← Chapters

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(က)

Vol. 43 Ch. 642

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(က)

Vol. 43 Ch. 642

မည်းနက်သော ချောက်နက်ပင်လယ်ပေါ်တွင် သစ်ရွက်သင်္ဘောသည် အလွန်လျှင်မြန်စွာ ရွေ့လျားသွားနေပြီး ယခင်ကထက် ဆယ်ဆပို၍ မြန်ဆန်လာသည်။ ၎င်းသည် ရွှီချင်းအား အချိန်စောင့်ဆိုင်းစေရမည်ကို စိုးရွံ့သည့်အလား ခြေလှမ်းကျဲကျဲဖြင့် ရူးသွပ်စွာ ရွေ့လျားသွားနေသည်။

ရွှီချင်း၏ သုန်မှုန်သော အမူအရာကို အာရုံခံမိသည့်အခါတိုင်း ၎င်းသည် ထပ်မံအရှိန်တင်လိုက်သည်။

မီးခိုးမျိုးနွယ်၏ လုပ်ဆောင်မှုကို သိရှိပြီးနောက် ရွှီချင်းသည် မြူခိုးစိမ်းတောင်သို့သွားမည့် သူ၏ အစီအစဉ်ကို ပယ်ချလိုက်သည်။ သူသည် ချက်ချင်းပဲ ကျောက်ရှာတောင်သို့ အမြန်ဆုံး သွားရောက်တော့မည် ဖြစ်သည်။ တစ်ချိန်တည်းမှာ သူ၏ နှလုံးသားထဲ၌ ကြီးမားသော မြူထုတစ်ခု ဖြစ်ပေါ်လာသည်။

တစ်ဖက်မှာ သူသည် မြောက်ဘက်နှင့် အနောက်ဘက်၏ အဓိကစစ်မြေပြင်များမှ စစ်ပွဲအခြေအနေကို စိုးရိမ်သည်။ အခြားတစ်ဖက်မှာ မီးခိုးမျိုးနွယ်မှ သူရရှိလာသော သတင်းအချက်အလက်သည် သူ့အား ရုံးတော်သခင်ပေးခဲ့သော ကျောက်စိမ်းပြားထဲမှ သံသယရှိသော တရားခံနှင့် ဆက်စပ်ကြည့်၍မရအောင် အလွန်ခဲယဉ်းစေသည်။

“ စစ်မြေပြင်ကကိစ္စက ငါထိန်းချုပ်နိုင်တဲ့အရာမဟုတ်ဘူး… ငါလုပ်နိုင်တဲ့တစ်ခုက ရုံးတော်သခင်ပေးထားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ပဲ ”

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားပြီး ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ ထိုရက်များတွင် ကောင်းကင်ပေါ်ရှိ ပိုက်ကွန်ကြီးထဲမှ အလင်းစီးကြောင်းများသည် ယခင်ကထက် ပိုမိုများပြားလာသည်။ ထိုမှတဆင့် အနောက်ဘက် စစ်မြေပြင်နှင့် မြောက်ဘက် စစ်မြေပြင်တွင် အခြေအနေသည် အလွန်ပြင်းထန်နေပြီဖြစ်ကြောင်း ရွှီချင်း သိရှိနိုင်သည်။

သူသည် တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး အဝေးမှကမ္ဘာကို ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ စတုတ္ထမြောက်ညတွင် ကျောက်ရှာတောင်၏ ပုံရိပ်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။

ထိုတောင်သည် အလွန်ထူးခြားသည်။ တောင်၏ အရောင်သည် အနက်ရောင်မဟုတ်ဘဲ သက်တံ့အရောင်ဖြစ်သည်။

ပထမဆုံးကြည့်မိသည့်အခါ ကျောက်ရှာတောင်သည် တောင်များစွာဖြင့် အတူတကွ ဖွဲ့စည်းဖြစ်ပေါ်နေသည့်ပုံ ထင်ရသည်။ သို့သော် အမှန်မှာတော့ ယင်းက တောင်တစ်လုံးတည်းသာ ဖြစ်၏။

ထို့အပြင် တောင်၏ အရွယ်အစားသည် ဤသို့လမ်းတစ်လျှောက်တွင် ရွှီချင်းတွေ့မြင်ခဲ့သော မည်သည့်တောင်ထက်မဆို သိသိသာသာ ပို၍ကြီးမားသည်။ တောင်သည် ချောက်နက်ပင်လယ်ထဲတွင် မားမတ်စွာ ထောင်မတ်နေပြီး ကောင်းကင်အထိ ထိုးတတ်နေသည်။ တောင်ကို ပင်လယ်ရေမျက်နှာပြင်အထက်မှ စတိုင်းတာမည်ဆိုလျှင် အနည်းဆုံး ပေတစ်သိန်းနီးပါးခန့် ရှည်လျားလိမ့်မည်။

လရောင်အောက်တွင် ကျောက်ရှာတောင်ပေါ်မှ သက်တံ့ရောင်သည် အရပ်မျက်နှာပေါင်းစုံသို့ အလင်းပြန်နေလေရာ ခမ်းနားထည်ဝါသော ရောင်ခြည်စက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ချောက်နက်ပင်လယ်အောက်ခြေမှ တောင်၏ အရွယ်အစားသည် ပို၍ပင် ကြီးမားကျယ်ပြောကြောင်း ရွှီချင်း မသဲမကွဲမြင်နိုင်သည်။

ရွှီချင်းသည် တောင်နှင့်နီးကပ်လာသည့်အခါ တောင်မှ ပျံ့လွင့်ထွက်ပေါ်နေသော ဖိအားလှိုင်းများကို ခံစားမိသည်။ ထိုလှိုင်းများသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ တစ်ချိန်တည်းမှာ ဤနေရာရှိ နေခြည်လေသည် အလွန်အမင်း အားကောင်းသည်။ နေခြည်လေ ဖြတ်သန်းသွားသည့်နေရာတိုင်း တဝီဝီဟူသော လေပဲ့တင်သံများ ပျံ့လွင့်လာရုံသာမက မရေမတွက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများလည်း ပေါ်ထွက်လာလိမ့်မည်။ လေဟာနယ်အက်ကွဲကြောင်းများသည် ပိတ်သွားလိုက် ပြန်ပေါ်လာလိုက်ဖြင့် သံသရာလည်နေလေသည်။

ကျောက်ရှာတောင်ကိုကြည့်နေလျက် ရွှီချင်းသည် စိတ်ရှုပ်ထွေးမှုကို အနည်းနှင့်အများ ခံစားရလာသည်။ စိတ်မသက်မသာဖြစ်သော ခံစားချက်လှိုင်းများလည်း သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ ထိုခံစားချက်များသည် အတူတကွ ယှက်ထွေသွားကြပြီး စိုးရိမ်ကြောင့်ကြမှုနှင့် ပူပန်မှုသို့ ပြောင်းလဲသွားသည်။

ယင်းသည် ရုံးတော်သခင် သူ့အားပေးအပ်ခဲ့သော တာဝန်ဖြစ်သည်။ ထို့အပြင် ပို၍အရေးကြီးသည်မှာ သူ့မိဘများ၏ အုတ်ဂူများသည် ထိုနေရာတွင် ရှိသည်။

ရွှီချင်းသည် သစ်ရွက်သင်္ဘောပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး ကျောက်ရှာတောင်ကို ကြည့်လိုက်သည်။ အချိန်တစ်ခဏအကြာမှာ သူသည် အတွေးအားလုံးကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် သစ်ရွက်သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျောက်ရှာတောင်ဆီသို့ ရွေ့လျားသွားသည်။

သစ်ရွက်သင်္ဘောသည်မူ ရွှီချင်းထွက်သွားသည်နှင့်တစ်ပြိုက်နက် ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်။ ၎င်းသည် လွန်စွာနောက်ကျမှ ထွက်ခွာလျှင် ရွှီချင်းအား အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သောကြောင့် မျက်စိတစ်မှိတ်အတွင်း ချောက်နက်ပင်လယ်၏ အနက်ပိုင်းထဲသို့ ငုပ်သွားပြီး အလျှင်အမြန် ထွက်သွားသည်။

ကျောက်တုံးခြင်္သေ့၏ အမြှီးပေါ်ရှိ ခေါင်းကြီးသည် ထိုမြင်ကွင်းကို အဝေးမှ မနာလိုဖြစ်စွာ ကြည့်လိုက်သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်းသည် ကျောက်ရှာတောင်သို့ ရောက်ရှိသွားသည်။ သူသည် ကျောက်ရှာတောင်၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံထားသော သဏ္ဍာန်မဲ့အကာအကွယ်တစ်ခုကို ခံစားမိသည်။

ယင်းမှာ ကျောက်ရှာတောင်ပေါ်မှ ဓားကိုင်ရုံးတော်ခွဲ၏ စည်းချအစီအရင်ဖြစ်သည်။

ထိုစည်းချအစီအရင်သည် ဝင်ခွင့်မပြုသော မည်သူမှ မဝင်ရောက်နိုင်ရန် တားဆီးထားသည်။ အကယ်၍ တခြားပြည်နယ်များမှ ဓားကိုင်များ ရောက်လာမည်ဆိုလျှင်ပင် သူတို့မှာ အခွင့်အာဏာရှိရမည်။ ကျောက်ရှာပြည်နယ်ထဲမှ ဓားကိုင်များသာလျှင် အထဲဝင်ရောက်နိုင်ကြသည်။

စစ်ရေးအကျိုးပြုအမှတ်ဖြင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို လဲလှယ်ထားကြသည့်သူများသာလျှင် တောင်ပေါ်သို့ တံခါးမရှိဓားမရှိ လွတ်လပ်စွာ ဝင်ရောက်နိုင်ကြသည်။

သို့သော်လည်း ထိုအကာအကွယ်သည် ရွှီချင်းအား မတားဆီးနိုင်‌ပေ။ ရုံးတော်သခင် သူ့အားပေးခဲ့သော ကျောက်စိမ်းပြား၏ အခွင့်အာဏာသည် အလွန်မြင့်မားသည်။ ယင်းက ရုံးတော်သခင်ကိုယ်တိုင် ကြွရောက်လာသကဲ့သို့ပင်။

သို့ကြောင့် သူ၏ ရောက်ရှိလာမှုသည် စည်းချအစီအရင်ထဲတွင် မည်သည့်လှိုင်းအတတ်အကျမှ ဖြစ်ပေါ်မလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မည်သည့်လျှို့ဝှက်နယ်မြေမှ သူ့အား မတားဆီးနိုင်ပေ။

“ ငါ့မိဘတွေရဲ့ အုပ်ဂူကိုမရှာခင် စုံစမ်းစစ်ဆေးတာကို အရင်ပြီးစီးအောင် လုပ်ရမယ် ”

ရွှီချင်း၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူသည် ရုံးတော်သခင်ပေးခဲ့သော ကျောက်စိမ်းပြားကိုထုတ်၍ ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ထဲသို့ မည်သည့်လှိုင်းအတတ်အကျမှ မဖြစ်ပေါ်စေဘဲ လျှောက်ဝင်သွားသည်။

ကျောက်ရှာတောင်ပေါ်သို့ သူခြေချလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ နှလုံးသားထဲ၌ လှိုင်းများဖြစ်ပေါ်လာသည်။  ဆန်းကြယ်သော သွေးမျိုးစက်ဆက်နွယ်မှုသည် သူ၏ အသက်ရှူသံကို မြန်ဆန်လာစေပြီး သူ၏ နှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစားရစေသည်။

ယင်းမှာ သူ၏ သွေးမျိုးစက်က သူ့မိဘများကို တုံ့ပြန်နေခြင်း ဖြစ်သည်။

ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းဖြင့် သွေးမျိုးစက်ကို အာရုံခံနိုင်သည်။ ထိုခံစားမှုသည် ရွှီချင်းကို သူ၏ လက်ဖြင့် ရင်ဘက်ပေါ်သို့ အလိုအလျောက် ဖိမိစေသည်။

“ အဖေ… အမေ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးသည် အနည်းငယ် နီရဲလာသည်။

အပြင်လူများ၏ အမြင်တွင် ရွှီချင်းသည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်ပြီး အကြင်နာမဲ့စွာ တိုက်ခိုက်တတ်သည့် စိတ်ဓာတ်ပြတ်သားသူ ဖြစ်သည်။ ထို့အပြင် သူ့အတွက် ခံစားချက်များသည် အရေးမကြီးလှပေ။ သို့သော်လည်း ယင်းမှာ ဘဝက သူ့ကို အတင်းအကျပ် တွန်းပို့ခဲ့သော အခြေအနေဖြစ်သည်။ သူ၏ သဘာဝဗီဇက ထိုသို့မဟုတ်ချေ။

ယခု ကျောက်ရှာတောင်ပေါ်သို့ သူရောက်ရှိသောအခါ ပြိုင်စံရှားမြို့မှ မြင်ကွင်းများသည် သူ၏ စိတ်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏ အရှိန်အဝါကို လုံးဝဖုံးကွယ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ ခံစားချက်လှိုင်းများကိုလည်း ဖိနှိပ်လိုက်သည်။ ရုံးတော်သခင်၏ မစ်ရှင်ကို အရင်ပြီးဆုံးအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူသိသည်။

သူသည် တောင်ပေါ်သို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။

တောင်ထိပ်အနီးတွင် အရွယ်အစားစုံလင်သော နန်းတော်တစ်ရာကျော် ရှိကြသည်။

ထိုနန်းတော်အားလုံးကို ကျောက်ရှာတောင်မှ ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ နန်းတော်များထံမှ သက်တံ့အလင်းရောင် ထွက်ပေါ်နေကြသည်။ ထို့အပြင် နန်းတော်များကို ကိန်းကြီးခန်းကြီးအသွင်အပြင် တည်ဆောက်ထားသောကြောင့် လရောင်အောက်တွင် မြင့်မြတ်ထည်ဝါသော ခံစားမှုကို ပေးသည်။

ယင်ဟွမ်ပြည်နယ်နှင့် နှိုင်းယှဉ်လျှင် ဤနေရာမှ ဓားကိုင်ရုံးတော်ခွဲသည် အများကြီး ပိုကြီးမားသည်။ ဤနေရာတွင် စောင့်ကြပ်နေကြသော ဓားကိုင်အရေအတွက်သည်လည်း ယင်ဟွမ်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲထက် သာလွန်များပြားပေသည်။

သို့သော် စစ်ပွဲကာလအတွင်းဖြစ်၍ ကျောက်ရှာတောင်ရှိ ဓားကိုင်ရုံးတော်ခွဲထဲမှ ဓားကိုင်အရေအတွက်၏ (၉၉)ရာခိုင်နှုန်းသည် စစ်မြေပြင်ဆီသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ရွှီချင်းသည် လမ်းလျှောက်နေရင်း ဤကြီးမားသော ဓားကိုင်ရုံးတော်ခွဲသည် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်ကြောင်း ခံစားမိသည်။

ဤနေရာတွင် ရွှီချင်းတွေ့ရှိသော ဓားကိုင်များသည် အယောက်သုံးဆယ်မပြည့်ပေ။ ကင်းလှည့်နေကြသော ဓားကိုင်အများစုသည် လွန်စွာသတိထားနေကြကြောင်း လျှို့ဝှက်စွာ သူသတိပြုမိသည်။ အပြင်လောကတွင် ပျံ့နှံ့နေသည့် ဓားကိုင်ရုံးတော်ခွဲသို့ တစ်စုံတစ်ယောက် လာတိုက်ခိုက်ချင်နေသည်ဟူသော သတင်းကို သူတို့ကြားထားမိသည်မှာ ရှင်းလင်းပေသည်။

All Chapters