← Chapters

(အဘာလူ)

Vol. 9 Ch. 88

(အဘာလူ)

Vol. 9 Ch. 88

လူသာနှင့် မဟူရာဘုရင် ထွက်ခွာသွားတာကို လင်းချီနှင့် ယွီမုန့်တို့ ရပ်ကြည့်နေခဲ့သည်။ သတိပြန်ဝင်လာတဲ့အခါ နှစ်ယောက်တည်း အတူတူရှိနေတာကို သိလိုက်ရသည်။

လေထုက အနည်းငယ် ကသိကအောက်ဖြစ်လာ၏။

ယွီမုန့်က လင်းချီကို အပြစ်တင်နေသည့် မျက်လုံး

များဖြင့်ကြည့်လိုက်သည်။ "ငတုံးကောင် ရှင် အခုမှ နားလည်တာလား"

ယွီမုန့်သည် သစ်ငုတ်တိုကြီးတစ်ခုဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ စက်တင်ဘာလသည် နံနက်ပိုင်းနှင့် ညနေပိုင်း အပူချိန်ကွာခြားချက် အလွန်ကြီးမား၏။ ယွီမုန့်မှာ အမြန်ထွက်လာခဲ့ခြင်းဖြစ်၍ တခြားအဝတ်အစားများလည်း မယူလာမိချေ။ သူမသည် လက်နှစ်ဖက်ကို ပိုက်ကာ ထိုင်နေလိုက်သည်။

လင်းချီ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို သူမမြင်လိုက်တော့ ခေါင်းမော့က။ သူ့ကို ပြောလိုက်သည်။ "ကျွန်မ အေးတယ်!"

လင်းချီသည် ပထမတော့ အနည်းငယ် ရှုပ်သွား၏။ 'ဒါ... သူအေးနေတော့ရော ဘာဖြစ်လဲ? ထုတ်ပြောလိုက်လို့ ထူးခြားသွားမှာမို့လို့လား?'

“အိုး…အာ…” နောက်ဆုံးတော့ သူ သဘောပေါက်သွားပြီး သူ့ကုတ်အင်္ကျီကို အမြန်ချွတ်ကာ ယွီမုန့်ပေါ် ခြုံပေးလိုက်သည်။

ယွီမုန့်၏အမူအရာမှာ အနည်းငယ်ပျော့ပျောင်းလာသည်။ "ရှင် သိပ်မတုံးသေးဘူးပဲ"

လင်းချီ တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် ယွီမုန့်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"သူတို့ အန္တရာယ်ကင်းကင်း ပြန်လာနိုင်မယ်လို့ ထင်လား" အပူချိန်က အရမ်းနိမ့်နေပြီး သူမစကားပြောသည့်အခါ ယွီမုန့်၏ ပါးစပ်ထဲမှ အငွေ့များ ထွက်လာသည်။

လင်းချီသည် လူသာနှင့် မဟူရာဘုရင်တို့ ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူ အခိုင်အမာပြောလိုက်၏။“သူတို့ သေချာပေါက် ပြန်လာမှာပါ”

ယွီမုန့်သည် လင်းချီ၏ ဘေးဘက်အနေထား မျက်နှာကို ကြည့်ပြီး တွေးမိသည်။ 'ဒီအခိုက်အတန့်မှာ... သူ့ပုံစံက တော်တော်ချောတာပဲ!"

သူမ လင်းချီ၏ ပခုံးပေါ်သို့ ခေါင်းကို ညင်သာစွာ မှီချလိုက်သည်။

လင်းချီမှာ ယွီမုန့်၏ခေါင်း သူ့ပခုံးပေါ်တင်လိုက်သည့်အခိုက်တွင် သူ အေးခဲသွားပြီး မလှုပ်ဝံ့တော့ပေ။

ပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောတော့မည်အပြု..

ယွီမုန့်က အရင်ဖြတ်ပြောလိုက်၏။ "စကားမပြောနဲ့!"

“…အိုး!”

သူမက သူ့ပခုံးပေါ်မှာ မှီနေတယ်ဆိုမှတော့ သူလုပ်ချင်တာလုပ်ပါစေတော့။

သူတို့နှစ်ယောက်ကြားက မသဲကွဲတဲ့လေထုထဲမှာ အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ကောင်းကင်က ကြည်လင်နေပြီး လေလည်း မတိုက်၊ ဘာအသံမှလည်း မကြားရ၊ ဘာမတော်တဆမှုမှလည်း မဖြစ်ပေ။

သူတို့နှစ်ဦး ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ငြိမ်သက်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြသည်။

လင်းချီ အချိန်ကို အကြမ်းဖျင်း တွက်ချက်လိုက်၏။ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း တိုက်ပွဲသံများ ထွက်ပေါ်လာခြင်းမရှိချေ။ သူတို့ဘက်က လုံခြုံသွားပြီဟု ယူဆရသည်။

ခဏအကြာတွင် သူ ရုတ်တရက် ပြေးသံတစ်ခုကိုကြားလိုက်ရပြီး ယွီမုန့်လည်း ကြားလိုက်ရပုံပေါ်သည်။ နှစ်ယောက်သား ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။ လင်းချီက စွမ်းအားပေါက်ကွဲ အမဲသားလုံးအား စနစ်မှ ထုတ်ယူလိုက်ပြီး ယွီမုန့်သည်လည်း သူမ၏ မှော်တုတ်တံကို ထုတ်ယူလိုက်သည်။

ပြေးသံက သူတို့ နှစ်ယောက်နှင့် နီးကပ်လာသည်။ လင်းချီ၏ လက်ဖဝါးများသည် ချွေးအနည်းငယ်ထွက်ကာ အမှောင်ထုထဲမှ ကြီးမားသော အသွင်အပြင်ကြီး ထွက်လာ၏။ လင်းချီ အနီးကပ်ကြည့်လိုက်ရာတွင် မဟူရာဘုရင်ဖြစ်ကြောင်း တွေ့ရသည်။

သူ့နောက်ကျောတွင် တစ်ခုခုရှိနေသလိုပင်၊ အဝေးက

မြင်ရသည်မှာ လူတစ်ယောက်လို့ထင်ရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ လင်းချီ၏နှလုံးသား တင်းကျပ်လာသည်။ လူသာ တစ်ခုခု ဖြစ်သွားတာများလား။

သူ ရှေ့ကို ပြေးသွားပြီး အနီးကပ်ကြည့်လိုက်သည်။ ထိုသူက လူသာမဟုတ်!

လင်းချီ သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အနီးကပ်ကြည့်သောအခါ ၎င်းသည် အော့ခ်တစ်ကောင်ဖြစ်နေသည်ကို သူသိလိုက်ရသည်။

မဟူရာဘုရင်သည် နောက်ကိုလှန်ပြီး အော့ခ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လင်းချီနှင့် ယွီမုန့်တို့နှစ်ယောက် ရှေ့သို့ တိုးလာခဲ့ကြ၏။ သူတို့စစ်ဆေးပြီးနောက် ၎င်းအော့ခ်မှာ အသက်ရှင်နေသေးကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့ ငုံ့ကြည့်လိုက်တော့ လင်းချီရဲ့ နှလုံးသားက ထပ်မံ တင်းကျပ်သွားခဲ့သည်။

ထိုသူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့သည်။ သူ့အဝတ်ပေါ်မှာ သွေးများဖြင့် စိုစွတ်နေ၏။

အရေးကြီးဆုံးက လက်တစ်ဖက်က ပျောက်ဆုံးနေခြင်းပင်။ သွေးတို့က တစက်စက်စီးကျနေဆဲဖြစ်သည်။

ယွီမုန့်က ဒဏ်ရာကို အေးခဲသွားစေရန် ရေခဲခြင်း မန္တာန်ကို ရွတ်ဆိုလိုက်သည်။

"ဒါက အဘာလူ" ယွီမုန့် သူ့ကို မှတ်မိသွားသည်။

"မင်းသူ့ကိုသိလား?" လင်းချီက ယွီမုန့်ဘက်ကို ခေါင်းလှည့်လိုက်သည်။

"အင်း ကျွန်မ သူ့ကိုတွေ့ဖူးတယ်" ယွီမုန့်သည် လင်းချီ၏ ပဟေဠိအကြည့်ကို ကြည့်ပြီး ရှင်းပြသည်။ “သူက ဘရု မျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်ပဲ ဒါကြောင့် အလယ်အလတ်အဆင့်မှော်ပညာကို လေ့ကျင့်ဖို့အတွက် ကျွန်မ သူနဲ့ အကြိမ်အနည်းငယ်လောက် ဆုံခဲ့ဖူးတယ်"

လင်းချီ သက်ပြင်းချလိုက်သည်။ သူမနှင့် ထိုအော့ခ် ကြားတွင် တစ်ခုခုရှိနေသည်ဟု သူထင်ခဲ့မိလိုက်သလိုလို?

ယွီမုန့်က သူ့ကို စိတ်လွတ်သွားပြီလားဟူသောအကြည့်မျိုးဖြင့် ကြည့်နေသည် ။ ဒီကောင် ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ?

ထိုအချိန်တွင် လူသာသည် မောဟိုက်စွာ ပြေးထွက်လာခဲ့သည်။ သူ့အဝတ်ပေါ်တွင် သွေးအနည်းငယ်စွန်းနေသည်။

ဒါကိုမြင်တော့ လင်းချီ အမြန်ထလာပြီး "မင်း အဆင်ပြေရဲ့လား? တိုက်ခိုက်ခံခဲ့ရတာလား"

"အာ?" လူသာသည် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် သူ၏အဝတ်အစားပေါ်ရှိ သွေးများကို သတိပြုမိလိုက်သည်။ သူက အဘာလူ ကို လက်ညှိုးထိုးပြပြီး "အိုး၊ ကျုက်အဆင်ပြေပါတယ် ဒါက သူ့သွေးတွေ”

"မင်း အဆင်ပြေတာကောင်းတယ်" လင်းချီက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ "ဒါဆို မင်းတို့ သူ့ကို ဘယ်လိုတွေ့တာလဲ"

"ခဏနေပါဦး ကျုပ် အသက်ဝအောင် ရှူလိုက်ဦးမယ်" လူသာသည် ကျိုးကျနေသောသစ်ပင်ဆီသို့ လျှောက်သွားသည်။ ထို့နောက် အမောပြေရေသောက်ကာ အဖြစ်အပျက်ကို ဖြည်းညှင်းစွာ ပြောပြသည်။

...

လူသာမှာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်နေသည်။ ရုတ်တရတ် တိုက်ခိုက်မှုအတွက် အသင့်ဖြစ်နေရန် သူ၏ ဘယ်ဘက်လက်တွင် ဓားကို ဆုပ်ကိုင်ထားသည်။

မဟူရာဘုရင်က သစ်တောထဲတွင် မနီးမဝေးမှနေ၍ သူ့နောက်သို့ လိုက်လာသည်။ ပတ်ဝန်းကျင် အမှောင်ထုထဲသို့ ရောထွေးလုနီးပါး ဖြစ်နေသည်။

အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ဘဲ အချိန်အတော်ကြာ လျှောက်လှမ်းခဲ့ကြသည်။ သူတို့ စခန်းနှင့်ပင် အလွန်နီးနေခဲ့ပြီ။

လူသာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွား

သည်။ ကြည့်ရတာ သူ ထိုသတ္တဝါကို အောင်အောင်မြင်မြင် မြှားမခေါ်နိုင်ခဲ့သည့်ပုံပင်။

ရုတ်တရက် ညာဘက်မှ အသံတစ်ခုထွက်လာသည်။ တစ်စုံတစ်ခုက အရှိန်ပြင်းပြင်းနဲ့ ပြေးနေသကဲ့သို့ပင်။

လူသာ၏ ကြက်သီးမွှေးညင်းများ ထောင်တက်လာသည်။ ဘယ်ဘက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ လက်နှစ်ဖက်ကို ဓားရိုးပေါ်တင်ကာ အသံ၏ ဦးတည်ရာဆီသို့ ချိန်ရွယ်ထားသည်။

တစ်ဖက်လူက သူနဲ့ ပိုနီးနီးလာတယ်လို့ ခံစားရသည်။ မဟူရာဘုရင်သည်လည်း မဝေးလှသော နေရာတွင် ပုန်းအောင်းနေပြီး တစ်ဖက်လူအား ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြင့် အချိန်မရွေး အလျင်အမြန် ထွက်တိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

တစ်ဖက်လူက အပြေးထွက်လာသည်ကို လူသာကြားပြီး သူ့ဓားကို မြင့်မြင့် မြှောက်လိုက်သည်။ ထို့နောက်... တောဝက်တစ်ကောင် ချုံပုတ်ထဲမှ ပြေး

ထွက်လာသည်ကို သူမြင်လိုက်ရ၏။

လူသာ ပြောစရာစကားမဲ့သွားခဲ့သည်။ သူ့ဓားကို အသုံးပြုပြီး တောဝက်ကို ရိုက်ချလိုက်သည်။ သူ သက်ပြင်းတစ်ချက်ချကာ နဖူးမှ ချွေးများကို သုတ်ရန် လက်ကို မြှောက်လိုက်သောအခါတွင် လူသာ၏ ရင်ခွင်ထဲသို့ ကြီးမားသော ပုံရိပ်တစ်ခုက ရုတ်တရက် ပြေးဝင်လာပြီး နှစ်ယောက်လုံးအား ပုံလျက် လဲကျသွားစေသည်။

မဟူရာဘုရင်သည် ချက်ချင်း ပြေးလာပြီး လူသာ၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည်။

လူသာ လှိမ့်လိုက်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူ၏ဓားကြီးကို မြှောက်ကာ တစ်ဖက်သူကို ထိုးရန် ကြံရွယ်လိုက်ချိန် ၎င်းမှာ အော့ခ်တစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

လူသာသည် ဘရူမျိုးနွယ်တွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး အဘာလူကို သိသည်။ အရင်က ထိုသူနှင့်ပင် ဓားရေးယှဉ်ခဲ့ဖူး၏။

သူသည် မဟူရာဘုရင်ကို အမြန်ပြန်ဆွဲလိုက်ပြီး ၎င်းသည် ပျောက်ဆုံးနေသော အော့ခ်များထဲမှ တစ်ယောက်ဖြစ်ကြောင်း ပြောလိုက်သည်။

မဟူရာဘုရင်က လူသာကို ခဏလောက်စောင့်ခိုင်းပြီး အဘာလူ ပြေးလာတဲ့ လမ်းကြောင်းဘက်သို့ အမြန်ပြေးထွက်သွားကာ နောက်ကနေ လိုက်နေတဲ့သူရှိမရှိ သိရန် သွားရောက်စုံစမ်းလိုက်သည်။

မကြာခင်မှာပဲ မဟူရာဘုရင် ပြန်လာခဲ့သည်။ လူသာ၏ ပဟေဠိဆန်သော အကြည့်မျက်မှောက်၌ ခေါင်းကို အသာခါယမ်းပြလိုက်သည်။

ထို့ကြောင့် ရိုးရှင်းသော ဆွေးနွေးမှုအပြီးတွင် သူတို့သည် မဟူရာဘုရင်အား အဘာလူကို သယ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြကာ လင်းချီကို ရှာဖွေရန် အမြန်ပြန်ပြေးခဲ့ကြသည်။

လူသာပြောတာကို ကြားပြီးနောက် လင်းချီနှင့် ယွီမုန့်သည် မဟူရာဘုရင်ကို လှည့်ကြည့်လိုက်သည်။

မဟူရာဘုရင် ထိတ်လန့်သွားသည်။ "ဘာလာကြည့်နေတာလဲ?"

လင်းချီ ဆွံ့အသွားသည်။ "မင်း သူ့ကို သတိလစ်အောင် လုပ်လိုက်တာလား?"

“အာ…ဘာဖြစ်လို့လဲ သူ အော့ခ်ဖြစ်နေမှန်း ငါမှ မသိတာ၊ သူက လူသာကို တွန်းထုတ်လိုက်တာလေ အဲ့တာတွေ ဖြစ်ပျက်နေတာကို ငါက ရပ်ပြီး စောင့်ကြည့်နေရမယ်လို့တော့ မပြောနဲ့ မင်း…”

လင်းချီ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မဟူရာဘုရင်တွင် အပြစ်မရှိဘူးဆိုတာ သူသိသည်။ မဟုတ်တောင် အဲ့နေရာက မှောင်နေပြီး ဘယ်သူက ဘယ်သူမှန်း သေချာခွဲခြားမသိနိုင်ပေ။

သူသည် ကြီးမားသော အမဲသားကင်ကို ထုတ်ယူကာ သူ၏ ကျေးဇူးတင်ကြောင်းကို ဖော်ပြရန်အတွက် မဟူရာဘုရင်ရှေ့တွင် ထားလိုက်သည်။

ထိုမှသာ မဟူရာဘုရင်မှာ ပွစိပွစိပြောတာ ရပ်တန့်သွားတော့သည်။

လင်းချီနှင့် အခြားနှစ်ဦးတို့သည် စခန်းသို့ပြန်ကာ အ

ဘာလူကို ဦးစွာကုသရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် အဘာလူ နိုးလာလျှင် သူတို့ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် အခြားပျောက်ဆုံးနေသော အော့ခ်များ ဘယ်ရောက်သွားသည်ကို သိရှိနိုင်မည်ဖြစ်သည်။

သူတို့ သုံးယောက် အဘာလူကို မဟူရာဘုရင်၏ ကျောပေါ် သယ်ဆောင်ကာ စခန်းဆီသို့ အမြန်ပြေးသွားကြသည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အမှောင်ထုထဲကနေ လူတယောက် ထွက်လာခဲ့သည်။ မြေပြင်ပေါ်က သွေးများကို ကြည့်ပြီး လင်းချီနဲ့ တခြားသူများ ထွက်သွားသော ဦးတည်ရာကို လှမ်းကြည့်ရင်း ရက်စက်တဲ့ အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

••••••••

All Chapters