← Chapters

ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ

Vol. 23 Ch. 331

ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ

Vol. 23 Ch. 331

ထန်းတာ့ဂိမ်းကို ပြန်ရောက်လာတော့ ဖေးချမ့် GOG အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

ဂိမ်းက Concept ဒီဇိုင်းဆွဲမှု အဆင့်တွင်သာ ရှိသေးသည်။ လီယာ့တာက အခြေခံ ဒီဇိုင်း အသေးစိတ်များအတွက် အခက်တွေ့နေဆဲ ဖြစ်၏။

သို့သော်လည်း သူတို့ အသေးစား IP တချို့ကို ဝယ်ယူဖို့ အနည်းနဲ့ အများဆိုသလို အသင့်ဖြစ်နေကြပါပြီ။ ပြည်တွင်း ပြည်ပ ကုမ္ပဏီများနဲ့ ဆွေးနွေးဖို့အတွက် ပရော်ဖက်ရှင်နယ်များကို ငှားရမ်းထားပြီးပါပြီ။

ထို IP များအတွက် လိုင်စင်က အချိန်အကန့်အသတ်ဖြင့် သို့မဟုတ် တစ်သက်တာ ကြာရှည်ခံနိုင်သည်။ နှစ်ချက်စလုံးက ညှိနှိုင်းမှုများစွာ အခြေအနေ ဘယ်လိုရှိသလဲ ဆိုသည့်အပေါ်တွင် မူတည်နေပါသည်။

IP တစ်ခုက ပိုပြီး နာမည်ကြီးလေလေ ရေပန်း ပိုစားလေလေ ဖြစ်သည်။ ခွင့်ပြုပေးထားသည့် လိုင်စင်ကလည်း အချိန်အကန့်အသတ်ရှိဖို့ ပိုများသည်။ ဂိမ်းအများစုက ၎င်းတို့၏ ကုန်ကြမ်း မူပိုင်ခွင့်များ သက်တမ်း ကုန်ဆုံးသွားကာ တန်ကြေးများက အဆမတန် မြင့်တက်သွားပြီး ဖန်တီးသူတွေ မတတ်နိုင်တော့သဖြင့် စင်မြင့်ပေါ်မှ ဆင်းလိုက်ကြရတာ များပါသည်။

ထို့ကြောင့် ထန်းတာ့က လက်ရှိတွင် တစ်သက်တာ လိုင်စင် ရနိုင်မည့် IP မျိုးတွေကိုသာ ရှာဖွေနေပါသည်။

ဒါတွေအားလုံးထက် အရေးကြီးတာက စျေးနှုန်းဖြစ်သည်။ လောလောဆယ် အရမ်းကြီး နာမည်မကြီးသည့် ဇာတ်ကောင်များတွင်သာ စိတ်ဝင်စားနေကြသည်။ ရုပ်ပြကာတွန်းဟောင်းများ၊ ဝတ္ထုဟောင်းများနဲ့ ရုပ်ရှင်ဟောင်းများမှ ဇာတ်ကောင်များ အပါအဝင် ဖြစ်သည်။

အမှန်ပင်။ ညှိနှိုင်းဆွေးနွေးမှုများ မပြုလုပ်ခင် သူတို့ လိုချင်သည့် ကုန်ကြမ်းကိုလည်း အကြမ်းဖျင်း လေ့လာ ဆန်းစစ်ထားရသေးသည်။ ဒါက ဂိမ်းထဲမှာ သုံးစွဲဖို့ သင့်တော်ကာ မလိုက်မဖက် မဖြစ်စေမှာ သေချာစေဖို့ ဖြစ်ပါသည်။

ဇာတ်ကောင်များက ဂိမ်းနဲ့ စတိုင်ချင်း ကွဲပြားနေပါက ဆွေးနွေးစရာတွေ ပိုများသွားပါမည်။ ဂိမ်းရဲ့ စတိုင်နဲ့ လိုက်ဖက်အောင် ဇာတ်ကောင်ကို ပြန်ပြုပြင်ခွင့်အား ထန်းတာ့ တောင်းခံရမည်။

ဒုက္ခများသည့် လုပ်ငန်းစဉ်ဖြစ်သော်လည်း ဦးတည်ချက်ကတော့ ရှင်းပါသည်။ ကန့်သတ်ချက်နဲ့ မကိုက်ညီဘဲ ဝယ်ယူလို့လည်း မရသည့် ဇာတ်ကောင်တိုင်းကို နှုတ်ဆက်ရလိမ့်မည်။

ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ IP စုတ်များစွာ ရှိပါသည်။ လုံလောက်ပြီဟု ခံစားရသည့်အချိန်ထိ ကျပန်း ကြိုက်သလောက် ရွေးချယ်နိုင်သည်။

လောလောဆယ်အချိန်မှာ ဂိမ်းက ဘယ်လိုပုံစံ ပေါက်မလဲ ဆိုတာကိုပင် အကြံမရကြသေးပါ။ ထို့ကြောင့် ဖေးချမ့်လည်း အများကြီး လမ်းညွှန်ပေးလို့ မရပေ။ ဒီကာလအတွင်း အခြအနေတွေ ဘယ်လို ဖြစ်သွားမလဲဆိုတာကိုသာ စောင့်ကြည့်နေလို့ ရပါသည်။

ရုံးကိုပြန်လာပြီး သိပ်မကြာလိုက်၊ HR ဌာနမှ ဟောက်ယွင်က တံခါးလာခေါက်သည်။

"ဘော့စ်ဖေး။ ကျွန်မတို့ စာမေးပွဲမေးခွန်းတစ်စုံ သတ်မှတ်ဖို့ စဉ်းစားထားပြီးပါပြီ။ အဆင်ပြေရဲ့လားဆိုတာ ဘော့စ်ဖေး ကြည့်ပေးပါဦး"

"နောက်ဆုံးအဆင့်ဖြစ်တဲ့ ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ ဆောင်ရွက်ဖို့အတွက် ကူညီပေးဖို့ TPDb ရဲ့ တာဝန်ရှိသူတွေကိုလည်း အွန်လိုင်းပလက်ဖောင်း တစ်ခု ဖန်တီးခိုင်းထားပါတယ်။ ထန်းတာ့ရဲ့ ဝန်ထမ်း ခေါ်ယူမှု ဝက်ဘ်ဆိုက် ပြီးဆုံးသွားတဲ့အခါ ဘော့စ်ဖေးက သီးသန့်ဝင်ရောက်ကြည့်ရှုခွင့် ရပါမယ်။ ပလက်ဖောင်းပေါ်က မေးခွန်းနဲ့ အဖြေတွေကို ဘော့စ်ဖေး ပြုပြင်နိုင်ပြီး တခြားသူတွေ မမြင်အောင်လည်း ကာကွယ်နိုင်ပါတယ်"

ဖေးချမ့်က ဟောက်ယွင်ထံမှ ပရင့်ထုတ်ထားသည့် မေးခွန်းလွှာကို ယူလိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ ထားခဲ့လိုက်။ ငါကြည့်လိုက်မယ်"

ဟောက်ယွင် အလုပ်ပြန်လုပ်နေလိုက်ပါသည်။

ထို့နောက် ဖေးချမ့်က မေးခွန်းလွှာများကို လှန်ကာ အသေးစိတ် လေ့လာကြည့်လိုက်၏။

ဝန်ထမ်းခေါ်ယူမှုအတွက် အဓိက ပြင်ဆင်ရမည့် တာဝန် ၂ ခုသာရှိပါသည်။ ပထမတစ်ခုက ဝန်ထမ်း ခေါ်ယူမှု ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးရမည်။ ထိုနေရာတွင် လျှောက်ထားသူများက ၎င်းတို့၏ လျှောက်လွှာများကို တင်သွင်းနိုင်သည်။ စာရင်းပေးသွင်းကာ စာမေးပွဲခန်းဝင်ခွင့်လက်မှတ်ကိုလည်း ပရင့် ထုတ်နိုင်ပါသည်။

ဝက်ဘ်ဆိုက်ကို ဖန်တီးပြီးစီးသွားပြီဆိုတာနဲ့ လျှောက်ထားသူတွေက သတ်မှတ်ထားသည့် အချိန်အကန့်အသတ်အတွင်း ဝက်ဘ်ဆိုက်ပေါ်ရှိ လိုအပ်သည့် နယ်ပယ်များတွင် အချက်အလက် ဖြည့်သွင်းဖို့သာ လိုသည်။

စာမေးပွဲဝင်ခွင့်လက်မှတ်ကိုလည်း ပရင့်ထုတ်ရမည် ဖြစ်ပြီး ရေးဖြေစာမေးပွဲကို လူကိုယ်တိုင် သွားရောက် ဖြေဆိုရမည်။ ဒီလို ငြီးငွေ့ဖွယ် လုပ်ငန်းစဉ်အားလုံးကို အွန်လိုင်းစနစ်ဖြင့် ဖန်တီးလိုက်ခြင်းအားဖြင့် HR ဌာနလည်း အများကြီး သက်သာသွားနိုင်ပါသည်။

ထို့အပြင် စာမေးပွဲမေးခွန်းလွှာကိုလည်း သတ်မှတ်ရမည်။ ဒါက ဖေးချမ့် စိစစ်ပေးရမည့် အရာဖြစ်သည်။

စာမေးပွဲကို နှစ်စဉ် မေလနဲ့ နိုဝင်ဘာလများမှာ ကျင်းပသွားမည်။

မတ်လ၊ ဧပြီလ၊ စက်တင်ဘာလ၊ အောက်တိုဘာလများက ရွှေရောင်ကာလများဟု ဝန်ထမ်းခေါ်ယူမှု နယ်ပယ်မှာ လူသိများကြသည်။ မတ်လနဲ့ ဧပြီလတို့က ပထမနှစ်ဝက်အတွင်း ရွှေရောင်ကာလဟု သတမှတ်ခံထားရသည်။ အဘယ့်ကြောင့်ဆိုသော် လူအမြောက်အများက နှစ်ကုန် ဘောနပ်စ်ကို ရရှိပြီးနောက် Lunar နှစ်သစ်ကူးကာလအကုန်တွင် အလုပ်ထွက်ဖို့ ဆုံးဖြတ်လေ့ ရှိကြသောကြောင့် ဖြစ်ပါသည်။ ထို့နောက် မတ်လတွင် အလုပ်ရှာဖွေမှုများကို စတင်လိမ့်မည်။

စက်တင်ဘာလနဲ့ အောက်တိုဘာလများက ဒုတိယ နှစ်ဝက်၏ ရွှေရောင်ကာလများဟု သတ်မှတ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ်ကျောင်းသား များစွာက ဘွဲ့လက်မှတ်များ တရားဝင် ရရှိကာ ပထမဆုံး အလုပ်ကို စတင် ရှာဖွေကြသည့် ကာလများဖြစ်တာကြောင့် ဖြစ်ပါသည်။

ဘော့စ်ဖေးကလည်း ထိုလတွေကိုပဲ ရှောင်ကျဉ်ဖို့ ကြိုးစားနေခြင်း ဖြစ်၏။

ထိုလများတွင် စျေးကွက်ထဲ၌ ပါရမီရှင်များစွာ ရှိနေနိုင်သည်။ ထန်းတာ့က ရေးဖြေစာမေးပွဲဖြင့် ဝန်ထမ်းများကို ရွေးချယ်မှာလည်း ဖြစ်သည်။ စာမေးပွဲလာဖြေသူများက အလွန်ဉာဏ်ကောင်းပြီး ပညာတတ်သည့် လူတွေ ဖြစ်နေပါက ဖေးချမ့် လိုချင်သည့် အာနိသင်နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မည်။

ထို့ကြောင့် သူ စိတ်ရှည်ရှည်နဲ့ စောင့်ရမည်။

ရွှေရောင်ကာလများ ကုန်ဆုံးသွားတာနဲ့ အစွမ်းအစရှိသည့် ပါရမီရှင် အများစုက အလုပ်တွေ ရသွားလောက်ကြပြီ ဖြစ်မှန်း ဖေးချမ့် စိတ်ချလို့ ရသည်။ ထိုအခါမှ စျေးကွက်ထဲက အစွမ်းအစ သိပ်မရှိသည့် လက်ကျန်များကို ခေါ်ယူဖို့ ကြိုးစားနိုင်သည်။

TPDb ကို ဝန်းထမ်းခေါ်ယူမှု ဝက်ဘ်ဆိုက် ဖန်တီးဖို့ တာဝန်ပေးလိုက်ရခြင်းမှာ ထိုဝက်ဘ်ဆိုက်ကို 'ထန်းတာ့ ဝန်ထမ်းခေါ်ယူမှု ဝက်ဘ်ဆိုက်' သို့မဟုတ် 'ထန်းတာ့ ပါရမီရှင်ဒေတာဘေ့စ်' ဟု ခေါ်ဆိုကာ TPDb ဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်နိုင်သောကြောင့် ဖြစ်သည်။

ဖေးချမ့်က မေးခွန်းလွှာကို စတင်ပြီး စစ်ဆေးကြည့်လိုက်သည်။

မေးခွန်းများကို အပိုင်း ၃ ပိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန် ပိုင်းခြားထားသည်။ မနက်ခင်းတွင် ကျင်းပမည့် အခြေခံစွမ်းရည် ရေးဖြေစာမေးပွဲ၊ နေ့လည်ခင်းတွင် ကျင်းပမည့် အထူးဗဟုသုတ ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတို့ ဖြစ်သည်။

အခြေခံစွမ်းရည် ရေးဖြေစာမေးပွဲအတွက် မေးခွန်းများကို HR ဌာက သတ်မှတ်ပေးထားသည်။ ဖေးချမ့် လှန်ကြည့်လိုက်သောအခါ မေးခွန်းတွေ အားလုံးက အစိုးရ ဝန်ထမ်းခေါ်ယူမှု စာမေးပွဲများရှိ မေးခွန်းများနဲ့ အတော်လေး ဆင်တူနေတာကို မြင်လိုက်ရပါသည်။ နယ်ပယ်ပေါင်းစုံမှ ဗဟုသုတများကို စမ်းသပ်မေးမြန်းထားသည်။ ကြိုတင် လေ့လာထားခြင်း မရှိရင်တောင် အမှတ်မြင့်မြင့်ရနိုင်ဖို့ဆို အလွန်ပါရမီရှိထားမှ ဖြစ်ပါမည်။

အထူးဗဟုသုတစာမေးပွဲအတွက် မေးခွန်းများကို ဌာန ပေါင်းစုံမှ သတ်မှတ်ပေးထားသည်။ ဥပမာ အားဖြင့် ဂိမ်းဌာနက ဂိမ်းလောက၏ အခြေခံ ဗဟုသုတများ၊ တချို့ လုပ်ငန်းအခေါ်အဝေါ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ဂိမ်းစနစ်များနဲ့ ပတ်သတ်ပြီး မေးမြန်းထားသည့် အတိုချုန်း မေးခွန်းများ၊ ဂိမ်းများ၏ အနှစ်ချုပ် အဆိုပြုချက်တစ်ခု စသည်တို့ကို အခြေခံပြီး မေးခွန်းများကို သတ်မှတ်ပေးထားသည်။

အင်တာဗျူးမေးခွန်းများကလည်း ပိုပြီး ကျယ်ပြန့်သည်။ သို့သော်လည်း ၎င်းတို့က ကဏ္ဍပေါင်းစုံနဲ့ ပိုပြီး နီးစပ် ဆက်နွယ်မှု ရှိသည်။

မေးခွန်းများကို ဖတ်ပြီးနောက် ဖေးချမ့် အတွေး နက်နဲသွားသည်။

ရုတ်တရက်ကြီး သူ့တွေးခေါ်ပုံတွေ အလွန် ရိုးရှင်းလွန်းခဲ့သည်ဟု ခံစားလိုက်ရပါသည်။ အလွန် အရေးပါးသည့် ကိစ္စတစ်ခုကိုမှ ကွက်ပြီး တွေးဖို့ မေ့သွားပါသည်။ ဒါကတော့... မေးခွန်းတွေ ဘယ်လောက် ခက်ခဲရမလဲ ဆိုတာကိုပင်။

လောလောဆယ် မေးခွန်းများ၏ ခက်ခဲမှုအဆင့်က ရာထူးမြင့်အစိုးရဝန်ထမ်းများ ဖြေဆိုရသည့် စာမေးပွဲများနဲ့ ယှဉ်လျှင် သာမန်ထက် ပိုနိမ့်နေသည်ဟု ဆိုနိုင်ပါသည်။ ဒါကလည်း ဖြစ်သင့်ပါသည်။

ဘာပဲဖြစ်ဖြစ် HR ဌာနက ဝန်ထမ်းအားလုံးရဲ့ အမြင်မှာတော့ ထန်းတာ့ရဲ့ ဝန်ထမ်းခေါ်ယူမှုက အသင်းအဖွဲ့နဲ့ သက်ဆိုင်သည်။ ထို့ကြောင့် လျှောက်ထားသူများ၏ လက်တွေ့စွမ်းရည်များနဲ့ အစွမ်းအစတွေပေါ်မှာပဲ ပိုပြီး အလေးထားကြသည်။

ထို့ကြောင့် အင်တာဗျူးက တခြား စာမေးပွဲ ၂ ခုနဲ့ ယှဉ်လိုက်လျှင် ပိုပြီး လေးနက်နေတာ ဖြစ်ပါသည်။

အသက် ၃၀ - ၄၀ ကျော် လုပ်ငန်းကျွမ်းကျင်သူတွေက လုပ်ငန်းအကြောင်း လေးလေးနက်နက် ဗဟုသုတကြွယ်နိုင်သော်လည်း အခြေခံစွမ်းရည် စာမေးပွဲမှာ အတော်လေး ညံ့သွားနိုင်သည်။ ဒီလိုဆို ကျွမ်းကျင်သူတွေအတွက် အလွန်ခက်ခဲမသွားနိုင်ဘူးလား။

ထို့ကြောင့် HR ဌာနက ရည်ရွယ်ချက်ရှိရှိဖြင့် အခြေခံစွမ်းရည် စာမေးပွဲ၏ ခက်ခဲမှုအဆင့်ကို လျှော့ချထားခြင်းဖြစ်သည်။

ဒီလိုမှ ရွေးထုတ်လိုက်သည့် လျှောက်ထားသူများက လက်တွေ့ လုပ်ငန်း စွမ်းရည်များအရ ပိုပြီး အဆင်ပြေကာ အားသန်ကြမည်ဖြစ်သည်။

တစ်ဖက်မှာတော့ ဒီလိုမျိုး ဖြစ်လို့မရမှန်း ဖေးချမ့် တွေးမိပါသည်။

ဝန်ထမ်းခေါ်ယူမှု စာမေးပွဲဆိုတာလည်း ဝန်ထမ်း ရွေးချယ်သည့် နည်းလမ်းတစ်ခုပဲ မဟုတ်ဘူးလား။ ထန်းတာ့တွင် အကန့်အသတ်ရှိသည့် ရာထူး နေရာများအတွက် လူပေါင်းများစွာက ယှဉ်ပြိုင်နေကြရင်တောင် ဘော့စ်ဖေးက သူ့ကန့်သတ်ချက်များနဲ့ ကိုက်ညီသည့် လျှောက်ထားသူတွေကိုပဲ ခန့်အပ်ချင်သည်။

ဆိုလိုရင်းက ပြောင်းပြန်ထုတ်ပြန်မှုက အလုပ်ဖြစ်မှာ မဟုတ်ပေ။

ဖေးချမ့်သာ စာမေးပွဲတွင် ရရှိထားသည့် အမှတ်များအရ အမြင့်ဆုံးလူတွေကစပြီး ထုတ်ပယ်လျှင် စနစ်က လက်ခံမှာ မဟုတ်ပါ။ သူ့ဝန်ထမ်းတွေကို ရှင်းပြဖို့လည်း အခက်တွေ့နိုင်သည်။ ထို့အပြင် လက်တွေ့လည်း မကျလှပါ။

သတင်းသာ ပေါက်ကြားသွားပြီး အားလုံးက အဖြေစာရွက် ဗလာတွေချည်း လာအပ်ခြင်း သို့မဟုတ် အမှတ်ကို အနိမ့်ဆုံးဖြစ်အောင် ဖြေကြပါက ဖေးချမ့် ဘာလုပ်ရမည်နည်း။

ထို့ကြောင့် လျှောက်ထားသူတွေကို အမှတ်နိမ့် အစဉ်လိုက်သာ ထုတ်ပယ်နိုင်ပါသည်။ ရှင်းရှင်း ပြောရလျှင် သူ့မှာ ရွေးချယ်ခွင့် ၂ ခု ရှိသည်။ စာမေးပွဲတွေမှာ တော်သည့် စာဂျပိုးများကို ဝင်ခွင့် ပြုရင်ပြု ဒါမှမဟုတ် အင်တာဗျူးနဲ့ လုပ်ငန်းလုပ်ရာတွင် တော်သည့် ပါရမီရှင်များကို ဝင်ခွင့်ပြုနိုင်သည်။

တစ်ခါတစ်လေ ထိုလူတန်းစား ၂ မျိုးက ဘက်စုံ တော်နေတတ်သည်။ သို့သော်လည်း အများအားဖြင့်တော့ ထိုလူတန်းစား ၂ မျိုးမှာ စွမ်းရည် ၁ ခုရှိလျှင် တခြား ၁ ခု မရှိတတ်ကြပါ။

အနှစ်ချုပ်အားဖြင့် ပညာရေးမှတ်တမ်း မြင့်မားသည့် ပါရမီရှင်များက ပညာရေးမှာလည်း အလွန် တော်ကြသလို အလုပ်မှာလည်း ထူးချွန်ကြသည်။ စာမေးပွဲအမှတ် မြင့်မားသော်လည်း အစွမ်းအစ နိမ့်ကျသည့် လူတွေက နည်းပါးပါသည်။

သို့သော်လည်း ဝန်ထမ်းများ၏ ပညာရေးမှတ်တမ်းကို အာရုံစိုက်လွန်းသဖြင့် ကုမ္ပဏီ၏ အောင်မြင်မှုတွေ လမ်းချော်သွားသည့် ကုမ္ပဏီတချို့ကိုလည်း ဖေးချမ့် မြင်ဖူးပါသည်။

ပညာရေးမှတ်တမ်းမြင့်မားသည့် လျှောက်ထားသူ အများစုက အလုပ်ကို သဘောမကျကြဘဲ လစာ မြင့်မြင့်ရဖို့သာ လျှောက်ထားကြခြင်း ဖြစ်သည်။ ၎င်းတို့ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းပြီး လက်ရာကောင်းသော်လည်း ခံစားချက်မဲ့သည့် အရာများကိုသာ ဖန်တီးမိလေ့ ရှိကြသည်။

ဒါက စဉ်းစားစရာ အချက်တစ်ခု ဖြစ်၏။

ဘယ်လိုပဲဖြစ်ဖြစ် အများကြီး စဉ်းစားကြည့်ပြီးနောက် ဖေးချမ့် အရှေ့က လူမျိုးကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။ အနောက်က လူမျိုးက သူ့ကို အရူးလို နောက်ကျောဓားနဲ့ ထိုးမည့် လူတွေသာ ဖြစ်သည်။ အရှေ့ကလူမျိုးက သင်ယူလေ့လာခြင်းနဲ့ စာမေးပွဲ ဖြေဆိုခြင်းတို့တွင် အလွန်တော်နိုင်သော်လည်း အလုပ်လုပ်ရာမှာ တော်ချင်မှ တော်နိုင်မည်။ အများကြီး ပိုဘေးကင်းသည့် ရွေးချယ်မှုဟု ဖေးချမ့် ထင်မိပါသည်။

ထိုအတွေးဖြင့် ဖေးချမ့် စာရွက်ထိပ်တွင် မှတ်ချက် ရေးသားပေးလိုက်သည်။ “အခြေခံစွမ်းရည် စာမေးပွဲ ခက်ခဲမှုကို ထပ်မြှင့်လိုက်။ အမြင့်ဆုံးဖြစ်အောင် လုပ်လိုက်"

ထို့နောက် ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ အတွက် မေးခွန်းများ ထုတ်ဖို့ အချိန်တန်ပြီဟု ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဒီစာမေးပွဲက လျှောက်ထားသူများ၏ ရေသာခိုနိုင်ခြေကို ဖော်ထုတ်ဖို့ဖြစ်ပြီး အလုပ်ကြိုးစားသူများကို ဖယ်ထုတ်ဖို့ ဖြစ်သည်။

အမှန်ပင်။ ဒီစာမေးပွဲနဲ့ ပတ်သတ်ပြီးတော့လည်း ဇဝေဇဝါဖြစ်အောင် ဖေးချမ့် လုပ်ရမည်။ အဖြေမှန်တိုင်းကို တစ်ချိန်လုံး ဖုံးကွယ်ထားရမည်။

ဝက်ဘ်ဆိုက်အသင့်ဖြစ်ပြီဆိုတာန့ အချိန်ပြည့်ဝန်ထမ်း ဖြစ်လာချင်သည့် အလုပ်သင်များကို သတ်မှတ်ထားသည့် အချိန်တွင် သတ်မှတ်ထားသည့် ကွန်ပျူတာရှေ့ စာမေးပွဲထိုင်ဖြေခွင့်ပြုမည်ဖြစ်သည်။

၎င်းတို့ ဖြေပြီးတာနဲ့ အဖြေလွှာများကို တင်သွင်းရမည်။ ဝက်ဘ်ဆိုက်က အလိုအလျောက် စစ်ဆေး အမှတ်ပေးပါလိမ့်မည်။

အမှတ်တွေကို မြင်နိုင်တာ ဖေးချမ့် တစ်ယောက်တည်းသာ ဖြစ်ရမည်။ ဝန်ထမ်းတွေ အောင် မအောင်သာ အသိပေးမည်ဖြစ်ပြီး အမှတ် ဘယ်လောက်ရသလဲ ပြောပြမှာ မဟုတ်ပါ။

တစ်ချိန်တည်းမှာပင် ကုမ္ပဏီက မေးခွန်းလွှာနဲ့ ပတ်သတ်ပြီးတော့လည်း ဘာမှ ပြောခွင့် မရှိပါ။

နောက်ကွယ်တွေ လျှို့ဝှက်ပြောဆိုတာမျိုးကိုတော့ တားဆီးဖို့ နည်းလမ်းမရှိပါ။ သို့သော် စာမေးပွဲထဲက မေးခွန်းတိုင်းကို လျှောက်ထားသူတွေ မှတ်မိနိုင်စရာ အကြောင်း မရှိပါ။ သူတို့ မေးခွန်းတချို့ကို ပြောမိရင်တောင် အဖြေမှန်က ဘာလဲဆိုတာ ခန့်မှန်းနိုင်ကြမှာ မဟုတ်ပါ။

ဖေးချမ့်က စာမေးပွဲ၏ တိကျမှုကို ထိန်းသိမ်းဖို့ မကြာခဏ မေးခွန်းတွေကိုလည်း ပြုပြင် အစားထိုးမည်ဖြစ်သည်။

ဘော့စ်ဖေး၏ မေးခွန်းများ အားလုံးက အလွန်အမင်း ဇဝေဇဝါဖြစ်စရာ ကောင်းလိမ့်မည်။

ဥပမာ တစ်ခု ရှိသည်။

မေးခွန်း : အလုပ်ဆင်းဖို့ အချိန်ရောက်ပြီ ဖြစ်သော်လည်း မိမိလက်ထဲတွင် မပြီးမြောက်သေးသည့် တာဝန်တစ်ခု ရှိနေသည်။

သင့်အဖြေက :

A.ပြီးမြောက်အောင် အချိန်ပို ဆင်းမည်။

B.မနက်ဖြန်မှ ဆက်လုပ်မည်။

C.ဒီတာဝန်က အရေးကြီးသလား မေးကြည့်လိုက်မည်။ အရေးကြီးပါက အချိန်ပို လုပ်မည်။ မကြီးပါက မနက်ဖြန်မှ ဆက်လုပ်မည်။

D.အထက်လူကြီးက (ဘော့စ်ဖေးမဟုတ်) ဆင်းခိုင်းပါက အချိန်ပိုဆင်းမည်။ မခိုင်းပါက အချိန်ပို လုပ်စရာ မလိုဟု ယူဆမည်။

E.တာဝန်ကို ပြီးဆုံးအောင် အချိန်ပိုလုပ်ခိုင်းပါက အထက်လူကြီးကို (ဘော့စ်ဖေးမဟုတ်) ပြန်ခံပြောမည်။

E ကိုရွေးချယ်သည့် လူတွေက ၅ မှတ်ရမည်ဖြစ်သည်။ B ကို ရွေးချယ်သူတွေက ၄ မှတ်ရမည်ဖြစ်သည်။ D ကို ရွေးချယ်သူတွေက ၂ မှတ်၊ C ကို ရွေးချယ်သူတွေက ၁ မှတ်နဲ့ A ကို ရွေးချယ်သူတွေက ဘဲဥ အသီးသီး ရကြမည်။

နောက်ထပ် ဥပမာ တစ်ခု ရှိသေးသည်။

မေးခွန်း : အလုပ်ဆင်းဖို့ အချိန်ရောက်ပြီ ဖြစ်သော်လည်း လက်ထဲတွင် မပြီးမြောက်သေးသည့် တာဝန်တစ်ခု ရှိနေသည်။ ဘော့စ်ဖေးက သတ်မှတ်ထားသည့် နေ့ရက် မတိုင်ခင် စောစော ပြီးအောင် လုပ်ရမည်ဟု သင့်ကို အမိန့်ပေးထားသည်။

သင့်အဖြေက :

A. ပြီးမြောက်အောင် အချိန်ပိုလုပ်မည်။

B. မနက်ဖြန်မှ ဆက်လုပ်မည်။

C. ဒီတာဝန် အရေးကြီးသလား ဘော့စ်ဖေးကို မေးလိုက်မည်။ အရေးကြီးပါက အချိန်ပိုဆင်းမည်။ မကြီးပါက မနက်ဖြန်မှ ဆက်လုပ်မည်။

D. အလုပ်ပြီးမြောက်အောင် အချိန်ပိုဆင်းကာ ဘော့စ်ဖေးကို အချိန်ပို လစာ ၂ ဆတောင်းမည်။

E. တာဝန်ကို အိမ်မှာ ပြီးအောင် လုပ်လိုက်မည်။

D ကိုရွေးချယ်သူက ၅ မှတ်ရမည်။ A သို့မဟုတ် E က ၄ မှတ်ရမည်။ C က ၂ မှတ်သာ ရမည်ဖြစ်ပြီး B က သုည ဖြစ်မည်။

ဒီမေးခွန်း ၂ ခုအတွက် အဖြေတွေ ဘာကြောင့် ကွဲပြားနေရသလဲ ဆိုတာကတော့...

ပြောစရာ မလိုပါ။ ဘော့စ်ဖေးက ဝန်ထမ်းတစ်ယောက်ကို အချိန်ပိုဆင်းခိုင်းပါက ငွေစာရင်းရှင်းချိန် နီးကပ်နေတာကြောင့်သာ ဖြစ်နိုင်ပါသည်။ ထုတ်ကုန် ထုတ်လုပ်မှု နှောင့်နှေးသွားပါက ဘော့စ်ဖေး စနစ်နဲ့ ပြဿနာ တက်ပါလိမ့်မည်။

အမှန်ပင်။ တာဝန်ကို ပြီးမြောက်ပြီးနောက် ဝန်ထမ်းတွေက ဘော့စ်ဖေးကို တတ်နိုင်သမျှ အချိန်ပို လစာ များများတောင်းဖို့လည်း မေ့လို့ မဖြစ်ပါ။

အနှစ်ချုပ်အားဖြင့် ဘော့စ်ဖေးကိုယ်တိုင် တာဝန် ပေးထားတာဆိုလျှင် သူတို့ ပြီးအောင်လုပ်ရမည်။ ဘော့စ်ဖေးက တာဝန်ကို အရေးပေါ်ဖြစ်သည်ဟု မပြောပါက ကိုယ့်ဆန္ဒနဲ့ကိုယ် အချိန်ပို မလုပ်ရပါ။

ထိုစံနှုန်းအတိုင်း ဝန်ထမ်းများက ကုမ္ပဏီ အကျိုးခံစားခွင့်များကို ကြိုက်သလောက် တောင်းနိုင်သည်။ သူတို့ဘက်က အရင်ပိုတောင်းလေလေ ပိုကောင်းလေလေ ဖြစ်သည်။

ဖေးချမ့် ဦးနှောက်စားလိုက်ပြီး မေးခွန်း အနည်းငယ် ထပ်စဉ်းစားလိုက်ပါသည်။ အားလုံးက သဘောတရား တစ်ခုမှာသာ ကွေ့ဝိုက်နေကြသည်။

မေးခွန်းတွေမှာ ဝေခွဲရခက်သည့် ဇာတ်ကြောင်း များစွာ ပါဝင်သည်။ ရှုပ်ထွေး ကွေ့ကောက်နေသည့် ဇာတ်ကြောင်းများက ဘော့စ်ဖေး၏ ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ဖို့ ဖြစ်သည်။ ဒါမှ လျှောက်ထားသူတွေက ၎င်းတို့ကို ခန့်မှန်းဖို့ နည်းလမ်း မရှိမှာ ဖြစ်ပါသည်။

ဝက်ဘ်ဆိုက် အသင့်ဖြစ်တာနဲ့ မေးခွန်းများကို တင်ကာ အဖြေမှန်များကို သတ်မှတ်လိုက်မည်။ ထို့နောာက် လျှောက်ထားသူတွေ စာမေးပွဲဖြေမည့် အချိန်ကို စောင့်နေဖို့သာ လိုပါတော့သည်။

ပိုကြီးမားသည့် မေးခွန်းဘဏ်ကြီးတစ်ခုကိုလည်း ဖန်တီးဖို့ စဉ်းစာနိုင်၏။ ဝန်ထမ်းခေါ်ယူမှု အသုတ်တိုင်းမှာ ကျပန်းမေးခွန်းများ ရွေးချယ်နိုင်မည့် မေးခွန်းဘဏ်မျိုးဖြစ်ပါသည်။ ဒီလိုသာဆို မေးခွန်းများအကြောင်း အပြင်မှာ ပြောကြသည့်အခါ လျှောက်ထားသူတွေ အဖြေမှန်ကို ခန့်မှန်းနိုင်ခြေ ပိုနည်းသွားနိုင်ပါသည်။

ဒီစာမေးပွဲကို အောင်မြင်နိုင်သည့်လူတွေကိုသာ ထန်းတာ့၏ ခံယူချက်နဲ့ ကိုက်ညီမှုရှိသည်ဟု ဆိုနိုင်သည်။

မအောင်မြင်သည့် လူတွေကတော့... ထန်းတာ့၏ ခံယူချက်ကို နားလည်ဖို့ ပိုကြိုးစားကြရပါမည်။

All Chapters