ငရဲဘုရင်ရဲ့အရှေ့မှာ ဆူဆူညံညံမလုပ်နဲ့
Vol. 43 Ch. 641
မီးခိုးမျိုးနွယ်မှ ကျင့်ကြံသူများသည် သစ်ရွက်သင်္ဘောကို ဝိုင်းရံထားလျက် တိတ်ဆိတ်နေကြပြီး ဝတ်ရုံစိမ်းကျင့်ကြံသူ၏ မေးမြန်းမှုကို လျစ်လျူရှုထားကြသည်။ သူတို့သည် သင်္ဘောပေါ်သို့ တတ်ရောက်လာကြပြီး သင်္ဘော၏ အကာအကွယ်ကို ဂရုမစိုက်ဘဲ ခရီးသည်များ၏ ဘေးပတ်ဝန်းကျင်တွင် လွတ်လပ်စွာ ရွေ့လျားသွားနေကြသည်။
ကျင့်ကြံသူအားလုံး၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ ထိုစဉ် မီးခိုးမျိုးနွယ်မှ ပုံရိပ်တချို့သည် ရွှီချင်း၏ ဘေးနားသို့ ရောက်လာကြပြီး သူ့ကို အကြိမ်ရေအနည်းငယ် လှည့်ပတ်လိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးများသည် မြူခိုးထဲမှာ ထွက်ပေါ်လာကြပြီး သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။
အချိန်တစ်ခဏအကြာမှာ မီးခိုးမျိုးနွယ်ဝင်များသည် သင်္ဘောပေါ်မှ ထွက်ခွာသွားကြပြီး ရုပ်သေးရုပ်များထံသို့ ပြန်သွားကြသည်။ သူတို့သည် ဒူးထောက်လိုက်ကြပြီး အလယ်မှ ရုပ်သေးရုပ်ကို အရိုအသေပေးလိုက်ကြသည်။
“ အရှင်… ဒီကျင့်ကြံသူ(၃၅)ယောက်ထဲမှာ ခြောက်ယောက်ရဲ့ အနံ့က မှားယွင်းနေပါတယ် ”
မှုန်ဝါးဝါး ထိုပုံရိပ်များထံမှ စကားသံထွက်ပေါ်လာသောအခါ သင်္ဘောပေါ်မှ ကျင့်ကြံသူများ၏ အမူအရာသည် ထပ်မံပြောင်းလဲသွားကြသည်။
သို့သော်လည်း သူတို့ဘာမှမလုပ်နိုင်ခင် နောက်အခိုက်အတန့်မှာ ရုပ်သေးခုနစ်ရုပ်၏ မျက်လုံးများထဲမှ အနီရောင်အလင်း ထွက်ပေါ်လာသည်။ အထူးသဖြင့် အလယ်ခေါင်မှ ရုပ်သေးရုပ်၏ အရောင်သည် ပို၍တောက်ပသည်။ အနီရောင်အလင်းသည် အလွန်အမင်း တောက်ပသောကြောင့် သစ်ရွက်သင်္ဘောတစ်ခုလုံးကို သွေးရောင်လွှမ်းခြုံသွားစေသည်။
“ သတ်ပစ် ”
ရုပ်သေးရုပ်၏ ပါးစပ်မှ အေးစက်စက်အသံ ထွက်ပေါ်လာသောအခါ သူ၏ အရှေ့တွင် ဒူးထောက်နေကြသော မီးခိုးမျိုးနွယ်မှ ပုံရိပ်များသည် လေထဲသို့ အလျှင်အမြန် မြှောက်တတ်သွားကြသည်။ ထို့နောက် သူတို့သည် ကြီးမားသော မျက်နှာခြောက်ခုအဖြစ် စုစည်းသွားကြပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် သစ်ရွက်သင်္ဘောပေါ်သို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
နတ်နန်းတော်ခြောက်ခု တိုက်ပွဲစွမ်းအားဖြင့် နှိုင်းယှဉ်နိုင်သော ခွန်အားသည် ထိုမျက်နှာခြောက်ခုထံမှ ထွက်ပေါ်လာကြသည်။
ထိုသို့သော အဆင့်မြင့်ရွှေအမြူတေ တိုက်ပွဲစွမ်းအားသည် မည်သည့်အချိန်မှာမဆို မျိုးနွယ်အသီးသီး၏ ကျောရိုးဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၌ ဝိညာဉ်သိုက်အဆင့်နှင့် ဗဟာနတ္ထိအဆင့်ကျင့်ကြံသူများ ရှိမနေကြသည့် အခြေအနေမျိုးတွင် ဆိုဖွယ်ရာမရှိပေ။ အမြင့်ဆုံးတိုက်ပွဲစွမ်းအားသည်မူ ဤဖရိုဖရဲစစ်ပွဲအတွင်း သူတို့၏ မျိုးနွယ်စုများကို စောင့်ကြပ်နေကြသော ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ အဆင့်မြင့် ရွှေအမြူတေကျင့်ကြံသူသည် အလွန်အမင်း အစွမ်းထက်သောသူ ဖြစ်ချေ၏။
ထိုမျက်နှာခြောက်ခုသည် သစ်ရွက်သင်္ဘောပေါ်သို့ တစ်ဟုန်ထိုး ဆင်းသက်လာကြပြီး ကျင့်ကြံသူခြောက်ယောက်ထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ သူတို့ထဲမှ သုံးယောက်သည် လေလွင့်ကျင့်ကြံသူများဖြစ်ကြပြီး နှစ်ယောက်သည် ခုနစ်ယောက်အုပ်စုထဲမှ ဖြစ်သည်။ နောက်ဆုံးတစ်ယောက်မှာမူ ကုန်သည်မဟာမိတ်အဖွဲ့မှ ဝတ်ရုံစိမ်းကျင့်ကြံသူတစ်ဦး ဖြစ်သည်။
တိုက်ခိုက်သံများသည် ချက်ချင်း ပေါ်ထွက်လာကြသည်။ ကျင့်ကြံသူခြောက်ယောက်သည် အစွမ်းကုန် ခုခံတားဆီးနေကြသော်လည်း အနက်ရောင် ရုပ်သေးရုပ်များမှ ထုတ်လွှတ်နေသော အနီရောင်အလင်းသည် သူတို့အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေသည်မှာ ထင်ရှားသည်။ ငါးယောက်သည် မျက်နှာခြောက်ခု၏ တိုက်ရိုက် ဝါးမျိုခြင်းခံလိုက်ရသည်။
တစ်ယောက်သာလျှင် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း အဝေးသို့ သူလွတ်မြောက်မသွားခင် အလယ်မှ ရုပ်သေးရုပ်သည် ချက်ချင်း ဝေဝါးလာပြီး သူ့နောက်ကို လိုက်ဖမ်းသည်။ ရုပ်သေးရုပ်သည် ၎င်း၏ လက်ဝါးဖြင့် ဖိချလိုက်လေရာ အနီးနားပတ်ဝန်းကျင်သည် အပြင်းအထန် လှုပ်ခါလာသည်။ ထွက်ပြေးနေသော ကျင့်ကြံသူသည် အော်ဟစ်ညည်းညူလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။
“ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အတွေးနက်သွားသည်။
မီးခိုးမျိုးနွယ်မှ မျက်နှာခြောက်ခုသည် တစ်ဦးချင်းမဟုတ်ကြဘဲ မျိုးနွယ်ဝင်အုပ်စုတစ်စုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သူအတည်ပြုခဲ့ပြီးပြီ ဖြစ်သည်။ ရုပ်သေးခုနစ်ရုပ်တွင်မူ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံခြင်းရှိသော အလယ်မှ ရုပ်သေးရုပ်ကလွဲလျှင် ကျန်ရုပ်သေးရုပ်များသည် နတ်နန်းတော်ခုနစ်ခုရှစ်ခု တိုက်ပွဲစွမ်းအား ရှိကြသည်။
ထိုသို့တိုက်ပွဲစွမ်းအားသည် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ဝတ်ရုံနက်အစောင့်အရှောက်အဖွဲ့တစ်ခုနှင့် အတူတူဖြစ်သည်။
“ သူတို့က မီးခိုးမျိုးနွယ်က လက်ရွေးစင်တွေဖြစ်မယ် ”
ရွှီချင်းသည် သူ၏ သတ်ဖြတ်ခြင်းသောစိတ်ဆန္ဒကို ချိုးနှိမ်လိုက်သည်။ ပြည်နယ်သို့ရောက်ရောက်ချင်း သူ၏ သရုပ်မှန်ကို မပေါ်ချင်ပေ။ ထို့ကြောင့် သူသည် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ သို့သော်လည်း သူသည် ဘေးပတ်ဝန်းကျင်တွင် တားမြစ်အဆိပ်ကို ဆက်လက်ဖြန့်ကြက်ထားပြီး အချိန်မရွေး အသုံးပြုနိုင်ရန် အသင့်ပြင်ထားသည်။
ရွှီချင်းသည် ဆက်လက်ပုန်းကွယ်နေမည်ဟု ဆုံးဖြတ်ထားစဉ် လေထဲတွင် မျောလွင့်နေကြသော မီးခိုးမျိုးနွယ်မှ မျက်နှာခြောက်ခုသည် သူတို့၏ အကြည့်ကို သင်္ဘောပေါ်မှ ကျန်ရှိနေကြသော လူများထံသို့ ထပ်မံပို့လွှတ်လိုက်သည်။
သင်္ဘောပေါ်မှ ကျန်ရှိနေကြသော ကျင့်ကြံသူများသည် ထိတ်လန့်သွားပြီး ဒေါသထွက်လာကြသည်။ ဝတ်ရုံစိမ်းကျင့်ကြံသူနှစ်ဦးသည်လည်း ထိုသို့ခံစားရပေသည်။ သူတို့၏ ရဲဘော်ရဲဘက်တစ်ဦး အသတ်ခံခဲ့ရသည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေခဲ့ကြရသည်။ သူတို့၏ မျက်လုံးထဲတွင် ဒေါသထွက်ပေါ်လာသော်လည်း မည်သည့်စကားမှ မပြောဝံ့ကြချေ။ ကြိတ်မှိတ်သည်းခံရုံသာ တတ်နိုင်ကြ၏။
“ အရှင်… ဓမ္မရတနာရဲ့ သတိပေးမှုက ပျောက်ကွယ်မသွားသေးပါဘူး… သင်္ဘောပေါ်မှာ မူမမှန်တဲ့ဟာတွေ ဆက်ရှိနေသေးပါတယ် ”
အကြိမ်ရေအနည်းငယ် အသက်ရှူချိန်ကြာပြီးနောက် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်သည် တည်ငြိမ်စွာ ပြောသည်။
“ ဒါဆို သူတို့အားလုံးကို သတ်ပစ် ”
ယင်းကို သင်္ဘောပေါ်မှ ကျင့်ကြံသူများ ကြားသောအခါ သူတို့သည် ချက်ချင်း အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြသည်။
သို့သော်လည်း အလွန်နောက်ကျသွားချေ၏။ မီးခိုးမျိုးနွယ်ဝင်များဖြင့် ဖွဲ့စည်းထားကြသော မျက်နှာခြောက်ခုသည် မျက်စိတစ်မှိတ်အတွင်း မျက်နှာဆယ့်နှစ်ခုသို့ ခွဲထွက်သွားကြသည်။ မျက်နှာတစ်ခုစီသည် နတ်နန်းတော်ငါးခု တိုက်ပွဲစွမ်းအားကို အသီးသီးပိုင်ဆိုင်ထားကြသည်။ ၎င်းတို့လိုက်ဖမ်းကြသည်နှင့် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်မှလွဲ၍ တခြားရုပ်သေးခြောက်ရုပ်သည်လည်း ပျံသန်းသွားကြပြီး ကျင့်ကြံသူများကို တိုက်ခိုက်ကြသည်။
နတ်နန်းတော်ခုနစ်ခုရှစ်ခု တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသော ရုပ်သေးရုပ်များအတွက်မူ တကွဲတပြားဖြစ်နေကြသော ကျင့်ကြံသူများကို သတ်ဖြတ်ရန် လွယ်ကူလှပေသည်။ မျက်စိတစ်မှိတ်အတွင်း နာကျင်ဖွယ် အော်ဟစ်ညည်းညူသံများသည် ဘေးပတ်ဝန်းကျင်မှ မြည်ထွက်လာကြသည်။
ရွှီချင်းကို လာရောက်တိုက်ခိုက်သူသည် မီးခိုးမျိုးနွယ်၏ မျက်နှာဆယ့်နှစ်ခုအနက် မျက်နှာတစ်ခုဖြစ်သည်။ ထိုမျက်နှာကြီးကို အရေအတွက်များပြားသော မီးခိုးမျိုးနွယ်မှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။ ယင်းက လူသားတစ်ဦးနှင့်ဆင်တူပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး၏ မျက်နှာပုံစံ ဝိုးတိုးဝါးတားပေါ်သည်။ မျက်နှာကြီးသည် ရွှီချင်း၏ အနားသို့နီးကပ်လာသည်နှင့် ပါးစပ်ကြီးဖြဲဟလိုက်ပြီး သူ့အပေါ်သို့ ကြမ်းကြုတ်စွာ ခုန်အုပ်လာသည်။ မျက်နှာပေါ်တွင် အရေအတွက်များပြားသော မြူခိုးအမွှေးအမျှင်များ ပျံ့နှံ့ထွက်လာကြပြီး မန္တန်အသုံးပြုရန် ချိပ်တံဆိပ်များကို ဖွဲ့စည်းလိုက်သည်။
ရွှီချင်းသည် သူ့နားသို့ ချဉ်းကပ်လာနေသော မျက်နှာကြီးကို အေးစက်စွာ ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်မှာ မျက်နှာကြီးသည် ရုတ်တရက် တုန်ခါလာပြီး နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် မြူခိုးဖြင့် ဖွဲ့စည်းထားသော်လည်း တားမြစ်အဆိပ်၏ အစွမ်းသက်ရောက်မှုမှ မလွတ်မြောက်နိုင်ပေ။ ၎င်းသည် အက်ဆစ်ဖြင့် တိုက်စားခံနေရသည့်အလား စတင်ယိုယွင်းပျက်စီးလာသည်။
ထိုမျက်နှာကြီးသည် ခြောက်ခြားတုန်လှုပ်စွာ အမြန်အနောက်ဆုတ်သွားသည်။ ၎င်းသည် သူ့ဘာသာ ပြိုကွဲထွက်သွားပြီး တားမြစ်အဆိပ်အစွမ်းကို လွင့်ပြယ်စေရန် ပမာဏများပြားသော မြူခိုးသို့ ပြောင်းလဲပစ်ကာ အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲစေသည်။ သို့သော်လည်း ၎င်း၏ ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်၏။ ၎င်းသည် ဆက်လက် ယိုယွင်းပျက်စီးလာနေဆဲပင်။ ၎င်း၏ အော်ဟစ်ညည်းညူသံများသည် ပို၍ပင် ကျယ်လောင်လာသည်။
မျက်စိတစ်မှိတ်အတွင်း မျက်နှာကြီးသည် လုံးဝဖျက်ဆီးခံလိုက်ရသည်။
ထိုမြင်ကွင်းသည် ချက်ချင်း မီးခိုးမျိုးနွယ်ဝင်အားလုံး၏ အကြည့်ကို ဆွဲဆောင်သွားသည်။ သူတို့သည် ထိတ်လန့်သွားကြပြီး ဒေါသထွက်လာကြသည်။ ရုပ်သေးနှစ်ရုပ်သည် ရွှီချင်း၏ အနားသို့ အမြန်ရောက်ရှိသွားကြပြီး တိုက်ခိုက်လိုက်ကြသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လျှို့ဝှက်စုံစမ်းရမည့် တာဝန်တစ်ခုကို ထမ်းဆောင်ထားရသဖြင့် လှုပ်ရှားရန် အစီအစဉ်မရှိခဲ့ပေ။ သို့သော်လည်း မဖြစ်မနေ လှုပ်ရှားရတော့မည်ဆိုလျှင် သူ၏ အကျင့်စရိုက်အရ အားလုံးကို သတ်ဖြတ်ပစ်ရလိမ့်မည်။
“ တကယ်လို့ ဘယ်သူမှမသိဘူးဆိုရင် ဒီစုံစမ်းမှုက လျှို့ဝှက်ချက်ဖြစ်နေဦးလိမ့်မယ် ”
ရွှီချင်းသည် စိတ်ထဲမှ တွေးတောလိုက်ပြီး သူ၏ ဓားမြှောင်ကို ထုတ်လိုက်သည်။ ခန္ဓာကိုယ်တစ်ချက် လှုပ်ယမ်းလိုက်သည်နှင့် သူက ပျောက်သွားသည်။ ရုပ်သေးနှစ်ရုပ်သည် လေကိုသာ တိုက်ခိုက်မိသွားသည်။ သူတို့သည် အခြေအနေမဟန်ကြောင်း ရိပ်စားမိသောကြောင့် ချက်ချင်း အနောက်ဆုတ်ရန် ပြင်လိုက်ကြသည်။ သို့သော် ရွှီချင်းသည် ရုပ်သေးတစ်ရုပ်၏ အနောက်တွင် အသံမထွက်ဘဲ ထွက်ပေါ်လာသည်။ ဓားမြှောင်သည် ရုပ်သေး၏ လည်ပင်းကို တိတ်တဆိတ် လှီးဖြတ်သွားသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကို အပြင်းအထန် လှည့်ပတ်လိုက်သည်။ ချက်ချင်းဆိုသလို ရုပ်သေး၏ ခန္ဓာကိုယ်သည် တုန်ခါလာပြီး ပြိုလဲပျက်စီးသွားသည်။ ၎င်းသည် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်နှင့် မီးခိုးလုံးတစ်ခုသည် ရုပ်သေးခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် အရိပ်လေးသည် တိတ်တဆိတ် ထွက်ပေါ်လာပြီး မီးခိုးလုံးကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။
“ သူတို့ကို အသက်ရှင်လျက်လိုချင်တယ် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောပြီးနောက် အရှေ့သို့ ပြေးထွက်သွားပြီး နောက်ထပ်ရုပ်သေးတစ်ရုပ်ကို တိုက်ခိုက်သည်။ ထိုရုပ်သေးရုပ်သည်လည်း တုန်ခါလာပြီး ပေါက်ကွဲထွက်သွားသည်။ ရုပ်သေးခန္ဓာကိုယ်ထဲမှ မီးခိုးလုံးသည် မလွတ်မြောက်နိုင်ပေ။ ယင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ လျှပ်စီးဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ထိုအဖြစ်အပျက်အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ရုပ်သေးနှစ်ရုပ်နှင့် မျက်နှာတစ်ခု ဖျက်ဆီးခံလိုက်ရခြင်းသည် တခြားကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ပြန်ရောက်လာကြသော မီးခိုးမျိုးနွယ်ဝင်များ၏ အမူအရာကို ပြောင်းလဲသွားစေသည်။
အထူးသဖြင့် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်သည် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ၎င်း၏ မျက်လုံးထဲမှ အနီရောင်အလင်းသည် ပိုပိုပြီးတောက်ပလာသည်။ ၎င်းအမိန့်ပေးတော့မည့်အချိန် နာကျင်ဖွယ် အော်ဟစ်ငိုကြွေးသံများသည် မီးခိုးမျိုးနွယ်ဝင်များဖြင့် ဖွဲ့စည်းထားကြသော မျက်နှာကြီးများထံမှ ထွက်ပေါ်လာကြသည်။
မျက်နှာဆယ့်တစ်ခုလုံးသည် အော်ဟစ်ညည်းညူလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ဆက်လက် ယိုယွင်းပျက်စီးသွားကြပြီး လွင့်ပြယ်သွားကြသည်။ အထဲမှ မီးခိုးမျိုးနွယ်ဝင်များသည် ဆွဲဆွဲငင်ငင် အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း သူတို့၏ ကြိုးစားမှုများသည် တစ်ခုမှအရာမထင်ခဲ့ပေ။ သူတို့၏ မြူခိုးခန္ဓာကိုယ်သည် အသက်ဓာတ်ကို အမြန်ဆုံးရှုံးလာနေပြီး နောက်ဆုံးမှာတော့ မီးခိုးသို့ ပြောင်းလဲသွားသည်။
“ မင်း ”
အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အနောက်သို့လှည့်ကာ ထွက်ပြေးသည်။ ၎င်း၏ ဘေးမှ ရုပ်သေးလေးရုပ်သည်လည်း ချက်ချင်း ထွက်ပြေးကြသည်။
သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
ရွှီချင်းသည် ချက်ချင်း အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်၏ အရှေ့တွင် ထွက်ပေါ်လာသည်။
သူသည် အစစ်အမှန် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ခဲ့လေရာ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူကတော့ စကားထဲထည့်ပြောနေရန် မလိုချေ။
နတ်နန်းတော်ရှစ်ခု၏ စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး တာမြစ်အဆိပ်အစွမ်းသည် ပျံ့လွင့်ထွက်လာသည်။ ခရမ်းလ၏ စွမ်းအားက ထွက်ပေါ်မလာသော်လည်း ယင်းက သူ၏ လက်ချောင်းပေါ်တွင် စုဝေးသွားပြီး အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်ကို ဆက်တိုက်ပစ်ခတ်လိုက်သည်။
ရုပ်သေးရုပ်၏ တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ခါလာသည်။ အရိပ်လေးသည် ရောက်ရှိလာပြီး ရွှီချင်းကို လွှမ်းခြုံသွားလေရာ သူ၏ ရုပ်ခွန်အားကို နတ်နန်းတော်ဆယ်ခုထက် ကျော်လွန်သွားစေသည်။ အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူပင် သူ၏ အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်ခံရလျှင် ဒဏ်ရာရသွားပေလိမ့်မည်။ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်ဆိုလျှင်တော့…
ရွှီချင်း၏ လက်သီးချက်အောက်မှာ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်သည် ပေါက်ကွဲထွက်သွားသည်။ ရွှီချင်း၏ လက်သည် ရုပ်သေးခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး အထဲမှ အဖြူရောင် မြူခိုးဘောလုံးတစ်လုံးကို ဖမ်းဆုပ်လိုက်သည်။
ထိုမြူခိုးသည် အလျှင်အမြန် ပုံပျက်တွန့်လိမ်သွားပြီး ကြောက်လန့်နေသော မိန်းမငယ်လေးတစ်ဦး၏ မျက်နှာသို့ ပြောင်းလဲသွားသည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်းသည် သူ့ကို အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။ မိန်းကလေး၏ ခန္ဓာကိုယ်တစ်ဝက်သည် ပြိုကွဲပျက်စီးသွားပြီး သတိမေ့သွားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ကျန်ရှိနေကြသော ရုပ်သေးလေးရုပ်ကို ကြည့်လိုက်သည်။ ယခု ၎င်းတို့အားလုံးသည် ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေကြသည်။ ၎င်းတို့သည် အရိပ်လေး၊ ကျင်းကန်းဂိုဏ်းဘိုးဘေး၊ ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့တို့၏ ဖမ်းချုပ်ခြင်းခံထားရကြသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ လျှောက်သွားသည်။ သူ၏ တိုက်ခိုက်မှုအောက်မှာ ရုပ်သေးလေးရုပ်သည် ပြိုကွဲပျက်စီးသွားကြပြီး ရုပ်သေးခန္ဓာကိုယ်ထဲမှ မြူခိုးသည် အရှင်ဖမ်းဆီးခံလိုက်ရကြသည်။
သူတို့ကို မသတ်ပစ်ဘဲ အရှင်ဖမ်းဆီးထားရသည့် အကြောင်းအရင်းမှာ တစ်ဖက်လူက မည်သည်ကို လိုက်လံရှာဖွေနေကြောင်းနှင့် မူမမှန်မှုများကို မည်သို့ရှာတွေ့ခဲ့ကြောင်း ရွှီချင်းသိချင်သောကြောင့် ဖြစ်သည်။
ရွှီချင်းသည် ဆိပ်ကမ်းမှာကတည်းက တစ်စုံတစ်ခုလွဲမှားနေသည်ဟု ခံစားမိခဲ့သည်။
“ မင်းတို့မီးခိုးမျိုးနွယ်က ဘာကိုလိုက်ရှာနေတာလဲ ”
ရွှီချင်းသည် သစ်ရွက်သင်္ဘောပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မီးခိုးဘောလုံးတစ်ခုကို ဆုပ်ကိုင်ထားလျက် တည်ငြိမ်စွာ မေးသည်။
သူ၏ အောက်မှ သစ်ရွက်သင်္ဘောသည် သက်ရှိတစ်ကောင်ဖြစ်သည်မှာ ရှင်းလင်းပေသည်။ ဤအခိုက်အတန့်မှာ ၎င်းသည် အပြင်းအထန် တုန်ရီနေသည်။
သူ၏ လက်ထဲမှ မီးခိုးဘောလုံးသည်မူ အလျှင်အမြန် ပုံပျက်တွန့်လိမ်လာပြီး မျက်နှာတစ်ခုသို့ ပြောင်းလဲသွားသည်။ သူသည် ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေပြီး မည်သည့်စကားမှ မပြောချေ။
ရွှီချင်းသည် အချိန်ဖြုန်းရန် စိတ်မဝင်စားချေ။ သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်သည် ပျံ့လွင့်ထွက်လာလေရာ မြူခိုးမျက်နှာသည် ချက်ချင်း ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးလိုက်ရသည်။ ၎င်း၏ စိတ်မချမ်းမြေ့စရာအသံသည် ရွှီချင်း၏ အရှင်ဖမ်းဆီးခြင်းခံထားရကြသော တခြားမီးခိုးမျိုးနွယ်ဝင်များကို ပို၍ထိတ်လန့်တုန်လှုပ်သွားစေသည်။
တစ်ခဏအကြာမှာ မြူခိုးမျက်နှာ၏ ကိုယ်ထည်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။ ရွှီချင်းသည် ဒုတိယမြောက် မီးခိုးမျိုးနွယ်ဝင်ကို ဖမ်းဆုပ်လိုက်ပြီး တူညီသောမေးခွန်းကို တည်ငြိမ်စွာ မေးသည်။
တစ်ဖက်လူသည် တုံ့ဆိုင်းနေသည်။
ရွှီချင်းသည် ၎င်းကို အရိပ်လေးဆီသို့ လွှတ်ပစ်လိုက်သည်။
“ စားလိုက် ”
အရိပ်လေးသည် စိတ်လှုပ်ရှားလာပြီး ပါးစပ်ဟကာ အကြမ်းပတမ်း ဝါးမျိုလိုက်သည်။ ၎င်းသည် ကျယ်လောင်သော ဝါးစားသံကို တမင်တကာ ထုတ်ဖော်လိုက်သေးသည်။ တဂျွတ်ဂျွတ်မြည်သံနှင့် သွေးပျက်ဖွယ် အော်သံများက အတူယှဉ်တွဲ ထွက်ပေါ်နေကြလေရာ ကျန်မီးခိုးမျိုးနွယ်ဝင်များသည် ရွှီချင်းကို ငရဲဘုရင်အလား ကြည့်လိုက်ကြသည်။
ရွှီချင်းသည် တတိယမြောက် မီးခိုးမျိုးနွယ်ဝင်ကို ဖမ်းဆုပ်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူဘာမှမမေးရသေးခင် မီးခိုးမျိုးနွယ်ဝင်သည် အလျှင်စလို ပြောသည်။
“ အဲ့ဒါ အထက်လူကြီးတွေ ပေးအပ်ထားတဲ့ တာဝန်တစ်ခုပါ… သူတို့က ငါတို့ကို ကျောက်ရှာပြည်နယ်အတွင်းမှာရော အပြင်မှာရော မူမမှန်တဲ့ တုံ့ပြန်မှုပြတဲ့သူတွေကို လိုက်ရှာစေပြီး သတ်ပစ်ခိုင်းပါတယ်… အချိန်တစ်ခုထိ ငါတို့က သူတို့ကို ပြည်နယ်ရဲ့အတွင်းပိုင်းဆီ ချဉ်းကပ်မလာနိုင်အောင် လုပ်ရပါမယ် ”
“ မူမမှန်တာကို ဘယ်နည်းလမ်းနဲ့ ရှာဖွေတာလဲဆိုတော့ အရှိန်အဝါကနေပါ… ငါတို့က လူသားသွေးမျိုးစက်ပါတဲ့ ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေကို အနံ့ခံနိုင်တယ်… အဲ့ဒါက နည်းနည်းလေးပဲဆိုရင်တောင် ငါတို့က အနံ့ခံနိုင်သေးတယ် ”
ရွှီချင်းသည် အံ့ဩသွားသည်။ ကျောက်တုံးခြင်္သေ့၊ ခေါင်းကြီးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်းကို အလိုအလျောက် ကြည့်လိုက်ကြသည်။ မီးခိုးမျိုးနွယ်သည် ရွှီချင်းထံမှ မည်သည့်မူမမှန်မှုကိုမှ အနံ့မရခဲ့ကြောင်း သူတို့မှတ်မိကြသည်။
ရွှီချင်းသည် အတွေးနက်သွားပြီး တခြားမီးခိုးမျိုးနွယ်ဝင်များကို စစ်ဆေးမေးမြန်းလိုက်သည်။ သူရရှိသော အဖြေသည် အတူတူဖြစ်သည်။ သူတို့သည် မျိုးနွယ်အထက်လူကြီးများမှ ထုတ်ပြန်ထားသော တာဝန်ကိုသာသိကြပြီး နောက်ကွယ်မှ အကြောင်းအရင်းကို မသိကြချေ။
ရွှီချင်းသည် သူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည့်တိုင် အဖြေသည် ထိုအတိုင်းသာ ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် နောက်ဆုံးမီးခိုးမျိုးနွယ်ဝင်ဖြစ်သော အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ရုပ်သေးရုပ်ထဲမှ မြူခိုးဖြူမိန်းကလေးကို ကြည့်လိုက်သည်။
မိန်းကလေးသည် သတိပြန်ရနေပြီ ဖြစ်သည်။ ရွှီချင်း၏ စိုက်ကြည့်ခံရသောကြောင့် သူက တုန်ယင်လာပြီး မျက်လုံးဖွင့်လိုက်သည်။
“ ငါလည်း အဲ့ဒါတွေကိုပဲ သိတယ်… ”
ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး မိန်းကလေးကို စစ်ဆေးမေးမြန်းရန် ကျင်းကန်းဂိုဏ်းဘိုးဘေးထံသို့ လွှတ်ပစ်ရန်ပြင်လိုက်သည်။ သို့သော်လည်း သူ၏ ဘေးမှ အရိပ်လေးသည် အလျှင်စလို ၎င်း၏ ဆန္ဒကို ဖော်ပြသည်။ ၎င်းက သူသည်လည်း ထိုသို့လုပ်ဆောင်နိုင်ကြောင်း ရွှီချင်းကို ပြောပြနေသည့်အလားပင်။
ရွှီချင်းသည် တစ်ခဏမျှ တွေးတောပြီးနောက် မိန်းကလေးကို အရိပ်လေးဆီသို့ ပစ်ပေးလိုက်သည်။
“ စစ်ဆေးမေးမြန်း ”
အရိပ်လေးသည် စိတ်လှုပ်ရှားလာသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နှလုံးတုန်လာပြီး ပြင်းထန်သော အန္တရာယ်ကို ခံစားရလိုက်သည်။ ထိုစဉ် အရိပ်လေးသည် ပါးစပ်ဖွင့်လိုက်ပြီး မြူခိုးဖြူမိန်းကလေးကို ဝါးမျိုလိုက်သည်။
အရိပ်လေးသည် မည်သို့ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မသိရသော်လည်း ယင်းသည် ခုနစ်မိနစ် ရှစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ မြူခိုးဖြူမိန်းကလေးကို အရိပ်လေးပြန်အန်ထုတ်လိုက်သောအခါ မိန်းကလေး၏ မျက်လုံးထဲတွင် ဖော်မပြနိုင်သော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ အမှန်တော့ သူ၏ အသိစိတ်သည် အနည်းငယ် ဝေဝါးနေပြီး သူ၏ မြူခိုးခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီနေသည်။ မိန်းကလေးသည် စိတ်မချမ်းမြေ့ဖွယ်ကောင်းစွာ ငိုကြွေးလိုက်ပြီး အလျှင်စလို ပြောသည်။
“ ငါပြောပါ့မယ်… ငါပြောပါ့မယ်… အဲ့ဒါ လူသားမျိုးနွယ်ရဲ့ အမတ်ယောင်က ငါတို့မျိုးနွယ်ဆီ ရောက်လာပြီး…. ”
မြူခိုးဖြူမိန်းကလေးက ပြောပြတော့မည့်အချိန် သူ၏ ခန္ဓာကိုယ်ထဲမှ အတားအဆီးတချို့က အသက်ဝင်လာဟန်ရသည်။ သူ၏ စကားမဆုံးခင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရပြီး မြူခိုးသို့ပြောင်းလဲသွားကာ လေထဲတွင် လွင့်ပြယ်သွားသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ စိတ်ထဲတွင် ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူသည် ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြူခိုးဖြူမိန်းကလေး လွင့်ပြယ်သွားခဲ့သော နေရာသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ချင့်ချိန်စဉ်းစားသောအကြည့် ထွက်ပေါ်လာသည်။
“ အမတ်ယောင်လား ”
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ဤကိစ္စကို သူ၏ စိတ်ထဲမှ ခဏမေ့ထားလိုက်ပြီး သူ၏ အောက်မှ သစ်ရွက်သင်္ဘောကို ပုတ်လိုက်သည်။
“ ကျောက်ရှာတောင်ဆီသွား… ငါအရမ်းအလျှင်လိုနေတယ် ”
သစ်ရွက်သင်္ဘောသည် တုန်လှုပ်သွားပြီး ၎င်း၏ သေးသွယ်သော သစ်ကိုင်းခြေလေးချောင်းဖြင့် ကတုန်ကယင် အရှေ့သို့ ရွေ့လျားသွားသည်။