← Chapters

အသိဉာဏ်အမွေအနှစ်

Vol. 28 Ch. 418

အသိဉာဏ်အမွေအနှစ်

Vol. 28 Ch. 418

ထိုအချိန်တွင် ရှောင်းနင်သည် ‌တွေဝေမိန်းမောနေသလိုပုံစံနှင့် လူအုပ်ကြီးထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူမသည် အိပ်မွေ့ချခံထားရသူတစ်ယောက်လို သူတို့ရှေ့ရှိ ဆေးဖော်စပ်ခန်းမဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။

သူမ၏ ရင်အုပ်က ဆန်းကြယ်စွာ တောက်ပရွှန်းလဲ့လာလေသည်။

ခန်းမဆီသို့ သူမ ချဉ်းကပ်သွားသည်နှင့်အမျှ တောက်ပနေသည့် အလင်းရောင်များက ပိုမိုသိပ်သည်း၍ အလွန်စူးရှလာပြီး ရှောင်းနင်၏ တစ်ကိုယ်လုံးနီးပါးကို လွှမ်းခြုံလာ၏။

“ဒါက ဘယ်လို…”

လူတိုင်း ကြောင်အသွား၏။

ဆူဇီမိုသည် ဘေးကနေ ရပ်ကြည့်နေ၏။

မဟာကျိုးမြို့‌တော်မှာကတည်းက ထိုဆေးမီးဖိုက သာမန်မဟုတ် ထူးကဲကြောင်း သူသတိထားမိခဲ့လေသည်။ ရှေးဟောင်းတိုက်ပွဲမြေသို့ ၀င်ရောက်လာပြီးနောက် သူ၏ ထင်မြင်ချက်က ပိုမိုခိုင်မာလေသည်။

သည်နေရာကို ရောက်လာပြီးနောက်.. ထိုလျှို့ဝှက်ဆန်းကြယ်သော ဆေးမီးဖိုက ဆေးရေအိုင်ဂိုဏ်းနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုရှိသည်မှာ သေချာ‌သလောက်ဖြစ်ကြောင်း ဆူဇီမို သိလိုက်လေသည်။

အားလုံး၏ ရှေ့မှောက်မှာပင် ရှောင်းနင်က ခန်းမဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားပြီး ခန်းမ၏ ချိတ်စည်းကို သူမ၏ လက်ဖြင့် ညင်သာစွာ တို့ထိလိုက်၏။

အံ့ဩဖို့ကောင်းစွာပင် ချိတ်စည်းက သူမကို တွန်းဖယ်မထုတ်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့် လျှို့ဝှက်ဆန်းကြယ်သော အမှတ်တံဆိပ်သင်္ကေတများက ချိတ်စည်း၏ မျက်နှာပြင်ပေါ်မှာ လှည့်ပတ်လာပြီး ရှောင်းနင်ဆီသို့ ဆက်တိုက် စုဝေးလာကြသည်။ တစ်ခုခုက သူတို့ဆွဲဆောင်နေသလိုပင်။

“အသိဉာဏ် အမွေဆက်ခံခြင်း”

ဦးလေးလျန့်က အံ့အားတသင့် ရေရွတ်လိုက်၏။

ထိုသည်ကို ကြားသောအခါ လက်ရှိကျင့်ကြံသူများအားလုံးမှ မနာလိုအားကျသည့် အမူအယာများက ထွက်ပေါ်လာ၏။

ရှေးဟောင်းတိုက်ပွဲမြေတွင် ဆေးလုံးများနှင့် ရတနာများက တန်ဖိုးအရှိဆုံးမဟုတ်။ ရှေးဟောင်းခောတ်က စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးများနှင့် ဂိုဏ်းများ၏ အမွေအနှစ်များကို ဆက်ခံရယူနိုင်ခြင်းကသာ တစ်ကယ့် မဟာအခွင့်အလမ်းကြီးများ ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်သည် ထိုသို့အခွင့်အလမ်းများထဲမှ တစ်ခု ဖြစ်လေသည်။

အချို့ဂိုဏ်းကြီးများမှာဆိုလျှင် လျှို့ဝှက်ပညာရပ်များကို ပိတ်စ၊ ဝါးခေါက် သို့မဟုတ် စက္ကူချပ်များနှင့် မှတ်တမ်းမတင်ထားတော့ပေ။ အဲ့ဒါက အပြင်လူများထံ ထိုပညာရပ် ပေါက်ကြားသွားနိုင်လေသည်။

ယခုသူတို့ရှေ့က ဆေးရေအိုင်ဂိုဏ်းတွင် ရှေးဟောင်းခေတ်က များစွာသော ဆေးဖော်စပ်နည်းအညွှန်းများ ရှိဖို့များလေသည်။

သို့သော်လည်း ဆေးရေအိုင်ဂိုဏ်း၏ တစ်ကယ့်လျှို့ဝှက်ချက်ကတော့ ယခုသူတို့တွေ့မြင်နေရသော အသိဉာဏ်အမွေအနှစ်ထဲမှာသာ ပါရှိပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ဆေးရေအိုင်ဂိုဏ်း၏ တစ်ကယ့်လျှို့ဝှက်ချက်အစစ်အမှန်ကို ရရှိမည့်သူက ဆူရှောင်းနင်တစ်ယောက်တည်းသာ။

“ဘာလို့ သူကို ရွေးရတာလဲ”

တစ်ယောက်ယောက် မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်၏။

ထန်ယုက ပြန်ဖြေလိုက်၏။

“ရှောင်းနင်က ဆေးရေအိုင်ဂိုဏ်းရဲ့ အရမ်းအရေးပါတဲ့ သင်္ကေတပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ရမယ်.. အဲ့ဒီသင်္ကေတပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ နတ်ဆေးဆရာကို ဆေးရေအိုင်ဂိုဏ်းရဲ့ အမွေခံတပည့်လို့ ပြောလို့ရတယ်”

ဦးလေးလျန့်က သူ့မှုတ်ဆိတ်ရှည်ကိုသပ်၍ ကျေနပ်အားရစွာနှင့် ပြောလိုက်၏။

“ဒီမိန်းကလေးက အမွေအနှစ်ကို ရယူပြီး ငါတို့ဂိုဏ်းကို ဝင်ပြီးရင်.. ငါတို့ဂိုဏ်းက အရင်ဆေးရေအိုင်ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ပြန်ပြီးတော့ ဆောင်ကျဉ်းပေးနိုင်ဖို့ အခွင့်အရေးရလာလိမ့်မယ်”

ဆူဇီမိုသည်လည်း တစ်ကယ်ကိုပင် စိတ်သက်သာရာရသွား၏။

အစတုန်းက ယန်ဆေးဂိုဏ်းသည် ရှောင်းနင်ကို ခေါ်ယူရသည့် အကြောင်းရင်းမှာ သူ၏ ခွန်အားအတွက် သူနှင့်ချည်နှောင်လိုသောကြောင့် ဖြစ်လေသည်။

ရှောင်းနင်က ယန်ဆေးဂိုဏ်းကို ဝင်ရောက်ပြီးနောက် ထိခိုက်ခံစားရမှာကို သူစိုးရိမ်နေခဲ့ရ၏။

သို့သော် ယခုအခါမှာတော့ ထိုပြဿနာက ရှင်းလင်းသွားလေပြီ။

ဆေးရေအိုင်ဂိုဏ်း၏ အမွေအနှစ်ကို ရယူပြီးနောက် ရှောင်းနင်က ယန်ဆေးဂိုဏ်းမှာ တစိုက်မတ်မတ် ကျင့်ကြံလေ့ကျင့်မည်ဆိုလျှင် ဆန်းကြယ်သောဆေးမီးဖို၏ အကူအညီနှင့်ပါ ထပ်ပေါင်းမှာက သူမသည် အနာဂတ်မှာ အကန့်အသတ်မဲ့ အလားအလာနှင့် ထိပ်သီးနတ်ဆေးဆရာမတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်လေသည်။

ထန်ယုက ဆူဇီမိုဘေးသို့ လျှောက်လာပြီး တိုးတိုး ပြောလိုက်၏။

“စိတ်ချပါ တောင်အိုရောင်းရင်းဆူ.. ဂိုဏ်းကို ပြန်ရောက်ပြီးရင် ကျမက ရှောင်းနင်ကို သေချာပေါက် ဂိုဏ်းချုပ်ကြီးနဲ့ ပေးတွေ့ပါ့မယ်.. ဦးလေးလျန့်ကလဲ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အစီရင်ခံတင်ပြပေးပါလိမ့်မယ်.. ကျမတို့ရဲ့ ဂိုဏ်းချုပ်ကြီးက အဆင့်အတန်း အရမ်းမြင့်မားတဲ့ ဘိုးဘေးနတ်ဆေးဆရာ တစ်ယောက်ပါ.. အခုချိန်ထိတောင် သူက လက်ရင်းတပည့်တစ်ယောက်ပဲ လက်ခံထားရသေးတယ်”

“ကျမပြောရဲတယ်.. သူက ရှောင်းနင်ကို သေချာပေါက် သဘောကျပြီး သူရဲ့ လက်ရုံးတစ်ယောက်အဖြစ် ခေါ်ထားလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဘိုးဘေးနတ်ဆေးဆရာတစ်ယောက်..

နတ်ဆေးဆရာနှင့် ဘိုးဘေးနတ်ဆေးဆရာက အသံထွက်ချင်း ဆင်သလိုရှိသော်လည်း သူတို့၏ အဆင့်အတန်းချင်းက မိုးနှင့်မြေလို ကွာခြားလေသည်။

နတ်ဆေးဆရာများ၏ အထက်မှာ မဟာနတ်ဆေးဆရာရှိပြီး.. ဘိုးဘေးနတ်ဆေးဆရာက မဟာနတ်ဆေးဆရာ၏ အထက်မှာ ဖြစ်လေသည်။

ခဏကြာပြီးနောက်.. သူ့တို့၏ နောက်မှ အဝတ်စလှုပ်ခါသံများက ထွက်လာ၏။ နောက်ထပ်ကျင့်ကြံသူများသည်လည်း မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ ဟန့်တားခြင်းမှ ဖောက်ထွက်လာနိုင်ခဲ့ပြီး ဆေးရေအိုင်ဂိုဏ်းပျက်ဆီသို့ ဦးတည်လာကြလေသည်။

“အားလုံးပဲ.. ဗျူဟာအခင်းအကျင်းနဲ့ ရှောင်းနင်ကို ကာကွယ်ကြ”

ထန်ယုက ပြတ်သားစွာ အမိန့်ပေးလိုက်၏။

အခုအချိန်၌ အရေးအကြီးဆုံးမှာ ရှောင်းနင်သည် အနှောင့်အယှက်ကင်းကင်းနှင့် ဆေးရေအိုင်ဂိုဏ်းအမွေအနှစ်ကို လက်ခံရယူနိုင်ဖို့ ဖြစ်လေသည်။

ရောက်လာသည့်သူများက မိတ်ဆွေပဲဖြစ်ဖြစ်၊ ရန်သူပဲဖြစ်ဖြစ်.. အမွေအနှစ်လက်ခံရယူနေခြင်းတွင် ယန်ဆေးဂိုဏ်းသည် နည်းနည်းလေးမျှ အမှားအယွင်း အဖြစ်မခံနိုင်ပေ။

သိပ်မကြာမီ ကျင့်ကြံသူနှစ်ဆယ်လောက်သည် ပြေးချလာ၏။ သူတို့က ဒဏ်ရာများ ဗရပွနှင့် စုတ်စုတ်ပြတ်ပြတ် ဖြစ်နေကြ၏။ သူတို့အားလုံးသည် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ဖြစ်ကြလေသည်။

ဆူဇီမိုသည် ရင်ထိတ်သွားပြီး လူအုပ်ကြီးထဲ လှည့်ပတ်ကြည့်ရှုလိုက်၏။

လမ့်ရိုကို မြင်လိုက်မှသာလျှင် သူသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ထန်ယုနှင့်အတူ လျှောက်လှမ်းသွားလိုက်၏။

“အစ်မမန်းမန်.. နင်တို့ အဆင်ပြေကြရဲ့လား”

ထန်ယုက ဆေးပုလင်းအချို့ကို ထုတ်ယူပြီး လက်ကမ်းပေးလိုက်၏။

ဖုန့်မန်းမန်သည် နုန်းချည့်နေပြီး ဒဏ်ရာများနှင့် ပြည့်နေ၏။ သူမသည် ထန်ယုကို ကျေးဇူးတင်လိုက်ပြီး ဆေးလုံးများကို ထုတ်ယူကာ စားလိုက်လေသည်။

သူမဆီမှာ ဆေးလုံးများ ရှိသော်လည်းပဲ ယန်ဆေးဂိုဏ်းမှ ဆေးလုံးများက အာနိသင်ပိုကောင်းလေသည်။

တစ်ဖက်တွင် လမ့်ရိုသည်လည်း ဒဏ်ရာများ ဆိုးဆိုးရွားရွား ရထားပြီး ပိုလို့တောင် ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ သို့သော်လည်း သူမ၏ အမူအယာက အေးစက်မြဲအေးစက်ဆဲဖြစ်ပြီး ဆူဇီမိုကို မြင်ရပြီးမှ သူမ၏ မျက်လုံးများထဲတွင် နွေးထွေးရင်းနှီးမှုက အနည်းငယ် ဖြတ်ပြေးသွား၏။

ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာလည်း ထန်ယုပေးထားသော ဆေးလုံးအချို့ ရှိနေ၏။

ထိုဆေးလုံးများက ပကတိအဆင့် မဟုတ်တာကြောင့် ဆူဇီမိုက စားသုံးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အဲ့ဒါ‌တွေ အကုန်လုံးကို ထုတ်ပြီး လမ့်ရိုကို ကမ်းပေးလိုက်၏။

သူမက ငြင်းပယ်တာတွေ၊ တခမ်းတနားကျေးဇူးတင်တာတွေ လုပ်မနေပေ။

လမ်းမရှည်ထက်က သွေးလွှမ်းတိုက်ပွဲအပြီး၌ သူတို့အကြားရှိ ခင်မင်ရင်းနှီးမှုက သာမန်မိတ်ဆွေရောင်းရင်းများထက်ကို များစွာ ကျော်လွန်ခဲ့လေပြီ။

ဖုန့်မန်းမန်းသည် ဆေးလုံးများကို စားသုံး၍ ခဏမျှ နားနေပြီးမှ ဆေးဖော်စပ်ခန်းမရှေ့တွင် မတ်တပ်ရပ်နေကြသော ယန်ဆေးဂိုဏ်းသားများကို သတိထားမိသွားလေသည်။ သူမက အံ့သြတုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“နင်တို့ လူတွေက အများကြီးပါလား”

“အမ်” ထန်ယုသည် ကြောင်သွား၏။

ဖုန့်မန်းမန်က သက်ပြင်းချပြီး ခါးသက်သက် ရယ်လိုက်၏။

“ဒီနေရာကို အရောက်မှာတော့ ငါတို့ရဲ့ ကျင့်ကြံသူတစ်ထောင်ကျော်က လူလေးနှစ်ဆယ်ပဲ အသက်ရှင်ကျန်ရစ်တော့တယ်.. မူလသွေးမျိုးဆက်တောကောင်တွေကြားကနေ ငါတို့ မသေအောင် ရုန်းထွက်နိုင်ခဲ့တာကပဲ တော်တော်ကံကောင်းလွန်းနေပြီ။ အခု နင်တို့ကတော့ ကျင့်ကြံသူလေးရာကျော်တောင် ကျန်သေးတာဆိုတော့.. တစ်ကယ့် အံ့သြဘနန်းပဲ”

ထန်ယုသည် ဘာမှ ပြန်မပြောဘဲ ဆူဇီမိုကိုသာလျှင် လှမ်းကြည့်လိုက်၏။

သူကသာ ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်၍ မတိုက်ခိုက်ခဲ့ဖူးဆိုလျှင် ယန်ဆေးဂိုဏ်းက သုတ်သင်ခံခဲ့ရသည်မှာ ကြာနေလောက်လေပြီ။

“ဘာပဲဖြစ်ဖြစ် ငါတို့လဲ ကံကောင်းပါတယ်လေ”

ဖုန့်မန်းမန်က သက်ပြင်းချပြီး ပြောလိုက်၏။

“အစတုန်းက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင် ဂူငှက်က ငါတို့ကို ရှေ့ကနေ ပိတ်ထားတာ.. ငါတို့ ဘယ်လိုမှဖြတ်ကျော်နိုင်စရာ အကြောင်းမရှိဘူး.. နောက်တော့ သူက တိုက်ခိုက်ခံလိုက်ရပုံပဲ.. သူက အဲ့ကောင်ကို မနို်ငဘူးထင်ပါရဲ့.. ငါတို့လဲ အခွင်အရေးရတုန်းဆိုပြီး ဖြတ်ကျော်လာရင်း ဒီနေရာထိ ရောက်လာနိုင်ခဲ့တာပဲ.. ဒါတောင်မှ အခုဒီမှာရှိတဲ့လူလေးနဲနဲလောက်ပဲ ကျန်တယ်”

“အ.. ကျမတို့မြင်ခဲ့တာလဲ အဲ့လိုပုံစံမျိုးပဲ”

ထန်ယုက ကပျာကယာ ပြန်ဖြေလိုက်၏။

“ကျူးယန်က ငါတို့လမ်းကို ပိတ်ထားတာ.. ဘယ်လိုမှ ရှေ့တက်မရဘူး.. အဲ့အချိန်မှာ ဆန်းကြယ်တဲ့တောကောင်တစ်ကောင်က ပေါ်လာပြီးတော့ ကျူးယန်ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်လိုက်တာပဲ.. အဲ့လိုနဲ့ ငါတို့လဲ ဒီနေရာကို အောင်အောင်မြင်မြင် ရောက်လာခဲ့တာပဲ”

ဆူဇီမိုသည် ရင်ထဲ လှုပ်ရှားသွား၏။

အစတုန်းကတော့ သည်လောက်ကြာတာတောင် ညဝိညာဉ်က ဘာလို့ ပြန်မလာသေးတာလဲဆိုပြီး သူသည် စဉ်းစားရခက်နေခဲ့၏။

ဖုန့်မန်းမန်၏ စကားကိုကြားပြီးနောက် သူသည် တဖြည်းဖြည်း နားလည်သွားလေသည်။

ကျူးယန်ကို သတ်ပြီးနောက် ညဝိညာဉ်က ဂူငှက်ကို သတ်ဖို့ ဆက်ထွက်သွားခဲ့တာပင်။

သူ့အတွေး မဆုံးသေးခင်မှာပင် ဆူဇီမိုသည် မလှမ်းမကမ်းမှ ဖက်တီးလေး၏ အသံကို ကြားလိုက်ရ၏။

“သောက်ရမ်း ကံကောင်းလို့ပေါ့ကွာ.. အဲ့ဒီ ခေါင်းကိုးလုံးသူငယ်က တော်တော် ကြောက်ဖို့ ကောင်းတာပဲ.. သူက အဲ့ဒီမီးတွေ ရေတွေကိုပဲ စွတ်မှုတ်ထုတ်နေတာ.. ထိလိုက်ရင်လဲ သေရင်သေ မသေရင် ဒဏ်ရာအပြင်းအထန်ရပဲ.. အနားကို ဘယ်လိုမှကို ကပ်လို့မရဘူး.. တော်သေးတာပေါ့ ဟိုအနက်ရောင်သတ္တဝါက ပေါ်လာပြီး သူ့ကို သတ်ပေးသွားလို့.. မဟုတ်ရင်လဲ အဲ့နေရာမှာ ငါတို့အကုန် အသေပဲ”

ရှစ်ကျန့်ကလည်း ကောက်ချက်ချလိုက်၏။

“ဟုတ်တယ်ကွ.. ငါလဲ တွေ့လိုက်တယ်.. အဲ့ဒီမည်းမည်းအကောင်က ခေါင်းကိုးလုံးသူငယ်ကို သတ်ပြီးတော့ ဆက်ထွက်သွားသေးတယ်.. ငါထင်တာတော့ သူက နောက်ထပ် မူလသွေးမျိုးဆက်တောကောင်နှစ်ကောင်ကို ဆက်သတ်ဖို့ သွားတာထင်တယ်”

ထိုသည်ကို ကြားလိုက်သောအခါ ဆူဇီမို၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်သွားလေသည်။

All Chapters