“လှပတဲ့မနက်ဖြန်” ဇာတ်ညွှန်း အပြီးသပ်ခြင်း
Vol. 23 Ch. 332
နိုဝင်ဘာလ ၁၇ ရက်နေ့....
ဖေးချမ့်ကို ဟွမ်းစစ်ပေါ် ဖုန်းဆက်ခဲ့၏။ ဖေးဟွမ်လုပ်ငန်းက ရိုက်ကူးရေးနှင့် ပတ်သတ်သည့် တခြားကိစ္စများနဲ့ ဇာတ်ညွှန်းအတွက် အတည်ပြုချင်သည်ဟု ပြောခဲ့သည်။ ဖေးချမ့် ဇာတ်ညွှန်းကို ရေးခဲ့တာ အခုဆို ၂ ပတ် ကြာခဲ့ပါပြီ။
ဒီနှစ်ပတ်တောအတွင်း ကျူးရှောင်စဲနဲ့ ဖေးဟွမ် လုပ်ငန်းက ဇာတ်ညွှန်းဆရာများက ဘော့စ်ဖေးရဲ့ ဇာတ်ညွှန်းအတွက် မရပ်မနား အလုပ် လုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ ရိုက်ကူးရေး စတင်ဖို့လည်း ပြင်ဆင်ခဲ့ကြ၏။
ယခု ဇာတ်ညွှန်း နောက်ဆုံးတော့ ပြီးမြောက်သွားပြီ ဖြစ်ကာ ရုပ်ရှင်၏ အဓိက စပွန်ဆာဖြစ်မည့် ဖေးချမ့် နောက်ဆုံး သဘောတူ ခေါင်းငြိမ့်ပေးဖို့သာ လိုတော့ပါသည်။ ဒါကလည်း သဘောထားဆိုင်ရာ ကိစ္စ ဖြစ်သည်။
အမှန်ပင်။ ကျူးရှောင်စဲသာ ဇာတ်ညွှန်းကို အများကြီး ပြောင်းလဲပစ်လိုက်ပြီး အဆိပ်အတောက် ဖြစ်စေသည့် အာနိသင်ကို လျော့နည်းသွားစေလျှင် စကားတစ်ခွန်း နှစ်ခွန်းတော့ ပြောရပါလိမ့်မည်။
ဘော့စ်ဖေးက အိုင်ဒီယာ စဉ်းစားပြီး ဆုံးဖြတ်ချက်များ ချရတာကို ပိုပိုပြီး ပျင်းရိလာပါပြီ။ ဒါကလည်း သူ ဘယ်လောက်ပဲ ဆုံးဖြတ်ချက်တွေ ချပါစေ သူ့လူတွေက သူ့ကို နောက်ကျောဓားနဲ့ ထိုးဖြစ်အောင် ထိုးနေကြဆဲ ဖြစ်တာကြောင့်ပင်။
သူတို့ သမုဒ္ဒရာရဲတိုက်ကို ဖန်တီးခဲ့စဉ်က ဖေးချမ့် ယေဘုယျဦးတည်ချက်တစ်ခုသာ ပေးခဲ့ပြီး သူ့ဝန်ထမ်းတွေကို အသေးစိတ်ကိုယ်တိုင် ထပ်ဖြည့်ခိုင်းခဲ့၏။ ထို့နောက်မှာတော့ ဂိမ်းက ရေပန်းစားလာခဲ့ပါသည်။
သူတို့ Game Designer ကို ဖန်တီးခဲ့ပြန်တုန်းကလည်း ဖေးချမ့်က အသေးစိတ်မှန်သမျှကို တိတိကျကျ ပြောခဲ့ကာ လုမင်လျန်ကို သုံးစရာ ပစ္စည်းတစ်ခုကလွဲပြီး ဘာမှ မတွေးတတ်အောင် လုပ်ခဲ့သည်။ ထို့နောက်တွင် ဂိမ်းက ရေပန်းစားလာပြန်ပါသည်။
မာယန်ကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြောခဲ့တုန်းကလည်း ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ရမည်ဟု ဖေးချမ့် သတ်မှတ်ချက် မချခဲ့ပါ။ မာကြီးရဲ့ ဖန်တီးနိုင်စွမ်းကိုပင် ကန့်သတ်ဖို့ မစဉ်းစားခဲ့ပါ။ ဒါတောင်...။
အဆုံးသတ်မှာ ဘော့စ်ဖေး သနားစရာ ကောင်းသွားခဲ့ပါသည်။
ပရောဂျက်တွေကို သူဘယ်လောက်ပဲ ကြိုတွေးကြိုတွေး၊ အသေးစိတ်ကျကျ လုပ်ပေးပါစေ ရလဒ်ကတော့ ဘယ်တော့မှ ပြောင်းလဲမသွားပါ။
ဒီလိုဆိုမှတော့ အလုပ်ကြိုးစားနေလည်း ဘာမှ မထူးပါ။
ပရောဂျက်တိုင်းအတွက် ဘော့စ်ဖေး အသေးစိတ် တစ်ခုချင်းစီတိုင်းကို စဉ်းစားပေးရတာ အလွန် ပင်ပန်းရပါသည်။ Game Designer တုန်းက လိုပဲ ဖြစ်သည်။
ထို့ကြောင့် ဖေးဟွမ်လုပ်ငန်း၏ အခြေအနေကို သာမန်မျှသာ စစ်ဆေးကြည့်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်၏။ 'အထင်အမြင်' တချို့ ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားကြည့်ပါမည်။ သွယ်ဝိုက်သောနည်းဖြင့် အနည်းငယ် ကန့်လန့်တိုက်ပြီးနောက် ဒီနေ့ အလုပ်ပြီးပါပြီ။
လူသားတွေ ဘယ်လောက်ပဲ အစီအစဉ်ချသော်လည်း နတ်ဘုရားများက အဆုံးအဖြတ်ပေးလိမ့်မည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ အရာရာကို တွန်းအားပေး လုပ်ဆောင်ဖို့ မလိုတော့ပါ။
ဖေးဟွမ်လုပ်ငန်း၏ ရုံးကို ဖေးချမ့်ရောက်လာတော့ ဟွမ်းစစ်ပေါ်နှင့် ကျူးရှောင်စဲတို့က သူ့ကိုကြိုဆိုကာ ဧည့်ကြိုခန်းထဲ ခေါ်သွားလိုက်ကြသည်။
ကုမ္ပဏီက ဖွံ့ဖြိုးတိုးတက်နေခဲ့တာ ကြာပါပြီ။ ယခု ဖေးဟွမ်လုပ်ငန်း၏ ဝန်ထမ်းဖွဲ့စည်းမှုက အနည်းနဲ့အများ ပြီးပြည့်စုံနေပါပြီ။ ဒါရိုက်တာများ၊ ဇာတ်ညွှန်းဆရာများ၊ စတိတ်အဖွဲ့သားများ၊ အယ်ဒီတာများ၊ ကွန်ပျူတာ အထူးပြုလုပ်ချက် အဖွဲ့သားများ၊ စသည်တို့ဖြင့် ရုံးတစ်ရုံးလုံးက ပိုပြီး သက်ဝင် စည်ကားလာခဲ့သည်။ အားလုံးက အားကြိုးမာန်တက် အလုပ်လုပ်နေကြပြီး ပရောဂျက်သစ်ကို ရိုက်ကူးဖို့ ပြင်ဆင်နေကြသည်။
ဖေးချမ့် ဧည့်ကြိုခန်းထဲ ရောက်လာ၏။ လက်ဖက်ရည် ငုံလိုက်ရင်း ဟွမ်းစစ်ပေါ်ကို ချက်ချင်း ညွှန်ကြားချက်များ ပေးလိုက်ပါသည်။
"ဖေးဟွမ်လုပ်ငန်းက အခု တော်တော်လေး အဆင်ပြေနေပြီပဲ။ ဒါပေမယ့် ထန်းတာ့ရဲ့ ခံယူချက်ကိုတော့ ဘယ်တော့မှ မမေ့လိုက်နဲ့။ အားလုံး ဒီလိုမျိုး စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားတာကို မြင်ရတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ကို အချိန်ပိုတွေတော့ မဆင်းခိုင်းနဲ့ဦး။ နားလည်လား"
ဟွမ်းစစ်ပေါ်က ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေး။ ဖေးဟွမ်လုပ်ငန်းက စည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းဖူလုံရေး၊ အကျိုးခံစားခွင့်တွေအတွက်ဆို ထန်းတာ့ကိုပဲ စံပြ အဖြစ် ထားတာပါ။ အဲ့လို ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်မျိုးကို ဖြစ်ခွင့်ပေးလို့ ရပါ့မလား"
ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ ဟွမ်းစစ်ပေါ်၏ သဘောထားကို သိသိသာသာ ကျေနပ်သွားသည်။
ကျူးရှောင်စဲကလည်း ခပ်ထူထူ ဇာတ်ညွှန်းတစ်ခုကို ဖေချမ့်အား ကမ်းပေးလိုက်၏။ "ဘော့စ်ဖေး ဒါက အဆုံးသတ် ဇာတ်ညွှန်းက။ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး။ ဇာတ်ညွှန်းထဲ မကြိုက်တာ တစ်ခုခု ရှိရင် ကျေးဇူးပြုပြီး ပြောပြပါ။ ကျွန်တော်တို့ချက်ချင်း ပြန်ဆန်းစစ်လိုက်ပါ့မယ်"
ဖေးချမ့် ဇာတ်ညွှန်းထူထူကို ယူလိုက်ပြီး ရုပ်ရှင် ခေါင်းစဉ်ကို ကြည့်လိုက်၏။
ဒီ့မတိုင်ခင်က ဖေးချမ့် ဇာတ်လမ်းအောက်လိုင်းကိုသာ အကြမ်းဖျင်း ရေးပေးခဲ့ခြင်းဖြစ်ကာ ရုပ်ရှင်နာမည်တောင် မစဉ်းစားပေးခဲ့ပါ။
သို့သော် ကျူးရှောင်စဲနဲ့ ဖေးဟွမ်လုပ်ငန်း၏ အယ်ဒီတာများက ဇာတ်ကြောင်းကိုပြီးပြည့်စုံအောင် အသေးစိတ်များ ထပ်ထည့်လိုက်ရုံသာ မကဘဲ ရုပ်ရှင်အတွက်လည်း နာမည်တစ်ခု စဉ်းစားထားကြပါသည်။
'လှပတဲ့ မနက်ဖြန်'
မန်ဒရင်းနဲ့ကော၊ အင်္ဂလိပ်စာနဲ့ကော ခေါင်းစဉ် ရေးထားပါသည်။
ဒီဇာတ်ညွှန်းကို ကြည့်လိုက်ရုံနဲ့ ဖေးချမ့် လက်မ ထောင်ပြချင်စိတ်များ ပေါ်လာ၏။
ကောင်းတယ် တော်ပါပေတယ်။
ဇာတ်ညွှန်းထဲမှာ ရာဇဝင်ထဲက အဆိပ်အတောက် ဖြစ်စေသည့် အချက်တိုင်း ပါဝင်နေသည်။ ရုပ်ရှင်ကို ကြည့်မိလိုက်သည့်လူတိုင်း ချက်ချင်း စိတ်ဓာတ် ကျသွားနိုင်လောက်သည်။
သို့သော်လည်း ရုပ်ရှင်နာမည်ကတော့ ၎င်းရဲ့ အဆိပ်အတောက်ဆန်မှုကို ထုတ်မပြထားပါ။ ထို့အစား အလွန်ပင် ဇဝေဇဝါဖြစ်ဖို့ ကောင်းနေပါသည်။
'လှပတဲ့ မနက်ဖြန်' ဆိုတာက နွေးထွေးပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းသည့် အနုပညာ လက်ရာလေးတစ်ခု၏ ခေါင်းစဉ်ကဲ့သို့ ဖြစ်နေသည်။ သေချာပေါက် ဘာမှ မခန့်မှန်းတတ်သည့် ပရိတ်သတ်ကို ရုပ်ရှင်ကြည့်မိအောင် အရူးလုပ်နိုင်ပါလိမ့်မည်။ ဧကန္တ ချစ်ကြိုက် တွဲနေကြသည့် ဟန်းနီးမွန်းအဆင့်ရှိ စုံတွေတွေတောင် ရုပ်ရှင်ကို လာကြည့်ချင်သွားလောက်ပါသည်။
ဒါဆို ရုပ်ရှင် ဝေဖန်ပြစ်တင်ခံရမှာ သေချာမသွားဘူးလား။ နာမည်လည်း အောက်ဆုံး ရောက်သွားပါလိမ့်မည်။
ဖေးချမ့် အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး ဆက် ဖတ်ကြည့်လိုက်ပါသည်။
ဘော့စ်ဖေးရှေ့မှာထိုင်နေသည့် ကျူးရှောင်စဲကတော့ ဘော့စ်ဖေးရဲ့ ခပ်ပျော့ပျော့ ခေါင်းငြိမ့်မှုကို မြင်တာတောာင် ထခုန်မိမလို ဖြစ်သွားသည်။
ငါ့ဇာတ်ညွှန်းကို ဘော့စ်ဖေးက အသိအမှတ်ပြုတယ် သူ့ဇာတ်ညွှန်းအပေါ် ငါ့ရဲ့နားလည်မှုက လုံးဝ မှန်ခဲ့တာပဲ။
ဒီရုပ်ရှင်နာမည်က ဘယ်လောက် လေးနက်သလဲ ဆိုတာ ဘော့စ်ဖေး သိမှန်း သိသာပါသည်။ အမှန်ပင်။ ပါရမီရှင်တွေ အချင်းချင်း စိတ်ချင်းဆက်နွယ်မှုဆိုတာ တကယ် ရှိပါသည်။
အခုချိန် ကျူးရှောင်စဲ ဘယ်လောက်ပျော်နေသလဲ ဆိုတာကို ဖေးချမ့်ကတော့ မသိချေ။ ဇာတ်ညွှန်းကို အေးအေးဆေးဆေးသာ လှန်ကြည့်နေပြီး တချို့ အစိတ်အပိုင်းများကို ရွေးချယ်အနီးကပ် ဖတ်ကြည့်လိုက်သည်။ အရင်က ရိုးရှင်းသည့် ဇာတ်လမ်းအောက်လိုင်းကို အသေးစိတ်ကျသည့် ဇာတ်ညွှန်းအဖြစ် ပြောင်းလဲလိုက်ကြပါပြီ။ ဇာတ်ဝင်ခန်း တည်ဆောက်မှုများ၊ စကားလုံးများ၊ အက်ရှင်များ စသည်တို့ အပါအဝင် ဖြစ်သည်။ ဖေးချမ့် သူ့ခေါင်းထဲမှာ ရုပ်ရှင်ကို မြင်တောင် မြင်ယောင်နိုင်လုနီးပါး ဖြစ်သွားသည်။
သူ့မှာခံစားချက်တစ်ခုသာရှိပါသည်။ အရမ်းကို အဆိပ်အတောက်ဆန်တာပဲ။
ဇာတ်လမ်းအောက်လိုင်းက အရင်ကတည်းက အဆိပ်အတောက်ဆန်ခဲ့သည်။ သို့သော်လည်း ဒီတိုင်း အောက်လိုင်းတစ်ခုသာ ဖြစ်သည်။ ဇာတ်လမ်းက အလွန်အမင်း အခြေခံဆန်သည်။ သို့သော်လည်း လက်ရှိ ဇာတ်ညွှန်းမှာတော့ ဇာတ်လိုက်များအကြားက စကားပြောများ၊ သူတို့ရဲ့ မျက်နှာအနေအထားများ၊ တခြား အသေးစိတ်ပေါင်းများစွာ ပါဝင်ပါသည်။ နောက်ခံ တီးလုံးကိုသာ တွေးကြည့်ဖို့လိုပြီး အဆိပ်အတောက် လယ်ဗယ်က... မိုးထိုးတက်သွားနိုင်သည်။
ဖေးချမ့် ဆက်ပြီးတောင် မဖတ်နိုင်တော့ပါ။ သနားဖို့ ကောင်းလွန်းသည်။
ဇာတ်ညွှန်းကို ဆက်စစ်ဆေးကြည့်လိုက်ပြီူး ကျူးရှောင်စဲနဲ့ တခြားဇာတ်ညွှန်းဆရာတွေ သူ့ဇာတ်လမ်းကို အပြောင်းအလဲ လုပ်မထားကြောင်း အတည်ပြုလိုက်သည်။ အောက်လိုင်းအပေါ် အသေးစိတ်တချို့ ထပ်ထည့်ကာ ဇာတ်ညွှန်းကို ချဲ့ကားလိုက်ရုံသာ လုပ်ခဲ့ကြပါသည်။
အဆိပ်အတောက်ဆန်တာတော့ လျော့မသွားပါ။ ထို့အစား အသေးစိတ်ပိုကျလာမှုကြောင့် အဆိပ်အတောက်ပိုဆန်သလိုပင် ဖြစ်သွားပါသည်။
ထိုအခါ ဖေးချမ့် စတင်ပြီး စိတ်အေးသွားသည်။ သူတို့ ဒီတိုင်းသာ ဆက်သွားလျှင် ရုပ်ရှင်က ရာဇဝင်ထဲက အဆိပ်အတောက် ဖြစ်စေသည့် အချက်တိုင်း ပါဝင်နေလိမ့်မည်။ "ဒီဇာတ်ညွှန်းက ပြီးပြည့်စုံလိုက်တာ ငါအရမ်းသဘောကျတယ်"
ဖေးချမ့်က ကျူးရှောင်စဲနဲ့ သူ့ဇာတ်ညွှန်း အဖွဲ့သားများကို မြင့်မြင့်မားမား ချီးကျူးပေးလိုက်ပါသည်။
ကျူးရှောင်စဲ သွားပေါ်အောင် ပြုံးလိုက်မိသည်။ "ဘော့စ်ဖေးက သဘောကောင်းလွန်းနေတာပါ။ ဘော့စ်ဖေးရဲ့ ဇာတ်လမ်းအောက်လိုင်းက ကောင်းလို့သာ ကျွန်တော်တို့က အသေးစိတ်တချို့ ထပ်ထည့်ပေးဖို့ပဲ လိုတာပါ"
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေစဉ် ဖေးချမ့်၏ ဖုန်းသံ မြည်လာ၏။
လှမ်းကြည့်လိုက်သောအခါ ချန်းယောင် ဖြစ်နေပါသည်။
"ဟယ်လို ဘော့စ်ဖေးလား။ ကျွန်တော်တို့ ပြင်ဆင်မှုတွေ အနည်းနဲ့ အများဆိုသလို ပြီးဆုံးသွားပြီလို့ ဖုန်းဆက်ပြောတာပါ။ ကျွန်တော်တို့ သင့်တော်တဲ့ ရုံးနေရာတစ်ခု ရွေးလိုက်ပြီ။ ကျွန်တော့်ညီကိုတွေ အကုန်လုံးကိုလည်း အလုပ်ခန့်ပြီးသွားပြီ"
"ကျွန်တော်တို့ ဒီနေ့ပဲ ပထမဆုံး ဆဲလ်ဖုန်း မော်ဒယ်အကြောင်း ယေဘုယျဦးတည်ချက်ကို သတ်မှတ်ပြီး ထုတ်လုပ်မှုအစောပိုင်း အဆင့်တွေအတွက် အစီအစဉ်တစ်ခု စဉ်းစားကြမယ်။ ဘော့စ်ဖေးအားရင် လာခဲ့ပြီး နည်းနည်းလောက် လမ်းညွှန်မှုပေးပါဦးလား"
လမ်းညွှန်မှု ပေးရမယ်ဟုတ်လား။ အချိန်ကောင်း အခါကောင်း မဟုတ်လှပေ။
ဖေးချမ့်က ဖေးဟွမ်လုပ်ငန်းမှာ ကျူးရှောင်စဲတို့နဲ့ ဇာတ်ညွှန်းကိစ္စ ဆွေးနွေးနေဆဲ ဖြစ်သည်။ ဒီနေ့ တစ်နေကုန် အချိန်ပို မရှိလောက်ပါ။
ဖေးဟွမ်လုပ်ငန်းကိုပဲ 'လမ်းညွှန်'ပေးရမလား၊ ဒါမှ မဟုတ် ယခင်က အကြိမ်ပေါင်များစွာ ကျရှုံးဖူးသည့် ဟိုအိပ်မက်အသင်းကိုပဲ 'လမ်းညွှန်'ပေးရမလား။
ရွေးချယ်မှုက ရှင်းလင်းနေပါသည်။
အမှန်ပင်။ ချန်းယောင်တို့ကို နောက်နေ့မှ တွေ့ဖို့ ဖေးချမ့် စီစဉ်ပေးလို့လည်း ရပါသည်။ သို့သော်လည်း ထပ်စဉ်းစားကြည့်မှ အားလုံးကို တစ်နေကုန်ကြီး စောင့်နေခိုင်းရမှာ အဓိပ္ပာယ်မဲ့လှသည်ဟု ခံစားမိသည်။ အော့တိုနည်းပညာ၏ လုပ်ငန်းများတွင် သူ ဝင်ပါလို့ မဖြစ်ဘူးဟုလည်း ဖေးချမ့်တွေးမိ၏။
တစ်ဖက်မှာတော့ သူအကူအညီပေးလိုက်ပြီး ပပထမဆုံး ဆဲလ်ဖုန်းမော်ဒယ် မအောင်မြင်ပါက လင်းဝမ်အစား ဘော့စ်ဖေး အပြစ်တင်ခံရမည်။ လင်းဝမ် ဒီလောကထဲကထွက်သွားပြီး အိမ်ပြန်ကာ မိသားစုစီးပွားရေးကို ဦးစီးစေဖို့ ပိုပြီး အဟန့်အတား ဖြစ်စေပါလိမ့်မည်။
"ဆွေးနွေးနှင့်ကြပါ။ ဒီနေ့ငါနည်းနည်း အလုပ်များနေလို့ လာနိုင်မှာ မဟုတ်ဘူး"
"အရာရာအတွက် ငါ့ကို ညွှန်ကြားချက်ပေးဖို့ မတောင်းလည်း ရတယ်။ မင်းတို့ကို ဆုံးဖြတ်ခွင့် ပေးလိုက်မယ်"
ချန်းယောင်က ပြန်ဖြေလိုက်၏။ "ကောင်းပါပြီ ဘော့စ်ဖေး။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ တာဝန်ကို ပြီးအောင် လုပ်ပါ့မယ်"
ဖုန်းချပြီးနောက် ဖေးချမ့်က ကျူးရှောင်စဲနဲ့ ဇာတ်ညွှန်းကို ဆက်ဆွေးနွေးနေလိုက်ပါသည်။ ကျူးရှောင်စဲက တွန့်ဆုတ်ကာ ပြောလိုက်၏။ "ဘော့စ်ဖေး ပြဿနာတစ်ခု ရှိသေးတယ်'
"ဇာတ်ကောင်နာမည်တွေကို မသတ်မှတ်ရသေးတာ ဘော့စ်ဖေးလည်း မြင်မှာပါ။ အဲ့တာက အဓိက ဇာတ်ကောင်က အရှေ့တိုင်းသားလား၊ အနောက်တိုင်းသားလား ကျွန်တော်တို့ မဆုံးဖြတ်နိုင်သေးလို့ပါ"
"ဒီလူတွေက အနာဂတ်ခေတ်တစ်ခုကလူတွေလို့ ဘော့စ်ဖေးက အရိပ်အမြွက်တော့ ပေးထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံအကြောင်း ဘာအရိပ်အမြွက်မှ မပေးထားဘူး"
ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ ဒါတော့ တကယ့် ပြဿနာပင်။
"ဇာတ်လမ်းက အနာဂတ်မှာ အခြေတည်မှာဆိုတော့ နိုင်ငံတွေနဲ့ပတ်သတ်တဲ့ Concept က မသဲမကွဲဖြစ်တာ ပိုကောင်းတယ်။ ပြီးတော့ ဒီဇာတ်လမ်းက ငါတို့နိုင်ငံမှာ ဖြစ်တဲ့ ပုံစံမျိုး လုပ်လို့ မရဘူး"
"ဇာတ်ကောင်နဲ့ ဇာတ်ဝင်ခန်းတွေက အင်္ဂလိပ်လို ဖြစ်ရမယ်။ စကားပြောတွေကလည်း အင်္ဂလိပ်လို ဖြစ်ရမယ်"
"အဓိက ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖို့ နိုင်ငံခြားသားတွေ ရှာလိုက်။ ရှာလို့ မတွေ့ရင် အင်္ဂလိပ် စကားပြောကောင်းတဲ့ ပြည်တွင်းသားတွေကို ရှာလိုက်။ သူတို့ရဲ့ သရုပ်ကို ရှင်းပြစရာလည်း မလိုဘူး။ ဇာတ်ကောင်တွေက အပေါ်ယံပဲ တရုတ်ဖြစ်မှန်း ပရိတ်သတ်တွေ နားလည်ကြမှာပါ။”
နိုင်ငံခြား သရုပ်ဆောင်တွေကို ငှားရမ်းတာက ပြည်တွင်း သရုပ်ဆောင်တွေထက် ပိုစျေးကြီးလိမ့်မည်ဟု ဖေးချမ့် တွေးလိုက်မိခြင်း ဖြစ်သည်။ ငွေပိုဖြုန်းနိုင်မည့် အခွင့်အရေးမှန်သမျှကို လက်လွှတ်လိုက်လို့ မရပါ။ ကျူးရှောင်စဲလည်း ခပ်မြန်မြန် ခေါင်းငြိမ့်ပြလိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး။ ကျွန်တော်လည်း အဲ့လိုပဲ ထင်မိတာပဲ"
"ဒါပေမယ့် အခက်အခဲ တစ်ခုတော့ ရှိလောက်တယ်... ကျွန်တော်တို့ နာမည်ကြီး နိုင်ငံခြားသရုပ်ဆောင်တွေကိုတော့ မငှားနိုင်လောက်ဘူး။ အသင့်အတင့်နာမည်ရှိတဲ့ နိုင်ငံခြား သရုပ်ဆောင်တွေကိုတောင် မငှားနိုင်လောက်ဘူး"
"ဘာပဲဖြစ်ဖြစ် ဒါက ဖေးဟွမ်လုပ်ငန်း ပထမဆုံး အကြိမ် ရုပ်ရှင်ကား ရိုက်ဖူးတာလေ။ ကျွန်တော်တို့ နိုင်ငံခြားမှာ လူသိမများသေးဘူး။ ကျွန်တော်တို့ ငွေတွေ အများကြီး ပုံပေးရင်တောင် သူတို့ကို ကျင်းကျိုးမြို့အထိ ရောက်လာအောင် ပြောလို့တော့ မရလောက်ဘူး"
"ကျွန်တော်တို့ အရံသရုပ်ဆောင်တွေ ငှားဖို့ လွယ်ပေမယ့် အဓိက သရုပ်ဆောင်တွေရှာဖို့တော့ အများကြီး ပိုခက်လိမ့်မယ်။ အထူးသဖြင့် အဓိက ဇာတ်လိုက်နဲ့ ဒိုင်လူကြီးအတွက်ပေါ့။ အဲ့ဒီ လူနှစ်ယောက်က တခြားသူတွေထက် စကားပြော ပိုများတယ်။ ဆိုလိုတာက သူတို့သရုပ်ဆောင် စွမ်းရည် မြင့်မှ ဖြစ်မှာ"
"အဲ့တာကြောင့် ကျွန်တော်တို့ အဲ့ဒီနေရာတွေမှာ သရုပ်ဆောင်ဖို့ ပြည်တွင်း သရုပ်ဆောင်တွေကိုပဲ ရှာလိုက်ရမလား"
အနည်းငယ် စဉ်းစားပြီးနောက် ဖေးချမ့် ပြန်ပြောလိုက်ပါသည်။ "ကောင်းပါပြီ"
"ဒါပေမယ့်... ငါတို့ နာမည်ကြီး နိုင်ငံခြား သရုပ်ဆောင်တွေကို မငှားနိုင်ဘူးဆိုရင်တောင်... နာမည်ကြီး ပြည်တွင်းသရုပ်ဆောင်တွေကိုကော ငှားလို့ရမယ်ထင်လား"
ကျူးရှောင်စဲ မဲ့ပြုံးပြုံးလိုက်ပါသည်။ "အဲ့တာလည်း လွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်တွင်း သရုပ်ဆောင်တွေနဲ့ ပြောဆိုဆက်သွယ်ဖို့က ကျွန်တော်တို့အတွက် အများကြီး ပိုလွယ်မှာပါ။ အဲ့တော့ သူတို့ကို ငှားလို့ရနိုင်ခြေ ပိုမြင့်တယ်"
ဖေးချမ့်က Role များတွင် ဖြည့်သွင်းဖို့ ကျောင်းပေါင်းစုံမှ သရုပ်ဆောင်လက်သစ်လေးများ တချို့ကို ငှားဖို့ စဉ်းစားမိပါသေးသည်။ သို့သော်လည်း သူတို့က အကုန်အကျ နည်းပါးလွန်းမည်ဟု နောက်မှ စဉ်းစားမိလိုက်သည်။ ဖေးဟွမ်လုပ်ငန်းလည်း အနုပညာကြေးအတွက် အများကြီး သုံးစရာ လိုမှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အနုပညာကြေး မြင့်မြင့်တောင်းမည့် သရုပ်ဆောင် တစ်ယောက် နှစ်ယောက်လောက်ကိုတော့ ရှာရမည်။ မဟုတ်ပါက ဖေးဟွမ်လုပ်ငန်းလည်း ရိုက်ကူးရေးကြေးအတွက် ဘက်ဂျက်ကို ကုန်အောင် သုံးနိုင်မှာ မဟုတ်ပါ။
သို့သော်လည်း သူတို့ ဘယ်သူ့ကို သွားရှာရမှာလဲ။ ဒါက နောက်ပြဿနာတစ်ခု ဖြစ်သည်။
ရုတ်တရက်ကြီး လူတစ်ယောက်၏ နာမည်က ဖေးချမ့်၏ အာရုံထဲ ဝင်ရောက်လာခဲ့သည်။
ငါပြည်တွင်းသရုပ်ဆောင်တစ်ယောက်ကို သိတာပဲ။ အရင်ကတောင် အလုပ်တူတူ လုပ်ဖူးတယ်။
ကျားကျုထျစ်။
ကျန်းကျုထျင်မှာ ယခင်တုန်းက Bloody Battle Song အတွက် ကြော်ငြာပုဂ္ဂိုလ်အဖြစ် လုပ်ပေးခဲ့သည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန် ခံခဲ့ရသည်။ သို့သော်လည်း ထိုအချိန်တုန်းက Follower အတော်များများ ရရှိခဲ့ပါသည်။ လူများစွာက သူ့ကို အာရုံစိုက်လာကြသဖြင့် 'ကျားကျုထျစ်' လို့ အခေါ်ခံရတာကိုတောင် လက်ခံခဲ့ပါသည်။
အမှန်ပင်။ သူ့ရဲ့ မိတ်ဆွေဟောင်းကြီးကို ဖေးချမ့် မှတ်မိနေဆဲ ဖြစ်သည်။ အစ်ကိုကြီး ကျန်းက ထန်းတာ့အတွက် မိတ်ဆွေကောင်း ဖြစ်၏။ ထို့ကြောင့် သူ့အပေါ် ထန်းတာ့က ဆိုးလို့ မဖြစ်ပါ။ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာသော အကျိုးခံစားခွင့်များကို အသုံးချပြီး သူများတွေကိုပဲ အကျိုးပြုလို့ မဖြစ်ပါ။ ဖေးဟွမ် လုပ်ငန်းက လစာမြင့်မြင့်ကို ကမ်းလှမ်းဖို့ အသင့်ပြင်ထားပြီးသား ဖြစ်သဖြင့် ကျန်းကျုထျင်ကိုပဲ Role အရင်ဆုံး ကမ်းလှမ်းကြည့်ရပါမည်။
နောက်ပိုင်း ရုပ်ရှင် မအောင်မြင်ရင်တောင် လူတွေက သရုပ်ဆောင်တွေကို မဟုတ်ဘဲ ဇာတ်ညွှန်းဆရာတွေကိုသာ ဆဲကြပါလိမ့်မည်။
အစ်ကိုကြီးကျန်းက ပရိတ်သတ်ဝေဖန်တာကို မခံရဖို့ ရုပ်ရှင်ထဲ ကောင်းကောင်း သရုပ်ဆောင်ဖို့သာ လိုပါသည်။ ထို့အပြင် ဇာတ်ညွှန်းထဲက ဇာတ်ကောင် တစ်ကောင်ကလည်း အစ်ကိုကြီးကျန်းနဲ့ လုံးဝ လိုက်ဖက်မှု ရှိသည်။ ယုတ်မာသည့် အကဲဖြတ်ဒိုင် ဖြစ်သည်။
ဖေးချမ့် ပိုပြီး စဉ်းစားလေလေ အစီအစဉ်က ပိုပြီး သင့်တော်သည့်ပုံ ပေါက်လေလေ ဖြစ်သည်။ သူ ပြောလိုက်၏။ "ငါလည်း သရုပ်ဆောင် ကူရှာပေးမယ်"
"ခဏနေရင် ကျန်းကျုထျင်ကို ဆက်သွယ်ပြီး ရိုက်ကူးရေးအတွက် အဆင်ပြေမလား မေးကြည့်လိုက်မယ်။ သူရုပ်ရှင်ထဲမှာ ပါဖို့ သဘောတူတယ်ဆိုရင် အကဲဖြတ်ဒိုင်နေရာကနေ သူ့ကို သရုပ်ဆောင်ခိုင်းမယ်"
"ခေါင်းဆောင်မင်းသားအတွက်ကတော့... ငါတို့ ဆက်ရှာပြီး သင့်တော်တဲ့ သရုပ်ဆောင်တွေ့ရင် အချင်းချင်း အသိပေးကြတာပေါ့"
ကျူးရှောင်စဲက အံ့အားသင့်သွားသည့် ပုံစံပင်။ "ကျန်းကျုထျင် ဟုတ်လား။ သူ့ကို ငှားနိုင်ရင် ကောင်းတာပေါ့။ သူက သရုပ်ဆောင်စွမ်းရည် သေချာပေါက် ကောင်းမယ့် သရုပ်ဆောင်ဟောင်းကြီးပဲ။ ပြီးတော့ သူ့အင်္ဂလိပ် စကေးကလည်း မဆိုးဘူး။ ရိုက်ကူးရေး လုပ်ငန်းစဉ် တစ်ခုလုံးမှာ အင်္ဂလိပ်လို ပြောနိုင်မှာပါ"
"ဘော့စ်ဖေးက တကယ် အဆက်အသွယ် ကျယ်ပြန့်တာပဲ"