ဒါရိုက်တာလင်းရဲ့ တာဝန်များ
Vol. 23 Ch. 333
အော့တို နည်းပညာတွင်...
ချန်းယောင်၊ လင်းဝမ်နဲ့ ကုမ္ပဏီ၏ အချက်အချာ အဖွဲ့ဝင်များ အစည်းအဝေးခန်းထဲတွင် စုစည်းနေကြပြီး ဆဲလ်ဖုန်းအသစ်အတွက် ယေဘုယျ ဦးတည်ချက်အကြောင်း ဆွေးနွေးဖို့ အသင့်ဖြစ်နေပါပြီ။ လင်းဝမ်က မကြာသေးခင်ကမှ ရှန်းယန်ဂိမ်းမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။
'တိတ်တိတ်နေ'ဂိမ်း၏ ဖန်တီးမှုလည်း စတင်နေပါပြီ။ ယဲ့ကျစ်ကျိုး၊ ဝမ်ရှောင်းပင်နဲ့ တခြား ဒီဇိုင်နာတွေက ဒီဇိုင်းမူကြမ်းတစ်ခုကို ထုတ်လုပ်ပြီးပါပြီ။ တစ်ချိန်တည်းမှာပင် တခြားဝန်ထမ်းတွေကလည်း ပန်းချီရင်းမြစ် စသည့် အခြေခံ တာဝန်များကို ထမ်းဆောင်နေကြသည်။
လင်းဝမ်က ဒီလိုတာဝန်မျိုးတွေမှာ ပါဖို့ မလိုပါ။ ထို့ကြောင့် သူမ အချိန်အနည်းငယ် ယူကာ အော့တို နည်းပညာဆီလာပြီး ဆဲလ်ဖုန်းသစ်နဲ့ ပတ်သတ်သည့် အစည်းအဝေး လာထိုင်လို့ ရပါသည်။
ဝန်ထမ်းအားလုံးက ခါးမတ်မတ်ထိုင်နေကြပြီး တည်တံ့သည့် မျက်နှာထားများ ရှိနေကြသည်။ အားလုံးက အလွန်လေးနက်နေကြသည့်ပုံစံပင်။
အော့တိုနည်းပညာတွင် သူတို့က ဟုံချန်းနည်းပညာမှာတုန်းကလိုပဲ ဆဲလ်ဖုန်းဖန်တီးမှုတွင် လုပ်ဆောင်ရသည့် ဝန်ထမ်းတွေ ဖြစ်နေကြဆဲပင်။ သို့သော်လည်း အားလုံးရဲ့ သဘောထားက ဒီမှာတော့ အနည်းငယ် ပြောင်းလဲနေသည့်ပုံစံဖြစ်သည်။
သူတို့ ဟုံချန်းနည်းပညာမှာ ရှိခဲ့စဉ်တုန်းက ချန်းယောင်က ဒုဥက္ကဌဖြစ်ခဲ့သည်။ သို့သော်လည်း ပြောရေးဆိုခွင့် များများစားစား မရှိပါ။
ချန်းယောင်ကဲ့သို့ အာဏာမျိုးရှိသည့် တခြား ဒုဥက္ကဌတွေလည်း အများကြီး ရှိပါသည်။ ထို့အပြင် သူ့အထက်မှာလည်း စီအီးအို တစ်ယောက် ရှိသည်။
စီမံရေးအဆင့်က လူတွေက စိတ်သဘောထားခြင်း ခြားနားကြသဖြင့် ပဋိပက္ခ အငြင်းအခုံများစွာ ဖြစ်ခဲ့သည်။ ဒုဥက္ကဌဖြစ်နေသည့် ချန်းယောင်တောင် လွတ်လပ်မှု အများကြီး မရှိခဲ့သဖြင့် သူ့အောက်မှာ အလုပ်လုပ်နေသည့် သူငယ်ချင်းများက ပို၍ပင် ဆိုးပါသေးသည်။
သို့သော် အခုတော့ ချန်းယောင်က ဘော့စ်ဖေးရဲ့ ယုံကြည်မှုကို ရရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ဆဲလ်ဖုန်းသစ်၏ ယေဘုယျ ဦးတည်ချက်ကို ဆုံးဖြတ်ခွင့်ရှိသည်။ အရင်ကထက် အခု အများကြီး အာဏာပိုကြီးသွားပါပြီ။
ထို့ကြောင့် သူ့လက်အောက်မှာ အလုပ်လုပ်နေကြသည့် မိတ်ဆွေတွေလည်း အရင်ကလောက် ဆူပုတ်မနေကြတော့ပါ။
ထိုအခင် ယခင်ကုမ္ပဏီကြီး ပြိုလဲသွားတုန်းက အားလုံး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြသည်။ ယခုအားလုံး ပြန်ဆုံခဲ့ရပြီ ဖြစ်သဖြင့် လှိုင်ခေါင်းဆုံးက အလင်းရောင်ကို နောက်ဆုံးတော့ မြင်နိုင်သလို ခံစားလိုက်ရပါသည်။ ရလဒ်အနေဖြင့် သူတို့ ဒီလိုနေရာမျိုး ရောက်လာနိုင်တာကိုပဲ ကျေးဇူးတင် ဝမ်းသာမိပါသည်။
ချန်းယောင်က ဖုန်းချလိုက်ပြီး အားလုံးကို ပြောလိုက်သည်။ "ဘော့စ်ဖေး လောလောဆယ် အလုပ်များနေတယ်လို့ ပြောတယ်။ အဲ့တာကြောင့် လာနိုင်မှာ မဟုတ်ဘူး။ လိုအပ်တဲ့ ဆုံးဖြတ်ချက်ကို ငါတို့ဖာသာ ချလို့ရတယ်လို့ ပြောတယ်"
"ဒါဆို စလိုက်ကြရအောင်"
"ဒါရိုက်တာလင်း၊ ထန်းတာ့ရဲ့ ကိုယ်စားပြုအနေနဲ့ ခင်ဗျားမှာ ရှိတဲ့ အထင်အမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြလို့ ရပါတယ်"
လင်းဝမ် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ"
သူမမှာ ဘာပြဿနာမှ ရှိလိမ့်မည်ဟု မထင်ပါ။ ဘာပဲဖြစ်ဖြစ် အခန်းထဲမှာ ထိုင်နေကြသူတိုင်းက သူမထက် အတွေ့အကြုံ ပိုများကြသူများ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် မှန်ကန်သည့် သဘောထားကိုတော့ ထိန်းသိမ်းထားရပါမည်။
ချန်းယောင်က သတ်မှတ်ထားသည့် လုပ်ငန်းစဉ် အတိုင်းပဲ အစည်းအဝေးကို စတင်လိုက်သည်။
"ဆဲလ်ဖုန်းမော်ဒယ်အသစ်ကို ငါတို့တွေ ဟုံချန်းနည်းပညာရဲ့ ပင်ရင်းဖုန်းမော်ဒယ်အတွက် ဖန်တီးခဲ့တဲ့ ဖန်တီးသုတေသန အစီအစဉ်အပေါ် အခြေခံထားမယ်။ လမ်းလယ်ရောက်မှ ရပ်တန့်ခဲ့ရတော့ ငါတို့အားလုံဂ အစီအစဉ်ရှိကြမယ် ထင်တယ်။ ငါတို့ထဲက တချို့ဆိုရင် ကုန်သွင်းသူတွေနဲ့ ကုန်တင်သွင်းဖို့ အစီအစဉ်တစ်ခုတောင် အသေးစိတ်ညှိနိုင်းပြီးကြပြီ ထင်တယ်။ တရားဥပဒေအရ အန္တရာယ်မရှိဘူးဆိုရင် ငါတို့ သုံးလို့ ရတယ်"
"ငါတို့ကုမ္ပဏီရဲ့ ပထမဆုံး ဆဲလ်ဖုန်းက မူရင်းဒီဇိုင်းထုတ်လုပ်မှုကို အသုံးပြုရမယ်။ အဲ့တာနဲ့ ပတ်သတ်ပြီး ဘယ်သူမှ မေးခွန်းထုတ်စရာ မရှိဘူးလို့ ထင်ပါတယ်"
"လောလောဆယ် ငါတို့ ဆောင်ရွက်စရာ ကိစ္စ ၂ ခု ရှိတယ်။ ပထမဆုံး ငါတို့ဘရန်းတစ်ခုတည်းအတွက် သီးသန့် စနစ်တစ်ခုကို ဖန်တီး သုတေသန လုပ်ရမယ်။ ဒုတိယအနေနဲ့ ငါတို့ရဲ့ထုတ်ကုန်တွေအတွက် ယေဘုယျဦးတည်ချက် တစ်ခုကို ချမှတ်ပြီး ဒါကို ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းကြည့်ရမယ်"
"စနစ်က ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြောစရာ လိုမယ် မထင်ဘူး..."
လင်းဝမ်က ဘေးမှာ တိတ်ဆိတ်စွာ နားထောင်နေပြီး မကြာခဏ မှတ်စုများ ချမှတ်နေသည်။
သူမ ရည်ရွယ်ချက်ရှိရှိ ဆဲလ်ဖုန်းလောကနဲ့ ပတ်သတ်ပြီး မလေ့လာဖူးသော်လည်း သူမ မိသားစု စီးပွားရေးကို လေ့လာဖူးသဖြင့် အခြေခံ အကြောင်းအရာတွေကိုတော့ နားလည်ပါသည်။
မူရင်းကိရိယာထုတ်လုပ်မှု (OEM) နဲ့ မူရင်းဒီဇိုင်းထုတ်လုပ်မှု (ODM) တို့နှစ်ခုက ဆဲလ်ဖုန်း လောကထဲမှာ ပိုမြင်ရလေ့ရှိသည့် ထုတ်လုပ်မှုပုံစံ ၂ ခု ဖြစ်သည်။
ဆဲလ်ဖုန်းထုတ်လုပ်သည့် နည်းပညာကုမ္ပဏီတစ်ခုက ဒီဇိုင်းဆွဲခြင်းမှ ထုတ်လုပ်ရေးအထိ၊ ဘရန်းသတ်မှတ်မှု၊ ရောင်းချမှုတို့အထိ အားလုံးကို တာဝန်ယူဖို့ မလိုပါ။ ထိုတာဝန်များကို သက်ဆိုင်ရာ ထုတ်လုပ်သူများထံ အပ်နှံလိုက်ဖို့သာ လိုအပ်သည်။
OEM အတွက် ကုမ္ပဏီကိုယ်တိုင်က ထုတ်ကုန်ကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်မှုကို တာဝန်ပေးအပ်မည် ဖြစ်သည်။ ဒါက Pineapple လို ကုမ္ပဏီမျိုးတွေ လုပ်ပုံလုပ်နည်း ဖြစ်၏။
တစ်ဖက်မှာတော့ ODM အတွက်ဆို ကုမ္ပဏီက ၎င်းတို့ရဲ့ စံနှုန်းများနဲ့ လိုအပ်ချက်များကို ထုတ်လုပ်သူများအား ဆွေးနွေးညှိနှိုင်းဖို့သာ လိုသည်။ ထို့နောက် ထုတ်လုပ်သူတွေက ဒီဇိုင်းဆွဲပြီး ထုတ်ကုန်ကို ထုတ်လုပ်ပါလိမ့်မည်။ ဒါက စျေးကွက်ထဲမှာ 'Private Labeling' ဟု လူသိများသည်။
အမှန်ပင်။ ဆဲလ်ဖုန်းထုတ်လုပ်သူတွေက စိတ်ကြိုက် တောင်းဆိုချက်များ ပြုလုပ်နိုင်သည်။ သူတို့ ငွေပိုပေးပါက အားလုံး ညှိနှိုင်းလို့ ရပါသည်။
အော့တိုနည်းပညာက တည်ထောင်ထားတာ မကြာသေးပေ။ သူ့ချည်းပဲ ဆဲလ်ဖုန်းတစ်ခု၏ အစိတ်အပိုင်းတိုင်းကို ဖန်တီးသုတေသနလုပ်ဖို့က မဖြစ်နိုင်သေးပါ။ ထို့ကြောင့် ODM က ပိုသင့်တော်သည့် ရွေးချယ်မှု ဖြစ်ပါသည်။
'Private Labeling' ကို ကျင့်သုံးခြင်းက အရည်အသွေး ညံ့သွားမည်ဟု မဆိုလိုပေ။ ဘာမှ ရှက်ဖို့လည်း မလိုပါ။ ပြည်တွင်း ပြည်ပ ဆဲလ်ဖုန်း အများစုက ODM ထုတ်ကုန်များသာ ဖြစ်သည်။ ရှန်းဟွာအပါအဝင် ဆဲလ်ဖုန်းမော်ဒယ်အများစုကလည်း ODM ကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။ မူရင်းဒီဖိုင်း ထုတ်လုပ်သူများစွာက ကုမ္ပဏီများကိုယ်စား ဆဲလ်ဖုန်းများကို ဒီဇိုင်းဆွဲပေးနေတာ အတော်လေး ကြာခဲ့ပါပြီ။
ထုတ်ကုန်များမှ ဟာ့ဒ်ဝဲတပ်ဆင်မှုအထိ သူတို့မှာ အားလုံး အစီအစဉ်ကောင်းများ ရှိကြသည်။ အတွေ့အကြုံလည်း အများကြီးရှိကာ အရည်အသွေး ထိန်းချုပ်မှု အားကောင်းသည်။ တည်ငြိမ်သည့် ကုန်အထောက်အပံ့လည်း ရှိကာ စိတ်ချရသည့် ကျွမ်းကျင်မှုလည်း ရှိကြပါသည်။
တချို့ဆဲလ်ဖုန်းထုတ်လုပ်သူတွဆို OEM ကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် အဆင့်မြင့် မော်ဒယ်တွေထက်တောင် ပိုကောင်းသည့် အဆင့်နိမ့် မော်ဒယ်များအား ODM ကိုအသုံးပြုပြီး ဖန်တီးနိုင်ခဲ့ကြသည်။ ဒါက သုံးစွဲသူ အမြောက်အများကို စိတ်ရှုပ်သွားစေမည့် ဖြစ်ရပ်မျိုး ဖြစ်ပါသည်။
အမှန်ပင်။ ရှန်းဟွာနဲ့ Pineapple ကဲ့သို တည်ငြိမ်သည့် ကုမ္ပဏီကြီးများအတွက်ဆိုရင်တော့ အခြေအနေတွေက ခြားနားပါသည်။ ၎င်းတို့အတွက် ဒီဇိုင်းတာဝန်ကို ကိုယ်တိုင်ယူပြီး OEM ဖြင့် ပင်ရင်း မော်ဒယ်တစ်ခု ဖန်တီးခြင်းက အဆင့်မြင့်ဘရန်း၏ တန်ဖိုးကို တက်စေမည်။ ထို့ကြောင့် OEM က သိသိသာသာ ပိုကောင်းသည့် ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။
သို့သော်လည်း အော့တိုနည်းပညာအတွက် ဒီခြေလှမ်း လှမ်းဖို့က ခက်ခဲဲပါသေးသည်။ ODM က Private Labeling နဲ့ တူညီသော်လည်း စိတ်ကြိုက် ဖန်တီးထားသည့် ဆဲလ်ဖုန်းများကို ထုတ်လုပ်နိုင်ပါသေးသည်။ အမှန်ပင်။ သူတို့ စိတ်ကြိုက် တောင်းဆိုချက်များ ပိုများလေလေ ငွေတွေ ပိုသုံးရလေလေ ဖြစ်သည်။
လောလောဆယ် အားလုံးက ဆဲလ်ဖုန်းအသစ်အတွက် ယေဘုယျ အစီအစဉ် တစ်ခု စဉ်းစာဖို့ အာရုံစိုက်ထားကြ၏။ တစ်နည်းအားဖြင့် လက်ရှိ အစီအစဉ်များစွာကို ဘယ်လို အသုံးချမလဲ ဆိုတာကို ဖြစ်သည်။
သူတို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြ၏။
"ကျွန်တော်တို့ သေချာပေါက် နောက်ဆုံးပေါ် Microchip တော့ သုံးရလိမ့်မယ်"
"အကောင်းဆုံး ဖန်သားပြင်တွေကိုလည်း သုံးရမယ် မဟုတ်ဘူးလား"
"ကင်မရာတွေကလည်း အရမ်းကြီး ဆိုးရွားလို့ မဖြစ်ဘူး။ တကယ်တော့ အခု ကင်မရာ ၂ လုံးပါတဲ့ ပင်ရင်းမော်ဒယ်တွေ အများကြီး ရှိနေပြီ။ ကျွန်တော်တို့လည်း အဲ့ဒီနောက် လိုက်ရမယ် ထင်တယ်"
"ဘက်ထရီခံနိုင်ရည်ကိုလည်း ဂရုစိုက်ရမယ်။ Microchip ကောင်းကောင်း၊ ဖန်သားပြင် ကောင်းကော်ငးကို ထိန်းသိမ်းနိုင်ဖို့ဆို ဘက်ထရီတွေ အများကြီး လိုအပ်လိမ့်မယ်"
"ဖုန်းမန်မိုရီလည်း များများ ရှိသင့်တယ်။ ပြီးတော့ RGB လေး နည်းနည်းလောက် ထည့်ကြမလား"
"နေပါဦး ကျွန်တော်တို့က ပမာဏ နည်းနည်းပဲ ဝယ်မှာဆိုတော့ Microchip ကောင်းကောင်း ဖန်သားပြင်ကောင်းကောင်း ရနိုင်ပါ့မလား"
"မရနိုင်ရင် ပိုက်ဆံပိုပေးလို့ရတာပဲ ဒီလောက် စျေးကြီးတဲ့ မော်ဒယ်အတွက် Microchip ကောင်းကောင်း မသုံးဘူးဆိုရင် အသေ ဝေဖန်ခံရလိမ့်မယ်။ အဲ့တာတွေကို ရအောင် အစွမ်းကုန် ကြိုးစားမှ ဖြစ်မယ်"
အားလုံး တစ်ယောက်ပြီးတစ်ယောက် စကား ပြောလိုက်ကြသည်။ ဆဲလ်ဖုန်းမှာ နောက်ဆုံးပေါ် ဟာ့ဒ်ဝဲများကို ထည့်သွင်းချင်နေကြမှန်း သိသာပါသည်။
မူရင်းဒီဇိုင်းက ဟုံချန်းနည်းပညာ၏ ပင်ရင်းမော်ဒယ် M9 ဖြစ်ဖို့ ရည်ရွယ်ထား၏။ ဟုံချန်းနည်းပညာသာ အဆင့်မြင့်စျေးကွက်ထဲ ဝင်ရောက်ခဲ့ပါက အသုံးပြုမည့် မော်ဒယ်ဖြစ်သည်။
သို့သော်လည်း M9 က ယွမ် ၄,၀၀၀ လောက်သာ ကုန်ကျမည်။ ယခု လက်ရှိ မော်ဒယ်သစ်က ယွမ် ၈,၀၀၀ ဖြင့် ရောင်းရမှာ ဖြစ်ပါသည်။
သူတို့ ပစ္စည်းကောင်းကောင်း ဘယ်လောက်တောင် ထပ်ပေါင်းထည့်ရမလဲ။
သူတို့ ယခင်တုန်းက ဆဲလ်ဖုန်းတွေ ဖန်တီးခဲ့စဉ်က ကပ်စေးနဲခဲ့ရပြီး ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ကြိုးစားခဲ့ရ၏။ အကောင်အထည်ဖော်ဖို့ စျေးကြီးလွန်းနေသည့် အကြံကောင်းများကို မကြာခဏဆိုသလို စိတ်ကူးယဉ်ကြည့်လို့သာ ရပါသည်။
နောက်ဆုံးမှာတော့ သူတို့ ရွေးချယ်စရာ မရှိတော့ဘဲ မော်တာ၊ အားသွင်းခေါင်း၊ NFC အစရှိသည့် ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ကို လျှော့ချခဲ့ရလေ့ ရှိသည်။
သို့သော်လည်း အခုတော့ အားလုံး ခြားနားနေပါပြီ။ ဆဲလ်ဖုန်းထဲကို သူတို့ ထည့်ချင်သမျှ အစိတ်အပိုင်းကောင်းများ ထည့်လို့ ရနေပြီ ဖြစ်ကာ အခုထိတောင် မလုံလောက်သေးပါ။
ထို့အပြင် ဆဲလ်ဖုန်းတွေက မတူညီသည့် အကြောင်းအရင်းများကြောင့် အလွန်စျေးကြီးတာ ဖြစ်သည်။ ဒီတိုင်း ဒီဇိုင်းမှာ နောက်ဆုံးပေါ် ဟာ့ဒ်ဝဲများ၊ နည်းပညာများ စုပြုံထည့်လိုက်တာလောက် မရိုးရှင်းပါ။
ဥပမာ အခုအချိန်မှာ ရေပန်းမစားသေးသည့် ဖန်သားအပြည့် နည်းပညာကိုပဲ နမူနာယူကြည့်ပါ။ ကုမ္ပဏီတွေက ဆဲလ်ဖုန်းများ၏ ဘောင်များကို အလွန်အမင်း ပါးလွှာအောင် လုပ်နိုင်သည်။ သို့သော် ထိုသို့ ပြုလုပ်ပါက စပီကာနဲ့ ထိုနေရာတွေမှာ ပုံမှန် ထားရသည့် တခြား ဟာ့ဒ်ဝဲများကို ပြောင်းရွှေ့ဖို့ နေရာအသစ် ရှာရမည်။ ဒီလိုဆို ဆဲလ်ဖုန်း၏ တခြား အစိတ်အပိုင်းများကို လျှော့ချပစ်ဖို့ လိုအပ်လာမှာ မလွဲမသွေပင်။
ထိုကဲ့သို့ ဖုန်းတွေက စိတ်ဝင်စားစရာကောင်းသည့်ပုံ ပိုပေါ်သော်လည်း စတေးရမှာတွေ အများကြီး ရှိပါသည်။ ထို့အပြင် လက်တွေ့အသုံးချနိုင်မှုကိုပါ လျှော့ချ ပစ်ဖို့လိုလာနိုင်သည်။
အားလုံးက ထိုချင့်ချိန်မှုများကို အကြာကြီး ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတော့ အလှအပ သက်သက်အတွက် လက်လျှော့ပြီး ရင့်ကျက်ကာ၊ စိတ်ချရသည့် စျေးကြီးနည်းပညာများကိုသာ အာရုံစိုက်ထားဖို့ ချန်းယောင် ဆုံးဖြတ်လိုက်ပါသည်။ ဆဲလ်ဖုန်း၏ တန်ဖိုးကို တိုးမြှင့်ဖို့အတွက် ထိုရင်းမြစ်များအပေါ်တွင်သာ လက်တွေ့ကျကျ ထပ်မံ ပေါင်းထည့်သွားပါမည်။
မကြာမီ ဖုန်းဟာ့ဒ်ဝဲနဲ့ ပတ်သတ်သည့် ဆွေးနွေးပွဲ အဆုံးသတ်သွားခဲ့သည်။
လင်းဝမ်နားလည်သလောက်တော့ ဆဲလ်ဖုန်း၏ ဟာ့ဒ်ဝဲဒီဇိုင်းက ရှန်းဟွာ၏ ပင်ရင်းမော်ဒယ်နဲ့ အတော်လေး ဆင်တူသည့်ပုံပေါ်သည်။ သို့သော်လည်း စနစ်၊ သီးသန့်ဒီဇိုင်း၊ ထူးခြားသည့် ရောင်းချမှတ်များအရဆိုရင်တော့ ရှန်းဟွာကို ကျော်လွန်နိုင်မှာ မဟုတ်မှန်း သူမ သေချာသိသည်။ သူတို့ ဘရန်း ၂ ခု၏ ဂုဏ်သတင်း ကွာခြားမှုကလည်း ကမ္ဘာခြားနေ၏။
အော့တိုနည်းပညာ၏ ဆဲလ်ဖုန်းဒီဇိုင်းကလည်း စျေးကွက်ထဲရှိ နည်းပညာအသစ်များကို အသုံးပြုပြီး အထင်ကြီးစရာ ကောင်းလာမည် ဖြစ်သည်။ သို့သော်လည်း တခြား ကုမ္ပဏီအကြီးစားများ၏ ပင်ရင်း မော်ဒယ်များကိုတော့ လွှမ်းမိုးနိုင်မှာ မဟုတ်ပါ။
ထို့အပြင် ရှန်းဟွာ၏ ပင်ရင်းမော်ဒယ်က ယွမ် ၆,၀၀၀ အောက်သာ စျေးနှုန်း သတ်မှတ်ထားသည်။
လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ သူတို့ ဆဲလ်ဖုန်းကို ယွမ် ၈,၀၀၀ မဆိုဦးနှင့်၊ ယွမ် ၅,၅၀၀ နဲ့တောင် ရောင်းထွက်ဖို့ ခက်ခဲနိုင်ပါသည်။
ချန်းယောင် ပြောလိုက်သည်။ "အိုင်ဒီယာတွေ ထပ်စဉ်းစားကြည့်ကြပါဦး အားလုံးပဲ။ ဘော့စ်ဖေးက အမိန့်ပေးထားတယ်။ ငါတို့ ဒီဆဲလ်ဖုန်းကို ယွမ် ၈,၀၀၀ နဲ့ ရောင်းရမှကို ဖြစ်မယ်"
"အရင်က ဘော့စ်ဖေးနဲ့ ငါဆွေးနွေးကြည့်တော့ သူ အကြံပြုချက်တချို့ ပေးခဲ့သေးတယ်။ ဥပမာ ငါတို့ ဆဲလ်ဖုန်းတွေကို ပြန်မပြင်ပေးဘဲ အစားထိုးပေးရမယ်။ ကတ်စတမ်မာတစ်ယောက်ရဲ့ ဖုန်းက ပျက်သွားပြီဆိုရင် အသစ်တစ်လုံးကို အိမ်အထိ သွားပို့ပေးပြီး ဖုန်းဟောင်းရဲ့ ဒေတာကို ကူးပေးရမယ်။ ပြီးရင် အဟောင်းကို ပြန်ယူလာရမယ်"
"အနှစ်ချုပ်ပြောရရင်... ဆဲလ်ဖုန်းတွေ ပေးရတဲ့ စျေးနှုန်းနဲ့ တန်အောင် ထပ်တိုး ဝန်ဆောင်မှုတွေကို စဉ်းစားရမယ်"
ချန်းယောင်ထံမှ ဒီစကားအကြောင်းအရာသစ်တစ်ခု ပွင့်လာသောအခါ တခြားသူတွေလည်း ထပ်မံ အကြံပြုချက်များ ပေးကြပါသည်။
"ပြန်လည်လဲလှယ်ခြင်း ဝန်ဆောင်မှုတွေကို ပိုပြီး တိုးမြှင့်လိုက်ရင်ကော။ ကျွန်တော်တို့ မော်ဒယ် အသစ်တစ်ခု ထုတ်လုပ်တိုင်း ကတ်စတမ်မာတွေကို မော်ဒယ်အဟောင်းနဲ့ လဲလှယ်ခွင့်ပေးမယ်။ မော်ဒယ်အဟောင်းရဲ့ တန်ဖိုးအပြင် ယွမ် ၅၀၀ သက်သာခွင့် ပေးမယ်။ ဒါဆို ကတ်စတမ်မာတွေ ကျွန်တော်တို့ရဲ့ ဘရန်းကိုပဲ ဆက်ထိန်းသိမ်းထားဖို့ အားပေးရာ ရောက်တယ်"
"ကျွန်တော်တို့ရဲ့ ထုတ်ပိုးမှုကို ပိုပြီး လက်ရာမြောက်အောင် လုပ်လို့ရမယ် ထင်တာပဲ။ ဆဲလ်ဖုန်းတန်ဖိုးတက်ဖို့အတွက် အကောင်းဆုံး မကွဲမှန်တွေနဲ့ ကာဗာတွေကို တပ်ဆင်ကြမယ်"
"App ဖန်တီးသူတွေနဲ့လည်း ပူးပေါင်းလို့ရတယ်။ ဥပမာ ဗီဒီယိုဝက်ဘ်ဆိုက်လိုမျိုးပေါ့။ အဲ့ဒီ App တွေကို ကျွန်တော်တို့ ဆဲလ်ဖုန်းတွေမှာ ကြိုတင် သွင်းထားပြီးသား ဖြစ်ပြီး ကျွန်တော်တို့ ကတ်စတမ်မာတွေ ဗီဒီယိုကြည့်ရင် မန်ဘာဝင် အကျိုးခံစားခွင့်တွေ ရအောင် လုပ်ပေးလို့ ရတာပဲ"
အားလုံဂက ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ကြပြီး အိုင်ဒီယာများစွာ စဉ်းစားမိကြသည်။ တချို့က စျေးကြီးသည်။ တချို့ကတော့ သိပ်မကြီးလှပါ။ သို့သော်လည်း အိုင်ဒီယာအားလုံးကို အကောင်အထည် ဖော်လိုက်ရင်တောင် ဆဲဲလ်ဖုန်း၏ တန်ဖိုးအား ယွမ် ၈,၀၀၀ အထိ တိုးမြှင့်နိုင်ဦးမှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က အမြတ်နှုန်း ၅ ရာခိုင်နှုန်းကိုသာ လိုချင်သည်ဟု သေချာ ပြောခဲ့သည်။ ဆဲလ်ဖုန်းထုတ်လုပ်မှုကသာ ၈,၀၀၀ ယွမ်အောက် ကုန်ကျစရိတ်နည်းပါက ဘော့စ်ဖေးကို ချန်းယောင် ခက်ခက်ခဲခဲ ရှင်းပြရပါလိမ့်မည်။
တစ်ချိန်တည်းမှာပင် အားလုံးလည်း အကြံ ဆက်မထုတ်နိုင်တော့ဘဲ တိတ်ဆိတ်သွားကြ၏။
ဒါလည်း ဖြစ်သင့်ပါသည်။ ဆဲလ်ဖုန်းလုပ်ငန်းက ဝင်ရောက်ဖို့ လိုအပ်ချက်စံနှုန်းတွေ မြင့်မားသည်။ ကုမ္ပဏီအကြီးစားများ၏ ပင်ရင်းမော်ဒယ်များက တန်ဖိုးကိုက်ညီမှုရှိကာ ဘာအားနည်းချက်မှလည်း မရှိကြပါ။
ချန်းယောင်နဲ့ သူ့အဖွဲ့သားတို့ ဟုံချန်းနည်းပညာမှာ အလုပ်လုပ်ခဲ့စဉ်တုန်းက ရရှိခဲဲ့သည့် နည်းပညာ အသစ်များကို အသုံးချနိုင်သော်လည်း အဖွဲ့၏ ဖန်တီး သုတေသန အစွမ်းအစက ရှန်းဟွာလို အင်တာနေရှင်နယ် ကုမ္ပဏီကြီးများကို မှီဖို့ အဝေးကြီး လိုနေပါသေးသည်။
ထို့ကြောင့် အားလုံး ဘယ်လောက်ပဲ ကြိုးစားပါစေ သူတို့ စဉ်းစားနိုင်သည့် ထုတ်ကုန်တိုင်းက အလွန်ဆုံး ယွမ် ၆,၀၀၀ လောက်သာ တန်သည်။ ထပ်တိုး အကျိုးခံစားခွင့်တွေနဲ့ဆို ယွမ် ၇,၀၀၀ အထိ ချဲ့ကားလို့ ရသော်လည်း ယွမ် ၈,၀၀၀ ကတော့ မဖြစ်နိုင်ပါ။
ချန်းယောင်က အားလုံးကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ကျေးဇူးပြုပြီး အိုင်ဒီယာတွေ ထပ် စဉ်းစားပေးကြပါဦး။ ငါတို့ ယွမ် ၈,၀၀၀ မပြည့်နိုင်သေးရင် စျေးကြီးတဲ့ စိတ်ကြိုက်ဖန်တီး ဟာ့ဒ်ဝဲတွေကို ဝယ်ရနိုင်တယ်"
စိတ်ကြိုက်ဖန်တီး ဟာ့ဒ်ဝဲများကို ဝယ်ယူလိုက်ပါက ဆဲလ်ဖုန်း၏ တန်ဖိုးကို တိုးမြင့်သွားအောင် တွန်းတင်နိုင်သည်။ သို့သော်လည်း ထိုကဲ့သို့ ဟာ့ဒ်ဝဲများက အရည်အသွေး - ကုန်ကျစရိတ် အချိုး အလွန်နိမ့်သည်။ အော့တို နည်းပညာကဲ့သို့ ကုမ္ပဏီ အသေးစားတစ်ခုကို အသုံးအဖြုန်းကြီးသူတွေဟုပင် ထင်သွားနိုင်ပါသည်။
အားလုံး ကူရာမဲ့နေချိန်တွင် လင်းဝမ် ပြောလိုက်သည်။
"ကျွန်မတို့ တခြား ဗီဒီယိုဝက်ဘ်ဆိုက်တွေ၊ ဆော့ဖ်ဝဲ ကုမ္ပဏီတွေနဲ့ အတူတူ အလုပ်လုပ်မယ်ဆိုရင် သူတို့ အလွန်ဆုံး ကမ်းလှမ်းပေးနိုင်တာက မန်ဘာဝင်စနစ်တစ်ခုပဲ။ အဲ့ထက်ပိုတာ ရနိုင်ဖို့ အရမ်းခက်လိမ့်မယ်"
"ထန်းတာ့လက်အောက်က တခြား ကုမ္ပဏီတွေနဲ့ ကျွန်မ ဆွေးနွေးကြည့်လို့တော့ ရတယ်။ အဲ့တာဆို ကျွန်မတို့ ဆဲလ်ဖုန်းတွေရဲ့ တန်ဖိုးကို အများကြီး တိုးသွားစေမယ့် အကျိုးခံစားခွင့်တွေ ပိုပေးလို့ ရနိုင်တယ်။ ဥပမာ..."
"ဖေးဟွမ်လုပ်ငန်းက သူတို့ရိုက်ကူးတဲ့ ရုပ်ရှင်သစ်တိုင်းအတွက် ကြိုတင်ကြည့်ရှုခွင့် လက်မှတ် ၂ စောင်စီ ကျွန်မတို့ ကတ်စတမ်မာတွေကို ပေးလို့ ရတယ်'
"ယွီအင်တာနက်ကဖေးကလည်း ကျွန်မတို့ ကတ်စတမ်မာတွေကို တစ်သက်တာ မန်ဘာဝင်ဖြစ်ခွင့် ပေးလို့ ရတယ်။ နေ့တိုင်း လျှော့စျေးနဲ့ အခမဲ့ သုံးဆောင်စရာ တစ်ခုခု ခံစားခွင့် ရှိတာပေါ့"
"ဂိမ်းအကောင့်တွေကို သူတို့ဖုန်းနဲ့ ချိတ်ဆက်လိုက်ရင် နှစ်စဉ် သူတို့အတွက် ကျွမ်တို့ ထန်းတာ့ဂိမ်း ၁ ခုစီ လက်ဆောင်ပေးလို့ ရတယ်"
"ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကလည်း ကျွန်မတို့ရဲ့ ကတ်စတမ်မာတွေကို တစ်သက်သာ မန်ဘာဝင်ခွင့် ပေးလို့ ရတယ်။ အဲ့တာဆို Subscription ကြေးတွေ သက်သာမယ်။ ထပ်တိုး ထောက်ခံချက် Vote တွေ၊ လစဉ် Vote ပေးခွင့်တွေလည်း များများ ပိုရမယ်"
"ကျွန်မတို့ ကတ်စတမ်မာတွေက လေဆန်ပို့ဆောင်ရေးရဲ့ အလိုလျောက် VIP တွေ ဖြစ်သွားပြီး ဦးစားပေး ဒီလီဘာရီ ဝန်ဆောင်မှုတွေကို ခံစားခွင့် ရှိမယ်"
"အဲ့ဒီအပြင် မင်ယွမ်စားဖိုဆောင်မှာလည်း အထူး သုံးဆောင်သူတွေအဖြစ် သတ်မှတ်ပေးလို့ ရတယ်။ အနိမ့်ဆုံး သုံးစွဲမှု ပမာဏတစ်ခုကို သုံးမယ်ဆိုရင် ဟင်းလျာတစ်ပွဲ အခမဲ့ သုံးဆောင်နိုင်မယ်"
"လောလောဆယ်တော့ အဲ့တာ အကုန်ပါပဲ။ နောက်မှ သင့်တော်တာတွေ ပေါ်လာရင် အကျိုးခံစားခွင့်တွေ ထပ်ပေါင်းထည့်ကြတာပေါ့"
လင်းဝမ်ဘေးက လူတစ်ယောက်က တွန့်ဆုတ်စွာဖြင့် လက်မြှောက်လိုက်ပါသည်။ "ဒါရိုက်တာလင်း။ အဲ့လောက် အကျိုးခံစားခွင့်တွေ အများကြီး ရနိုင်တာ သေချာရဲ့လား"
လင်းဝမ်က ယုံကြည်ချက် ပြည့်ဝစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့။ ကျွန်မက အဲ့ဒီ အရံ လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေနဲ့ အရမ်း ရင်းနှီးတယ်။ သူတို့ကို ကျွန်မ ပြောကြည့်လိုက်မယ်။ သူတို့မှာ ပိုကောင်းတဲ့ အကြံတွေတောင် ရှိလောက်တယ်"
ချန်းယောင်၏ မျက်လုံးတွေ အရောင်လက်သွားသည်။ "အဲ့တာဆို အကောင်းဆုံးပဲပေါ့ ကျွန်တော်တို့ ကြိုပြီး ကျေးဇူးတင်ထားပါရစေ ဒါရိုက်တာလင်း"
လင်းဝမ်က လက်ပြလိုက်သည်။ "ကျွန်မကို ကျေးဇူးမတင်ပါနဲ့။ ဘော့စ်ဖေး တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက အော့တိုနည်းပညာမှာ မရှိမဖြစ်ပဲတဲ့။ သွေဖယ်နေလို့ မရဘူးတဲ့"
"ဘော့စ်ဖေးက ကျွန်မကို... ထန်းတာ့ရဲ့ ဝန်ထမ်းဟောင်း ဖြစ်တဲ့အတွက် အော့တိုနည်းပညာနဲ့ ထန်းတာ့ကော်ပိုရေးရှင်းလက်အောက်က တခြား လုပ်ငန်းတွေအကြားက တံတားတစ်စင်းအဖြစ် ဆောင်ရွက်ပေးဖို့ အရိပ်အမြွက်ပေးခဲ့တာ ထင်တယ်"
"တခြား အရံလုပ်ငန်းတွေနဲ့ ညှိနှိုင်းဖို့ ကျွန်မ တာဝန်သာ ထားလိုက်"