မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်
Vol. 28 Ch. 414
“မင်း-မင်း ဘာလုပ်မလို့လဲ”
ယန်ကျွင်းသည် အထိတ်ထိတ်အလန့်လန့်နှင့် သူ့အသံက တုန်ရီနေ၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းကြိုးစား၍ ရှင်းပြလိုက်၏။
“ငါ-ငါ တမင်လုပ်တာမှ မဟုတ်တာ.. ငါ ဟန်ချက်ပျက်ပြီး လဲကျသွားတုန်း အဲ့တောကောင်က အထဲခုန်ဝင်လာတာပဲ”
ထန်ယုနှင့် အခြားသူများသည် နှင်းကျားသစ် ခုန်ဝင်လာတာကိုသာ တွေ့လိုက်ရပြီး ဘာကြောင့်ဆိုတာကို ဘယ်သူမှ မသိလိုက်ကြပေ။
ယန်ကျွင်း၏ စကားကို ကြားသောအခါ လူတိုင်းသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
ယန်ကျွင်း၏ ရှင်းပြချက်က ယုတ္တိရှိသလိုတော့ ထင်ရလေသည်။ သို့သော် ဆူဇီမိုသာလျှင် တုံ့ပြန်ဖို့ အနည်းငယ်နောက်ကျခဲ့လျှင် သူ့လည်ပင်းက နှင်းကျားသစ်ကိုက်ဖြတ်တာကို ခံရပေမည်။
ဆူဇီမိုက ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာသာ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် သရော်လိုမှုကို မြင်ရလေသည်။
ဆူဇီမိုက သူ့အတွေးများကို ပကတိထွင်းဖောက်မြင်နေရသလို ယန်ကျွင်းသည် ရုတ်တရက် ခံစားလာရ၏။
“မင်း-မင်း ငါ့ကို သတ်လို့ မရဘူးနော်.. ငါက တိုက်ခိုက်ရေးခန်းမက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူပဲ.. ဆူဇီမို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့” ယန်ကျွင်း၏ မျက်လုံးများက ဟိုဟိုသည်သည် လျှောက်ပြေးနေပြီး အနည်းငယ် မောဟိုက်လာကာ ခြေလက်များက ပျော့ခွေချင်လာ၏။
ရှေးဦးအဆက်နွယ်တောကောင်နှစ်ကောင်က တိတ်တဆိတ် ဝပ်တွား၍ တက်လာ၏။
သူ့နောက်ကျောမှာ မျက်လုံးပါရှိသည့်အလား.. ဆူဇီမိုက သွေးသောက်သူနှင့် လက်ပြန်ခုတ်ပိုင်းချလိုက်၏။ သွေးအလင်းတန်းတစ်ခုက ပစ်လွှတ်ထွက်သွားပြီး ရှေးဦးအဆက်နွယ်တောကောင်နှစ်ကောင်ကို ထိမှန်ကာ နေရာမှာတင် ပွဲချင်းပြီးစင်းသွားလေသည်။
ယန်ကျွင်းကို စူးစိုက်ကြည့်ရင်း ဆူဇီမိုက ရုတ်တရက် စကားစပြောလိုက်၏။
“ငါ အရင်က မင်းကို ဘာပြောထားခဲ့လဲ မှတ်မိသေးလား”
“အ..”
“နောက်တစ်ခါ မင်းငါ့အပေါ် မကောင်းကြံလာရင်.. မင်းခေါင်းကို ရိုက်ခွဲပစ်မယ်လို့.. ငါမပြောခဲ့ဖူးလား”
ထိုသို့ ပြောပြီးသည်နှင့် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူက လျှစ်ကနဲ လှုပ်ရှားလိုက်ကာ နောက်ချန်ပုံရိပ်များက ကျန်ရစ်ခဲ့၏။
ယန်ကျွင်း၏ မျက်လုံးများက ဝေဝါးသွားသလို ခံစားလိုက်ရ၏။ သူက နောက်ဆုတ်ဖို့ ပြင်လိုက်ချိန်မှာပင် ဆူဇီမိုက သူ့ရှေ့သို့ ရောက်လာ၏။ သူ့မျက်လုံးများအကြည့်က အဆုံးမဲ့သတ်ဖြတ်လိုစိတ်နှင့် သင်တုန်းဓါးလို ထက်ရှနေ၏။
ဆူဇီမို၏ အကြည့်နှင့် ဆုံမိချိန်တွင် ယန်ကျွင်း၏ မျက်လုံးများက ကျိန်းစပ်လာပြီး မျက်ရည်များက စီးကျလာကာ သူ့မျက်လုံးများကို အလိုလိုမှိတ်လိုက်မိ၏။
ထိုအချိန်မှစ၍ သူ့မျက်လုံးများက ဘယ်တော့မှ ပြန်ပွင့်မလာနိုင်တော့ပေ။
အားလုံး၏ ရှေ့မှောက်မှာပင် ဆူဇီမိုက ယန်ကျွင်း၏ ပါးပြင်ကို လက်ပြန်လွှဲရိုက်ချလိုက်၏။
ဖျောင်း..
ယန်ကျွင်း၏ ပါးပြင်က နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး သူ့ဦးခေါင်းက ကြေမွသွားလေသည်။ သူ့မျက်နှာက လုံးဝပုံပန်းပျက်ယွင်းသွားပြီး ပျော့ပျော့အိအိ အသားပုံကြီးလို ပြောင်းလဲသွားလေသည်။
သူ့အလောင်းက လွင့်ပျံသွားပြီး ရှေးဦးအဆက်နွယ်တောကောင်များဘက်သို့ ရောက်သွားကာ အလောင်းက မြေပေါ်သို့ မကျခင်မှာပင် တောကောင်များ၏ ဆွဲဖဲ့ဝါးမျိုခြင်း ခံလိုက်ရ၏။
ယန်ကျွင်းက ယန်ဆေးဂိုဏ်းသားတစ်ယောက် ဖြစ်နေတာတောင်၊ သူက တိုက်ခိုက်ရေးခန်းမမှ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက် ဖြစ်တာတောင်၊ ဆူဇီမိုက အပြင်လူတစ်ယောက်သာ ဖြစ်နေတာတောင်.. ယန်ဆေးဂိုဏ်းက ဘယ်သူကမှ ဆူဇီမို၏ အပြုအမူကို ကန့်ကွက်ပြောဆိုခြင်း မရှိကြပေ။
ဆူဇီမိုကြောင့်သာ မဟုတ်လျှင် ရှေးဦးအဆက်နွယ်တောကောင်အုပ်ကြီးက သူတို့အားလုံးကို ဝါးမျိုသွားမည်မှာ ကြာပြီဖြစ်ကြောင်း သူတို့အားလုံး သိထားကြလေသည်။
“ဆက်သွားမယ်ဟေ့.. အားလုံးပဲ မရပ်လိုက်ကြနဲ့”
ယန်ကျွင်းကို သတ်ပြီးနောက် ဆူဇီမိုက လွန်းချွန်ပုံစံဖွဲ့စည်းပုံ၏ ရှေ့ဆုံးသို့ ပြန်သွားလိုက်၏။
သူ၏ အစိမ်းရောင်ဝတ်ရုံက မြောက်များစွာသော ရှေးဦးအဆက်နွယ်တောကောင်များ၏ လတ်လတ်ဆတ်ဆတ် သွေးများနှင့် ပေကျံစွန်းထင်းနေသော်လည်း ဆူဇီမိုထံမှာ မကုန်ခမ်းနိုင်သော သက်လုံအားရှိပုံ ရလေသည်။
ထိုအခိုက်အတန့်၌ သူက သွေးရေချိုးထားသော စစ်နတ်ဘုရားတစ်ပါးလို ဖြစ်နေ၏။ သူကရှေ့သို့ခုန်တက်ပြီး ရွပ်ရွှပ်ချွံချွံနှင့် ရက်စက်ကြမ်းတမ်းစွာ သွေးသောက်သူကို လွှဲရမ်းခုတ်ပိုင်းလိုက်တိုင်း သူ့မျက်လုံးများက ဝင်းလက်တောက်ပလာ၏။
ထိုသို့ဆိုလျှင်တောင် လမ်းတစ်လျှောက်တွင် ယန်းဆေးဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို ကျဆုံးနေရဆဲဖြစ်၏။ သူတို့သည် တောကောင်အုပ်ထဲသို့ ဆွဲယူသွင်းခြင်းခံလိုက်ရတိုင်း တစ်စစီစုတ်ဖြဲခံရလေသည်။
လွန်းချွန်ပုံစံဗျူဟာအခင်းအကျင်းက ဆက်တိုက်ဆိုသလို ကျုံ့ဝင်လာ၏။
သူတို့အုပ်စု၏ အပြင်ဘက် အနားသတ်ရှိ တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူများအားလုံးနီးပါးသည် ဒဏ်ရာအနာတရများ ရရှိနေကြ၏။ ယန်ဆေးဂိုဏ်း၏ ပေါများလှသော အစွမ်းထက်ဆေးများကြောင့်သာ မဟုတ်လျှင် သူတို့၏ ဖွဲ့စည်းပုံက ပြိုကွဲသွားလောက်ပေပြီ။
သူတို့ရှေ့ရှိ လမ်းကြောင်းက ပိန်းပိတ်အောင် မှောင်မိုက်နေ၏။ တောကောင်အုပ်ကြီးက အဆုံးသတ်တော့မှာလား၊ ဆေးရေဂိုဏ်းအပျက်အစီးနေရာက ဘယ်နေရာမှာလဲ ဘာကိုမှ သူတို့ မသိရပေ။
သူတို့အားလုံး လုပ်နိုင်သည်မှာ ဆူဇီမိုနောက်သို့ အလိုလို လိုက်ပါ၍ တောင်ကြားအနက်ပိုင်းထဲသို့ စွန့်စားသွားဖို့ပင် ဖြစ်လေသည်။
လူတိုင်းသည် အကောင်းဆုံး ကြိုးစား၍ ကြံ့ကြံ့ခံတောင့်ခံခုခံနေကြ၏။
ဆူဇီမို ပြောခဲ့သလိုပင်.. အခြားထွက်ပေါက် မရှိမှတော့.. ရှေ့သို့ ဆက်တက်ဖို့သာ ရှိတော့လေသည်။
လူအုပ်ကြီးနှင့်အတူ ရှောင်းနင်သည် ဆက်တိုက် လိုက်ပါလာ၏။
သူမ၏ ကျင့်ကြံ၏ အဆင့်အရ သူမက ထိပ်တန်းအဆင့်ဓါးပျံကို သုံးလျှင်တောင် ရှေးဦးအဆက်နွယ်တောကောင်များ၏ ခံစစ်ကို ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
ညဝိညာဉ်သည် တစ်ချိန်လုံး ရှောင်းနင်ဘေးကနေ တိတ်တဆိတ် လိုက်ပါလာ၏။ သူက ဘေးပတ်လည်ရှိ တောကောင်များကို ပျင်းရိလေးတွဲ့စွာနှင့် မထီမဲ့မြင် ကြည့်နေ၏။
တစ်ကိုယ်လုံး နက်မှောင်နေသော ညဝိညာဉ်သည် ညအမှောင်တွင် ပျော်ဝင်ရောနှောနေပြီး အရောင်လက်သွားသော သူ၏ အနက်ရောင်မျက်လုံးများကိုသာ ရံဖန်ရံခါ မြင်ရလေသည်။
ရုတ်တရက်..
ရှေ့ရှိ ခပ်လှမ်းလှမ်း တောင်တစ်လုံးမှ အတွဲလိုက် သက်တံအလင်းတန်းများက ကောင်းကင်ထက်သို့ ဆက်တိုက်ပျံတက်သွားကြ၏။ ကောင်းကင်တစ်ခွင်က မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်သလို ထိန်ထိန်လင်းသွားပြီး ရင်သပ်ရှုမောဖွယ် ခမ်းနားထည်ဝါ လှပသော နန်းတော်တစ်ခုက ပေါ်လာလေသည်။
လူတိုင်းသည် သွားနေတာကို အလိုလို ရပ်တန့်လိုက်ကြပြီး ပါးစပ်အဟောင်းသားနှင့် လှမ်မျှော်ငေးကြည့်လိုက်ကြ၏။
ဆေးရေဂိုဏ်းပျက်၏ ပုံပန်းသွင်ပြင်ကို မည်သူမှ မမြင်ဖူးကြသော်လည်း နတ်ဘုံနတ်နန်းတစ်ခုလို နန်းတော်ကို မြင်လိုက်ရချိန်၌ အဲ့ဒါက သူတို့ အပူတပြင်း ရှာဖွေနေကြသော နေရာဖြစ်ကြောင်း လူတို်ငး နားလည်လိုက်ကြလေသည်။
အစတုန်းက လူတိုင်းသည် စမ်းတဝါးဝါးနှင့် လမ်းညွှန်ပြသမှု မရှိသောကြောင့် ဆေးရေအိုင်ဂိုဏ်းပျက်၏ တည်နေရာကို မသိနိုင်ခဲ့ကြပေ။
သို့သော် ထိုအခိုက်အတန့်မှာတော့ ခပ်လှမ်းလှမ်းရှိ အလင်းရောင်များက မီးပြတိုက်တစ်ခုလို တောင်ကြားထဲရှိ ကျင့်ကြံသူများအားလုံးကို လမ်းပြပေးလိုက်လေသည်။
“တက်ဟေ့”
“အစွမ်းကုန်သတ်ကြကွာ.. ဆေးရေအိုင်ဂိုဏ်းက ရှေ့တည့်တည့်ဆို ရောက်နေပြီ”
ညအမှောင်ကို မြူများက ထပ်မံဖုံးအုပ်နေပြီး ဘေးဘီဝဲယာမှာ ဘာတွေဖြစ်ပျက်နေသည်ကို မမြင်နိုင်ကြသော်လည်း ယန်ဆေးဂိုဏ်းမှ လူများသည် သူတို့၏ ဘေးဘက်များမှ ခပ်သဲ့သဲ့ အော်ဟစ်သံများကို ကြားလိုက်ရ၏။
ဤနေရာမှာ သူတို့ချည်းပဲမဟုတ်၊ ဖန်သားနန်းတော်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် တောင်ကြားထဲသို့ ဝင်ရောက်ခဲ့ကြသော အခြားသောဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း တောကောင်အုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံနေရလေသည်။
ထန်ယုက ဝမ်းသားအားရ အမူအယာနှင့် ကြေညာလိုက်၏။
“အားလုံးပဲ အားတင်းထားကြ.. ဆေးရေအိုင်ဂိုဏ်းက ရှေ့ဆိုရောက်ပြီ.. ငါတို့အဲ့ကိုရောက်တာနဲ့ လုံခြုံပြီ”
ရှေးဟောင်းခေတ်ဂိုဏ်းအပျက်အစီးနေရာများအားလုံးက အားကောင်းသော ခုခံကာကွယ်ရေးစနစ်များ ရှိလေသည်။ ရှေးဦးအဆက်နွယ်တောကောင်များက ထိုအထဲသို့ လုံးဝ ဝင်ရဲကြလိမ့်မည် မဟုတ်ပေ။
ယခုအချိန် ယန်ဆေးဂိုဏ်း၌ ကျင့်ကြံသူငါးရာစွန်းစွန်းသာလျှင် ကျန်ရှိတော့ပြီး သူတို့အားလုံးက ပင်ပန်းနွမ်းနယ်နေကြလေပြီ။
သို့သော်လည်း ထန်ယု၏ စကားကို ကြားပြီးနောက် သူတို့သည် အားမာန်တက်ကြွလာပြီး သူတို့၏ သက်လုံအားများက ပြန်ပြည့်လာသလို ခံစားလိုက်ရ၏။
ဆူဇီမို၏ အမူအယာကတော့ တည်ငြိမ်နေ၏။ သူက သိပ်ပြီးတော့ ဝမ်းသာမနေပေ။
တစ်ခုခုတော့ လွဲနေသေး၏။
သူတို့ရင်ဆိုင်နေရသော တောကောင်အုပ်ကြီးက ရှေးဦးအဆက်နွယ်တောကောင်များနှင့် ဖွဲ့စည်းထား၏။ သူတို့၏ နောက်ကွယ်တွင် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ ခြေရာလက်ရာ ပါနေရပေမည်။
နောက်ကွယ်ကနေ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ အကျပ်ကိုင် ခြိမ်းခြောက်မှုမရှိလျှင် သူတို့ရှေ့ရှိ ရှေးဦးအဆက်နွယ်တောကောင်များသည် ဘယ်လိုလုပ်ပြီး ဤကဲ့သို့ အုံလိုက်ကျင်းလိုက် စုစည်းနေပါမည်နည်း။
“ဂါး..”
ဆေးရေအိုင်ဂိုဏ်းရှိသော တောင်ခြေမှ တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်သံကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး တောကောင်အုပ်ကြီးတစ်အုပ်လုံးကို ခဏကြာ ရပ်တန့်သွားစေလေသည်။
တောကောင်အုပ်၏ နောက်မှ ဧရာမသားရဲတောကောင်တစ်ကောင်က ပေါ်လာ၏။ နက်မှောင်နေသော သားမွေးများနှင့် ပြည့်နေပြီး သူက သားရဲခွေးရိုင်းတစ်ကောင်နှင့် ဆင်တူကာ သူ့ပါးစပ်ကို ဟပြီး မီးတောက်များကို မှုတ်ထုတ်လိုက်၏။ ထိုမီးတောက်က ကီလိုမီတာတစ်ရာကျော်လောက်ထိ ရောက်သွားပြီး သွားရာလမ်းကြောင်းတစ်လျှောက်ရှိ ကျင့်ကြံသူများနှင့် အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်လိုက်၏။
လူတိုင်း တုန်လှုပ်သွားကြ၏။
“အဲ့ဒါ ဟော့တူပဲ”
ဆူဇီမိုသည် မျက်လုံးကို မှေးကျဉ်း၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဦးလေးလျန့်ကလည်း သုန်မှုန်နေသော အမူအယာနှင့် ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ.. အဲ့ဒါ ဟော့တူ”
ဟော့တူက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ဖြစ်ပြီး အလွန်တရာ ကြမ်းတမ်းကာ မီးတောက်များကို မှုတ်ထုတ်နိုင်လေသည်။ ရွှန်းစိုနေသောသားမွေးများကြောင့် သူက အရုပ်ဆိုးဆိုးမျက်နှာရှိသည့် ခြင်္သေ့တစ်ကောင်နှင့် ဆင်တူလေသည်။
မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်က ပေါ်လာလေပြီ။
“သူ့ဟာသူ မူလသွေးမျိုးဆက်တောကောင်ဆိုတော့ရော ဘာဖြစ်လဲ.. သူက တစ်ကောင်ထဲပဲကို.. ငါတို့အတူပူးပေါင်းပြီး တိုက်ခိုက်ရင် သေချာပေါက် သူ့ကို သတ်နိုင်တယ်”
မြူများကြားထဲမှ ရွှယ်ယန်၏ အသံက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ထွက်ပေါ်လာ၏။
“ဝူး.. ဟူး.. ဟူး...”
တောင်ခြေမှ ရုတ်တရက် ကလေးတစ်ယောက် ငိုနေသလို အသံက ထွက်ပေါ်လာ၏။
“ဟမ့်”
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ဒါက ...များ ဖြစ်နေမလား”
“ဝု.. အူ.. အူး...”
နောက်ခဏ၌ ကလေးငိုသံက စူးစူးရှရှနှင့် အဘက်ဘက်သို့ ထိုးဖောက်ဝင်ရောက်လာ၏။ များစွာသော ကျင့်ကြံသူများသည် သူတို့၏ နားများကို အုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ညည်းညူအော်ဟစ်လိုက်ကြ၏။
ဆေးရေအိုင်ဂိုဏ်းပျက်နေရာအနီး ဖြာထွက်နေသော အလင်းရောင်များအောက်မှ သားရဲတောကောင်တစ်ကောင်က ပေါ်လာ၏။ ထိုသတ္တဝါက ခေါင်းကိုးလုံး ပါရှိပြီး ဟိုင်ဒြာကောင်နှင့် ဆင်တူကာ သူ့ပါးစပ်ကို ဟလိုက်တိုင်း မွေးကင်းစကလေးငိုသံလို အသံက ထွက်လာတတ်၏။
“မူလသွေးမျိုးဆက်တောကောင်.. ခေါင်းကိုးလုံးသူငယ်”
ဦးလေးလျန့်က အံ့အားတသင့် ရေရွတ်လိုက်၏။
(ဟိုင်ဒြာအကြောင်း သိချင်ပါက Chrome (သို့) Browser တစ်ခုခုတွင် ဟိုင်ဒြာကောင် (သို့) hydra ဟု ရိုက်ရှာကြည့်နိုင်ပါသည်။)