တောင်ကြားထဲသို့ ဝင်ရောက်ကြခြင်း
Vol. 28 Ch. 409
ဆူဇီမိုသည် ပကတိအဆင့်မရီးဒါန်ဆေးလုံးအတွက် မရမက တိုက်ခိုက်ချင်နေကြောင်း ထန်ယုသိလေသည်။
သို့သော်လည်း ထိုပကတိအဆင့်မရီးဒါန်ဆေးလုံးအတွက် ဖေးချွန်ယွီနှင့် အခြားသူများကလည်း တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအချိန်တွင် ကြီးမားပြင်းထန်သည့် တိုက်ပွဲတစ်ခုက ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဆူဇီမိုရင်ဆိုင်ရမည်မှာ ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့သာလျှင်မဟုတ်.. သူတို့၏ ချိတ်ပိတ်ထားသူများပါ ပါလာပေမည်။
ထိုအခြေအနေသို့ ရောက်လာပါက ဆူဇီမိုသည် သည်းခံနောက်ဆုတ်နေဖို့ ထန်ယုက သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်လေသည်။
ဆူဇီမို၏ လက်ရှိခွန်အားက ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ချိတ်ပိတ်ထားသူများက သူတို့၏ ရွှေအမြုတေအဆင့်ခွန်အားကို ထုတ်မသုံးလျှင်တောင် သူတို့၏ ခွန်အားက မရီးဒါန်ရှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှလေသည်။ အဲ့ဒါကို ဆူဇီမိုကို ဖိနှိမ်ဖို့ လုံလောက်တာထက် ပိုလေသည်။
ဘယ်လိုပဲတွက်တွက် ဆူဇီမိုဘက်မှာ အခွင့်အရေးလုံးဝ မရှိပေ။
သူက ချိတ်ပိတ်ထားသူများကို ရန်စစော်ကားမိ၍ သူတို့ကို အမျက်ထွက်စေမိလျှင် သူတို့၏ ရွှေအမြုတေအဆင့်ခွန်အားကို ထုတ်ဖော်သည်နှင့် ဆူဇီမိုက သေချာပေါက် သေရပေတော့မည်။
ဆူဇီမိုက ပြုံးပြလိုက်ပြီး ဘာမှ ပြန်မပြောပေ။
မည်သို့ပင်ဆိုစေ.. သူက ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးကို ရအောင်ယူရပေမည်။
အဲ့ဒါက သူ၏ အနာဂတ်တက်လမ်းနှင့် ပတ်သတ်နေပြီး သူ့လျှောက်မည့်လမ်းမှာ ဘာပဲရှိနေနေ သူက ဂရုစိုက်မည် မဟုတ်ပေ။
ခဏနေပြီးနောက် ထန်ယုက ထပ်ပြောလိုက်၏။
“ဒါနဲ့ နောက်ထပ်ပြောစရာတစ်ခု ရှိသေးတယ်.. ဆေးရေအိုင်ဂိုဏ်းဆီကို သွားရမယ့်ခရီးက အရမ်းအန္တရာယ်များလွန်းတယ်.. ဘာတွေ ဖြစ်လာမလဲဆိုတာ ကျမတို့ ကြိုမသိနိုင်ဘူး.. ရှောင်းနင်ကို ရွှမ်ထျန်းမြို့ထဲမှာပဲ ထားခဲ့ကြမယ်ဆိုရင်ရော ဘယ်နှယ့်လဲ.. အဲ့ဒါက သူ့အတွက် ပိုပြီး ဘေးကင်းမယ်မလား”
ထန်ယုအတွက်တော့.. ရှောင်းနင်က နောက်ပိုင်း-အခြေတည်အဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် သူမက ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာကို သူတို့နဲ့အတူ လိုက်လာလျှင်တောင် သိပ်ပြီးအထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။
“ရပါတယ်.. သူ့ကို ခေါ်သွားလိုက်မယ်”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“မပူပါနဲ့.. ညဝိညာဉ်က စောင့်ရှောက်ပေးနေမှာဆိုတော့ ရှောင်းနင်က ခင်ဗျားတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး”
ပုံမှန်အားဖြင့်ဆိုလျှင် ရှောင်းနင်အတွက် ရွှမ်ထျန်းမြို့ထဲမှာ နေခဲ့တာက ပိုပြီး ဘေးကင်းလုံခြုံလေသည်။
သို့သော်လည်း ရှောင်းနင်ပိုင်ဆိုင်ထားသည့် ဆေးမီးဖိုအကြောင်း တွေးလိုက်မိချိန်တွင် ဆူဇီမိုသည် သူမကို သူနှင့်အတူ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်၏။
သူနှင့် ညဝိညာဉ်၏ ခွန်အားနှင့်ဆိုလျှင် ရှောင်းနင်ကို အန္တရာယ်မကျရောက်အောင် ကာကွယ်နိုင်လိမ့်မည်ဟု ဆူဇီမို ယုံကြည်လေသည်။
စကားနည်းနည်းပါးပါး ထပ်ပြောကြပြီးနောက် သူတို့သည် လူခွဲကြကာ ဆေးရေအိုင်ဂိုဏ်းအပျက်အစီး၏ သတင်းကို စောင့်နေကြတော့၏။
. . .
တစ်ရက်ကြာပြီးနောက် ညနေစောင်း ငါးနာရီနောက်ပိုင်းတွင်..
ရွှမ်ထျန်းမြို့၏ တောင်ဘက် ၅ ကီလိုမီတာအဝေးလောက်၌ ငလျင်တစ်ခုက ပြင်းထန်စွာလှုပ်ခါပြီး အလင်းတန်းများက ကောင်းကင်ထက်သို့ ပစ်လွှတ်တက်သွားပြီး ပျောက်ကွယ်သွားလေသည်။
ဆေးရေအိုင်ဂိုဏ်း၏ ချိတ်စည်းက ပျက်ပြယ်သွားလေပြီ။
ရွှမ်ထျန်းမြို့ထဲတွင် တံခါးပိတ်ကျင့်ကြံနေကြသော များစွာသော ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ ပျံတက်ကာ တောင်ဘက် ၅ကီလိုမီတာအကွာမှာရှိသော တောင်ကြားဆီသို့ သူတို့၏ ဓါးပျံများကို စီးနင်း၍ ဦးတည်ပျံသန်းသွားကြလေသည်။
ဖန်သားနန်းတော်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ အုတ်ဂူဂိုဏ်း၊ ရုပ်သေးဂိုဏ်းနှင့် အခြားသောဂိုဏ်းများသည်လည်း စတင်လှုပ်ရှားလာကြပြီဖြစ်ပြီး တစ်ခဏအတွင်း ရွှမ်ထျန်းတစ်မြို့လုံးက အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြလေသည်။
ဆူဇီမိုသည် အခြားသူများသည်လည်း ကြိုတင်ပြင်ဆင်ထားကြသည့်အတိုင်း ထူးခြားဖြစ်ရပ်ကို မြင်ပြီးသည်နှင့် အရှေ့ဘက်ခန်းမမှာ လျှင်မြန်စွာ စုဝေးလိုက်ကြလေသည်။
ထန်ယုက ကောင်းကင်ကို သုန်မှုန်စွာ ငေးကြည့်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုကို မြင်နေရ၏။
သူမ၏ စိတ်ထဲတွင် ဘာရှိနေသည်ကို ဆူဇီမို သိလေသည်။
အခုအချိန်မှာ ညနေစောင်းနေပြီဖြစ်ပြီး ညမိုးချုပ်ဖို့ နှစ်နာရီသာ လိုတော့လေသည်။ အခုချိန် တောင်ကြားထဲကို အတင်းဝင်ရောက်ဖို့က သူတို့အတွက် အရမ်းကို အန္တရာယ်များလွန်းလေသည်။
သူတို့သည် ညမိုးမချုပ်ခင်မှာ ကြမ်းကြုတ်တောကောင်များ၏ ခံစစ်ကို မထိုးဖောက်နိုင်ဘဲ ဆေးရေအိုင်ဂိုဏ်းအပျက်အစီးသို့ ရောက်အောင်မသွားနိုင်ခဲ့ဘူးဆိုလျှင် သူတို့အားလုံးက တောင်ကြားထဲမှာ အကုန်သေဆုံးရနိုင်လေသည်။
သို့သော်လည်း သူတို့က သည်နေရာမှာ သည်အတိုင်းနေနေတုန်း.. အခြားဂိုဏ်းတစ်ခုခုက တောကောင်များကို ထိုးဖောက်ပြီး အရင်ရောက်သွားမည်ဆိုလျှင် ဆေးရေအိုင်ဂိုဏ်းအတွင်းရှိ ရတနာအားလုံးက အပြောင်ရှင်းခံရပေလိမ့်မည်။
“ဂျူနီယာညီမလေး.. သွားကြရအောင်။ ဖန်သားနန်းတော်နဲ့ တခြားဂိုဏ်းတွေက ထွက်သွားကြလောက်ပြီ။ ငါတို့ဆက်ပြီး ကြန့်ကြာနေမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်”
ယန်ကျွင်းက ဘေးကနေ လောဆော်လိုက်၏။
ထန်ယုသည် ကြိတ်၍ သက်ပြင်းချလိုက်ပြီး လက်ပြလိုက်၏။
“သွားကြတာပေါ့”
လူတိုင်းသည် သူတို့၏ ဓါးပျံများကို ထုတ်စီးနင်း၍ တောင်ဘက်သို့ ဦးတည်လိုက်ကြ၏။
လူများကြားထဲတွင် ယန်ကျွင်းသည် လှစ်ကနဲ ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့် ဆူဇီမိုကို ဖျတ်ကနဲတစ်ချက် ကြည့်လိုက်၏။
“ဟမ့်”
အဲ့ဒါက ခဏလေးမျှသာ ဖြစ်သော်လည်း ဆူဇီမိုသည် အာရုံခံမိလိုက်၏။ သူက နောက်ပြန်လှည့်မလာသော်လည်း သူ့အမူအယာက အေးစက်လာပြီး အရှိန်ကို လျှော့ချကာ ယန်ကျွင်းသူ့အနားရောက်သည့်အထိ စောင့်လိုက်၏။
နောက်ကိုပင် လှည့်မကြည့်ဘဲ ဆူဇီမိုက မှင်သေသေနှင့် ပြောလိုက်၏။
“စေတနာ အကြံပေးလိုက်မယ်.. မင်းငါ့အပေါ် မကောင်းကြံစိတ် နဲနဲလေးမှ မထားရင် ကောင်းလိမ့်မယ်”
ထိုအခိုက်အတန့်၌ ယန်ကျွင်းသည် သူ့နုလုံးကို တစ်ယောက်ယောက်က ဖမ်းဆုပ်လိုက်ပြီး အသက်ရှူရပ်တန့်သွားသလို ခံစားလိုက်ရ၏။
သူ အဲ့ဒါကို ဘယ်လိုများ သိသွားရတာလဲ..
သူ့အမူအယာက ကြောက်လန့်တကြားနှင့် ဖြူလျော့သွားပြီး သူ့နဖူးမှ ချွေးများက စီးကျလာ၏။
သူသည် လှစ်ကနဲ ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့် တစ်ချက်ကလေး လှမ်းကြည့်မိရုံနှင့် ဆူဇီမိုက အဲ့ဒါကို ဘယ်လိုရှာတွေ့သွားသလဲ သူနားမလည်နိုင်ပေ။
ယန်ကျွင်း၏ ခြေထောက်များက အနည်းငယ် တုန်ယင်လာ၏။
သူသည် ထိုသို့ မဖြစ်စေဖို့ သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားထိန်းချုပ်လိုက်၏။
သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ တည်ငြိမ်ဟန်ဆောင်ကာ အပြုံးတစ်ခုကို လုပ်ယူပြီး ပြောလိုက်၏။
“တာ-တာအိုရောင်းရင်းက ဘယ်သူ့ကို ပြောနေတာလဲ မသိဘူး”
“ငါမင်းကို အရင်က သတိလစ်ရုံလောက်ပဲ ပါးရိုက်ခဲ့တာနော်.. အေး နောက်တစ်ခါဆိုရင်တော့ မင်းခေါင်းပါ ပေါက်ကွဲထွက်သွားလိမ့်မယ်”
ခဏမျှ ရပ်တန့်ပြီးမှ ဆူဇီမိုက ဆက်ပြောလိုက်၏။
“ဒါနဲ့ အဲ့ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူးနော်.. သတိပေးထားရုံပဲ”
ဆူဇီမိုက ထိုသို့ပြောပြီးသည်နှင့် နောက်ကိုပင် လှည့်မကြည့်ဘဲ လူအုပ်ကြီး၏ ရှေ့သို့ ပြန်တက်သွားလေသည်။
ထိုစက္ကန့်အပိုင်းအခြားလေးမှာ ယန်ကျွင်းသည် ဆယ့်လေးငါးနှစ် ဖြတ်သန်းခဲ့ရသလို ခံစားလိုက်ရ၏။ သူသည် ငရဲတံခါးဝကို ဖြတ်ကျော်လာခဲ့ရသည့်အလား.. တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး လေများကို တိုက်ခတ်လိုက်သောအခါ ချမ်းတုန်သွားလေသည်။
ယန်ကျွင်းသည် ဆူဇီမိုကို ထပ်မကြည့်ရဲတော့ဘဲ ခေါင်းငိုက်စိုက်ကျသွားလေသည်။
ထိုအချိန်၌ သူ့ပုံစံက ကြောက်ဖို့ကောင်းနေပြီး သူ့မျက်လုံးများက ကယောင်ချောက်ချား ဖြစ်နေ၏။ သူသည် စိတ်ထဲကနေကြိတ်ပြီး ကြိမ်းဝါးလိုက်၏။
“ဆူဇီမို.. မင်းက အရင်တုန်းက ငါ့ကို လူအများရှေ့မှာ အရှက်ရအောင်လုပ်ခဲ့တယ်.. ဒီနေ့လဲ ငါ့ကို ခြိမ်းခြောက်နေပြန်ပြီ.. မြူခိုးတောင်ကြားက မင်းရဲ့သင်္ချိုင်းဖြစ်သွားအောင် ငါလုပ်ပေးရသေးတောပေါ့”
. . .
ဓါးပျံများ စီးနင်းလာကြသော သူတို့အုပ်စုသည် ခပ်လှမ်းလှမ်းတွင် မြူခိုးများ လွှမ်းခြုံနေသော တောင်ကြားကို လှမ်းမြင်လိုက်ရ၏။ မီးခိုးရောင် မှုန်ရီရီနှင့် အဲ့ဒါက ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေလေသည်။
မြူခိုးများက တောင်ကြားကို တောရိုင်းသတ္တဝါတစ်ကောင်၏ ပုံစံလို လွှမ်းခြုံထားပြီး သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကိုဟကာ စားဖို့သောက်ဖို့အတွက် စောင့်ဆိုင်းနေသလိုပင်။
ဖန်သားနန်းတော်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် အခြားများစွာသောဂိုဏ်းများက တောင်ကြား၏ အဝင်ဝ၌ ရောက်နေကြသည်မှာ ကြာနေလေပြီ။
လူအုပ်ကြီး၏ အပြင်ဘက်တွင် အခွင့်အလမ်းကို စောင့်ဆိုင်းနေကြသော ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများလည်း ရှိကြလေသည်။ ဂိုဏ်းကြီးများက အရင်ဝင်ရောက်ပြီး ကြမ်းကြုတ်တောကောင်များ၏ အာရုံကို ဆွဲဆောင်သွားသည်နှင့် သူတို့က လူအုပ်ကြီးနှင့်အတူ လိုက်ပါရောဝင်ဖို ကြံရွယ်နေကြလေသည်။
“ရှောင်ယု.. နင်ရောက်လာပြီပဲ”
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဖုန့်မန်းမန်က လျှောက်လှမ်းလာပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်၏။
ဖုန့်မန်းမန်သည်လည်း စိတ်အေးလက်အေး ရှိမနေသည်ကို ဆူဇီမို ပြောနိုင်လေသည်။
သူတို့နှစ်ယောက်က ခဏကြာ ဆွေးနွေးလိုက်ပြီးနောက် ထန်ယုက မတ်တပ်ထရပ်လိုက်၏။ သူမက ဖန်သားနန်းတော်ဘက်သို့ လက်သီးဆုပ်လေးစားဟန်ပြ၍ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“တာအိုရောင်းရင်းဖေး.. အခုက နောက်ကျနေပြီမလား.. မိုးချုပ်ဖို့က နှစ်နာရီတောင် မလိုတော့ဘူးလေ.. အခုချိန်မှာ တောင်ကြားထဲ ဝင်ဖို့က ကျုပ်တို့အတွက် အန္တရာယ်များလွန်းလှပါတယ်ဗျာ.. ကျုပ်တို့ အခု မြို့ထဲပြန်နားနေကြပြီး မနက်ဖြန်မနက်မှ တောင်ကြားထဲကို အတူဝင်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ”
တစ်ကယ်တော့ သူမ၏ စကားက လူအများ၏ စိတ်ဆန္ဒလည်း ဖြစ်လေသည်။
တောင်ကြားက အရမ်းကြီးမားကျယ်ပြန့်ပြီး ဆေးရေအိုင်ဂိုဏ်း၏ တည်နေရာ အတိအကျကို မည်သူမှ မသိနိုင်ပေ။ သူတို့သည် ညမိုးမချုပ်ခင် ဆေးရေအိုင်ဂိုဏ်းပျက်ကို မရှာဖွေနိုင်လျှင် အသက်ပေါင်းများစွာကို ဆုံးရှုံးရပေလိမ့်မည်။
သို့သော် သူတို့မသွားလျှင်လည်း အခြားတစ်ယောက်ယောက်က ဆေးရေအိုင်ဂိုဏ်းပျက်ကို အရင်ရှာတွေ့ပြီး အပြောင်သိမ်းသွားမှာကိုလည်း သူတို့ မလိုလားကြပေ။
ဖေးချွန်ယွီက မျက်နှာကို အနည်းငယ်မော့၍ ပြန်ဖြေလိုက်၏။
“တာအိုရောင်းရင်းရဲ့ အကြံနဲ့ပတ်သတ်ပြီး ကျုပ်ကတော့ ကိစ္စမရှိပါဘူး.. ဒါပေမယ့်....”
ဖေးချွန်ယွီက ဆက်မပြောဘဲ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဘက်ကို လှည့်ကြည့်လိုက်၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူ ရွှယ်ယန်က ခနဲ့တဲ့တဲ့ ရယ်လိုက်၏။
“မင်းတို့ သေမှာကြောက်နေကြရင်လဲ ဘာလို့ ဒီကို လာနေကြသေးတာလဲ.. ရွှမ်ထျန်းမြို့ထဲပြန်ပြီး အမြီးကုပ်နေကြပါလား.. အဲ့မှာ တစ်နှစ်ပတ်လုံး ဇိမ်လေးနဲ့ နှပ်နေကြပေါ့”
“အရေးမပါတာ”
“ဒီတောင်ကြားလေးက ဖန်သားနန်းတော်ကို ဟန့်တားနိုင်မှာတဲ့လား”
ဖန်သားနန်းတော်မှ တပည့်များက အော်ဟစ်လိုက်ကြ၏။
ရွှယ်ယန်က အေးစက်စက် သရော်ရယ်၍ ကြေညာလိုက်၏။
“အားလုံးပဲ ကျုပ်နဲ့အတူ တောင်ကြားထဲကို သွားကြမယ်ဟေ့”
သူ့စကားမဆုံးသေးခင်မှာပင် ရွှယ်ယန်က အရင်ဆုံး ခြေစလှမ်း၍ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများကို ဦးဆောင်ကာ ရှေ့သို့ တိုးဝင်ပြီး မြူခိုးထဲမှာ ပျောက်ကွယ်သွားလေသည်။
ကိစ္စက ဤသို့ ဖြစ်လာမှတော့ ဖန်သားနန်းတော်ကလည်း နောက်ကျ မကျန်နိုင်ပေ။ ဖေးချွန်ယွီက အမိန့်ပေးလိုက်၏။
“ငါတို့လဲ ဝင်မယ်ဟေ့”
ထိုဂိုဏ်းနှစ်ဂိုဏ်း၏ အပြုအမူက ချီတုံ့ချတုံ ဖြစ်နေကြသော အဖွဲ့များအားလုံးကို နှိုးဆွပေးလိုက်၏။ အမျိုးမျိုးသော ကျန်ဂိုဏ်းများသည်လည်း တောင်ကြားထဲသို့ အသီးသီး လိုက်ဝင်ကြကုန်လေသည်။