← Chapters

ရှေးဟောင်းသွေးခြင်များ

Vol. 28 Ch. 410

ရှေးဟောင်းသွေးခြင်များ

Vol. 28 Ch. 410

ရမ္မက်လောဘက လူတစ်ယောက်၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပျောက်ဆုံးသွားစေတတ်လေသည်။

ထိုအချိန်၌ ကျင့်ကြံသူများသည် တောင်ကြားထဲသို့ တောက်လောင်ပြင်းပြစွာနှင့် အရူးအမူး ပြေးဝင်ချသွားကြလေသည်။

သူတို့၏ မျက်လုံးများထဲတွင် မြင်ယောင်နေသည်မှာ ဆေးရေအိုင်ဂိုဏ်း၏ ရတနာများသာ ဖြစ်လေသည်။ သူတို့သည် တောင်ကြားထဲရှိ သေစေနိုင်သော အန္တရာယ်များကို မေ့လျော့သွားကြ၏။

ဘယ်သူကမှ နောက်ကျ မကျန်လိုကြပေ။

ယန်ဆေးဂိုဏ်းကတော့ မလှုပ်ရှားကြသေးပေ။

ရှေ့ဆုံးမှနေပြီး ထုန်ယုသည် ချီတုံချတုံ အမူအယာနှင့် မျက်မှောင်ကြုတ်ထား၏။

သူမ၏ ဆုံးဖြတ်ချက်က သူမနောက်ရှိ ကျင့်ကြံသူပေါင်းတစ်ထောင်ကျော်၏ ဘဝတွေ၊ အသက်တွေကို အဆုံးအဖြတ်ပေးနိုင်လေသည်။

ညမှောင်ဖို့က နှစ်နာရီတောင် မကျန်တော့ပေ။

ထိုအချိန်၌ မြူထူထူညတွင် သူတို့အကုန်လုံး၏ အသိစိတ်အာရုံများက အားနည်းလာပေလိမ့်မည်။ သို့သော်လည်း ရှေးဟောင်းသက်ရှိများ၊ ရှေးဦးအဆက်နွယ်သားရဲများနှင့် မူလသွေးမျိုးဆက်သားရဲများအပေါ်မှာတော့ ပတ်ဝန်းကျင်၏ အနေအထားက သိပ်ပြီး အကျိုးသက်ရောက်စေနိုင်လိမ့်မည် မဟုတ်ပေ။

“’သခင်လေး.. တောင်ကြားထဲကို မြန်မြန်လိုက်ဝင်ကြရအောင်.. တွေဝေမနေနဲ့တော့”

“သူတို့သာ ဆေးရေအိုင်ဂိုဏ်းကို အရင်ရှာတွေ့သွားရင် ကျုပ်တို့က လက်ဗလာနဲ့ ပြန်လာရလိမ့်မယ်”

“ဟုတ်တယ်.. ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတောင် ဝင်သွားကြပြီ.. ကျုပ်တို့အင်အားက တစ်ထောင်ကျော်တောင် ရှိတာပဲ.. အဲ့တိရစ္ဆာန်တွေကို ကျုပ်တို့က ဘာလို့ မနိုင်ရမှာလဲ”

ထိုသည်ကို ကြားသောအခါ ဆူဇီမိုသည် စိတ်ထဲကနေ ကြိတ်ရယ်ပြီး ခေါင်းခါလိုက်၏။

သူတို့ဘက်က လူပေါင်းတစ်ထောင်မပြောနှင့် တစ်သိန်းရှိလျှင်တောင် သည်နေရာမှာ နှစ်ပေါင်းများစွာ ရှင်သန်ပေါက်ဖွားနေထိုင်လာကြသော သားရဲတောကောင်များ၏ အရေအတွက်ကို မီနိုင်လိမ့်မည် မဟုတ်ပေ။

အချိန်အခါအရဖြစ်စေ၊ ပတ်ဝန်းကျင်အနေအထားအရဖြစ်စေ.. သူတို့မှာ အားသာချက်မရှိပေ။

ခဏကြာပြီးနောက် ထန်ယုသည် သူမနောက်ရှိ ကျင့်ကြံသူများ၏ တတွတ်တွတ်ပြောဆိုနေမှုကို အလျှော့ပေးလိုက်ရလေသည်။ သူမသည် ရင်ထဲမှာ စိတ်မချမ်းမသာနှင့်ပင် လက်ဝေ့ပြလိုက်၏။

“သွားကြတာပေါ့”

တောင်ကြားထဲသို့ ဝင်ရောက်ရာတွင် ယန်ဆေးဂိုဏ်းအဖွဲ့က နောက်ဆုံးဖြစ်လေသည်။

သူတို့၏ မူလအစီအစဉ်အရ.. ယန်ဆေးဂိုဏ်းသားတစ်ထောင်ကျော်ကျော်သည် လွန်းချွန်ပုံစံ နေရာယူ ဖွဲ့စည်းလိုက်ကြ၏။ ဆူရှောင်းနှင့် နတ်ဆေးဆရာတချို့လိုမျိုး တိုက်ခိုက်ရည်အနိမ့်ဆုံးသူများက ဖွဲ့စည်းပုံ၏ အလယ်တွင် နေရာယူထားကြ၏။

ဖွဲ့စည်းပုံ၏ အပြင်ဘက် ပတ်ပတ်လည်မှာတော့ တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူများက နေရာယူထားကြလေသည်။

လွန်းချွန်ပုံစံ၏ ထိပ်ဖျားစွန်း အထက်ရှဆုံးနေရာမှာတော့ ဆူဇီမို၊ ကျိချန်းရှန်နှင့် ယန်ကျွင်းတို့က နေရာယူထားကြလေသည်။

ဆူဇီမိုက အလယ်မှာဖြစ်ပြီး ကျိချန်းရှန်နှင့် ယန်ကျွင်းက နောက်မှာ အနည်းငယ်ခွာ၍ တစ်ဖက်တစ်ချက်စီ ထောက်ပံ့ထားလေသည်။

သူတို့သည် တောင်ကြားထဲသို့ ရောက်လာချိန်တွင် ဆူဇီမိုက ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်ကို ထုတ်၍ လေထဲတွင် ပျံဝဲစေကာ အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အဆင်သင့်ပြင်ထားလိုက်၏။

“မြင်နိုင်စွမ်းက အရမ်းနဲတယ်”

“ဟုတ်တယ်.. ငါဆို ပေတစ်ရာဝန်းကျင်လောက်ထိပဲ မြင်ရတယ်”

တောင်ကြားထဲ ဝင်ရောက်လာပြီးနောက် များစွာသော ကျင့်ကြံသူများသည် တိုးတိုး တိုးတိုးနှင့် စတင်ပြောဆိုလိုက်ကြ၏။

ကျိချန်းရှန်သည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ဖြစ်၏။ သူက ဘေးပတ်လည်ကို ဝေ့ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“ငါတော့ အများဆုံး ပေတစ်ရာကျော်ထိပဲ မြင်ရတယ်.. ဇီမို မင်းရော”

“အဲ့လောက်လောက်ပါပဲ”

ဆူဇီမိုက မတင်မကျ ပြန်ဖြေလိုက်၏။

တစ်ကယ်တော့ ဒွါရခုနှစ်ခုကို ရှင်းလင်းပြီးနောက် ဆူဇီမို၏ အမြင်အာရုံက အလွန်တရာ အားကောင်းနေပြီဖြစ်၏။ မြူခိုးတောထဲမှာတောင် သူက ပေတစ်ထောင်လောက်ဝေးဝေးထိ ကောင်းကောင်းမြင်ရလေသည်။

သူတို့ရှေ့ရှိ မြူခိုးများက သားရဲတောကောင်များအပေါ် သိပ်ပြီး သက်ရောက်မှုမရှိပေ။ ဆူဇီမိုအပေါ်လည်း ထို့အတူပင်။

ကျင့်ကြံသူများသည် စမ်းတဝါးဝါးနှင့် ရှေ့သို့ ဆက်တက်လိုက်ကြ၏။

သိပ်မကြာမီ တောင်ကြားထဲ၌ ကြမ်းကြုတ်တောကောင်များ၏ ဟိန်းဟောက်သံများက သွေးပျက်ချောက်ချားဖွယ်ရာ နာကျင်အော်ဟစ်သံများနှင့်အတူ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

အသံများက ကြားရသည်မှာ ကြက်သီးထဖွယ်ရာပင်။

“တချို့လူတွေတော့ ကြမ်းကြုတ်တောကောင် တစ်ကောင်ကောင်နဲ့ တွေ့သွားကြပြီထင်တယ်”

“ဟုတ်လောက်တယ်”

အချို့သော ကျင့်ကြံသူများက ဆွေးနွေးကောက်ချက်ချလိုက်၏။

လူတိုင်း၏ စိတ်လှုပ်ရှားတက်ကြွမှုက တဖြည်းဖြည်း အောက်ကိုထိုးကျသွားပြီး သူတို့သည် စတင်၍ ဂနာမငြိမ် ယောက်ယက်ခတ်လာကြ၏။

ရုတ်တရက် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

“အားလုံးပဲ.. သတိထားကြ.. ရှေ့မှာ ရှေးဟောင်းသွေးခြင်တွေ အများကြီးပဲ ရှိနေတယ်”

လူတိုင်းတုန်လှုပ်သွားကြ၏။

သွေးခြင်များက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အတွေ့ရအများဆုံး စိတ်ဝိညာဉ်တောကောင်တစ်မျိုး ဖြစ်လေသည်။ သူတို့က လက်သီးဆုပ်အရွယ်လောက်ရှိပြီး လူသားများအပါအဝင် အခြားသော သက်ရှိများ၏ သွေးများကို စုပ်ယူသောက်သုံးရတာကို နှစ်သက်ခုံမင်ကြလေသည်။

ထိုသွေးခြင်များက အားနည်းသော်လည်း ရှေးဟောင်းသွေးခြင်များကတော့ များစွာပို၍ ကြောက်ဖို့ကောင်းလေသည်။

ရှေးဟောင်းသွေးခြင်များသည် ရှေးဟောင်းခေတ်က သက်ရှိပုံစံများ ဖြစ်ကြပြီး သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မျိုးတုံးပျောက်ကွယ်သွားခဲ့ကြတာ ကြာလေပြီ။ အရွယ်အစားက အရမ်းကြီးမားပြီး လူတွေထက်ပင် ပိုကြီးကာ သူတို့၏ တောင်ပံများကို ခတ်လိုက်လျှင် တဝီဝီအသံများက ကျယ်လောင်စွာ ထွက်ပေါ်လာတတ်လေသည်။

သူ့တို့၏ ခန္ဓာကိုယ်များက အလွန်ပေါ့ပါးဖျတ်လတ်ပြီး သွေးစုပ်ဖို့အသုံးချသော သူတို့၏ ဦးခေါင်းပိုင်းများက အလွန်တရာ ကြောက်ဖို့ကောင်းသော သတ်ဖြတ်ခြင်းလက်နက်များ ဖြစ်လေသည်။

သူတို့၏ ဦးမှင်က ရှည်းလျားသွယ်လျပြီးမာကြော၍ အခြားသောသက်ရှိများ၏ အသားကို အလွယ်တကူ ထိုးဖောက်နိုင်ကာ သာမန်သက်ရှိတစ်ကောင်ကို ဆယ်စက္ကန့်အတွင်း ခြောက်ကပ်သွားအောင် စုပ်ယူနိုင်လေသည်။

ပိုပြီးတော့ ကြောက်စရာကောင်းသည့်အချက်မှာ ထိုရှေးဟောင်းသွေးခြင်များက အုပ်စုဖွဲ့နေတတ်ကြခြင်း ဖြစ်လေသည်။

ထိုရှေးဟောင်းသွေးခြင်များက အစာရှာထွက်သည့်အခါ ကောင်းကင်တစ်ခွင်ပြည့်နေအောင် အုပ်စုလိုက်ပျံသန်းလာတတ်ကြလေသည်။ ရှေးဦးအဆက်နွယ်တောကောင်များပင်လျှင် သူတို့ထံမှ လွတ်အောင်မပြေးနိုင်ဘဲ တစ်ခဏအတွင်း ခြောက်သွေ့သောအလောင်းကောင်ဘဝသို့ ကူးပြောင်းသွားတတ်ကြလေသည်။

ရှေးဟောင်းသွေးခြင်တွေဟူသော အသံကို ကြားရချိန်တွင် လူတိုင်း၏ မျက်နှာက သွေးဆုတ်သွားကြလေသည်။

သူတို့က ရှေးဟောင်းသွေးခြင်များနှင့် ပက်ပင်းသွားတိုးမည်ဆိုလျှင် သူတို့ထဲက တစ်ဝက်လောက် လွတ်အောင်ထွက်ပြေးနိုင်လျှင်ပင် တော်လှပေပြီ။

သို့သော်လည်း ခဏကြာပြီးတောင် ရှေးဟောင်းသွေးခြင်များ၏ အရိပ်အယောင်ကို မမြင်ရသောကြောင့် လူတိုင်းသည် သံသယဝင်လာကြ၏။

“ဘာမှာလဲ ရှေးဟောင်းသွေးခြင်တွေက”

“လခွမ်း.. သက်သက် လာလှန့်နေတာပဲဟ”

“ဘယ်လိုလူလဲဟ.. အဲ့ဒါက နောက်ကောင်းတဲ့အရာမှ မဟုတ်တာ သူ မသိဘူးလား”

ကျင့်ကြံသူများသည် မကျေမနပ်နှင့် ဗျစ်တောက်ဗျစ်တောက် ပြောလိုက်ကြ၏။

ယန်ကျွင်းက ဘေးကနေ၍ လက်ပိုက်ကာ အားရအူမြူးစွာနှင့် ကြည့်နေ၏။

ထန်ယုသည် မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ ဆူဇီမိုက ဤကဲ့သို့ နောက်ပြောင်တတ်သောလူမျိုး မဟုတ်ကြောင်း သူမ သိလေသည်။

သို့သော်လည်း ခဏကြာပြီးတာတောင် ဘာကိုမှ မမြင်တွေ့ရသောအခါ သူမသည် မနေနိုင်တော့ဘဲ ရှေ့သို့တက်လာကာ မေးလိုက်၏။

“တာအိုရောင်းရင်းဆူ.. အဲ့ဘက်မှာ ရှေးဟောင်းသွေးခြင်တွေက တစ်ကယ်ရှိလို့လား”

“သေချာတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူပြောပြီးပြီးချင်းမှာပင် တောင်ပံခတ်သံများက ကျယ်လောင်ပီသစွာ ထွက်ပေါ်လာလေသည်။

ဟင်..

လူတိုင်း၏ အမူအယာက ရုတ်ချည်းပြောင်းလဲကုန်ကြ၏။

ဤအချိန်မှာတော့ ဆူဇီမို၏ စကားကို မည်သူမျှ သံသယမဝင်ကြတော့ပေ။

သို့သော်လည်း ဆူဇီမိုက ဘာလို့ အဲ့လောက်ထိ အစောကြီး ကြိုသိနေခဲ့ရတာလဲ သူတို့နားမလည်နိုင်ကြပေ။

ထန်ယုသည် သူမ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ရင်း သူမ၏ အတွေးများက ကစုန်ပေါက်သွား၏။

ဆူဇီမို သူတို့ကို စတင်သတိပေးခဲ့ချိန်ကဆိုလျှင် ရှေးဟောင်းသွေးခြင်များက အနည်းဆုံး သူတို့နှင့် ပေတစ်ထောင်လောက် ဝေးဦးပေမည်။

ပေတစ်ထောင်ကျော်အဝေးက ရှေးဟောင်းသွေးခြင်များကို ဆူဇီမိုက မြင်နိုင်တာလား..

ထိုအတွေးက ထန်ယုကို တုန်လှုပ်သွားစေ၏။

ထိုအချိန်တွင် ရှေးဟောင်းသွေးခြင်များက သူတို့ရှေ့မှာ ပေါ်လာပြီဖြစ်တာကြောင့် ထန်ယုသည် ဆက်လက်တွေးတောနေဖို့ အချိန်မရတော့ပေ။ ရှေးဟောင်းသွေးခြင်များက မျက်လုံးများ နီရဲနေပြီး သူတို့၏ ဦးမှင်များတွင် သွေးစသွေးနများ ပေနေတာကို ထန်ယုတွေ့လိုက်ရလေသည်။

ကျင့်ကြံသူများသည် ဆက်လက်တွေဝေမနေကြတော့ဘဲ လေထဲသို့ ပျံတက်၍ သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ထုတ်ကာ သိပ်သည်းများပြားလှသောရှေးဟောင်းသွေးခြင်အုပ်ကြီး၏ ခံစစ်ကို ထိုးဖောက်တိုက်ခိုက်လိုက်ကြ၏။

တစ်ခဏအတွင်း မြူခိုးများထဲတွင် တဖျတ်ဖျတ်တလက်လက် စိတ်ဝိညာဉ်အလင်းများက တောက်ပလာပြီး နေရာတစ်ခုလုံးက ဓါးချီများဖြင့် ပြည့်နှက်သွားလေသည်။

ချွမ်.. ချွမ်.. ချွင်...

များစွာသောကျင့်ကြံသူများ၏ ဓါးပျံများက လေထုကို ထိုးဖောက်ဖြတ်သန်းသွားကြ၏။ ရှေးဟောင်းသွေးခြင်များ၏ သူတို့၏ ဦးမှင်များကို ပေါ့ပါးစွာလှုပ်ခါပြီး ဓါးပျံများကို ရစ်ပတ်လိုက်၏။ သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာလေသည်။

များစွာသော ဓါးပျံများသည် ပြန်ကန်ထွက်သွားပြီ သူတို့၏ လက်ထဲသို့ ပြန်ရောက်လာကြ၏။

သူတို့အကြား အကွာအဝေးက ပို၍ပို၍ တိုတောင်းလာလေသည်။

ဓါးပျံများ၏ တိုက်ခိုက်မှုက ရှေးဟောင်းသွေးခြင်များ၏ ခံစစ်ကို မထိုးဖောက်နိုင်ပေ။

ကျင့်ကြံသူများသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပြီး သူတို့၏ စိတ်ဝိညာဉ်အဆောင်များကို အလောတကြီးထုတ်ယူရင်း.. စိတ်ဝိညာဉ်တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြ၏။ ထိုသို့ဖြင့် ရှေးဟောင်းသွေးခြင်များ၏ လမ်းကြောင်းကို ယာယီမျှ ရပ်တန့်ထားရလေသည်။

သို့သော်လည်း သူတို့မှာရှိသော အဆောင်များက အကန့်အသတ်ရှိပြီး စိတ်ဝိညာဉ်တိုက်ကွက်များက စိတ်ဝိညာဉ်စွမ်းအင်များကို မြောက်များစွာ ကုန်ခမ်းစေနိုင်သောကြောင့် သူတို့သည် ဆက်တိုက်ထုတ်ဖော်နေနိုင်မည် မဟုတ်ပေ။

ရှေးဟောင်းသွေးခြင်များ၏ ပထမဆုံး တိုက်ခိုက်မှုလှိုင်းကို ခုခံပြီးနောက် သူတို့သည် ဓါးပျံများကို ခုခံဖို့အတွက် ပြန်သုံးလိုက်ရ၏။

ဖောက်.. ဖောက်.. ဖောက်..

ထိုအချိန်တွင်.. ရှေ့ဆုံးလေထဲရှိ ရှေးဟောင်းသွေးခြင်များသည် ဓါးပျံများ၏ လက်ချက်နှင့် ထက်ပိုင်းပြတ်ထွက်ကုန်ပြီး မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်၏။

ထန်ယုလှမ်းကြည့်လိုက်သောအခါ ဆူဇီမိုသည် ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်ကို ထိန်းချုပ်ပြီး တိုက်ခိုက်နေတာကို တွေ့လိုက်ရလေသည်။ ဓါးဝင်္ကပါကို မစုဖွဲ့ဘဲနှင့်တောင် ရှေးဟောင်းသွေးခြင်များက အထိနာကုန်လေသည်။

ဆူဇီမိုက အော်ပြောလိုက်၏။

“အဲ့ကောင်တွေကို အနားကပ် မခံနဲ့.. သူတို့ရဲ့ ဦးမှင်တွေက အရမ်းမာတယ် ဓါးပျံနဲ့ ခုတ်လို့မရဘူး.. အားလုံးပဲ အဲ့ကောင်တွေနဲ့ ထိပ်တိုက်ဆိုင်တိုက်စရာ မလိုဘူး.. မင်းတို့ဓါးပျံတွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို အသုံးချကြ.. သူတို့ရဲ့ ဦးမှင်တွေကို ရှောင်ပြီး ဘေးကနေ၊ အနောက်ကနေ အသာလေး ခုတ်ပိုင်းလို့ရတယ်”

ထိုစကားကို ကြားပြီးနောက် လူတိုင်းသည် စိတ်အားတက်ကြွသွားကြပြီး သူ့အကြံပေးသည့်အတိုင်း တိုက်ခိုက်လိုက်ကြလေသည်။ အဲ့ဒါက တော်တော်လေး အလုပ်ဖြစ်ပြီး မရေမတွက်နိုင်သော သွေးခြင်များသည် လေထဲကနေ ပြုတ်ကျကုန်ကာ ကောင်းကင်တစ်ခွင့် သွေးများက ချင်းချင်းနီသွားလေသည်။

All Chapters