထိပ်အခြေတည်အဆင့်မှာပဲ ကန့်သတ်ထားတာ မဟုတ်ဘူး.. သူတို့က ရွှေအမြုတေတွေပဲ၊ ရွှေအမြုတေတစ်ယောက်ရဲ့ ခွန်အားအပြည့်ကို ထုတ်သုံးနိုင်တယ်.. ဒါပေမယ့် သူတို့ပြန်ပေးဆပ်ရတဲ့တန်ဖိုးကလဲ ကြီးတယ်.. သူတို့ရဲ့ ရွှေအမြုတေခွန်အားကို တစ်ကြိမ်ထုတ်သုံးပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ လေဟာနယ်က စုတ်ပြဲသွားပြီးတော့ သူတို့ကို ဝါးမျိုသွားလိမ့်မယ်”

“အဲ့ဒါကြောင့်မလို့ အချိန်အများစုမှာတော့ ချိတ်ပိတ်ထားသူတွေက တခြားသူတွေကို ခြိမ်းခြောက်ဖို့အတွက်ပဲ.. တစ်ကယ့်တစ်ကယ် သေရေးရှင်ရေးကိစ္စမျိုး ဖြစ်မလာဘဲနဲ့ သူတို့က တိုက်ခိုက်မှာ မဟုတ်ဘူး”

ကျိချန်းရှန်က မေးလိုက်၏။

“အဲ့ဒါဆို ချိတ်ပိတ်ထားသူတွေကို ကျုပ်တို့က ဘယ်လိုခွဲမလဲ”

ထန်ယုက ပြန်မဖြေဘဲ ဆူဇီမိုကိုသာ ပြုံးစစနှင့် ကြည့်လိုက်၏။ သူမကို သူ့ကို စမ်းသပ်ချင်နေသေးတာပင်။

ဆူဇီမိုသည် ရင်တစ်ချက်ခုန်သွားပြီး မဟာကျိုးအင်ပါယာမှာတုန်းက တိုက်ခိုက်ခံခဲ့ရသည့်ညကို ပြန်လည်အမှတ်ရသွား၏။

“ချိတ်ပိတ်ထားသူတွေက ဘဝသက်တမ်းကုန်ခါနီးဆဲဆဲ လူကြီးပိုင်းတွေထဲကပဲ ဖြစ်ရမယ်”

သာမန်အခြေအနေမှာဆိုရင် ချိတ်ပိတ်ထားသူများက သူတို့၏ ရွှေအမြုတေအဆင့်ခွန်အားကို ထုတ်ဖော်ကြလိမ့်မည် မဟုတ်‌ပေ။ ထိုသို့ထုတ်ဖော်ပြီးသည်နှင့် သူတို့က သေချာပေါက် သေရပေတော့မည်။

ထိုကဲ့သို့ အချိန်မရွေး သေသွားနိုင်သည့် အန္တရာယ်ကို သဘောတူလက်ခံပြီး ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာမည့်သူများက ဘဝနေဝင်ခါနီး ရွှေအမြုတေများသာလျှင် ဖြစ်ဖို့များလေသည်။

ထန်ယုက လွန်စာအံ့အားသင့်သွားပြီး ဆူဇီမိုကို ပါးစပ်အဟောင်းသားနှင့် ကြည့်လိုက်၏။ သူသည် ထိုလျှို့ဝှက်ချက်ကို ဒီလောက်ခဏလေးနှင့် ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမ မထင်ထားမိပေ။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“ချိတ်ပိတ်ထားသူတွေက ခြိမ်းခြောက်ဖို့အတွက် ဆိုမှတော့ သူတို့က သက်ဆိုင်ရာဂိုဏ်းက အဖွဲ့ခေါင်းဆောင်တွေရဲ့ ဘေးနားမှာပဲ တစ်ချိန်လုံးကပ်ပါပြီး စောင့်ရှောက်နေလိမ့်မယ်”

ထိုသို့ပြောရင်း သူက ထန်ယုနောက်ရှိ ဦးလေးလျန့်ကို လှမ်းကြည့်လိုက်ပြီး ပြုံးပြလိုက်၏။

“ဦးလေးလျန့်.. ခင်ဗျားက ချိတ်ပိတ်ထားသူတစ်ယောက်ပဲ ဟုတ်တယ်မလား”

“ဟဟ.. တော်ပါပေတယ်ကွာ”

ဦးလေးလျန့်က သူ့မုတ်ဆိတ်ကိုသပ်ပြီး ချီးကျူးကာ ရယ်မောလိုက်၏။

တစ်ကယ်တော့ ဆူဇီမိုသည် ဦးလေးလျန့်၏ သရုပ်မှန်ကို သံသယရှိနေသည်မှာ ကြာလေပြီ။

ပုံမှန်အားဖြင့်ဆိုလျှင် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသူများအားလုံးက လူငယ်ပါရမီရှင်များသာ ဖြစ်ကြလေသည်။

ဦးလေးလျန့်လို ဆံပင်ဖြူနှင့် သက်ကြီးပိုင်းတစ်ယောက်ကို ရှေးဟောင်းတိုက်ပွဲမြေတွင် တွေ့ရသည်မှာ တစ်ကယ့်ကို ထူးဆန်းလေသည်။

ထန်ယုက ဆက်ပြောလိုက်၏။

“ချိတ်ပိတ်ထားသူတွေက ရုပ်ပိုင်းဆိုင်ရာအရ အကျဘက်ကို ရောက်နေပြီး သက်လုံအားလဲ နည်းနေပြီမလို့.. သူတို့က ရွှေအမြုတေအဆင့်ခွန်အားကို မသုံးဘဲနဲ့တောင်မှ တော်တန်ရုံနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး”

ခဏကြာ စဉ်းစားချင့်ချိတ်တွက်ဆပြီးနောက် ကျိချန်းရှန်က ထပ်မေးလိုက်၏။

“အဲ့လိုသာဆိုရင် ခင်ဗျားတို့က ဘာလို့ချိတ်ပိတ်ထားသူတွေကို ဘာလို့ ဒီထက်ပိုမလွှတ်ကြတာလဲ.. သူတို့ရဲ့ခွန်အားနဲ့ဆို ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးမှာ စိုးမိုးခြယ်လှယ်လို့ရပြီ မဟုတ်ဘူးလား”

“ဘယ်ရပါ့မလဲ”

ထန်ယုက ခေါင်းခါပြလိုက်၏။

“ပထမတစ်ချက်.. ဘဝနေဝင်ခါနီး ရွှေအမြုတေတွေက သိပ်အများကြီးမရှိဘူး။ ဒုတိယတစ်ချက်.. ရှေးဟောင်းတိုက်ပွဲမြေထဲ ချိတ်ပိတ်ထားသူတစ်ယောက်ကို ပို့လိုက်တာတောင် မျှခြေကို ဖျက်ဆီးမိနေပြီ.. ရွှေအမြုတေတွေ အများကြီးသာ တိုက်ခိုက်ကြမယ်ဆိုရင် တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲတာတွေက အများကြီးဖြစ်လာမယ်.. လောကက မတည်မငြိမ် ဖြစ်လာပြီးတော့ ပျက်စီးပြိုကျသွားတာတောင် ဖြစ်နိုင်တယ်”

လောကတစ်ခု၏ တည်ဆောက်မှုပုံသဏ္ဌာန်က ပျက်စီးသွားတာနှင့် ထိုလောကထဲရှိ သက်ရှိများအားလုံးသည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ကစင်ကလျား မူလစွမ်းအင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်လေသည်။

“အဲ့ဒါကြောင့် ရှေးဟောင်းတိုက်ပွဲမြေကို ဖျက်ဆီးမိတာမျိုး မဖြစ်စေဖို့အတွက် ဂိုဏ်းကြီးတွေက သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်.. အဲ့ဒါက သူတို့က တစ်ကြိမ်မှာ ချိတ်ပိတ်ထားသူတစ်ယောက်ကိုပဲ စေလွှတ်ရမယ်ဆိုတာပဲ”

ခဏမျှ ရပ်တန့်ပြီးနောက် ထန်ယုက ဆူဇီမိုဘက်သို့ လှည့်လိုက်၏။

“ကျမပြောချင်တာက ဖေးချွန်ယွီနဲ့ ရွှယ်ယန်တို့ ဘေးမှာလဲ ချိတ်ပိတ်ထားသူတစ်ယောက်စီ ရှိနေတယ်ဆိုတာ သတိထားဖို့ပဲ”

All Chapters