← Chapters

အကောက်ကြံခြင်း

Vol. 28 Ch. 413

အကောက်ကြံခြင်း

Vol. 28 Ch. 413

ဘုန်း.. ဘုန်း.. ဝုန်း..

သူတို့ရှေ့မှ တောကောင်များ၏ ခြေသံက ဝုန်းဒိုင်းကြဲ၍ နားပင်းမတတ် ထွက်ပေါ်လာ၏။

ကျင့်ကြံသူအများစုသည် ရှင်းရှင်းလင်းလင်း မမြင်ကြရသေးပေ။ သို့သော် ဆူဇီမိုကတော့ မြင်နေရ၏။ များစွာသော ရှေးဦးအဆက်နွယ်တောကောင်များသည် ဖုန်တလုံးလုံးထနေသည့်ကြားမှ သူတို့ဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ချီတက်လာနေကြ၏။

တစ်ကောင်မှာ နှင်းကျားသစ်ဖြစ်ပြီး သူ့သားမွေးပေါ်တွင် နှင်းခဲတစ်လွှာ ရှိနေကာ ကျောချမ်းဖွယ်ရာအော်ရာက ဖြာထွက်နေ၏။

အဲ့ဒီမှာ ကြက်သွေးမီးတောက်ကျွဲရိုင်းလည်းပါပြီး ကြမ်းထော်နေသော ခန္ဓာကိုယ်နှင့်အတူ ဦးချိုနှစ်ဖက်က မီးတောက်နေ၏။

လပြည့်ဝန်းတစ်ခုလုံးကို ဖုံးကွယ်နိုင်သော လဝှက်လင်းယုန်လည်း ပါပြီး သူ့တောင်ပံများကို ခတ်လိုက်တိုင်း တိမ်စိုင်များက လှုပ်ရှားသွားလေသည်။

အဲ့ဒီမှာ တောဝက်ရိုင်းတစ်ကောင်လောက် ကြီးမားသည့် ဝိညာဉ်ခိုးကြွက်လည်း ပါလေသည်။

ထိုအုပ်စုထဲရှိ သားရဲတောကောင် တစ်ကောင်ချင်းစီက ရှေးဦးအဆက်နွယ်သားရဲများ ဖြစ်ကြလေသည်။

“ဂါး..”

များစွာသော သားရဲတောကောင်များ၏ ဟိန်းဟောက်သံများက ကမ္ဘာမြေပြင်ကို တုန်ခါသွားပြီး ကျင့်ကြံသူများကို သွေးပျက်ချောက်ချားလာစေ၏။

“သူတို့က ထိန်းလို့သိမ်းလို့ မရတော့ဘူး.. မင်းတို့ကောင်တွေ ကံကောင်းကြပါစေကွာ”

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုက သူ့သိုလှောင်အိတ်ထဲကနေ သွေးနီရောင်ဆေဘာကြီးကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။ ဆေဘာက တုန်ခါနေပြီး တဝီဝီမြည်ကာ သွေးရနံ့ကို ထုတ်ပေးနေ၏။

ဗျူဟာအခင်းအကျင်း၏ ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်၍ ဆူဇီမိုသည် အုံလိုက်ကျင်းလိုက်တောကောင်များ၏ ပထမဆုံးတိုက်ခိုက်မှုလှိုင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်လိုက်၏။

အားကောင်းသော အော်ရာများက အရင်ဆုံးရိုက်ခတ်လာ၏။

တောကောင်အုပ်က ရောက်မလာသေးခင်မှာပင် များစွာသော ကျင့်ကြံသူများသည် အထိတ်ထိတ်အလန့်လန့်နှင့် ဖြူဖတ်ဖြူရော် ဖြစ်လာကြ၏။

“အား....”

ဆူဇီမိုသည် သွေးသောက်သူကို ကိုင်စွဲကာ ရှေ့သို့ ခြေလှမ်းကျဲကြီးလှမ်း၍ ကောင်းကင်ထက်သို့ ရုတ်တရက် ဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံက ကျောက်ဆောင်များကို ကြေမွသွားစေ၏။ သံနှုန်းက အရမ်းမြင့်ပြီး သံရှည်ဆွဲကာ များစွာသော ရှေးဦးအဆက်နွယ်တောကောင်များ၏ ဟိန်းဟောက်သံများပင်လျှင် သူ့အသံအောက်၌ နစ်မြုပ်သွား၏။

ရှေ့ဘက်.. အမှောင်ထုထဲမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင့်မားသည့် ရုပ်လုံးများက တစ်ကောင်ပြီးတစ်ကောင် ဘွားကနဲ ပေါ်လာကြလေသည်။

သူတို့က နောက်ဆုံးမှာတော့ တွေ့ဆုံကြလေပြီ။

အရပ်ရှည်ရှည်နှင့် များပြားလှသော ရှေးဦးအဆက်နွယ်တောကောင်များနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုတို့အုပ်စုက ပုရွက်ဆိတ်များကဲ့သို့ အရေးမပါအရာမရောက်ကြတော့ပေ။

သို့သော်လည်း ဆူဇီမိုထံမှ တစ်ဟုန်ထိုးမြင့်တက်လာသော အော်ရာက ဖြာထွက်နေပြီး အဲ့ဒါက တောကောင်တစ်အုပ်လံး၏ အော်ရာနှင့်ပင် ယှဉ်လို့ရလေသည်။

ဆူဇီမိုက သွေးသောက်သူကို ဝေ့ရမ်းလိုက်၏။

ဓါးသွားပေါ်၌ စိတ်ဝိညာဉ်အလင်းများက ချက်ချင်းပင် တဖျတ်ဖျတ်နှင့် လင်းလက်တောက်ပလာပြီး အဆုံးမရှိသော သွေးရောင်အလင်းတန်းတစ်ခုက ဖြာထွက်လာလေသည်။

ရွှစ်..

သွေးသောက်သူထံမှ ခမ်းနားထည်ဝါသောအော်ရာနှင့်အတူ မိုးကြိုးလိုအသံများက တဝုန်းဝုန်းအော်မြည်ကာ တလိပ်လိပ်တက်လာသော ဒီရေသံက ထွက်ပေါ်လာလေသည်။

အစတုန်းကတော့ ကျင့်ကြံသူအချို့သည် သူတို့၏ မျက်လုံးများကို မှိတ်ချ၍ ခုခံဖို့တောင် မစဉ်းစားတော့ဘဲ လက်လျှော့လိုက်ကြလေပြီ။

သို့သော်လည်း ထိုအချိန်၌ သူတို့၏ စိတ်အာရုံထဲတွင် အဆုံးမရှိသော ပင်လယ်ရေပြင်ကြီးက ပေါ်လာလေသည်။ ထိုပင်လယ်ထဲ၌ ငွားငွားစွင့်စွင့်နှင့် ကြီးမားသည့် လှိုင်းလုံးကြီးများက ဖြစ်ပေါ်လာ၏။ ထို့နောက် ချက်ချင်းပင် ထိုပင်လယ်ပြင်ကို အနှိုင်းမဲ့အလင်းတန်းတစ်ခုက ပိုင်းဖြတ်ချလိုက်၏။

အဲ့ဒါက တည်ငြိမ်ပင်လယ်၏ တန်ပြန်စီးကြောင်းပင် ဖြစ်လေသည်။

ထိုသည်ကို မြင်သောအခါ ဦးလေးလျန့်၏ အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။

“ဆေဘာအား..”

ရွှေအမြုတေတစ်ယောက်အနေနှင့် သူက အတော်အတန် အသိအမြင် ကြွယ်ဝလေသည်။ သူသည် အာရုံစိုက် ငေးကြည့်ပြီး စိုးရိမ်တကြီး ရေရွတ်လိုက်၏။

“အဲ့ဆေဘာနည်းစနစ်က... ကောလာဟလတွေက တစ်ကယ်ပဲ မှန်နေတာများလား”

ဝုန်း...

တောကောင်အုပ်စုက ဆူဇီမိုဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလာ၏။

ကြမ်းထော်နေသော အရေပြား၊ ထက်ရှသောဦးချိုများနှင့် ကြက်သွေးမီးတောက်ကျွဲရိုင်းသည် ရှေ့ဆုံးကနေ ပြေးဝင်ချလာ၏။ သူက ဆူဇီမိုရှေ့သို့ မရောက်ခင်မှာပင် သွေးသောက်သူထံမှ ဖြာဆင်းလာသော ထက်ရှသည့် သွေးအလင်းတန်းဖြင့် ထိတွေ့ပြီး သူ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကျသွား၏။

အရာအားလုံးကို နင်းခြေဖျက်ဆီးနိုင်သကဲ့သို့ ဒေါမာန်အဟုန်ဖြင့် ဝင်ရောက်လာသော တောကောင်အုပ်ကြီးသည် ဆူဇီမို၏ တန်ပြီးစီးကြောင်းနှင့် တွေ့ချိန်တွင် နှစ်ခြမ်းကွဲထွက်သွားပြီး တောကောင်အုပ်ကြီး၏ အလယ်တည့်တည့်တွင် သွေးသံရဲရဲ လမ်းကြောင်းတစ်ခုက ပေါ်လာလေသည်။

ထိုခုတ်ချက်က အလွန်ကြောက်စရာ ကောင်းလေသည်။

၎င်းက တောကောင်အုပ်ကြီးနှင့် ထိပ်တိုက်ဆိုင်နိုင်ရုံသာမက.. သူတို့ကို ထက်ခြမ်းပါ ကွဲထွက်သွားစေ၏။

သွေးသောက်သူကို ကိုင်စွဲ၍ ဆူဇီမိုက ရှေ့သို့ ဆက်တက်သွား၏။

သူ့ခန္ဓာကိုယ်ထဲတွင် မျိုးဆက်သွေးများက စတင်လည်ပတ်လာပြီး သူ့မျက်လုံးများက ဝင်းလက်တောက်ပလာ၏။ သူ၏ အနက်ရောင်ဆံပင်များက လွတ်လပ်စွာ ယိမ်းထိုးနေပြီး ရှေးဦးအဆက်နွယ်တောကောင်များထက် ပိုမိုကြမ်းကြုတ်ပြင်းထန်‌သော အော်ရာတစ်ခုက ဖြာထွက်လာလေသည်။

ကျင့်ကြံသူများက သူ့နောက်ကို အလောတကြီး ပြေးလိုက်လိုက်ကြ၏။

ထန်ယုက အသက်ကိုပြင်းပြင်းရှိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားကြပါ.. ငါတို့ရဲ့ ဗျူဟာဖွဲ့စည်းပုံထဲ အဲ့ဒီရှေးဦးအဆက်နွယ်တောကောင်တွေကို အဝင်မခံကြနဲ့.. မင်းတို့ရဲ့ ခြေလှမ်းတွေကိုလဲ မရပ်တန့်လိုက်ကြပါနဲ့”

သူတို့အုပ်စုထဲတွင် ဆူဇီမိုကလွဲလျှင် အခြားသော မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူများသည် လျှို့ဝှက်ပညာရပ်များကို မတတ်မြောက်ကြသောကြောင့် သူတို့က ရှေးဦးအဆက်နွယ်တောကောင်များကို ဟန့်နိုင်သည်ဆိုရုံမျှသာ ရှိလေသည်။

ရှေ့ဆုံးကနေ ဆူဇီမိုက ရှေးဦးအဆက်နွယ်တောကောင်များကို သတ်ဖြတ်၍ သွေးလမ်းဖော်သွား၏။ ထိုသွေးလမ်းသည် အလောင်းများ၊ သွေးများဖြင့် ပြည့်နှက်နေ၏။

လူတိုင်းသည် ရှေးဦးအဆက်နွယ်တောကောင်များ၏ တိုက်ခိုက်မှုမှ မိမိကိုယ်မိမိ မသေအောင် ခုခံကာကွယ်ရင်း ဆူဇီမိုနောက်ကနေ လိုက်ပါသွားခြင်းဖြင့် အသက်ရှင်လွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိလေသည်။

သို့သော်လည်း ကျင့်ကြံသူများသည် သူတို့မှာ ရှိသမျှ ခွန်အားကုန်ထုတ်သုံးထားတာတောင် ရှေးဦးအဆက်နွယ်တောကောင်များ၏ တိုက်ခိုက်မှုကို ခုခံဖို့ အလွန်တရာ ခက်ခဲနေလေသည်။

ညအမှောင်မြူခိုးများထဲတွင် လူတိုင်း၏ အမြင်အာရုံက လျော့ကျလာပြီး ဘေးပတ်လည်ဆယ်ပေလောက်ထိသာ မြင်နိုင်ကြလေတော့သည်။

ရှေးဦးအဆက်နွယ်တောကောင်များအတွက် ဆယ်ပေဆိုတာ တစ်ခုန်စာတောင် မရှိပေ။

လူတိုင်းသည် ရှေးဦးအဆက်နွယ်တောကောင်များကို မြင်ရချိန်၌ သူတို့က ခုန်ဝင်လာကြမည်ဖြစ်ပြီး အဲ့အချိန်မှာ သူတို့က ဓါးပျံများကို ထုတ်ဖို့ သို့မဟုတ် စိတ်ဝိညာဉ်တိုက်ကွက်များကို ထုတ်ဖော်ဖို့က နောက်ကျလွန်းသွားလေပြီ။

ထိုအချိန်၌ သူတို့ထဲက အတော်များများသည် သူတို့၏ ကာကွယ်ရေးအဆောင်များကို ထုတ်သုံးခြင်းဖြင့်သာ ယာယီအားဖြင့် တောင့်ခံနိုင်မည် ဖြစ်လေသည်။

ဆူဇီမိုက ရှေ့ဆုံးကနေ သတ်ဖြတ်နေသောကြောင့် ကျိချန်းရှန်နှင့် ယန်ကျွင်းတို့သည် ဖိအားသိပ်မများတော့ပေ။

ရံဖန်ရခါဆိုသလို.. ယန်ကျွင်း၏ အကြည့်က ဆူဇီမို၏ နောက်ကျောပေါ်သို့ ကျရောက်သွားတတ်ပြီး သူ့မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်က ပေါ်လာတတ်၏။

ရုတ်တရက်ဆိုသလို...

နှင်းကျားသစ်တစ်ကောင်က သူ၏ ဘေးဘက်ကနေ ခုန်အုပ်လာ၏။ ထိုသတ္တဝါက နီးကပ်မလာသေးခင်မှာပင် ယန်ကျွင်းသည် ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ပြီး သူ့ခြေလက်များက အေးစက်လာ၏။

ဘာပဲဖြစ်ဖြစ် သူက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက် ဖြစ်တာကြောင့် သူ့ဓါးနှင့်အတူ သူ့ကိုယ်သူတော့ အပြည့်အဝ ခုခံကာကွယ်နိုင်လေသည်။

သို့သော်လည်း သူ့စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာပြီး သူ၏ ခြေထောက်များက ပျော့ခွေသွားသလို ရုတ်တရက် ဝပ်ချလိုက်၏။ သူက နှင်းကျားသစ်၏ တို်ကခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်လေသည်။

အစတုန်းက ဆူဇီမို၏ နောက်ကျောညာဘက်ခြမ်းကို ယန်ကျွင်း၏ ရပ်တည်မှုဖြင့် ကွယ်ထား၏။

ယခု ယန်ကျွင်းက ရုတ်တရက် ရှောင်ပေးလိုက်သောအခါ နှင်းကျားသစ်အတွက် ဆူဇီမို၏ နောက်ကျောက ထင်းကနဲ ပေါ်လာလေသည်။

အဲ့ဒါသည် ယန်ကျွင်းက သူတို့၏ ဗျူဟာဖွဲ့စည်းပုံထဲသို့ ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်ကို ပေးဝင်လိုက်သလိုပင်။

နှင်းကျားသစ်၏ တိုက်ခိုက်မှုက လွဲချော်သွားပြီးနောက် သူ၏ အနီးဆုံးပစ်မှတ်မှာ ဆူဇီမို ဖြစ်လာလေသည်။

ဘာမှ စဉ်းစားမနေဘဲ တောကောင်က ထက်ရှသော ဓါးမြှောင်များလို သူ၏ လက်သည်းများကို ဆူဇီမို၏ လက်ပြင်ဆီသို့ ဆန့်ထုတ်လိုက်၏။

နှင်းကျားသစ်က အေးစက်စက်အော်ရာနှင့်အတူ သူ၏ သွေးသံရဲရဲပါးစပ်ကြီးကို ဟဖြဲကာ ဆူဇီမို၏ လည်မျိုကို ကိုက်ဖြတ်ဖို့ ကြိုးစားလိုက်၏။

အခြားသော ကျင့်ကြံသူများက ဖြစ်ပျက်နေသည်ကို သတိထားမိချိန်တွင် အဲ့ဒါက သတိပေးဖို့အတွက် နောက်ကျလွန်းနေလေပြီ။

“အား”

ထန်ယု၏ အမူအယာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။

ကျင့်ကြံသူများအားလုံးသည် မသေရဖို့အတွက် အသည်းအသန် ရုန်းကန်နေရပြီး အခြားတစ်ယောက်ကို ကူညီဖို့အတွက် ဘယ်သူ့မှာမှ စွမ်းအင်အပို ရှိမနေကြပေ။

ဒါ့အပြင် ထိုမျှ နီးကပ်နေသော တိုက်ခိုက်မှု၌ မည်သူကမှ ဆူဇီမိုကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ့နောက်က နှင်းကျားသစ်ကို လျစ်လျူရှုထားသကဲ့သို့ ရှေ့ကိုသာ ဆက်လက်ခုတ်ပိုင်းနေ၏။

နှင်းကျားသစ်၏ သွေးသံရဲရဲပါးစပ်ကြီးက ဆူဇီမို၏ လည်ပင်းပေါ် ကျရောက်တော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက သူ့ခေါင်းကို လှည့်ခါလိုက်၏။

သူ့ဦးခေါင်းဖြင့် နှင်းကျားသစ်၏ သွားများကို ပစ်တိုက်ချလိုက်လေသည်။

သွေးများက ထွက်ပေါ်လာ၏။

နှင်းကျားသစ်၏ သွားများသည် ကျိုးပဲ့သွားပြီး လွင့်စင်ထွက်ကုန်၏။

ထို့နောက် ဆူဇီမိုက ခြေလှမ်းဝက် ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများကို နောက်ကျောဆီသို့ ပို့ကာ နောက်ပြန်ပစ်တိုက်ချလိုက်၏။

ဘုန်း..

ကြီးမားသည့် နှင်းကျားသစ်ကြီးသည် လွင့်ထွက်သွားပြီး လေထဲမှာတင် သွေးသံရဲရဲဘဝသို့ ကူးပြောင်းသွား၏။

လူတိုင်းသည် သူတို့မြင်လိုက်ရသောမြင်ကွင်းကြောင့် ကြက်သေသေကုန်ကြ၏။

ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်က လူသားတစ်ယောက်၏ ပစ်တိုက်မှုကြောင့် ပျော့ပျော့ပြဲပြဲ အသားလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူတို့ကိုယ်တိုင်သာ မြင်တွေ့ရခြင်းမဟုတ်လျှင် ဘယ်သူကများ ယုံမှာလဲ။

ဖြစ်ပျက်သမျှက သူတို့စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေလေသည်။

ဘယ်လိုများ ဖြစ်နိုင်မှာလဲ..

အဲ့ဒါက အဓိပ္ပါယ်မှ ရှိမနေတာ..

ယန်ကျွင်း၏ စိတ်သည် ရှုပ်ထွေးနောက်ကျိသွား၏။

သူက ဝေခွဲမရ သံသယများနှင့် ရှုပ်ထွေးနေစဉ်မှာပင် ဆူဇီမိုက ရုတ်တရက် သူ့ခြေလှမ်းကို ရပ်တန့်၍ လှည့်ကြည့်လိုက်၏။

ချက်ချင်းပင် ယန်ကျွင်း၏ နုလုံးက ဖျစ်ညှစ်ခံလိုက်ရသလို တင်းကျပ်သွားပြီး တစ်ကိုယ်လုံး ချမ်းတုန်လာ၏။

All Chapters