(လေလည်ခြင်း)
Vol. 7 Ch. 66
ခွေးနက်ကြီး တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။
'မနေ့တုန်းကကျ တစ်ချိန်လုံး ကျိန်ဆဲနေပြီးတော့ ခုတော့ သဘောတွေ ဇွတ်ကောင်းပြနေပါလား'
သို့သော်လည်း လင်းချီတစ်ယောက် အားမသန်၍ မာန်လျော့လိုက်ခြင်းဖြစ်သည်ဟုသာ ယူဆလိုက်သည်။
ထိုအချိန်တွင် သူ့ကိုယ်သူ အထင်ဇွတ်ကြီးရန်လည်း မမေ့ခဲ့ချေ။ ကြည့်ရတာ ဒီဘုရင်က စွမ်းအားကြီးမားပြီး နှစ်လိုဖွယ်ကောင်းလွန်းလို့ လင်းချီတစ်ယောက် နာနာခံခံနဲ့ အရှုံးပေးလိုက်တာနေမှာ။ ဆက်ကြိုးစားထား ဒီဘုရင် မင်းကို အိမ်မွေးအဖြစ် စောင့်ရှောက်ပေးဖို့ စဉ်းစားပေးမှာပါ...
ခွေးနက်ကြီး ခေါင်းမော့ ရင်ကော့ကာ မှိုစွပ်ပြုတ်အိုးရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။ လင်းချီကိုလည်း အထင်သေးစွာ ကြည့်လိုက်ပြီး တစ်ခဏလေးအတွင်း စွပ်ပြုတ်ကို အပြောင်ရှင်းလိုက်သည်။
လင်းချီ မျက်နှာထက်၌ ပြုံးပြနေသော်လည်း စိတ်ထဲ၌မူ အားရပါးရ ကြိမ်းဝါးနေသည်။
'တွေ့မယ်... မင်း ခုတော့ ဟန်ထုတ်ထားဦးပေါ့ကွာ..ခဏနေကျမှ မင်းကို ထိုင်ငိုအောင် လုပ်ပစ်မယ်'
စနစ်အရ ထို ဆေး၏ အာနိသင်မှာ အစွမ်းပြရန် ၁၅ မိနစ်ခန့်လိုအပ်သည်။
......
လင်းချီ လှိုဏ်ဂူအပြင်ဘက်သို့ ထွက်သွားသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများမှာ ပြီးဆုံးသွားပြီဖြစ်၏။ ထို့ကြောင့် ခွေးနက်ကြီးကို ခေါ်ရန် အထဲသို့ ပြန်ဝင်သွားပြီး အမယ်များရှာဖွေရန် ထွက်လာခဲ့ကြသည်။
"ဒီတော့...အခြေနေ ဘယ်လိုရှိလဲ"
"မင်းရဲ့ ခွန်အားတိုးမြင့်ပေးတဲ့ ဟင်းပွဲက ဘယ်လိုအလုပ်လုပ်တာလဲ"
"ဒီလိုလုပ်.... ကျုပ်အရင်စမ်းသောက်ကြည့်မယ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ အဲ့အခါကျ တစ်ချက်ကြည့်လိုက်ပေါ့" လင်းချီပြောပြီးနောက် စိမ့်မှိုစွပ်ပြုတ်ကို ထုတ်ပြီး တစ်ကြိုက်တည်း သောက်ချလိုက်တော့သည်။
ခွေးနက်ကြီး ကြက်သေသေသွား၏။
'ထပ်ရှိသေးတာလားဟ'
"လင်းချီ မင်းရိုက်ခံချင်လွန်းလို့ တော်တော်ယားနေတာပေါ့..ဟုတ်လား"
ထို့သို့ပြောပြီးနောက် လင်းချီကို ရှေ့ခြေဖဝါးတစ်ချက် ကျွေးလိုက်ပြီး လေထဲသို့ လွင့်သွားစေသည်။
သို့သော်လည်း ဤတစ်ကြိမ်၌ အနည်းငယ် ကွဲပြားမှု
ကို ခံစားလိုက်ရ၏။ သူ၏ ရှေ့လက်ဖဝါးမှာ ပို၍ စွမ်းအားရှိလာသလိုပင်။
"တကယ်ကို အသုံးတည့်တာဘဲ.." ခွေးနက်ကြီး အံ့ဩသွားပြီး "ငါ့ကိုလည်း နောက်ထပ် တစ်အိုးလောက်!"
လင်းချီ ဖင်ပွတ်ရင်း ခွေးနက်ကြီးကို ကြည့်လိုက်ပြီး "ကုန်သွားပြီ"
"ဒီဟင်းပွဲမှာက အရမ်းကို အရေးကြီးတဲ့ အမယ်တစ်မျိုး ဖြစ်တဲ့ အဖြူရောင် ကျောက်စိမ်းမှိုကို လိုအပ်တယ်... မင်းလည်း ဒီတောထဲမှာ နေတာဆိုတော့ အဲ့ဒီမှိုက ဘယ်လောက်ရှားလဲဆိုတာ သိရောပေါ့"
"အဲ့တာဆို ဘာလို့ အကုန်သောက်ပစ်တာလဲဟ"ခွေးနက်ကြီး လင်းချီကို ထပ်ရိုက်လိုက်သည်။
.......
လင်းချီ ခွေးနက်ကြီးကို မကျေမနပ်ကြည့်ရင်း နောက်မှ ဒဏ်ရာများနှင့် လိုက်လာခဲ့သည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင် တစ်ခုခု မူမမှန်
သလို ခံစားနေရသည်။
"ဘာလို့ အလုပ်မဖြစ်သေးတာလဲဟ...၁၅ မိနစ်တောင်ကျော်နေပြီကို...."
"မင်းငါနဲ့တွေ့တာ ကံကောင်းတယ်" သူ့ရှေ့ရှိ ခွေးနက်ကြီးကတော့ သူ့အစာထဲတွင် လင်းချီ ဆေး အနည်းငယ် ခပ်ထားတာကို သတိမမူမိသေးဘဲ "ငါ အဖြူရောင် ကျောက်စိမ်းမှိုတွေ အများကြီး ရှိတဲ့နေရာကို သိတယ်..."
မကြာမီ ခွေးနက်ကြီး လင်းချီကို ချောက်ကမ်းပါးတစ်ခုသို့ ခေါ်ဆောင်သွားပြီး သူ၏ခေါင်းကို ဆန့်ကျင်ဘက်အရပ်သို့ ဆန့်လိုက်သည်။
လင်းချီလည်း ခွေးနက်ကြီးနောက်သို့ လိုက်ကြည့်လိုက်သောအခါ လှိုဏ်ဂူ တစ်ခုကို တွေ့လိုက်ရ၏။
"အဲ့ဒီဂူထဲမှာ ကြယ်ငါးပွင့် ကျောက်တုံးဝံပုလွေ ရှိတယ်... အဲ့ကောင်ရဲ့ အနံခံအာရုံက တော်တော်လေးလည်း ကောင်းတာ..ပြီးတော့ သူက အဖြူရောင် ကျောက်စိမ်းမှိုတွေ စုဆောင်းရတာလည်း နှစ်သက်
သေးတယ်။
အနံ့ခံ အရမ်းကောင်းတယ်? လင်းချီ နှလုံးတုန်သွားခဲ့သည်။
"အမှန်ဘဲ ...ဒီတော့ ငါတို့သူ့ကို အစားကောင်းတွေနဲ့ မျှားထုတ်ရမယ် ...ဒါမှ ဂူထဲ၀င်ပြီး မင်းလိုချင်တာတွေ ခိုးလို့ရမှာ"
ထို့နောက် လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ ချောက်ကမ်းပါးနားထိုင်ပြီး ကျောက်တုံး ဝံပုလွေ၏ အဖြူရောင်ကျောက်စိမ်းများအား မည်သို့မည်ပုံ ခိုးရမည်ကို ဆွေးနွေးလေတော့သည်။
လင်းချီ သူ့အစီအစဉ်ကို ပြောပြလိုက်ပြီး "ကျုပ်အကြံကတော့ ဒီလိုဗျာ...ကျုပ်အရင်ဆုံး အဆာခံမှိုစွပ်ပြုတ်ကို အရင်လုပ်လိုက်မယ်...မင်းက အဲ့စွပ်ပြုတ်ကို ယူသွားပြီး ၀ံပုလွေကောင်ကို ဂူထဲကနေ ထွက်လာအောင် မျှားလိုက် ...သူထွက်လာတာနဲ့ စွပ်ပြုတ်ကို ယူပြီးပြေးတော့...အဲ့အချိန် ကျုပ်က လှိုဏ်ဂူထဲ၀င်ပြီး အဖြူရောင် ကျောက်စိမ်းမှိုတွေကို ၀င်ခိုးလိုက်မယ်...ပြီးတဲ့အခါ မင်း တစ်ပတ်ပြန်လှည့်
လာပြီး ကျုပ်ကို ပြန်လာခေါ်ပေါ့"
ခွေးနက်ကြီး မပျော်မရွှင် ဖြစ်သွားသည်။ "မင်းကျ ဘာလို့ မလုပ်တာလဲ"
"ခင်များက သောက်ရမ်း မြန်တာလေ...ကျုပ်သာဆို လေးငါးလှမ်းလောက်ပဲ ပြေးရဦးမယ်..ဖမ်းမိနေလောက်ပြီ"
ခွေးနက်ကြီးက လုပ်ရန် အနည်းငယ်တုန့်ဆိုင်းနေတုန်းပင်။
"ဘာတုန်းဗျ....ခင်များက နတ်ဘုရားသားရဲ မဟူရာဘုရင်ဆိုပြီး..ခုကျ ကြယ်ငါးပွင့်သားရဲလေးကို လာကြောက်ပြနေတယ်ပေါ့" လင်းချီ မထိတထိနှင့် လှောင်ပြောင်လိုက်သည်။
"ဟမ့်...ဒီဘုရင်က ကြောက်စရာလား...တခြားကိစ္စမရှိဘူးဆို ဒီတိုင်းဘဲလို့ သတ်မှတ်လိုက်ပြီ"
သူတို့ ဆိုထားခဲ့သည့်အတိုင်း အကျိုးသက်ရောက်မှု ရှိကြောင်း သေချာစေရန် လင်းချီ စနစ်ထဲမှ အမယ်
အားလုံးကို ထုတ်၍ အဆာခံမှိုစွပ်ပြုတ် အိုးအကြီးကြီးတစ်အိုးကို ချက်ပြုတ်လိုက်သည်။
ကျောက်တုံး၀ံပုလွေရန်မှ ကြိုတင်ကာကွယ်ရန် သူ အကွာအဝေး အနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။ ချက်ပြုတ်ပြီးသောအခါ အိုးအဖုံးကို အမြန်ပိတ်လိုက်ပြီး မှိုစွပ်ပြုတ်ကို ခွေးနက်ကြီးထံ ကမ်းပေးလိုက်သည်။
ထို့နောက် သူ ထပ်မံ သတိပေးလိုက်သည်။
"ဒါကျုပ်မှာ ရှိသမျှ အကုန်ပဲနော်...အလုပ်မဖြစ်ရင် နောက်တစ်ခေါက် အမယ်တွေ ထပ်စုရလိမ့်မယ်...ဒီတော့ မဖြုန်းတီးနဲ့"
ခွေးနက်ကြီးလည်း သူ့ ရှေ့ခြေဖဝါးကို မြောက်လိုက်ပြီး ရင်ဘက်ကို တဘုန်းဘုန်းပုတ်ကာ အာမခံလိုက်သည်။ "စိတ်မပူနဲ့ ..ငါမသောက်ပါဘူးကွ"
ရှလွတ်...
လင်းချီ ဆွံ့အသွားသည်။ "ကျုပ်တို့ အစီအစဉ် ပြန်ပြောင်းရင်ကော...ကျုပ်တော့ ခင်များကို မယုံဘူး..."
ရှလွတ်....ရှလွတ်
"ဘာမှ မဖြစ်ဘူး...."
သူ ယခုကဲ့သို့ မဟာအခွင့်အရေးကြီးကို အဆုံးရှုံးမခံနိုင်ပေ။
"ခင်များကျုပ်ကို ပြန်လာပြီး ခေါ်ရဦးမယ်ဆိုတာ မမေ့နဲ့ဦးနော်...မဟူရာခွေးကြီး"
"အေးဆေးပါကွ...ရှလွတ်....ငါက မယုံကြည်ရတဲ့ သာမန်သားရဲလည်းမဟုတ်"
'ဒါပြီးရင်တော့ မီးသင်းသကြားနဲ့ နွားနို့ရဖို့ ငါ့နည်းငါ့ဟန်နဲ့ ကြံဖန်ရတော့မယ်...ဒီသောက်စားဖို့ပဲ သိတဲ့ခွေးက ဘာမှ အားကိုးလို့ရမှာ မဟုတ်ဘူး'
စွပ်ပြုတ်ကို ခွေးနက်ကြီးထံ ကမ်းပြီးနောက် လင်းချီ တောထဲရှိ တောင့်တင်းခိုင်မာသော နွယ်ကြိုးအချို့ကို တွေ့သွားပြီး နွယ်ကြိုး၏ အဆုံးတစ်ဖက်ကို သစ်ပင်၌ ချည်ကာ အခြားတစ်ဖက်ကို သူ့ကိုယ်၌ မြဲမြံစွာချည်လိုက်သည်။
နံရံနှစ်ခုကြားရှိ အကွာအဝေးမှာ သိပ်မကျယ်ပေ။
သို့သော်လည်း လင်းချီက ပို၍ သေချာစေရန်နွယ်ကြိုးများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
တခဏမျှကြာပြီးနောက် ကျောက်တုံးဝံပုလွေမှာ သူ၏ လှိုဏ်ဂူထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။
ကျောက်တုံး ဝံပုလွေဆိုတော့ လင်းချီလည်း ၎င်း၏ ကိုယ်မှာ မာကြော၍ ကျောက်တုံးကဲ့သို့ အကာအကွယ်များ ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း တစ်ကယ့် တစ်ကယ်တွင်မူ ကျောက်တုံးဝံပုလွေဟု ခေါ်ဆိုရခြင်းမှာ ချောက်ကမ်းပါးရှိ ကျောက်တုံးဂူထဲတွင် နေထိုင်သောကြောင့် ဖြစ်သည်။ ၎င်း၏ လက်သည်းများမှာ ထက်ရှလှပြီး ကျောက်တုံးများပေါ် တက်ခြင်းအတွက် အထူး အသုံး၀င်၏။
တစ်ချိန်တည်းတွင် သူ၏ လက်သည်းများမှာ အကောင်းဆုံးသော လက်နက်များဖြစ်ပြီး ကွေးညွတ်
ရုံမျှဖြင့် သားကောင်ကို မြဲမြံစွာ ကုပ်ထားနိုင်သည်။
ကျောက်တုံးဝံပုလွေက သင်းပျံ့သောရနံ့များလာရာဘက်သို့ နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်ပြီး အနံ့၏ တည်နေရာကို အတည်ပြုပြီးသောအခါ ကျောက်တုံးများကို လက်သည်းနှင့် ကုပ်၍ တောင်အောက်သို့ ပြေးဆင်းသွားသည်။
လင်းချီ ချက်ချင်း မဆင်မခြင် ပြေးမသွားသေးပေ။ နွယ်ပင်အားလုံးကို သူ့ခါးတွင်ချည်ပြီး အစွန်းစကို ငေါထွက်နေသော ကျောက်တောင်တစ်ခု၌ ချီထားလိုက်သည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသော မီးတုတ်ကို မီးညှိလိုက်ပြီး ဂူထဲသို့ စူးစမ်းရှာဖွေတော့သည်။
ကျောက်တုံး ဝံပုလွေမှာ အရမ်းမကြီးပေ။ ထို့ကြောင့် ဂူ၏ အမြင့်မှာ ၇ ပေမျှသာရှိသည်။ လင်းချီ သွားရင်းသွားရင်းနှင့် ဂူနက်ပိုင်းထဲသို့ ရောက်ရှိသွားသည်။
ဂူ၏ အတွင်းပိုင်းကတော့ အပြင်မှ မြင်ရသည်ထက် ပို၍ ကျယ်၀န်းပြီး အတွင်းဘက် အကျဆုံးတွင်
ကျောက်တုံးဝံပုလွေ အိပ်စက် အနားယူရာ နေရာဖြစ်သော ကျောက်တုံးစင်မြင့်တစ်ခုရှိသည်။
ကျောက်တုံးစင်မြင့် ဘေးဘက်တွင် အဖြူရောင်ကျောက်စိမ်းမှိုများ နေရာအနှံ့ ပြန့်ကျဲနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အခု ၂၀ ၊၃၀ ခန့်ရှိကြောင်း သိသာသည်။
'သေစမ်း..ငါတော့ ချမ်းသာပြီကွ...ချမ်းသာပြီ!'
မှိုငါးခုကို ဟင်းတစ်ပွဲအတွက် အသုံးပြုနိုင်၏။ ထို့ကြောင့် ခွေးနက်ကြီးကို တစ်ပွဲပေးပြီး ယွီမုန့် နှင့် အခြားသူများ တစ်ယောက် တစ်ပွဲစီ ရနိုင်သည်။
လင်းချီ အဖြူရောင် ကျောက်စိမ်းမှို အားလုံးကို စနစ်ထဲသို့ အလျင်အမြန် ကောက်ထည့်လိုက်သည်။ ထို့နောက် သူ နေရာတစ်ဝိုက်ကို ပြန်လည်စစ်ဆေးလိုက်ပြီး နောက်ထပ် ယူလို့ရတာများ ရှိမရှိ ကြည့်ကြည့်လိုက်သည်။
ထိုအချိန် ဂူအပြင်ဘက်မှ ခွေးနက်ကြီး၏ အပူတပြင်းအူသံကြီး ပေါ်ထွက်လာသည်။
လင်းချီ မျက်နှာ ဖြူလျော်သွားပြီး ' ဒီခွေးစုတ်ကတော့ အားကိုးလို့ကို မရဘူး!'
သူ မျှားခေါ်သွားသည်မှာ တခဏမျှသာ ရှိသေးသည်။
လင်းချီ မီးတုတ်ကို ကောက်ယူလိုက်ပြီး ဂူ၀သို့ လျင်မြန်စွာ ပြေးသွားသည်။ ထို့နောက် ချောက်ကမ်းပါးရှေ့တွင် ရပ်နေသော ခွေးနက်ကြီးကို တွေ့လိုက်ရ၏။
"အမြန်လာ...ကျောက်တုံး ဝံပုလွေ ပြန်ရောက်လာတော့မယ်"
လင်းချီ မီးတုတ်ကို ကောက်ပစ်လိုက်ပြီး ခါးတစ်ဝိုက် နွယ်ကြိုးများကို ချည်ကာ ရှိသမျှအင်အားကို စုစည်း၍ ရှေ့သို့ ခုန်ချလိုက်သည်။ ကျောက်နံရံနှင့် ထိခါနီးတွင် ခြေထောက်မလိုက်ပြီး ကိုယ်ကို နံရံနှင့် ကပ်ထားလိုက်သည်။
ကမ်းပါးပေါ်တွင် ခွေးနက်ကြီးက လင်းချီ၏ နွယ်
ကြိုးကို ပါးစပ်ဖြင့်ကိုက်၍ ဆွဲတင်ပေးနေသည်။
"လစ်စို့...ကျောက်တုံး ဝံပုလွေက ပြန်လာနေပြီ"
ခွေးနက်ကြီးက လင်းချီကို သူ့ကျောပေါ်တွင် တက်စီးရန် အချက်ပြလိုက်သည်။
လင်းချီ တစ်ခုခုလွဲနေသလို ခံစားနေရသော်လည်း အလျင်လိုနေသဖြင့် ဘာမှမေးမနေတော့ဘဲ ကျောပေါ် တက်ခွလိုက်တော့သည်။ သူကျောက်တုံးဝံပုလွေ ဒေါသတကြီးဖြစ်လာလေအောင် မည်သည်များ လုပ်ခဲ့သနည်း ဟု မေးချင်ပါသော်လည်း နောက်တွင် သစ်ပင်များ ပြိုကျသံက ကပ်လိုက်လာတော့သည်။
လင်းချီ ရှော့ခ်ရသွားပြီး "ခင်များသူ့ကို ဘာတွေများ သွားလုပ်လိုက်တာလဲ"
ခွေးနက်ကြီးမှာ အစက လင်းချီကို မပြောပြချင်သော်လည်း လင်းချီမှ မသိရမချင်းကို မေးနေသောအခါ ထစ်အထစ်အဖြင့် "ငါ..ငါ..လေပဲလည်ခဲ့တာပါ"
••••••••