(နှုတ်ဆက်ပါတယ် ချန်းလင်)
Vol. 8 Ch. 82
လင်းချီဟာ မျိုးနွယ်စု ဝင်ပေါက်ဆီကို မဟူရာဘုရင်အား ခေါ်သွားပြီး ယွီမုန့်ကို တွေ့မိသေးလားဟု ဝင်ပေါက်မှာ ရပ်စောင့်နေတဲ့ အော့ခ်တွေကို မေးလိုက်သည်။
အော့ခ်နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်မိပြီး သူတို့ထဲက တစ်ယောက်က "ယွီမုန့်လား? မနေ့ညကလေးတင် အထုတ်ဆွဲပြီး ထွက်သွားတယ်လေ"
နောက်အော့ခ်တစ်ကောင်က သံယောင်လိုက်ပြီး "ဟုတ်တယ် သူကိုကြည့်ရတာ အေးတိအေးစက်နဲ့ စိတ်ဆိုးနေတဲ့ပုံပဲ ငါတို့ နှုတ်ဆက်လိုက်ပေမဲ့ သူက ငါတို့ကိုတောင် မကြည့်သွားဘူး"
"သူက ခါတိုင်းလည်း အဲလိုပဲ မဟုတ်ဘူးလား အေးစက်နေတာလေ"
"ဒါပေမဲ့ မနေ့ညကတော့ တကယ့်ကို အေးစက်နေတာနော် သူက ခါတိုင်းဆို စကားမပြောရင်တောင် ခေါင်းညိတ်ပြသေးတယ်"
"ဟုတ်တယ်.."
လင်းချီဟာ အော့ခ်နှစ်ယောက် စကားများနေတာကို ကြားဖြတ်ပြောလိုက်သည်။
"သူ ဘယ်သွားလဲ သိလား?"
"စဉ်းစားကြည့်ရမယ်ဆိုရင် အဲ့ဘက်ဖြစ်လောက်တယ်"
အော့ခ်တစ်ယောက်က ဘယ်ဘက်ကို လမ်းညွှန်လိုက်သည်။
"ဟုတ်ပြီ ကျေးဇူး…"
လင်းချီဟာ ကျေးဇူးတင်ပြီး ထွက်သွားရန်ကြံရုံရှိသေးချိန်...
"မဟုတ်ဘူး ဒီဘက်ကို သွားတာ"
နောက်အော့စ်တစ်ယောက်က ညာဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်ပြန်သည်။
လင်းချီဟာ သူ့ရဲ့ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ထားလိုက်သည်။ ထင်တဲ့အတိုင်းပဲ ထည့်တွက်လို့မရတဲ့ထဲမှာ အော့ခ်တွေရဲ့ ဉာဏ်ရည်လည်းပါတယ်။
လင်းချီဟာ အော့စ်တွေ ရန်ဖြစ်နေတာကို မတားဘဲ ကြည့်နေသည်။ တစ်ကောင်ရဲ့ ခေါင်းကို တစ်ကောင်ရိုက်လို့ ဦးနှောက်တွေ ထွက်လာရင် ပိုတောင် ကောင်းဦးမယ်
နေဦး လင်းချီဟာ မဟူရာဘုရင်ကို ကြည့်လိုက်ပြီး အကြံရလာသည်။
မဟူရာဘုရင်ဟာ လင်းချီရဲ့ အကြည့်ကို ကြောက်ပြီး သတိပေးတဲ့ အနေနဲ့။ "မင်းဘာတွေးနေတာလဲ?"
လင်းချီဟာ အစောင့်တွေကို တားလိုက်ပြီး အခက်တွေ့တဲ့ပုံနဲ့ "မဟူရာဘုရင်.. မင်း ယွီမုန့်ရဲ့ အနံ့ကို ခံလို့မရဘူးလား?"
မဟူရာဘုရင်ဟာ ထိုစကားကို ကြားလိုက်ရချင်းပင် သူ့အမွှေးတွေ ထောင်လာသည်။ သူ့ဟာ လင်းချီကို ကိုက်ဖို့အတွက် သူ့ပါးစပ်ကို ဟလိုက်သည်။
လင်းချီဟာလည်း လန့်သွားပြီး စနစ်ထဲမှာ စားကောင်းသောက်ဖွယ်များကို အမြန်ထုတ်ယူလိုက်သည်။ "မဟူရာဘုရင် မင်းက အရမ်း စွမ်းအားကြီးတာလေ မင်းကပဲ ယွီမုန့်ကို ရှာနိုင်အောင် ကူညီပေးပါကွာ နော်?"
မဟူရာဘုရင်ဟာ သူ့ရှေ့မှာ ရှိနေတဲ့
စားကောင်းသောက်ဖွယ်များကို တစ်ချက် ကြည့်လိုက်ပြီး စိတ်တိုစွာ ရယ်မောလိုက်သည်။
"ငါတို့က ဆက်ဆံရေးကောင်းလို့ပဲ မင်း ငါ့ကို စော်ကားလို့ ရနိုင်မယ် ထင်မနေနဲ့ ဒါက နောက်ဆုံးပဲ မင်း နောက်တစ်ခါ ငါ့ကို ခွေးလို ဆက်ဆံရင် ငါမင်းကို သေတဲ့ထိကိုက်ပစ်မယ်!"
"ရတယ် ရတယ် နောက်တစ်ခေါက်မရှိတော့ဘူးလို့ ငါကတိပေးတယ်" လင်းချီဟာ သူ့လက်သုံးချောင်းကို မြှောက်လိုက်ပြီး ကောင်းကင်ကို ကျိန်ဆိုလိုက်သည်။
မဟူရာဘုရင်ဟာ အရသာရှိတဲ့ အစားအစာတွေအားလုံးကို မြိုချလိုက်ပြီး မနေ့က ရခဲ့တဲ့ အနံ့ကို ပြန်တွေးယူလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ စတင်အနံ့ခံတော့သည်။
သိပ်မကြာခင်မှာပဲ မဟူရာဘုရင်ဟာ ဘယ်ဘက်ကိုကြည့်ပြီး လင်းချီကို ကြည့်လိုက်သည်။ "ဒီလမ်းကနေသွားတာ"
ဘာမှမပြောဘဲ လင်းချီ ဘယ်ဘက်ကို ပြေးသွားခဲ့
သည်။
သူ မထွက်သွားခင် အော့ခ်တစ်ကောင်ပြောတာကို ကြားလိုက်ရသည်။
"တွေ့လား ငါပြောသားပဲ"
"ဟမ့် မင်း ကံကောင်းသွားတာပါ"
"ပေါက်ကရတွေ မင်း…"
လင်းချီဟာ သူတို့ဆက်ငြင်းနေတာကို မကြားရတော့ပေမဲ့ သူကတော့ ဘယ်လိုဖြစ်ဖြစ် ဒါကို မကြားချင်တော့ပေ။
..
မဟူရာဘုရင်က ရှေ့ကသွားပြီး လင်းချီဟာ နောက်ကနေ လိုက်သွားသည်။
သူတို့ လမ်းလျှောက်နေတုန်း မဟူရာဘုရင်က ရုတ်တရက် ရပ်သွားခဲ့သည်။ လင်းချီဟာ အမြန် လျှောက်သွားပြီး
"ဘာလဲ? မင်း သူ့ကို တွေ့ပြီလား?"
မဟူရာဘုရင်ဟာ ခေါင်းညိတ်လိုက်သည်။ လင်းချီဟာ စိတ်လှုပ်ရှားစွာနဲ့ "ဒါဆို အမြန် သွားမယ်လေ"
အဲ့လို ပြောပြီးတော့ သူဟာ ဆက်သွားဖို့ ပြောပြီး မဟူရာဘုရင်ဟာ လင်းချီကိုရပ်ဖို့ပြောလိုက်သည်။
"မလောနဲ့ ပြဿနာ ရှိနေတယ်"
"ဘာဖြစ်လို့လဲ?" လင်းချီဟာ စိုးရိမ်စွာနဲ့ မေးလိုက်သည်။
"ယွီမုန့်ဆိုတဲ့ မိန်းကလေးရဲ့အနံ့အပြင် တခြားလူသားတွေရဲ့ အနံ့တွေကိုပါ ငါရနေတယ်" မဟူရာဘုရင်က လုံးဝသေချာဟန်ဖြင့် ပြောလိုက်သည်။
တခြားလူဆိုသည်က တခြားသော ပါဝင်ယှဉ်ပြိုင်သူများ ဖြစ်လောက်သည်။ များသောအားဖြင့်က ဘယ်လူသားမှ ဒီတောထဲ မဝင်နိုင်ဘူးလေ
"ရပါတယ် ငါ သူတို့ကို သိတယ် ယွီမုန့်လည်း သိတယ် သူတို့က ယွီမုန့်ကို ပြဿနာ ရှာမှာ မဟုတ်ပါဘူး"
မဟူရာဘုရင်က လင်းချီကို ရှေ့မှ ဦးဆောင်လမ်းပြကာ "သူတို့ကိုသိတယ်ဆိုတာ မင်းသေချာရဲ့လား?"
သူ့ရဲ့ရှေ့က သစ်ရွက်ကြီးကို ဘေးဖယ်လိုက်သည်။
အနောက်မှာတော့ ရှုပ်ထွေးနေတာကို မြင်လိုက်ရသည်။ မီးနဲ့ ပစ်ထားတဲ့ အရာတွေ သစ်ပင်ကို ဓားနဲ့ ခုတ်ထားတဲ့အရာတွေအပြင် နေရာတော်တော်များများကလည်း ရေခဲတွေနဲ့ ဖုံးလွှမ်းနေသေးသည်။ ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာ သိသာလှသည်။
လင်းချီဟာ ရှေ့ကို လျှောက်သွားပြီး သေချာ စစ်ဆေးနေသည်။ "ဒါက မှော်ပညာပဲ စွမ်းအားကို ကြည့်ရရင် အနည်းဆုံးတော့ အလယ်အလတ်တန်းစားပဲ ရေခဲက ယွီမုန့်ရဲ့ မှော်အစွမ်းဖြစ်လောက်မယ် ဒီမီးအမှတ်တွေကကျ…." လင်းချီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး "ဘာလဲ သိလို့လား"
"အာ သိရုံတင် မဟုတ်ဘူး တော်တော်ကို ရင်းနှီးနေတာ"
ပါဝင်ယှဉ်ပြိုင်သူတွေထဲမှာ မီးမှော်ဆရာက အများကြီးရှိပေမဲ့ အလယ်အလတ်အဆင့် မှော်ဆရာကတော့ အများကြီးမရှိပေ။ တိုက်ဆိုင်တာက လင်းချီဟာ ထိုတစ်ယောက်ကို ကောင်းကောင်းသိသည်။
အဲ့တာအပြင် ယွီမုန့်ကို ကောင်းကောင်း တိုက်နိုင်တယ်ဆိုကတည်းက အဲတစ်ယောက်ဆိုတာ သေချာသွားသည်ပင်။
"မဟူရာဘုရင် ဟိုရောက်ရင် ငါ့ကိုယုံလိုက်"
မဟူရာဘုရင်နှင့် လင်းချီက အပြန်အလှန်နားလည်မှုကို တည်ဆောက်ပြီးသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်၏။ လင်းချီရဲ့ စကားအသံကို ကြားလိုက်တာနဲ့ သူဘာပြောချင်လဲဆိုတာကို နားလည်ပေသည်။ မဟူရာဘုရင်က သူနားလည်ကြောင်းပြဖို့ ခပ်သော့သော့ ရယ်မောလိုက်သည်။
..
ခဏကြာတော့ သူတို့ဟာ ဂူတစ်ခုဆီရောက်လာကြသည်။ မဟူရာဘုရင်ဟာ သေချာ အနံ့ခံပြီး လင်းချီကို ပြောလိုက်သည်။
"ရောက်ပြီ"
လင်းချီကြားတော့ သူဟာ ဦးဆောင်ပြီး ဂူထဲကို ဝင်သွားသည်။
ဂူဟာ တော်တော်ကို ကြီးမားသည်။ ဂူနံရံရဲ့ နှစ်ဖက်လုံးမှာ ၁၅ ပေရောက်တိုင်းတစ်ခါ မီးတုတ်များ ထွန်းထားသည်။ ဒါကြောင့် သူတို့ရဲ့ ပတ်ဝန်းကျင်ကို မြင်နိုင်ဖို့တောင် အနိုင်နိုင်ပင်။
မကြာခင်မှာပဲ သူတို့ဟာ ဂူ၏ အဆုံးကို ရောက်သွားပြီး တခြားကမ္ဘာကို ရောက်သွားသလိုပင်။
လင်းချီဟာ ဝိုင်တွေနဲ့ အသားတွေကို စားသောက်နေတဲ့ လူတွေကို မြင်လိုက်သည်။ ယွီမုန့်ကို ပါးစပ်မှာ အဝတ်နဲ့ ဆို့ထားပြီး သူမကို ကြိုးချည်ထားသည်။
လင်းချီရောက်လာတော့ လူတိုင်းဟာ သိသွားပြီး တစ်ချိန်တည်းမှာပင် လင်းချီကို လှည့်ကြည့်လာကြသည်။
ဖြောင်း ဖြောင်း ဖြောင်း!
အနားတစ်ဝိုက်ကနေ လက်ခုပ်သံတွေ ကြားရသည်။
လင်းချီဟာ သူ့ဆီကို လက်ခုပ်တီးပြီး လျှောက်လာတဲ့ ချန်းလင်ကို တွေ့လိုက်ရ၏။
"ချန်းလင် မင်း ငါ့ကို မကျေနပ်ဘူးဆိုတာ သိတယ် မင်း ယွီမုန့်ကို သွားခွင့်ပေးရင် မင်းလိုချင်တာ ဘာမဆို လုပ်ပေးမယ်"
"တကယ်လား ဒါဆို မင်းလက်ထဲမှာရှိတဲ့ မြင့်မြတ်ရောင်စဉ်ငါးကို ငါ့ကို ပေးလိုက် ငါ မင်းကို သွားခွင့်ပေးမယ်"
ချန်းလင်က မြင့်မြတ်ရောင်စဉ်ငါး အကြောင်းကို သိနေတာပဲ 'သူက ဘယ်လိုသိတာလဲ?'
ချန်းလင်ဟာ လင်းချီရဲ့ စိတ်ရှုပ်နေတဲ့ အကြည့်ကို တွေ့သွားတော့ "လမ်းမှာ မင်းကို အသံအကျယ်ကြီးနဲ့ ဘယ်သူက ကြွားခိုင်းလို့လဲ တစ်ယောက်ယောက်က ကြားသွားတယ်ဆိုတာ ပုံမှန်ပဲလေ"
'အို ဒါလည်း ဟုတ်တာပဲ ' လို့ လင်းချီဟာ တွေးလိုက်သည်။
"ဟုတ်ပြီ ငါ မြင့်မြတ်ရောင်စဉ်ငါးကို ပေးမယ် မင်း ယွီမုန့်ကို လွှတ်ပေး"
သူဟာ ပြောပြီးတော့ မြင့်မြတ်ရောင်စဉ်ငါးနှစ်ကောင်ကို စနစ်ထဲကနေ ထုတ်လိုက်သည်။
ထုတ်လိုက်တဲ့ အချိန်မှာပဲ ဂူတစ်ခုလုံးဟာ တောက်ပနေတဲ့ မီးစုန်းတွေနဲ့ ပြည့်သွားသည်။ လူတစ်ချို့ဟာလည်း ဆွံ့အသွားကြသည်။
ချန်းလင်ဟာ လင်းချီဆီကို လောဘတကြီးလျှောက်လာပြီး မြင့်မြတ်ရောင်စဉ်ငါးကို ဆွဲယူရန် လက်လှမ်းလိုက်သည်။
လင်းချီဟာ တခြားလက်တစ်ဖက်နဲ့ ချန်းလင်ကို တား
လိုက်ပြီး သူ့ရဲ့ ခေါင်းကို မော့ပြီး ယွီမုန့်ကို မေးငေါ့ပြလိုက်သည်။
ချန်းလင်ဟာ ရယ်ပြီး သူ့နောက်က လူကို အချက်ပြလိုက်သည်။
ထိုလူဟာ ခေါင်းညိတ်ပြီး ယွီမုန့်ဆီကို လျှောက်သွားခဲ့သည်။ သူဟာ ယွီမုန့်ကို ချည်ထားတဲ့ ကြိုးတွေကို ဖြည်ပေးပြီး ဆွဲခေါ်လာကာ လင်းချီဆီ ယွီမုန့်အား တွန်းလိုက်သည်။
ယွီမုန့်ဟာ လင်းချီပေါ် မှီနေပြီး သူ့ကို မကြည့်ရဲပေ။ မနေ့ကမှ သူ့ကို ဆူထားတာကို ဒီနေ့ကျ သူကယ်တာ ခံရပြန်တယ်။
လင်းချီဟာ ယွီမုန့်အဆင်ပြေတယ်ဆိုတာ မြင်မှ မြင့်မြတ်ရောင်စဉ်ငါးကို ချန်းလင်ဆီ လွှဲပေးလိုက်သည်။
ချန်းလင်ဟာ မြင့်မြတ်ရောင်စဉ်ငါးကို ယူလိုက်ပြီး ၎င်းငါးအား ဆုပ်ကိုင်ထားလေသည်။
သို့ပေမဲ့လည်း လင်းချီဟာ ထွက်သွားတော့မည့်အချိန်မှာ တခြားသူတွေရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။ သူဟာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မျက်နှာသေဖြင့် မေးလိုက်သည်။ "ချန်းလင် ဒါက ဘာသဘောလဲ?"
"ဘာကိုလဲ ဟုတ်လား ဘာဖြစ်နိုင်ဦးမှာလဲ မင်း ထွက်သွားလို့ရတယ် ဒါပေမဲ့ ယွီမုန့်ကတော့ နေခဲ့ရမယ်"
"ဒါဆို မင်းက ကတိမတည်ဘူးပေါ့လေ" လင်းချီဟာ လက်သီးဆုပ်ပြီး ပြောလိုက်သည်။
"ဘာဖြစ်တယ် ဟားဟားဟား ဒီမှာ လူဘယ်လောက်တောင် ရှိတယ်ဆိုတာ မင်း မမြင်ဘူးလား? မင်းကတော့ တစ်ယောက်တည်းလေ" ချန်းလင်ဟာ မာန်တက်စွာနဲ့ ရယ်မောနေခဲ့သည်။
လင်းချီဟာ တိတ်တဆိတ် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ရင်းနှီးတဲ့ လူတစ်ချို့ရဲ့ မျက်နှာတွေကိုတောင် မြင်ခဲ့သည်။ ထိုအချိန်က သူဟာ သူတို့အတွက် စိတ်မကောင်းတာကြောင့် ချက်ပြုတ်တောင်ကျွေးခဲ့သေးသည်။
"ရယ်စရာကောင်းလိုက်တာ!" လင်းချီဟာ ကိုယ့်ကိုကိုယ် လှောင်ပြောင်ရယ်မောလိုက်သည်။ "ငါ မင်းကို စတွေ့ကတည်းက သင်ခန်းစာတစ်ခုပေးချင်နေတာ"
"အဲ့တာက ဘာလဲဆိုတော့ သောက်ရူးတွေက သေသင့်တယ်ဆိုတာပဲ!"
••••••••