ဒဏ်ရာ ပြင်းထန်စွာ ရသွားသော ကျူးယန်
Vol. 28 Ch. 416
လမ်းတစ်လျှောက်တွင် တောင်ထွတ်ကြီးက များစွာသော ရှေးဦးအဆက်နွယ်တောကောင်များကို ပစ်တိုက်ချသွားပြီး နောက်မှာ ဗလာကျင်းသွားသော လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့လေသည်။
တောင်ထွတ်၏ အဟုန်က ရပ်တန့်မသွားဘဲ ကျူးယန်ဆီသို့ ဆက်လက်ပြေးဝင်သွား၏။
ကျူးယန်က ကြမ်းကြုတ်သော စိတ်နေစိတ်ထားရှိပြီး ဒေါသူပုန်ထလွယ်လေသည်။
“ဂါး..”
ထိုသည်ကို ကြည့်ပြီး သူက ဒေါသူပုန်ထသွားပြီး မျက်လုံးများက နီရဲလာ၏။ သူက ပြင်းထန်စွာ နှာမှုတ်ထုတ်၍ သူ့ရင်ဘတ်ကို ထပ်ကာထပ်ကာ တအုန်းအုန်း ထုရိုက်လိုက်၏။
သူ့ရှေ့က ပုရွက်ဆိတ်က သူ၏ တိုက်ခိုက်မှုကို ရပ်တန့်တားဆီးခဲ့ရုံသာမက.. ပြန်လှန်၍တောင် ခုခံတိုက်ခိုက်နေလေသည်။
အဲ့ဒါက သူ့ဂုဏ်သိက္ခာမာန်မာနကို ထိပါးစော်ကားလာခြင်းပင်။
ကျူးယန်က သူ့လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်၍ သူ့ရင်ထဲက ဒေါသများကို ပြေပျောက်လို့ပြေပျောက်ငှား ဝင်ရောက်လာသော တောင်ထွတ်ပိုင်းကြီးကို ပြင်းထန်စွာ ထိုးချလိုက်၏။
ဘုန်း..
ကျယ်လောင်ပြင်းထန်သည့် အသံကြီးက တောင်ကြားတစ်ခွင် ပျံ့နှံ့ပဲ့တင်ထပ်သွား၏။
ကျူးယန်၏ လက်သီးချက်ဖြင့် တောင်ထွတ်ပိုင်းကြီးက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ကြီးမားသည် ကျောက်တုံးကြီးများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာပြီး ဖုန်များက တထောင်းထောင်းထသွား၏။
လူတိုင်းသည် တုန်လှုပ်ချောက်ချားစွာ ပါးစပ်အဟောင်းသားနှင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။
ထိုစွမ်းအားက သူတို့သိထားသမျှ အရာအားလုံးထက် ကျော်လွန်နေလေသည်။
မူလသွေးမျိုးဆက်တောကောင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသူများမှာ မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများသာလျှင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
တောင်ထွတ်ပိုင်းကြီးက ပေါက်ကွဲထွက်သွားပြီး ကျောက်တုံးကျောက်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်သွား၏။ ဖုန်မှုန့်များက ပိတ်သိပ်သွားအောင် တထောင်းထောင်းထသွားပြီး ညအမှောင်နှင့် မြူခိုးများကလည်း ရှိနေတာကြောင့် ဘယ်သူမှ မမြင်လိုက်ရသည်မှာ ကျူးယန်သည် တောင်ထွတ်ကြီးကို ချေဖျက်နိုင်လိုက်သော်လည်း သူသည် ဒယီးဒယိုင်ခြေလှမ်းများနှင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏။
သူ၏ ဧရာမလက်သီးဆုပ်ကြီးနှစ်ဖက်က စုတ်ပြဲသွားပြီး သွေးများက စီးကျလာလေသည်။
သူက ဒဏ်ရာ ရသွားလေပြီ။
ရဲရဲနီသွားသောသွေးက ကျူးယန်၏ အရိုင်းဆန်မှုကို လုံးဝ နှိုးဆွပေးလိုက်လေသည်။
“အောင်း.. အောင်း. အေား..”
ဖုန်မှုန့်များနှင့် မီးခိုးလုံးများက အနည်မထိုင်သေးခင်မှာပင် ကျူးယန်သည် ကောင်းကင်ထက်ကို မော့၍ ဟိန်းဟောက်လိုက်ပြီး ယန်ဆေးဂိုဏ်းရှိရာသို့ ပြေးချသွားလေသည်။
သူခြေဆောင့်နင်းသွားရာ မြေပြင်မှာ ကြီးမားသည့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။
မြေပြင်က တုန်ခါသွားပြီး တောင်တန်းများက တသိမ့်သိမ့်တုန်လာ၏။
တောင်ထွတ်ပိုင်း၏ ရိုက်ခတ်မှုက ကျူးယန်ကို ဒဏ်ရာရသွားစေနိုင်ကြောင်း ဆူဇီမိုသည်လည်း မတွေးမိပေ။
“မင်းတို့တွေ အခွင့်အရေးရတာနဲ့ ရှေ့ကို အစွမ်းကုန် ပြေးတက်ကြ.. ဘာပဲဖြစ်ဖြစ် နောက်ကို ပြန်လှည့်မကြည့်ကြနဲ့”
ဆူဇီမိုက နောက်လှည့်၍ ထန်ယုကို မှာကြားကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ ထို့နောက် သူက သွေးသောက်သူကို ကိုင်စွဲ၍ ဝင်ရောက်လာသော ကျူးဖန်နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ ရှေ့သို့ ပြေးတက်လိုက်လေသည်။
သူသည် ရှေးဟောင်းခေတ်က ကြမ်းကြုတ်ရက်စက်သည့် တောကောင်ကြီးကို သတ်ဖြတ်နိုင်ဖို့ မမျှော်လင့်ထားပေ။ သို့သော်လည်း အနည်းဆုံးတော့ ယန်ဆေးဂိုဏ်းသားများ ရှေ့သို့တက်နိုင်ဖို့ ကျူးယန်ကို သူအာရုံလွှဲထားရပေမည်။
ထိုအချိန်မှာပင် တစ်စုံတစ်ရာက သူ့လက်မောင်းပေါ် တွယ်တက်လာကို ရုတ်တရက် ဆူဇီမို ခံစားလိုက်ရလေသည်။
သူ့လှည့်ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားရ၏။
သူမသိလိုက်ခင်မှာပင် ညဝိညာဉ်က ရှောင်းနင်ကို ခေါ်ပြီး သူ့ဘေးနားကို ပြေးချလာ၏။
ထိုအချိန်တွင် သူ့ခေါင်းကို ငုံ့ထားပြီး ဆူဇီမို၏ လက်မောင်းကို သူ့ပါးပြင်နှင့် ပွတ်သီးပွတ်သပ်လုပ်နေ၏။ သူက မျှော်လင့်စောင့်စားနေသောပုံစံနှင့် သူ၏ မဟူရာမျက်လုံးများကို ပုတ်ခတ်နေ၏။
ညဝိညာဉ်သည် အရွယ်ရောက်လာပြီးနောက် ရင့်ကျက်တည်ငြိမ်အေးစက်လာ၏။ သူ့ထံမှ ယခုကဲ့သို့သော ပုံစံကို မြင်တွေ့ရခဲလေသည်။
ဟိုအရင်ကဆိုလျှင် ညဝိညာဉ်က ခွေးမည်းလေးတစ်ကောင်မျှသာဖြစ်ပြီး နေ့စဉ်နှင့်အမျှ ဆူဇီမို၏ ရင်ခွင်ထဲမှာ နေခဲ့လေသည်။ ရံဖန်ရံခါဆိုသလို သူက ချစ်စဖွယ် ကလူတူတူမြှူတူတူ ပြုမူတတ်လေသည်။
ကမ္ဘာဦးအပျက်အစီးနယ်မြေမှာ သူတို့နှစ်ယောက် ထွက်ပြေးကြစဉ်က ညဝိညာဉ်သည် သူ့ရင်ခွင်ထဲမှာ ပုန်းလျှိုးနေခဲ့ပုံကို ပြန်လည်အမှတ်ရသွားပြီး ရုတ်တရက် ဆူဇီမို၏ရင်က လှုပ်ခါသွား၏။
ညဝိညာဉ်၏ ယခုအမူအယာက အဲ့တုန်းကနှင့် သွားတူနေလေသည်။
ထိုအချိန်တုန်းက သူသည် နဂါးဥ၏ တစ်ဝက်ကိုပင် ဝါးမျိုခဲ့သေး....
“မင်း တွေးနေတာလား.. “
ခပ်လှမ်းလှမ်းကနေ ပြေးချလာနေသော ကျူးယန်ကို လက်ညိုးထိုးပြကာ ဆူဇီမိုသည် မျက်ခုံးအနည်းငယ်ပင့်၍ ဆက်မပြောတော့ပေ။
“ဂူး..”
ညဝိညာဉ်က နှုတ်ခမ်းကို လျှာနှင့်သပ်၍ ညင်သာစွာ ဟစ်ကြွေးလိုက်၏။
သားရေယိုနေသော ညဝိညာဉ်ကို ကြည့်ပြီး သူဘာကို လိုချင်နေသည်ကို ဆူဇီမိုသိလိုက်လေသည်။
ပုံမှန်ဆို.. ဆူဇီမိုက ညဝိညာဉ်ကို ရှောင်းနင်အနားကနေ ခွာခိုင်းလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ညဝိညာဉ်က ယခုကဲ့သို့ တောင်းဆိုသည်မှာ ရှားရှားပါးပါး ဖြစ်သောကြောင့် သူသည် မငြင်းပယ်ရက်ပေ။
သည့်အရင်က ညဝိညာဉ်သည် စိတ်ဝိညာဉ်တောကောင် သို့မဟုတ် သားရဲများ၏ အသားကို ထိတောင်မထိပေ။
ရှေးဦးအဆက်နွယ်တောကောင်များ၏ အသားကိုတောင် ညဝိညာဉ်က သိပ်ပြီးစိတ်မဝင်စားဘဲ အနည်းငယ်သာလျှင် စားသောက်တတ်လေသည်။
ညဝိညာဉ်က ဘယ်လိုအစားအစာမျိုး ကြိုက်တတ်သည်ကို ဆူဇီမိုသည် မတွေးတတ်ပေ။ နဂါးဥလိုအရာမျိုးကိုလည်း ခဏခဏ သူရှာမကျွေးနိုင်ပေ။
ယခုတော့ သူ ရိုးတိုးရိပ်တိတ် နားလည်လာ၏။ ညဝိညာဉ်၏အစာက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ ဖြစ်နိုင်လေသည်။
ဆူဇီမိုသည် ကြိတ်ပြီး တုန်လှုပ်သွားရ၏။
မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်မျိုးကိုသာ အစာအဖြစ် သဘောထားသော ညဝိညာဉ်ရဲ့ နောက်ခံက ဘာဖြစ်မလဲ။
သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တွေထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့ သတ္တဝါလား။
“သတိထား”
သူက ညဝိညာဉ်၏ ခေါင်းကို ပုတ်လိုက်၏။
ညဝိညာဉ်က ပြန်မပြောတော့ဘဲ.. ဖျတ်ကနဲ ရွေ့လျားသွားကာ ညအမှောင်ထုထဲမှာ ရောနှောပျောက်ကွယ်သွားလေသည်။
ညတစ္ဆေတစ်ကောင်လို ညဝိညာဉ်က တိတ်တဆိတ် ရွေ့လျားသွား၏။ ဆူဇီမိုကလွဲလို့ ဘယ်သူမှ သတိမထားမိကြပေ။
ထိုအချိန်၌ သူတို့၏ လွန်းချွန်ဗျူဟာဖွဲ့စည်းပုံကို ဖြိုခွဲဖို့ လာရောက်တိုက်ခိုက်နေကြသော ရှေးဦးအဆက်နွယ်တောကောင်များကလည်း ရှိနေသေး၏။
ယန်ဆေးဂိုဏ်းမှလူများသည် အတူတကွ ပူးကပ်၍ သူတို့ရှိသမျှ ခွန်အားအကုန်နှင့် ခုခံနေကြ၏။
သူတို့ရှေ့တွင် ကျူးယန်သည် ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာကနေ အတော်လှမ်းလှမ်းကို ရောက်လာပြီဖြစ်ပြီး ညမြူထဲသို့ ဝင်ရောက်ကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
အမှောင်ထုထဲတွင် မီးအိမ်နှစ်လုံးလို နီရဲနေသော မျက်လုံးတစ်စုံက မျောလွင့်၍ သူတို့ဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေသည်ကိုသာ သူတို့မြင်တွေ့ရလေသည်။
လေးလံသော ခြေသံများက ပို၍ပို၍ နီးကပ်လာနေ၏။
ခြေသံတစ်ချက် ထွက်လာတိုင်း ၎င်းနှင့်အတူ သူတို့နုလုံးများကပါ ဒိန်းကနဲ လိုက်ခုန်သွား၏။
ထန်ယုသည် အကောင်းဆုံးကြိုးစား၍ ရှေ့သို့ စိုက်ကြည့်လိုက်၏။ မှုန်ရီရီ ညအမှောင်ထဲတွင် ဝိုးတိုးဝါးတား ပုံရိပ်တစ်ခုက ရွေ့လျားနေသည်ကိုသာ သူမ ပုံဖော်၍ ရလေသည်။
ထိုပုံရိပ်က ကျူးယန်ပင် ဖြစ်လေသည်။
ဦးလေးလျန့်က လေများကို နက်ရှိုင်းစွာ ရှူသွင်းလိုက်၏။ သူ့မျက်လုံးများထဲတွင် ရဲရင့်ပြတ်သားသည့် အရောင်က ပေါ်လာပြီး သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ဆွဲထုတ်ကာ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်လိုက်၏။
ဆူဇီမို၏ အမူအယာကတော့ တည်ငြိမ်နေပြီး သူ့အကြည့်က ရေကဲ့သို့ ကြည်လင်နေကာ ဝဲဂယက်တောင် မရှိပေ။
ရုတ်တရက်..
သူတို့ရှေ့တူရူမှ မီးအိမ်နှစ်လုံးက ရပ်တန့်သွားပြီး ကျူးယန်၏ ခြေသံများကလည်း ပျောက်ကွယ်သွားလေသည်။
“ဂါး...”
ကျူးယန်သည် အခြေအနေတစ်ခုနှင့် ကြုံတွေ့သွားပုံရပြီး သွေးပျက်ချောက်ချားဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူ၏ နီရဲနေသော မီးအိမ်မျက်လုံးများက လေထဲမှာ ယိမ်းထိုးလှုပ်ခါသွားလေသည်။
ဆူဇီမိုက အော်လိုက်၏။
“တက်ကြ”
“အခုလား” ထန်ယုက ကြောင်အသွား၏။
“အခုချက်ချင်းပဲ”
ဆူဇီမိုက သွေးသောက်သူကို ကိုင်စွဲ၍ သူတို့အပေါ် ခုန်အုပ်လာသော ရှေးဦးအဆက်နွယ်တောကောင်နှစ်ကောင်ကို ခုတ်ပိုင်းချလိုက်၏။ သူက ရှောင်းနင်ကို ဘယ်ဘက်လက်ကနေ ကိုင်စွဲကာ ရှေ့သို့ဦးဆောင်တက်လိုက်လေသည်။
ညဝိညာဉ်၏ ခွန်အားက ဘယ်လောက်အတိုင်းအတာထိ ရောက်နေပြီလဲနှင့် သူက ကျူးယန်ကို သတ်နိုင်မှာလားဆိုတာကို ဆူဇီမို မပြောတတ်ပေ။
သို့သော်လည်း အခုချိန်မှာ ကျူးယန်က သူတို့ကို အာရုံစိုက်ဖို့ အချိန်မရှိတော့ဘဲ.. အဲ့ဒါက သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်ဆိုတာကိုတော့ သူသိလေသည်။
“အောင်း.. အူး..”
ကျူးယန်သည် ရူးသွပ်သွားသည့်အလား အော်ဟစ်မြည်ကြွေးလိုက်၏။ သူက သွေးရူးသွေးတန်းအခြေအနေသို့ ကျရောက်သွားသည်မှာ သိသာလေသည်။
ညအမှောင်နှင့် မြူများကြောင့် ကျူးယန်က ဘာဖြစ်နေသည်ဆိုတာကို ယန်ဆေးဂိုဏ်းသားများ မည်သူမှ မမြင်တွေ့ကြရပေ။
ဝိုးတိုးဝါးတားနှင့် သူတို့ပုံဖော်နိုင်သည်မှာ ခပ်ဝါးဝါး အရိပ်မည်းတစ်ခုက ကျူးယန်၏ ကျောပေါ်ကိုရောက်နေပြီး မျက်လုံးတစ်စုံလို ခပ်ဖျော့ဖျော့ အလင်းစက်နှစ်စက်ကိုသာလျှင် ဖြစ်လေသည်။
ညအမှောင်ထဲတွင် အေးစက်ဝင်းလဲ့နေသော ထက်ရှသည် လက်သည်းများက တိတ်တဆိတ် ထွက်လာ၏။
ဖောက်..
ကျွတ်ဆတ်ဆတ် အသံတစ်ခု..
သွေးများက ပန်းထွက်လာပြီး နီရဲနေသော မျက်လုံးတစ်ဖက်က မှောင်မိုက်သွားလေသည်။
ဟင်..
ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး ပင့်သက်ရှိုက်လိုက်ကြ၏။
ဘာမှန်းမသိရသော ဆန်းကြယ်သည့် အရိပ်နက်ကြောင့် ကျူးယန်၏ မျက်လုံးတစ်ဖက်က ကန်းသွားရလေပြီ။
“အော.. အောင်း.. အောင်း.. အူး...”
ကျူးယန်သည် ပြင်းထန်စွာ နာကျင်၍ အော်ဟစ်ငိုကြွေးလိုက်ပြီး ရှေ့သို့ အရူးအမူး ခုန်တက်သွား၏။
အချိန်မီမရှောင်လိုက်နိုင်သော ရှေးဦးအဆက်နွယ်တောကောင်အချို့သည် ပြင်းထန်စွာ ပစ်တိုက်၊ နင်းခြေခံလိုက်ရပြီး အသားနှစ်များအဖြစ်သို့ ပြောင်းလဲသွားကာ ဆိုးဆိုးရွားရွားသေကုန်ကြလေသည်။
ကျူးယန်က အပြင်းအထန် ဒဏ်ရာရရှိသွားခြင်းနှင့်အတူ တောကောင်အုပ်ကြီးက အဘက်ဘက်သို့ ပျံ့နှံ့ကွဲထွက်ကုန်ကြလေသည်။