သတ်ဖြတ်ပြီးတော့ လမ်းဖောက်မယ်
Vol. 28 Ch. 412
များစွာသော ကျင့်ကြံသူများသည် ယန်ကျွင်းကို မကျေမချမ်းနှင့် စိုက်ကြည့်လိုက်ကြ၏။ သူ၏ မှတ်ချက်စကားကြောင့်သာ မဟုတ်လျှင် သူတို့၏ ဂိုဏ်းသားအဖော် နှစ်ရာလောက်က သေချင်မှသေကောင်းပေမည်။
ယန်ကျွင်းသည် မလုံမလဲနှင့် ချောင်းဟန့်လိုက်၏။
“ကျုပ်လဲ အဲ့လို ဘယ်ဖြစ်စေချင်ပါ့မလဲ.. ကျုပ်ကို အားလုံးကို နဲနဲလောက် ပိုနားရစေချင်ခဲ့တာပါ”
ကျင့်ကြံသူအချို့က အေးစက်စွာ ရယ်လိုက်ကြ၏။
“ဟဟ.. အဲ့လိုကတော့ လူတိုင်းပြောတတ်တာပေါ့.. အခုတော့ ခင်ဗျားစကားကြောင့် ကျုပ်တို့လူနှစ်ရာလောက်က အသက်ပေးခဲ့ရပြီ”
“အဲ့ဒါကလဲ သူတို့မှာ လုံလောက်တဲ့ သန်မာမှုမရှိလို့လေ.. မင်းတို့သေမှာကြောက်နေရင်လဲ အစထဲက တောင်ကြားထဲသို့ လိုက်မလာခဲ့ကြပါနဲ့လား”
“စီနီယာအစ်ကိုယန်.. ကျုပ်တို့အကုန်လုံးက တစ်ဂိုဏ်းသားချင်းတွေလေ.. ဘယ်လိုဖြစ်လို့ အခုလိုမျိုး ပြောထွက်နိုင်ရတာလဲ”
“ကဲကဲ တော်လောက်ပြီ”
တစ်ဖက်တစ်လှည့်နှင့် ငြင်းခုန်ကြရင်း အခြေအနေက တင်းမာလာတော့မည်ကို ခံစားမိလိုက်ကာ ဦးလေးလျန့်က အခြေအနေကို ထိန်းချုပ်ဖို့ ဝင်ဟန့်လိုက်၏။
ထန်ယုက မချင့်မရဲနှင့် မျက်ခုံးကိုပင့်ကာ လက်ကာပြလိုက်၏။
“အားလုံးပဲ တိတ်ကြပါတော့.. စောစောက ကျုပ်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့်လဲ ပါပါတယ်”
သူမက လေများကို ရှိုက်သွင်းပြီး ဆူဇီမို၏ဘေးသို့ လျှောက်သွားကာ ခပ်တိုးတိုးမေးလိုက်၏။
“တာအိုရောင်းရင်းဆူ.. ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”
“ကျုပ်တို့က ကျုပ်တို့ခရီးကိုပဲ ဆက်သွားပြီး ဆေးရေအိုင်ဂိုဏ်းပျက်နေရာကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့ဖို့ လုပ်ရမယ်.. ကျုပ်တို့က သားရဲတောကောင်တွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်ချင်ရင် အဲ့တစ်နည်းပဲရှိတယ်”
“အင်း”
ထန်ယုက လူတိုင်းကို ဆက်လက်သွားကြဖို့ အမိန့်ပေးလိုက်၏။
သူတို့ သိပ်ဝေးဝေး မရောက်သေးခင်မှာပင် သူတို့ရှေ့ရှိ မြူများက တလိပ်လိပ်တက်လာ၏။ ပေသုံးလေးထောင် အကွာအဝေးလောက်မှနေ၍ အဇူရာငှက်မွေးလင်းယုန်တစ်ကောင်က တောင်ပံများကို တဖျတ်ဖျတ်ခတ်၍ သူတို့ဆီသို့ အလွန်တရာလျှင်မြန်သောနှုန်းဖြင့် ပျံသန်းလာနေ၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် တလက်လက်တောက်နေ၏။
ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ပင်..
တောင်ကြားထဲမှာ နှစ်နာရီနီးပါး ပြေးလွှားခဲ့ကြပြီး နောက်ဆုံးမှာတော့ ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်က ပေါ်လာလေပြီ။
မြူခိုးများနှင့် ဖုံးကွယ်နေသောကြောင့် အခြားသောကျင့်ကြံသူများသည် အဇူရာငှက်မွေးလင်းယုန်၏ အရိပ်လက္ခဏာကို လုံးဝ သတိမထားမိကြပေ။ သို့သော်လည်း ဆူဇီမို၏ မျက်လုံးများကတော့ အလွန်တရာ စူးရှပြီး အဲ့ဒါကို သတိထားမိသည်မှာ ကြာလေပြီ။
“စုဖွဲ့စမ်း”
သူသည် ဓါးပျံခြောက်လက်ကို လေထဲသို့ ပစ်လွှတ်လိုက်၏။ ဓါးချီများက ကျန်ရစ်ခဲ့ပြီး တဖျတ်ဖျတ်တောက်ပနေသော ဆဋ္ဌဂံဓါးဝင်္ကပါတစ်ခု ဖြစ်ပေါ်လာ၏။
သူတို့သည် ဓါးပျံစီးနင်းနေကြသောကြောင့် ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်ကို ဒီအတိုင်း သတ်ဖြတ်ဖို့က အလွန်တရာ ခက်ခဲလေသည်။
စိတ်ဝိညာဉ်စွမ်းအင်ကို ချွေတာဖို့ရာ ဆူဇီမိုသည် ဖယောင်းမီးဓါးဝင်္ကပါကို ထုတ်မသုံးပေ။ ထို့အစား သူသည် ဆဋ္ဌဂံဓါးဝင်္ကပါကို ထုတ်ဖော်ပြီး အရှေ့လေထဲသို့ စေညွှန်လွှတ်လိုက်လေသည်။
ဆူဇီမိုသည် ရုတ်တရက်ကြီး ဘာကြောင့် ထပြီး တိုက်ခိုက်နေသည်ကို ကျင့်ကြံသူများသည် နားမလည်နိုင်ကြပေ။
သို့သော်လည်း သိပ်မကြာလိုက်ပေ။ သူတို့ရှေ့တည့်တည့် မြူခိုးများကြားထဲမှ စူးစူးဝါးဝါး ငှက်အော်သံကို ကြားလိုက်ရလေသည်။
ခဏနေပြီးနောက် ဆဋ္ဌဂံဓါးဝင်္ကပါက ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ဆူဇီမိုဆီသို့ ပြန်ရောက်လာ၏။
သူတို့အုပ်စုသည် တောင်ကြားအနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ရှေးဟောင်းသက်ရှိအုပ်စုများကို မမြင်တွေ့ရတော့ဘဲ.. ထို့အစား ရှေးဦးအဆက်နွယ်သားရဲများက စတင်ပေါ်ပေါက်လာလေသည်။
အချိန်အတော်များများ၌ ထိုရှေးဦးအဆက်နွယ်တောကောင်များက သူတို့အနားသို့ ကပ်မလာနိုင်သေးခင်မှာပင် ဆူဇီမိုက ဦးစွာကြိုတင်၍ တိုက်ခိုက်သတ်ဖြတ်ပစ်ခဲ့၏။
ကောင်းကင်က တဖြည်းဖြည်းနှင့် မည်းမှောင်လာ၏။
လူတိုင်း၏ အမြင်အာရုံက ထပ်မံလျော့ကျသွားပြန်လေသည်။
တောင်ကြားထဲတွင် ညကလည်းမှောင်လာ၊ လေထဲတွင် သွေးရနံ့များလည်း ထုံသင်းလာသောကြောင့် လူတိုင်း၏ စိတ်နှလုံးက လွန်စွာ ညှိုးငယ်လာပြီး မအီမသာ ဖြစ်လာကြလေသည်။
သူတို့သည် ဆေးရေအိုင်ဂိုဏ်းကို အခုချိန်ထိ မရှာနိုင်ကြသေးပေ။
သူတို့အုပ်စုက ညဘက်ကြီး ခရီးဆက်ရဦးမည်ဟု အဓိပ္ပါယ်ရလေသည်။
သိပ်မကြာလိုက်.. ညကို လုံးလုံးလျားလျား ရောက်သွားပြီး သူတို့၏ ဘေးပတ်လည်က ပိန်းပိတ်အောင် မှောင်ကျသွားလေသည်။
အစတုန်းကတော့ သူတို့သည် ရှေ့ပေတစ်ရာလောက်ကို မြင်နိုင်ခဲ့ကြသေး၏။ အခုတော့ သူတို့မြင်နိုင်သည့် အကျယ်က ပေသုံးဆယ်ထိ ကျုံ့သွားလေသည်။
သူတို့ မသိလိုက်ခင်မှာပင် သူတို့၏ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ကျသွားပြီဖြစ်၏။
ပျံသန်းသွားလာနေကြသော ငှက်များ သို့မဟုတ် ဟိန်းဟောက်နေကြသော တောကောင်များ တစ်ကောင်တစ်မြီးမှ မရှိကြတော့ပေ။ ရံဖန်ရံခါ ကြားရတတ်သည့် ကျင့်ကြံသူများ၏ စူးစူးဝါးဝါး အော်သံများကိုပင်လျှင် မကြားရတော့ပေ။
သားရဲတောကောင်များအားလုံးက အစအန မကျန်အောင် လုံးဝပျောက်ကွယ်သွားသလိုပင်။
အဲ့ဒါသည် မုန်တိုင်းမလာခင် တည်ငြိမ်နေခြင်းသာ ဖြစ်လေသည်။
ထိုတိတ်ဆိတ်မှုက မကောင်းဆိုးဝါးဆန်ကာ ဆိုးယုတ်၍ ကြောက်စရာကောင်းနေ၏။
ဆူဇီမို၏ ဦးဆောင်မှုအောက်၌ လူတိုင်းသည် ရှေ့သို့ တက်လှမ်းနေကြပြီး သူတို့၏ နုလုံးခုန်သံများကိုပင် သူတို့ပြန်ကြားနေရ၏။
သစ်ရွက်ခြောက်များအပေါ် သူတို့ခြေချမိသောအသံက လွန်စွာ နားကြားပြင်းကတ်စရာ ကောင်းနေလေသည်။
“ဘာ-ဘာတွေ ဖြစ်နေတာလဲကွာ”
“ဘာလို့များ တောကောင်တွေက တစ်ကောင်မှ မရှိတော့တာလဲ မသိဘူး”
နောက်ဆုံးမှာတော့ အချို့သည် ဖိအားအောက်၌ ဆက်လက်သည်းမခံနိုင်တော့ဘဲ.. တုန်ယင်နေသောအသံနှင့် အနည်းငယ် မောဟိုက်စွာ မေးလိုက်ကြ၏။
ထန်ယုသည်လည်း နည်းနည်းတော့ ထိတ်လန့်နေမိ၏။
ထိုအမှောင်ထုထဲ၌ သေမင်းအော်ရာကို သူမ ခံစားမိနေ၏။
ယခုအချိန်၌ သူမကို စိတ်သက်သာရာရစေသည်မှာ သူမ၏ရှေ့ရှိ နောက်ကျောတစ်စုံကြောင့် ဖြစ်လေသည်။ ထိုကျောပြင်က သိပ်မကျယ်သော်လည်း ကြံ့ကြံ့ခံခိုင်မာလေသည်။
ထိုလူက မကျဆုံးသေးသရွေ့ သူတို့၏ မျှော်လင့်ချက်ရောင်ခြည်က မပျောက်ကွယ်သေးပေ။
သူတို့ရှေ့ရှိ အမှောင်ထုထဲ၌ ဘာမှန်းမသိရသော အန္တရာယ်များက စောင့်ကြိုနေ၏။
သို့သော်လည်း ဆူဇီမို၏ ခြေလှမ်းများက လုံးဝရပ်တန့်မသွားဘဲ ရှေ့သို့သာ ဆက်လက်တက်လှမ်းနေ၏။
ရုတ်တရက် သူက ရပ်တန့်၍ လေးနက်သောအသံနေထားနှင့် ပြောလိုက်၏။ ထိုအသံက တည်ငြိမ်နေသော်လည်း အကြောင်းအရာကတော့ လွန်စွာ တုန်လှုပ်စရာကောင်းလေသည်။
“အားလုံးပဲ.. ပြင်းထန်မယ့်တိုက်ပွဲအတွက် ပြင်ဆင်ထားကြ.. တောကောင်တစ်အုပ်စုက ငါတို့ဆီ လာနေပြီ”
တောကောင် တစ်အုပ်စု..
ထိုစကားစုလေး နှစ်စုက လူတိုင်း၏ နုလုံးကို ဒိန်းကနဲ ခုန်သွားစေ၏။
ဆူဇီမိုက မျက်လုံးကို မှေးကျဉ်း၍ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် အေးစက်စက် အလင်းက ဖျတ်ကနဲ ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နောက်ပြီး.. အဲ့တောကောင်တစ်အုပ်စုက ရှေးဦးအဆက်နွယ်သားရဲတွေနဲ့ ဖွဲ့စည်းထားတာ”
“အ..”
“ဘယ်လို”
လူအုပ်ကြီးသည် အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြ၏။
ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ကတောင် သူတို့အားလုံးကို ခေါင်းကိုက်စေခဲ့ပြီးဖြစ်၏။
ရှေးဟောင်းတိုက်ပွဲမြေ၌ ရှေးဦးအဆက်နွယ်တောကောင်တစ်အုပ်စုနှင့်သာ ပက်ပင်းတိုးရလျှင် ဘယ်သူကများ အသက်ရှင်နိုင်ပါဦးမည်နည်း။
ဘယ်ဂိုဏ်းကများ နောက်တစ်နေ့ထိ အသက်ရှင်နိုင်ပါဦးမည်နည်း။
“ငါ-ငါတို့ အခုနေ နောက်ပြန်ဆုတ်ကြမယ်ဆိုရင်ရော.. လွတ်နိုင်သေးလား”
နောက်ဆုံးမှာတော့ ကျင့်ကြံသူတစ်ယောက်သည် ဖိအားကို မတောင့်ခံနိုင်တော့ဘဲ.. ငိုသံနှော၍ တုန်ရီစွာ ပြောလိုက်၏။
ကြီးမားသည့် စစ်တပ်ကြီးက ချီတက်လာသည့်အလား မြေပြင်က မသိမသာ တုန်လှုပ်လာ၏။ သူတို့သည် အဲ့ဒါကို မမြင်ရသေးသော်လည်း သူတို့ရှေ့မှ ပြင်းထန်ကြမ်းကြုတ်သော အော်ရာက ထွက်ပေါ်လာနေသည်ကို သူတို့ခံစားမိလိုက်ကြ၏။
အရမ်းနောက်ကျသွားပေပြီ။
စောစောက မေးလိုက်သောသူက ဆူဇီမို ပြန်မဖြေဘဲနှင့်တောင် အဖြေကို သိလိုက်၏။
သူတို့ စိုးရိမ်ခဲ့ရဆုံး အခြေအနေက ရောက်ရှိလာလေပြီ။
ဒါ့အပြင် အခြေအနေက သူတို့စဉ်းစားတွေးတောထားခဲ့သည်ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။
မြေပြင်တုန်ခါလှိုင်းများက ပိုမိသိပ်သည်းပြင်းထန်လာ၏။
ကျင့်ကြံသူများသည် သူတို့ဆီသို့ ရှေးဦးအဆက်နွယ်တောကောင် မြောက်များစွာ ချီတက်လာနေတာကို သေချာသိနေတာတောင် ဖုံးကွယ်ထားသော မြူခိုးများကြောင့် ဘာကိုမှ မမြင်ရတာကို ကြောက်စရာအကောင်းဆုံးအချက် ဖြစ်နေလေသည်။
ဖိအားကို တောင့်မခံနိုင်တော့ဘဲ.. ကျင့်ကြံသူအချို့သည် ဒူးများညွှတ်ကျ၍ တုန်ခါနေသော မြေပြင်ပေါ် ခွေယိုင်လဲကျကုန်၏။ သူတို့၏ စိတ်က လုံးဝပြိုလဲသွားပြီး ကူကယ်ရာမဲ့စွာ ငိုကြွေးမြည်တမ်းလိုက်ကြ၏။
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ကျင့်ကြံသူများသည်လည်း မော်တယ်များနှင့် မခြားနားပေ။ သူတို့သည်လည်း ဂုဏ်သိက္ခာတွေ၊ မာန်မာနတွေကို ထည့်မတွက်နိုင်ကြတော့ပေ။
“ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ”
ထန်ယုက ဆူဇီမိုကိုကြည့်ပြီး အလိုလို မေးလိုက်မိ၏။
ဆူဇီမိုက မှင်သေသေနှင့်ပင် ပြန်ဖြေလိုက်၏။
“အဲ့လိုဆိုတော့လဲ ငါတို့ သူတို့ကို ကြိုဆိုလိုက်ရတာပေါ့”
အဲ့လိုဆိုတော့လဲ ငါတို့ သူတို့ကို ကြိုဆိုလိုက်ရတာပေါ့..
စကားလုံးများက ရိုးရှင်းသော်လည်း ထိုအထဲတွင် အကုန်လုံးအပေါ် အထက်စီးကနေကြည့်၍ အကြောက်အလန့်ကင်းမဲ့သောသတ္တိက ပါဝင်နေလေသည်။
ထန်ယုအပါအဝင် လူတိုင်းသည် အသက်ရှင်နိုင်ဖို့အတွက် မည်သို့မည်ပုံ ထွက်ပြေးရမည်ကို စဉ်းစားနေကြ၏။ သို့သော်လည်း ဆူဇီမို၏ အတွေးကတော့ သူတို့နှင့် ဆန့်ကျင်ဘက်ပင်။
ဆူဇီမို၏ ဘေးတိုက်ပုံစံကို လှည့်ကြည့်ပြီး ထန်ယုသည် စိတ်အားမာန် တက်ကြွလာ၏။
အချိန်က ညဖြစ်ပြီး ဆူဇီမို၏ မျက်နှာက အနည်းငယ် မှုန်ဝါးနေသော်လည်း သူ့မျက်လုံးများကတော့ ကြယ်နှစ်စင်းလို ဝင်းလက်တောက်ပနေဆဲဖြစ်၏။
ထန်ယုနှင့် ကျန်သူများ၏ စိတ်ကို ခန့်မှန်းမိလိုက်ပြီး ဆူဇီမိုက အနည်းငယ်လှည့်ကာ ပြုံးစစနှင့် တည်ငြိမ်စွာ ပြန်မေးလိုက်၏။
“အဲ့လိုမှ မလုပ်ရင်လဲ ငါတို့မှာ တခြားနည်းလမ်း ရှိသေးလို့လား”
ထန်ယုသည် ကြောင်အသွား၏။
မှန်ပေသည်။ သူတို့မှာ တခြားနည်းလမ်းမှ မရှိတော့ဘဲ။
ရှေးဦးအဆက်နွယ်တောကောင်များက ဒုန်းစိုင်းဝင်ရောက်လာကတည်းက သူတို့မှာ ရုန်းထွက်နိုင်စရာ နည်းလမ်းမရှိတော့ပေ။
သူတို့ အခုနေ နောက်ပြန်လှည့်၍ ထွက်ပြေးကြမည်ဆိုလျှင်တောင် ရှေးဦးအဆက်နွယ်တောကောင်များကို မျက်ခြေဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
“အားလုံးပဲ.. မင်းတို့ စိတ်ပျက်အားငယ်နေကြတာ ငါသိပါတယ်။ ဒါပေမယ့်လဲ ဒါက သေခြင်းရှင်ခြင်းအတွက် စမ်းသပ်ချက်တစ်ခုပဲ.. အဲ့လိုမျိုး ကြောက်လန့်သွေးပျက်ပြီးတော့ သတ္တိကြောင်နေတဲ့သူတွေအတွက် ကြုံတွေ့ရမယ့် ရလဒ်က တစ်ခုပဲရှိတယ်.. အဲ့ဒါ သေခြင်းတရားပဲ”
တိကျပြတ်သားသည့် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“ငါတို့မှာ တခြားရွေးစရာလမ်းမရှိမှတော့ ငါတို့ရဲ့ ဓါးရှည်တွေကို ကိုင်ပြီးတော့ ရှေ့ကို ဆက်တက်သွားကြတာပေါ့”
“သတ်ဖြတ်ပြီးတော့ လမ်းဖောက်ကြတာပေါ့”