← Chapters

မြေနဂါး

Vol. 28 Ch. 411

မြေနဂါး

Vol. 28 Ch. 411

အဲ့ဒီမှာ ရှေးဟောင်းသွေးခြင်များက အလွန်များပြားစွာ ရှိနေပြီး ကျိုင်းကောင်များကဲ့သို့ ကောင်းကင်တစ်ခွင် ပြည့်နေ၏။

သူတို့သည် သွေးခြင်များ၏ အားနည်းချက်ကို သိနေတာတောင် သွေးခြင်များက သူတို့အနားကပ်မိသွားသည်နှင့် သူတို့၏ ခံစစ်၌ ဟာကွက်များက ပေါ်လာလေသည်။

ထိုသွေးသံရဲရဲ ရှည်လျားသွယ်လျသည့် ဦးမှင်များက အလွန်တရာ ထက်ရှ၏။ ၎င်းနှင့် ထိုးဖောက်ခံရသည်နှင့် သူတို့၏ ခန္ဓာကိုယ်တွင် သွေးသံရဲရဲအပေါက်များ ဖြစ်ပေါ်လာမည်ဖြစ်ပြီး တစ်ခဏအတွင်းမှာပင် သူတို့က အရိုးစုသာ ကျန်တော့သည့်အထိ စုပ်ယူဝါးမျိုခြင်း ခံရပေမည်။

အစကတော့ သေဆုံးသွားသော ကျင့်ကြံသူများကြောင့် ဖွဲ့စည်းမှုပုံသဏ္ဌာန်က အနည်းငယ်ပျက်ယွင်းသွားလေသည်။

သို့သော် ထန်ယု၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သူတို့၏ အစုအဖွဲ့က ပိုမိုကျစ်လစ်မာကြောလာပြီး ဟာသွားနေရာများကို ပြန်ဖြည့်ကာ မထိုးဖောက်နိုင်လောက်အောင် ပြန်ဖြစ်သွားလေသည်။

ဆူဇီမို၏ ထိပ်တန်းအဆင့်ဓါးပျံ ဆယ့်ရှစ်လက်က သွေးခြင်ပေါင်းမြောက်များစွာကို သုတ်သင်နိုင်ခဲ့လေသည်။

မည်သည့်သွေးခြင်ကမှ ဆူဇီမို၏ အနားကို မကပ်နိုင်ဘဲ သွေးမြူများအဖြစ်သို့သာ ပြောင်းလဲသွားရ၏။

သွေးခြင်များ၏ တိုက်ခိုက်မှုအတော်များများကို ဆူဇီမိုက လက်လွှဲရယူပေးသွားသောကြောင့် ကျိချန်းရှန်နှင့် ယန်ကျွင်းတို့အပေါ် ဖိအားများက သိသိသာသာ လျော့ကျသွားပြီး သူတို့အုပ်စုသည် ရှေ့သို့ ဆက်လက်တိုးတက်နိုင်ခဲ့ကြလေသည်။

နောက်သို့ လှည့်ကြည့်စရာပင်မလိုဘဲ.. ကျင့်ကြံသူများက မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး ပြန်ထမလာနိုင်တော့သည်ကို ဆူဇီမို သိလေသည်။

ဤမြူခိုးတောင်ကြားတွင် သူတို့သည် အပြင်းအထန် ဒဏ်ရာရရှိသွားလျှင် မြန်မြန်သေသွားတာကမှ ကောင်းသေးလေသည်။

ထိုကျင့်ကြံသူများသည် တောင်ကြားထဲသို့ ဝင်ပြီး ဆေးရေအိုင်ဂိုဏ်း၏ ရတနာများကို ရယူချင်မှတော့ လက်ရှိရင်ဆိုင်နေရသော အန္တရာယ်များကိုလည်း လက်ခံရပေမည်။

ဆူဇီမိုသည် သူတော်စင်တစ်ယောက် မဟုတ်ပေ။ သူ့စွမ်းအင်ကလည်း အကန့်အသတ်ရှိသောကြောင့် လူတိုင်းကို လိုက်ကယ်မနေနိုင်ပေ။ သူလုပ်ပေးနိုင်သည်မှာ ရှေ့ဆုံးကနေ တိုက်ခိုက်မှုများကို တတ်နိုင်သမျှ ဖြတ်တောက်လျှော့ချ၍ အတားအဆီးများကို ဖြတ်သန်းကျော်လွှားဖို့ အဖွဲ့ကို ဦးဆောင်သွားခြင်းပင်။

တစ်နာရီကြာပြီးနောက် သူတို့အုပ်စုသည် ရှေးဟောင်းခြင်များ၏ ဝိုင်းရံပိတ်ဆို့ထားမှုမှ ဖောက်ထွက်နိုင်ခဲ့လေသည်။

ရှေးဟောင်းသွေးခြင်များသည် ဓါးပျံများကြောင့် အပိုင်းပိုင်း ပြတ်ထွက်၍ သေဆုံးကာ ကျန်ခဲ့ကြ၏။

“အားလုံးပဲ.. ခဏနားပြီး မင်းတို့ရဲ့ ဒဏ်ရာတွေကို ကုလိုက်ကြဦး.. မင်းတို့ရဲ့ စွမ်းအင်တွေ ပြန်ဖြည့်တင်းဖို့ ဆေးလုံးတွေကို သုံးကြပါ”

ရှေးဟောင်းသွေးခြင်များကို ဖောက်ထွက်နိုင်ခဲ့ပြီးနောက် ထန်ယုသည် စိတ်သက်ရာရကာ သက်ပြင်းချ၍ အော်ပြောလိုက်၏။

သူမ၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဘာမှတော့ ဝင်မပြောပေ။

ကျင့်ကြံသူများကို သွားနေတာကို ရပ်တန့်လိုက်ကြပြီး သူတို့ဒဏ်ရာများကို ပတ်တီးများစတင်စည်း၊ ဆေးလုံးများကိုသောက်ကာ မောဟိုက်နေကြ၏။

လူတိုင်းသည် ရှေ့ဆုံးရှိ ဆူဇီမိုကို အသိရခက်စွာနှင့် လှမ်းကြည့်လိုက်ကြ၏။

သည့်အရင်တုန်းက ထန်ယုသည် ဆူဇီမိုကို ကယ်တင်ဖို့အတွက်နှင့် သားရဲစီးဓါးပြလေးဦးကို ဘာကြောင့်အတိုက်အခံလုပ်ခဲ့သလဲ သူတို့ နားမလည်နိုင်ခဲ့ကြပေ။

သို့သော် အခုတော့ ဆူဇီမိုက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သူတို့နားလည်လာကြလေသည်။

ထိုတိုက်ပွဲပြီးနောက် သူက ပုံမှန်လိုပင် တည်ငြိမ်ဣန္ဒြေရနေ၏။ သူတို့နှင့်ယှဉ်လျှင် သူက ကမ္ဘာတစ်ခုလောက် ခြားနားလေသည်။

ထန်ယုနှင့် ဦးလေးလျန့်တို့က ကိစ္စများကို ပိုပြီးတော့ ကောင်းကောင်းနားလည်သဘောပေါက်ကြ၏။ ဆူဇီမိုသာ သူတို့ရှေ့ကနေ သွေးလမ်းမခင်းခဲ့လျှင် အနည်းဆုံး သူတို့အဖွဲ့၏ ကျင့်ကြံသူထက်ဝက်လောက်ကို ဆုံးရှုံးရပေလိမ့်မည်။

သို့သော် အခုအခါမှာတော့ သူတို့သည် ရှေးဟောင်းသွေးခြင်များထံမှ လွတ်မြောက်လာပြီးနောက် ကျင့်ကြံသူတစ်ရာကျော်လောက်သာ ဆုံးရှုံးခဲ့ရလေသည်။

လူတိုင်းက ဆေးလုံးများသောက်သုံး၍ ဒဏ်ရာများကို ကုသနေကြသည်ကို မြင်သောအခါ သိပ်မကြာမီ ဆူဇီမိုက ထန်ယုအနားသို့ လျှောက်သွားပြီး တိုးတိုးပြောလိုက်၏။

“ကျုပ်တို့ မြန်မြန် ထွက်ကြရအောင်.. ဒီနေရာက သိပ်ပြီးကြာကြာနေလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး”

ညမိုးချုပ်ဖို့က တစ်နာရီတောင် မလိုတော့ပေ။

ယန်ဆေးဂိုဏ်းအုပ်စုအတွက် အချိန်ကာလက အပူတပြင်း အရေးကြီးနေလေသည်။ သူတို့သည် တောင်ကြားထဲမှာ ကြာကြာနေလေလေ၊ သူတို့ရင်ဆိုင်ရမည့်အန္တရာယ်များက များလာလေလေ ဖြစ်တော့ပေမည်။

နောက်ပြီး စောစောက သူတို့ရင်ဆိုင်ခဲ့ရသည်မှာ ရှေးဟောင်းသွေးခြင်တစ်အုပ်စုမျှသာ ဖြစ်လေသည်။

အခုချိန်ထိ ရုပ်လုံးမပြသေးသော ရှေးဦးအဆက်နွယ်တောကောင်များနှင့် ဗီဇပြောင်းတောကောင်များစွာ ရှိသေးလေသည်။

ညဘက်သို့ ရောက်သည်နှင့် မူလသွေးမျိုးဆက်တောကောင်များပါ ပေါ်လာလိမ့်မည်ဟု ဆူဇီမိုသည် ခံစားမိနေ၏။

ထိုအချိန်ရောက်လျှင် တောင်ကြားက ဂိုဏ်းများအားလုံးနှင့် ကျင့်ကြံသူများအားလုံးအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထန်ယုက ခေါင်းညိတ်လိုက်၏။

သူမ စကားပြောမလို့ လုပ်စဉ်မှာပင် ယန်ကျွင်းက လှောင်ရယ်လိုက်၏။

“ဆူဇီမို.. မင်းခန္ဓာကိုယ်က ကြံ့ခိုင်တော့ ဆက်သွားဖို့က ဟုတ်တာပေါ့.. တခြားလူတွေရဲ့ ခံစားချက်ကိုရော မင်းထည့်မတွက်တော့ဘူးလား”

သူက အသံကို တခြားသူများကြားအောင် တမင်မြှင့်ပြောလိုက်ပုံရ၏။

များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုကို မကျေမနပ်နှင့် လှမ်းကြည့်လိုက်ကြ၏။

ထိုကျင့်ကြံသူများ၏ မျက်နှာအမူအယာကို မြင်သောအခါ ထန်ယုသည် ပြောဖို့ကို တွန့်ဆုတ်သွားလေသည်။

ယန်ကျွင်းက အသံကျယ်ကျယ်နှင့် ဆက်ပြောလိုက်၏။

“အားလုံးပဲ စိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့.. နဲနဲလောက် ထပ်နားလိုက်လို့လဲ ဘာမှ ထူးခြားမသွားပါဘူး”

ဆူဇီမိုက ဘာမှ ထပ်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

“ဟမ့်”

ထို့နောက် သူသည် ရုတ်တရက် တစ်ခုခုကို အာရုံခံမိလိုက်သလို.. သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းက ပေါ်သွား၏။

“ဘာဖြစ်လို့လဲ”

ဆူဇီမို၏ ထူးဆန်းသည့်အမူအယာကို မြင်သောအခါ ထန်ယုသည် အလောတကြီး မေးလိုက်၏။

သူမ၏ စကား မဆုံးသေးခင်မှာပင်.. လွန်းချွန်သဏ္ဌာန် ဖွဲ့စည်းပုံ၏ အနောက်ဘက်မြေပြင်က စတင်တုန်ခါလာ၏။ တဖြည်းဖြည်းနှင့် မြေပြင်က ပျော့အိလာပြီး နစ်ဝင်ကျတော့မည့် အရိပ်လက္ခဏာပြလာ၏။

မြေဆီလွှာထဲမှ ကြောက်စရာကောင်းသည့် သတ္တဝါတစ်မျိုးမျိုးက တိုးထွက်လာတော့မည့်အတိုင်းပင်။

“ဒီကနေ ထွက်ကြမယ် မြန်မြန်လုပ်”

ဆူဇီမိုက အော်ပြောလိုက်၏။

ထန်ယုသည်လည်း မူမမှန်တော့တောကို သတိထားမိလိုက်ပြီး အော်ဟစ်လိုက်၏။

“အားလုံးပဲ.. ကျုပ်နောက်ကို လိုက်ခဲ့ကြ.. ဒီနေရာကနေ အမြန်ဆုံး ထွက်ကြမယ်”

ဘုန်း.. ဘုန်း.. ဝုန်း..

အနောက်ဘက်ရှိ မြေပြင်က ရုတ်တရက် ပြိုကျသွားပြီး ရေပုံးလောက်တုတ်သော နီညိုရောင်ရှည်မျောမျော လက်တံများက သူတို့အောက် မြေကြီးထဲကနေ ထွက်လာကာ ကျင့်ကြံသူများကို အောက်သို့ ဆောင့်ဆွဲယူသွား၏။

“မြေနဂါးတွေဟေ့.. အဲ့ဒါမြေနဂါးတွေဟ”

ဦးလေးလျန့်က အံ့အားတသင့် အော်ဟစ်လိုက်၏။

မြေနဂါးဆိုသည်မှာ တစ်ကယ့်အစစ်အမှန်နဂါး မဟုတ်ဘဲ သူတို့က မြေကြီးအောက်မှာ နေတတ်ကြလေသည်။ သူတို့က အနာကွန်ဒါနှင့် ပုံစံချင်း ဆင်သော်လည်း သူတို့မှာ ကြေးခွံများ မပါရှိဘဲ နွယ်တက်သွားသော အစင်းရစ်အကွက်များသာ ရှိလေသည်။ သူတို့က နီညိုရောင်ရှိပြီး မျက်လုံးမပါပေ။ သို့သော်လည်း မြေပြင်ပေါ်ရှိ အလင်းရောင်နှင့် တုန်ခါမှုများအပေါ် အာရုံခံနိုင်စွမ်း အလွန်မြင့်မားလေသည်။

သူတို့၏ ဦးခေါင်းတွင် ခပ်ဝိုင်းဝိုင်း ပါးစပ်ပေါက်ကြီးရှိပြီး ပါးစပ်တွင်း ပတ်ချာလည်တွင် သွားစွယ်များက ပြည့်နေလေသည်။ သူတို့သည် မည်သည့်သက်ရှိကိုမဆို နုတ်နုတ်စင်းသွားသည့်အထိ ကြိတ်ချေဝါးနိုင်လေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ မြေနဂါးများသည် ထိခိုက်ဒဏ်ရာများအပေါ် ပြန်လည်အားဖြည့်နိုင်စွမ်း အရမ်းမြင့်မားလေသည်။

သူတို့က အပိုင်းပိုင်း ပြတ်ထွက်သွားလျှင်တောင် ပင်မကိုယ်ထည်သည် မြေကြီးထဲမှာ အချိန်တစ်ခုထိ နားနေပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်နိုင်လေသည်။

မည်သည်သက်ရှိမဆို မြေအောက်ထဲသို့ မြေနဂါးတစ်ကောင်၏ ဆွဲယူသွင်းခြင်းခံရလျှင် သေရဖို့ များလေသည်။ ရှေးဦးအဆက်နွယ်တောင်ကောင်များတောင်မှ ခြွင်းချက်မရှိပေ။

ဆူဇီမိုက သူတို့ကို သတိပေးလိုက်သော်လည်း နောက်ဘက်ရှိ ကျင့်ကြံသူများသည် စိတ်အေးလက်အေးနှင့် အခုအခံမဲ့စွာ နေနေကြ၏။ အချို့ဆိုလျှင် မြေကြီးပေါ်မှာ တင်ပျဉ်ခွေတောင် ထိုင်နေကြ၏။

မြေကြီးက ချိုင့်ဝင်သွားချိန်မှာပင် ထိုကျင့်ကြံသူများသည် မြေအောက်ထဲသို့ မြေနဂါးများ၏ ဆွဲယူသွင်းခြင်း ခံလိုက်ရပြီး ကြောက်လန့်တကြားနှင့် အသံတစ်ချက်သာ ထွက်နိုင်လိုက်ကြလေသည်။

အချို့သော ကျင့်ကြံသူများသည် လေထဲသို့ ကပျာကယာ ပျံတက်ဖို့ ကြိုးစားလိုက်သော်လည်း သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် မြေနဂါးများက သူတို့ကို တစ်ခါတည်း ကိုက်ဖြတ်ဝါးမျိုလိုက်၏။ သွေးများက ဆိုးဆိုးရွားရွားပုံစံနှင့် အဘက်ဘက်သို့ ပန်းထွက်သွားလေသည်။

ကျင့်ကြံသူအချို့သည် သူတို့၏ ဓါးပျံများကို ဆင့်ခေါ်ထုတ်၍ မြေနဂါးများကို ထက်ပိုင်း ဖြတ်လိုက်ကြ၏။

သို့သော်လည်း မြေနဂါးများက သေမသွားဘဲ သူတို့၏ ကျန်ခန္ဓာကိုယ်တစ်ဝက်က ပိုလို့တောင် သတ်ဖြတ်လိုစိတ် အားကောင်းလာ၏။

မြေပြင်က သွေးများဖြင့် ချင်းချင်းနီစွေးသွား၏။

“မြန်မြန် ပြေး..”

“ငါတို့ ဒီကနေ အမြန်ဆုံးထွက်မှရမယ်”

ကစင်ကလျားနှင့် အော်ဟစ်သံများက ဆူညံပွက်လောရိုက် ထွက်လာ၏။

အနည်းငယ် ပွယောင်းယောင်းဖြစ်နေသော်လည်း သူတို့သည် ဆူဇီမို၏ ဦးဆောင်မှုဖြင့် လွန်းချွန်သဏ္ဌာန် ပုံစံပြန်စုဖွဲ့ကာ တောင်ကြားထဲသို့ ပြေးဝင်လိုက်ကြ၏။

သူတို့သည် ၁၅မိနစ်လောက် ပြေးလွှားပြီးမှသာလျှင် မြေနဂါးများကို မျက်ခြေဖြတ်နိုင်ခဲ့ပြီး သူတို့၏ အရှိန်ကို ပြန်လည်လျှော့ချလိုက်၏။

သူတို့အများစုမှာ ကြောက်လန့်တကြား ချွေးများဖြင့် ရွှဲနေကြပြီဖြစ်၏။

ဤတစ်ခေါက် ထွက်ပြေးခြင်း၌ သူတို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာက ထိုးကျသွားသလို စွမ်းအင်မြောက်များစွာကိုလည်း ထုတ်သုံးခဲ့ရ၏။ ကျိချန်းရှန်၏ နဖူးမှာတောင် ချွေးများက စိုနေ၏။

ဆူဇီမိုကတော့ ပုံမှန်အတိုင်းပင်။

သူ့မျက်လုံးများက တောက်ပ၍ သူ့အသက်ရှူနှုန်းကလည်း မှန်နေ၏။ သူ့ခန္ဓာကိုယ်တွင်းမှာ မကုန်ခမ်းနိုင်သော စွမ်းအင်များကို သိုလှောင်ထားသည်ဟု ထင်ရလေသည်။

ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက သူ့အတွက် အရေးမပါခဲ့သလိုပင်။

ထန်ယုသည် ကျန်ရှိနေသော ယန်ဆေးဂိုဏ်းသားများကို စိတ်မချမ်းမသာနှင့် လှမ်းကြည့်လိုက်၏။

ယန်ဆေးဂိုဏ်းသည် ရှေးဟောင်းသွေးခြင်များထံမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကျင့်ကြံသူတစ်ရာစွန်းစွန်းလောက်သာ ဆုံးရှုံးခဲ့ရ၏။

သို့သော်လည်း သူတို့သည် ထိုနေရာမှာ ခဏလေးလောက် ကြန့်ကြာခဲ့မိသောကြောင့် ကျင်ကြံသူနှစ်ရာနီးပါးလောက်က သေခဲ့ရလေသည်။

ဆူဇီမို အကြံလာပေးသည်ကို ပြန်လည်အမှတ်ရသွားပြီး.. ထန်ယုသည် ပို၍ပင် မလုံမလဲ ခံစားလာရ၏။

သေဆုံးသွားသော ကျင့်ကြံသူနှစ်ရာကျော်အတွက် အနည်းဆုံး သူမမှာ တာဝန်တစ်ဝက်ရှိလေသည်။

သူမသာ ပိုပြီးတော့ ပြတ်သားခဲ့လျှင်.. သူတို့က...

All Chapters