ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး
Vol. 23 Ch. 334
"ဟပ်ချိုး"
ဖေးဟွမ်လုပ်ငန်းမှ ထွက်လာစဉ် ဖေးချမ့် နှာချေလိုက်မိသည်။
"ရုတ်တရက်ကြီး ဘာလို့ ခံစားချက်တွေ မကောင်းတော့တာပါလိမ့်..."
"လုပ်ငန်း တစ်ခုခုများ အမှားအယွင်း ဖြစ်သွားလို့လား။ ငါသွားစစ်ကြည့်လိုက်ရမလား"
"... နေပါစေတော့ကွာ"
စက္ကန့်ပိုင်းလောက် ဖေးချမ့် ကုမ္ပဏီတွေဆီကို သွားပြီး တစ်ခုခု မှားယွင်းသွားသလားဟု စစ်ဆေးချင်သွား၏။ သို့သော်လည်း သိပ်မကြာခင် သူ့အကြံကို ပြန်ပယ်လိုက်ပါသည်။
ဘာပြဿနာကိုမှ ရှာတွေ့နိုင်မှာလည်း မဟုတ်ပါ။ လောလောဆယ် ဖေးချမ့် ကိုင်တွယ်ရမည့် လုပ်ငန်းတွေက အလွန် များပြားလွန်းပါသည်။ အားလုံးကို စစ်ဆေးကြည့်ဖို့က အလွန်ခက်ခဲလွန်းလိမ့်မည်။ အနည်းငယ် တွေးတောပြီးနောက် သူ အတွေးလွန်နေတာသာ ဖြစ်လိမ့်မည်ဟု ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ လက်ထဲက တာဝန်တွေကိုသာ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျန်းကျုထျင်ကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ကျန်းကျုထျင်ကလည်း ချက်ချင်းဆိုသလို ဖုန်းကိုင်သည်။ နှစ်ယောက်သား ယဉ်ကျေးမှုအရ စကားတချို့ ပြောလိုက်ပြီး အဆင်ပြေနေကြပါသည်။
Bloody Battle Song အတွက် ကြော်ငြာရိုက်ကူးခဲ့တာက ကျန်းကျုထျင်အတွက် စိတ်ပူစရာတွေ အများကြီး ယူဆောင်လာပေးခဲ့သော်လည်း သူ့ကို နာမည်လည်း အတော်လေး ကြီးသွားစေခဲ့၏။
Bloody Battle Song မိုဘီုင်းဗားရှင်း၏ အောင်မြင်မှုကု 'Paywall များဖြင့် ပြည့်နေမည်'၊ 'လူလိမ်ဂိမ်း'၊ 'ခပ်တုံးတုံး သူဌေးတွေအတွက် ဂိမ်း' စသည်ဖြင့် လူတွေရဲ့ ဂိမ်းအပေါ် အထင်အမြင်များအား ဖိနှိပ်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပဲ လူပေါင်းများစွာက ကျန်းကျုထျင်ကို မုန်းတီးသူတွေ အဖြစ်မှ ပရိတ်သတ်အဖြစ် ပြောင်းလဲသွားကြသည်။
တစ်ချိန်က ဒိတ်အောက်နေပြီ ဖြစ်သည့် ကျန်းကျုထျင်လည်း အခုတော့ ပြန်ပြီး ရေပန်းစားလာခဲ့ပါသည်။
ထိုအကြောင်းအရင်းကြောင့် ဘော့စ်ဖေးကို ကျန်းကျုထျင် ကျေးဇူးတင်နေဆဲ ဖြစ်သည်။
"မစ္စတာကျန်း နောက်လပိုင်းထဲ ရိုက်ကူးရေးလုပ်ဖို့ အားလား။ ကျွန်တော် ရုပ်ရှင်တစ်ခုထုတ်လုပ်မှာမို့လို့ ခင်ဗျားကို ပါဝင်သရုပ်ဆောင်ဖို့ ဖိတ်ကြားချင်လို့ပါ"
"ကျွန်တော်တို့အရင်ကလည်း အလုပ် အတူတူ လုပ်ဖူးတာပဲ။ အနုပညာကြေးအတွက် စိတ်မပူနဲ့။ ကျွန်တော်တို့ သေချာပေါက် စျေးမနှိမ်ပါဘူး'
ကျန်းကျုထျန် သိသိသာသာ မှင်သက်သွားရ၏။
ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ရမယ် ဟုတ်လား။ ဘော့စ်ဖေးကုမ္ပဏီက ဂိမ်းကုမ္ပဏီ မဟုတ်ဘူးလား။ ဘာလို့ ရုပ်ရှင်တစ်ကား ထုတ်လုပ်မှာလဲ။
နောက်ထပ် လုပ်ငန်းလောကတစ်ခုထဲ ခြေချနေပြီလား။
ကျန်းကျုထျန် မေးခွန်း အများကြီး ပြန်မမေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီအကြီးစားများစွာက ယခုချိန်မှာ ရုပ်ရှင်လောကထဲ ခြေချဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ ကျောက်မီးသွေးသူဌေးတွေနဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေတောင် ဝင်ရောက်ဖို့ ကြိုးစားနေကြသည်။ ကျန်းကျုထျင်တစ်ယောက် အရာမဟုတ်တာကို ပုံကြီးချဲ့ဖို့ မလိုပါ။
ထို့အပြင် ဘော့စ်ဖေးက အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ဆိုင်တောင် ဖွင့်ထားပြီးပြီ။ ရုပ်ရှင်တစ်ကား ထုတ်လုပ်ချင်တာ ဘာမှ မထူးဆန်းတော့ဘူး မဟုတ်လား။
ကျန်းကျုထျင်က ပြန်ဖြေလိုက်၏။ "ပြဿနာမရှိပါဘူး ဘော့စ်ဖေး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း နောက်လပိုင်းထဲ အားနေမှာ။ ကျွန်တော်တို့က တစ်ယောက်ရဲ့ လုပ်ကိုင်ပုံလုပ်ကိုင်နည်းကို တစ်ယောက်က ရင်းနှီးပြီးသားဖြစ်ပြီး အနုပညာကြေးနဲ့ ပတ်သတ်ပြီးလည်း ထပ်ပြီးတော့ ဆွေးနွေးလို့ ရတယ်။ ကျွန်တော်တို့က မိတ်ဆွေတွေဆိုတော့ စျေးလျှော့ပေးမှာပါ။ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့်ကို ဇာတ်ညွှန်းလေး အရင်ပေးဖတ်လို့ရမလား"
ဖေးချမ့် စက္ကန့်ပိုင်းလောက် စကားတိတ်သွားသည်။ "စျေးလျှော့မပေးလည်း ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဇာတ်ညွှန်းမတောင်းလို့ ရမလား"
နောက်တစ်ဖန် ကျန်းကျုထျန် မှင်သက်သွားရပြန်သည်။ ထို့နောက် ရယ်မောကာ ပြောလိုက်၏။ "ဘော့စ်ဖေးကတော့ တကယ် ဟာသ ပြောတတ်တာပဲ။ ဇာတ်ညွှန်းက မပြီးသေးလို့လား။ ဒါဆိုလည်း အဲ့ကိစ္စ လောလောဆယ် မပြောသေးဘဲ ထားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးမျက်နှာနဲ့ ကျွန်တော် လုပ်ပေးမှာပါ။ မကြာခင် လိုအပ်တဲ့ စီစဉ်မှုလေးတွေ လုပ်ပြီး ကျင်းကျိုးမြို့ကို လာခဲ့ပါ့မယ်"
"ကောင်းပါပြီ။ ကျွန်တော် ဒါရိုက်တာရဲ့ ဖုန်းနံပါတ် ပေးလိုက်မယ်။ သူနဲ့ တိုက်ရိုက် ညှိနှိုင်းလို့ရတာပေါ့။ သြော် ကျန်သေးတယ်။ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်မယ့် ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေး သရုပ်ဆောင်ကို လိုသေးတယ်။ ခင်ဗျား ညွှန်းပေးနိုင်တဲ့သူများ ရှိမလား" ဖေးချမ့် မေးလိုက်ပါသည်။
ကျန်းကျုထျင် ခေတ္တ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ငယ်ရွယ်တဲ့ ယောက်ျားလေး သရုပ်ဆောင်တွေက အများကြီး ရှိတယ်လေ။ ကန့်သတ်ချက် အသေးစိတ်တွေ ဘာတွေ မရှိဘူးလား"
ဘာမှ စဉ်းစားမနေဘဲ ဖေးချမ့် ချက်ချင်း ပြောလိုက်ပါသည်။ "စျေးကြီးလေလေ ပိုကောင်းလေလေပဲ"
ကျန်ကျုထျင်က ရယ်လိုက်သည်။။ "စျေးကြီးရမယ် ဟုတ်လာ။ စျေးကြီးတဲ့ သရုပ်ဆောင်တွေတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က ဒီတိုင်း ဒိတ်အောက်နေတဲ့ သရုပ်ဆောင်လေ။ ဘယ်လိုလုပ် ငယ်ငယ်ချောချော ဆယ်လီတွေအကြောင်း သိမှာလဲ။ ဒါက ဘော့စ်ဖေးရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်ပြီး ကျင်းကျိုးမြို့မှာ စျေးကြီးတဲ့ သရုပ်ဆောင်ငယ်တွေကလည်း အများကြီးမရှိတော့ တစ်ယောက်ချင်း လိုက်မေးကြည့်လို့တောင် ရတယ်"
ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "မှန်ပါတယ်။ ဒါဆို ကျွန်တော် ထပ်ရှာကြည့်လိုက်ပါဦးမယ်"
တိုက်ဆိုင်စွာဖြင့် ဖေးချမ့် ဖုန်းချလိုက်တာနဲ့ ထန်းတာ့သို့ ရောက်သွားပြီ ဖြစ်သည်။
ဖေးချမ့် ကားပေါ်က ဆင်းလိုက်ပြီး သူ့ရုံးခန်း သူ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် လောလောဆယ် Qiandu မှာ အတော်လေး ရေပန်းစားနေသည့် ယောက်ျားလေး သရုပ်ဆောင်များကို ရှာဖွေကြည့်လိုက်သည်။
ဒီကမ္ဘာကြီးမှာ အရာများစွာက ခြားနားနေသည်။ ဥပမာ စမတ်ဖုန်းနဲ့ မိုဘိုင်းဂိမ်းလောက ဖွံ့ဖြိုးတိုးတက်မှုက ဖေးချမ့် မှတ်မိတာထက် ၃ - ၄ နှစ်လောက် ပိုစောနေပါသည်။
ရုပ်ရှင်လောကကလည်း သူ့မှတ်ဉာဏ်နဲ့ ကွာခြားနေပါသည်။ ဖေးချမ့် မှတ်မိသလောက် သရုပ်ဆောင်စွမ်းရည်ကို ဂရုမစိုက်ဘဲ သရုပ်ဆောင်များ၏ ပရိတ်သတ်ခိုင်မာမှုကို အားကိုးကာ ရိုက်ကူးခဲ့သည့် ပထမဆုံး ရုပ်ရှင်က ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ ထိုရေပန်းစားမှုက ၂၀၁၃ တွင် အရှိန်အဟုတ်မြင့်လာပြီး ၂၀၁၄ - ၂၀၁၅ တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက်မှာတော့ ပြန်လည် ကျဆင်းသွားခဲ့သည်။
ဒီကမ္ဘာမှာတော့ အနည်းငယ် ကွဲပြားနေသည်။ ရေပန်းစားမှုက ဖေးချမ့် မှတ်မိတာထက် ပိုစောနေသည်။
ဆဲလ်ဖုန်းနဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) တို့၏ စောစီးသော ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်မည်ဟု ဖေးချမ့် ခန့်မှန်းမိသည်။
အနှစ်ချုပ်အားဖြင့် ဒီကမ္ဘာကြီးထဲ အခုချိန်မှာ ရုပ်ရှင်တွေက ဆက်တိုက် ရေပန်းစားလာနေတာ ဖြစ်သည်။ ငယ်ရွယ်ပြီး ရေပန်းစားသည့် အိုင်ဒေါများက စျေးနှုန်းများကို ပိုတိုးတောင်းကြသည်။ ၎င်းတို့တောင်းသည့် စျေးနှုန်းများက မယုံနိုင်စရာတောင် ဖြစ်လာပါသည်။ အမှန်ပင်။ ထိုငယ်ရွယ်သည့် အိုင်ဒေါတွေအပြင် ယောက်ျားလေး စူပါစတားများကြလည်း စျေးမပေါပါ။
ဖေးချမ့် ပဋိပက္ခ ဖြစ်သွားခဲ့သည်။
ခေါင်းဆောင်မင်းသားအဖြစ် ဘယ်သူ့ကို ငှားရမလဲ။
အတော်လေး လူသိနည်းသည့် သရုပ်ဆောင် တစ်ယောက်ကို ငှားလိုက်လျှင် ငွေအများကြီး ဖြုန်းနိုင်မှာ မဟုတ်ပါ။
ယောက်ျားလေး စူပါစတား တစ်ယောက်ကို ငှားလိုက်ရင်ကော။ ငွေပိုဖြုန်းနိုင်မှာ မှန်သော်လည်း စူပါစတား၏ သရုပ်ဆောင်စွမ်းရည်တွေ ကောင်းမွန်မှာတော့ သေချာသည်။ ထို့အပြင် ထိုစူပါစတားများက သူ့မျက်နှာ မြင်ချင်ရုံနဲ့ လက်မှတ် လာဝယ်ကြသည့် လူအုပ်ကြီးကို ဆွဲဆောင်နိုင်စွမ်းလည်း ရှိသည်။
အဲ့ဒီအစား ငယ်ရွယ်ပြီး ရေပန်းစားတဲ့ အိုင်ဒေါတွကို ငှားလိုက်ရင်ကော။
ကဏ္ဍများစွာမှာ ပိုကောင်းသွားနိုင်မှာ မှန်ပါသည်။ သို့သော်လည်း ဖေးချမ့်က ထို'အိုင်ဒေါ' ဆိုတာတွေကို အတော်လေး အထင်သေးသည်။ တခြား နည်းလမ်းများဖြင့် ငွေကို သုံးနိုင်ပြီး ငယ်ရွယ်ပြီး ရေပန်းစားသည့် အိုင်ဒေါများကို ရွေးချယ်တာက သူတို့အတွက် မျှတမှု မရှိသည့် အားသာချက်ကို ပေးလိုက်သလို ဖြစ်သွားမည်။ ထို့အပြင် စွမ်းရည်ထက် ရုပ်ရည်ကို ပိုကြည့်သည့် အလေ့အထကိုလည်း အားပေးအားမြောက် ပြုရာ ကျသွားလိမ့်မည်။
ဒီလိုဆို ဖေးချမ့် နေလို့ ကောင်းမှာ မဟုတ်တော့ပါ။
အပြောင်းအလဲမြန်တဲ့ သူ့စိတ်ကို ချုပ်ထိန်းရင်း ဖေးချမ့် အင်တာနက်ပေါ်မှာ အရင်းအမြစ်တွေ ထပ်ရှာကြည့်လိုက်သည်။ သင့်တော်တဲ့ သရုပ်ဆောင် တစ်ယောက်လောက် ကံကောင်းပြီး ရှာတွေ့ဖို့ မျှော်လင့်ချက်ဖြင့် ဖြစ်သည်။
ရုတ်တရက်ကြီး ရှာဖွေမှု စာသားတစ်ခုကို သတိထားမိသွားသည်။
'ရုံတင်ဝင်ငွေမှာ အဆိပ်အတောက်ဆန်မှု"
"အမ်"
ဖေးချမ့် ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။ တစ်ချိန်က ဖိုရမ်တစ်ခုတွင် ရေပန်းစားခဲ့သည့် ပို့စ်ဖြစ်ကာ 'လုကျစ်ယောင်က ရုံတင်ဝင်ငွေမှာ အကြွင်းမဲ့ အဆိပ်အတောက်ဆန်တယ်' ဟု ခေါင်းစဉ်တပ်ထားသည်။
ပို့စ်ကလည်း အတော်လေး ရေပန်းစားသည်။ အင်တာနက်စွဲလမ်းသူများစွာက ကောမန့်ဝင်ရေးကြ၏။
"ဟုတ်ပါ့ အဲ့လို သရုပ်ဆောင်တွေ ပါတာတောင် ကျရှုံးသေးတယ် တော်တော် မယုံနိုင်စရာ ကောင်းတာပဲ"
"အရမ်းတော်တဲ့ ဒါရိုက်တာလျို့တောင် သူ့ကို မကယ်နိုင်ဘူး ကယ်မရတော့ဘူးဟေ့"
"ယောက်ျားလေး သရုပ်ဆောင်တွေအတွက် ခေါင်းဆေင် မင်းသမီး ၂ ယောက်က ကံကောင်းစေတဲ့ အဆောင်လေးတွေလို့ ပြောလို့ ရတာတောင် ဒီလောက် ဆိုးဆိုးရွားရွား ကျရှုံးသွားသေးတယ်..."
"အကြိမ်ကြိမ် မအောင်မြင်တာတောင် ဘာလို့ သူ့ကို အလုပ်တွေ အများကြီးပေးနေကြသေးတာလဲလို့ ငါ မေးချင်လိုက်တာ"
"ရိုးရိုးသားသား ပြောရရင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က အဆင်ပြေပါတယ်။ အလုပ်လည်း ကြိုးစားပြီး ပေါင်းသင်းရလွယ်တယ်။ သူနဲ့ ပတ်သတ်တဲ့ မကောင်းသတင်းတွေလည်း ဘာမှ မကြားဖူးဘူး။ တော်တော်လေးလည်း ကြည့်ကောင်းတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းကို မသိဘဲ ဖန်သားပြင်ပေါ်မှာ ဘယ်သူမှ သူ့ကို မမြင်ချင်ကြဘူး..."
"ဟုတ်တယ်။ ရုပ်ရှင်တစ်ကားမှာ သူ့နာမည်ကို ငါမြင်လိုက်တိုင်း ကြည့်ချင်စိတ် ပျောက်သွားတယ်"
"အကြောင်းအရင်း အများကြီး ရှိမယ်လို့ ငါတော့ ထင်တယ်။ တစ် အချက် - သူက ပရိတ်သတ်တွေနဲ့ လိုက်ဖက်မှု မရှိဘူး။ နှစ် အချက် - သူက အရမ်း ချောလွန်းတယ်။ သူသရုပ်ဆောင်နေတဲ့ ဇာတ်ကောင်လို့ သူ့ကို မြင်ဖို့ တော်တော် ခက်တယ်။ အဲ့လို အတည်ပေါက် ရုပ်ရှင်မျိုးကြီးတွေမှာ မပါသင့်ဘူး။ သူ့ပရိတ်သတ်တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိမယ့် ရုပ်ရှင်မျိုးတွေမှာပဲ ပါသင့်တယ်"
"သူ စျေးကွက်ထဲကို အဝင်စောခဲ့တာ နှမြောဖို့ ကောင်းချက်ပဲ။ သူ့ကို 'တက်သစ်စ' လို့ ခေါ်ဖို့ပြန်ကလည်း အရမ်း ဟောင်းလွန်းနေပြီ။ ပြီးတော့ သူက တော်တော်လေး ကြီးကျယ်ပြီး စျေးပေါတဲ့ အလုပ်တွေကိုလည်း လက်မခံဘူးနော်။ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ရုပ်ရှင်တွေကိုမှာပဲ ပါဝင် သရုပ်ဆောင်တာ။ ဒါမှ သူ့သရုပ်ဆောင်စွမ်းရည်ကို အဆင့်မြှင့်တင်နိုင်မှာတဲ့လေ"
"ငါ တောင်းပန်ပါတယ်။ ဇာတ်ညွှန်းကောင်းတဲ့ ရုပ်ရှင်တွေကို မဖျက်ဆီးပါနဲ့တော့"
"သူ နောက်တစ်ခေါက်သာ ထပ်ကျရှုံးရင် ဘယ်ဒါရိုက်တာမှ သူ့ကို အလုပ်ခန့်ချင်ကြမှာ မဟုတ်တော့ဘူး။ သူက စျေးကြီးပြီး လက်မှတ်လည်း မရောင်းရဘူး။ အရည်အသွေး - စျေးနှုန်းအချိုးက တော်တော် ဆိုးရွားတယ်။”
လူတိုင်းရဲ့ ကောမန့်ကို ဖတ်ပြီးသွားသောအခါ ဖေးချမ့် မျက်လုံးများ အရောင်လက်သွားရ၏။
ဒီညီကို လုကျစ်ယောင် သူ့ရဲ့ လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ ကိုက်ညီနေသည့်ပုံပင်။
ဖေးချမ့် ခပ်မြန်မြန်ပဲ သူ့လက်ရာများကို ရှာကြည့်လိုက်သည်။
လုကျစ်ယောင်က လက်ရှိတွေ ရေပန်းအစားဆုံး ထိပ်တန်း ကြယ်ပွင့် ၅ ယောက်ထဲက တစ်ယောက် ဖြစ်မှန်း မြင်လိုက်ရသည်။ အတော်လေး နာမည်ကြီးပြီး ရုပ်ရှင်ကောင်းများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
သူစတင် သရုပ်ဆောင်ခဲ့စဉ်တုန်းက ပမာဏထက် အရည်အသွေးကို ပိုဦးစားပေးသည့် ရုပ်ရှင်မျိုးတွေမှာ ပါဝင်ခဲ့သည်။ ထိုရုပ်ရှင်တွေက ဝင်ငွေအားဖြင့် မကောင်းမွန်သော်လည်း သူ့ရဲ့ သရုပ်ဆောင်မှုက အတော်လေး ပြောင်မြောက်ခဲ့သည်။ ထို့ကြောင့် ပရိတ်သတ်က သူ့အပေါ် မျှော်လင့်ချက်မြင့်မြင့်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူရုပ်ရှင်တွေမှာ ပိုပြီးပါလာလေလေ လမ်းစတင်ချော်လာလေလေ ဖြစ်သည်။
လုကျစ်ယောင်၏ သရုပ်ဆောင်စွမ်းရည်များက ချွတ်ယွင်းနေတာ မဟုတ်ပါ။ တကယ်တော့ ဖြည်းဖြည်းချင်း တိုးတောင် တိုးတက်လာပါသည်။ သူက သဘောကောင်းပြီး အလုပ်ကြိုးစားသည့် ကောင်လေးလည်း ဖြစ်သည်။ သို့သော် သူ့ရုပ်ရှင်တွေက အချိန်နဲ့ အမျှ ပိုပို စုတ်လာခဲ့သည်။
ပထမတော့ ရုပ်ရှင်တွေကြောင့် သူ နှောင့်နှေးနေတာဟု ပရိတ်သတ်တွေက ထင်ခဲ့သည်။ သူ့ကိုယ်စား မခံမရပ်နိုင်ပင် ဖြစ်ခဲ့ကြပါသေးသည်။ ထို့ကြောင့် သူ့အနုပညာကြေးက ဆက်လက် တိုးမြင့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒီလူက သူပါဝင်သည့် ရုပ်ရှင်များကြောင့် နှောင့်နှေးနေတာ မဟုတ်မှန်း အားလုံး ဖြည်းဖြည်းချင်း နားလည်လာရသည်။
တခြားသရုပ်ဆောင်ကောင်းများက သူတို့ ပါဝင်သည့် ရုပ်ရှင်များအတွက် လက်မှတ်များကို လက်တစ်ဖက်တည်းနဲ့တောင် ရောင်းချနိုင်သည်။ သို့သော် လုကျစ်ယောင်က လက်မှတ်ရောင်းဖို့ မအောင်မြင်ရုံတင်မကဘဲ လူတွေကို မဝယ်အောင် မောင်းထုတ်နေသလိုတောင် ဖြစ်နေပါသည်။
သူပါဝင်ခဲ့သည့် နောက်ဆုံးထွက်ရုပ်ရှင်တွင် နာမည်ကျော် ရုပ်ရှင်ဘုရင်တစ်ယောက်နဲ့ ပရိတ်သတ် သဘောကျမှုများသည့် မင်းသမီး ၂ ယောက်လည်း ပါဝင်သည်။ ဒါတောင် နောက်ဆုံးကျတော့လည်း ရုပ်ရှင် ဆိုးဆိုးရွားရွား ကျရှုံးခဲ့ပါသေးသည်။
ထို့ကြောင့် လုကျစ်ယောင်က 'ရုံတင်ဝင်ငွေရဲ့ အဆိပ်အတောက်'ဟု လူတွေပိုပိုပြီး ထင်လာကြခြင်း ဖြစ်သည်။
ဖေးချမ့်နည်းနည်းလောက် စုံစမ်းကြည့်လိုက်ပြီး လုကျစ်ယောင် အထက်တန်းကျောင်းတုန်းကလည်း အဆင့်သတ်မှတ်ချက် မြင့်ခဲ့တာ မြင်လိုက်ရပါသည်။ လုကျစ်ယောင်၏ အင်္ဂလိပ်စကေး အရမ်းကြီး မဆိုးလောက်ပါဟု ခန့်မှန်းမိသည်။
ထိုအခါ ဘော့စ်ဖေး ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။ သူမှ သူပဲ။
သူက ပြီးပြည့်စုံတဲ့ သရုပ်ဆောင်ပဲ။
ဖေးချမ့်က လုကျစ်ယောင်၏ နာမည်ကို ကျူးရှောင်စဲထံသို့ ပို့ပေးလိုက်သည်။ "သူနဲ့ ဆက်သွယ်လိုက်။ သူက ငါ့မျက်လုံးထဲမှာ ပြီးပြည့်စုံတဲ့ ခေါင်းဆောင်မင်းသားပဲ"
နောက်တစ်နေ့...
ဖေးချမ့် အိပ်ယာနိုးလာပြီး သိပ်မကြာလိုက်၊ ကျူးရှောင်စဲထံမှ ဖုန်းဝင်လာသည်။
"ဘော့စ်ဖေး ကျွန်တော်တင်ပြစရာ ကိစ္စ ၂ ခု ရှိပါတယ်။ ကျွန်တော် ကျန်းကျုထျင်ကို ဆက်သွယ်ပြီးပါပြီ။ သူရက်ပိုင်းအတွင်း ကျင်းကျိုးကို ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ လောလောဆယ် သူတည်းခိုဖို့အတွက်ကို စီစဉ်ပေးနေပါတယ်။ အဲ့အတွက်တော့ စိတ်ပူစရာ မလိုပါဘူး"
"မနေ့က ဘော့စ်ဖေးပြောတဲ့ လုကျစ်ယောင်ကတော့... ကျွန်တော် သူ့မန်နေဂျာကို ဆက်သွယ်ပြီး သူနဲ့လည်း စကားပြောကြည့်ပြီးပါပြီ။ ဒါပေမယ့် သူတော်တော် စိတ်ဓာတ်ကျနေတာ။ အခုလောလောဆယ် ဘယ်ရုပ်ရှင်မှ မရိုက်နိုင်သေးဘူးလို့ ပြောပါတယ်"
ဖေးချမ့် ရပ်တန့်သွား၏။ "သူ့ကို ငွေထပ် ကမ်းလှမ်းလိုက်သေးလား"
ကျူးရှောင်စဲ ဆွံ့အသွားသည်။ "အာ... သူ့အသံက နည်းနည်း စိတ်ဓာတ်ကျနေတဲ့ပုံပေါ်တော့ ပွင့်ပွင့်လင်းလင်း ပြောရမှာ သိပ်စိတ်မကောင်းလို့ပါ။ သူ့ကို အနုပညာကြေး ပိုပေးနိုင်တယ်ဆိုတာ အရိပ်အမြွက်ပဲ ပေးလိုက်တာ။ သူက နားမလည်ဘူး။ အဲ့တာနဲ့ ကျွန်တော်လည်း ထပ်မမေးတော့ဘူး"
ဖေးချမ့် တိတ်ဆိတ်စွာဖြင့် ခေါင်းခါလိုက်ပါသည်။
သြော်... ငွေကို သေချာ ဖြုန်းတတ်ဖို့ဆိုတာ ပါရမီလိုတာပဲ။
ဒါရိုက်တာ ကျူးရှောင်စဲလိုလူမျိုးက ဘောာ့စ်ဖေးကို အချိန်အကြာကြီး အကဲခတ်စောင့်ကြည့်ရင်တောင် ငွေဘယ်လိုဖြုန်းရမလဲ သင်ခန်းစာ မယူတတ်သည့် လူတွေ ဖြစ်သည်။
ငွေပိုကမ်းလှမ်းတာက ပြဿနာအားလုံးအတွက် ဝှက်ဖဲတစ်ခုဖြစ်သည်။ ဒီနည်းလမ်းကို အသုံးချဖို့ကလည်း ရိုးရှင်သည်။ တဲ့တိုး ပြောတတ်ဖို့သာ လိုပါသည်။
တစ်ဖက်လူက ဘယ်လို ဆင်ခြေမျိုးတွေပဲ ပေးပေး၊ ငွေပိုပေးလိုက်လျှင် အဆင်ပြေပါပြီ။ မသဲမကွဲ၊ မရေမရာ စကားမျိုးတွေနဲ့ မပြောဘဲ ရှင်းလင်း သေချာသည့် ပမာဏတစ်ခုကို သတ်မှတ်ပေးလိုက်ရမည်။
သို့သော်လည်း ဖုန်းပေါ်က ပြောလျှင် မစစ်မှန်ရာ ကျသဖြင့် လူချင်းတွေ့ပြောတာ အကောင်းဆုံး ဖြစ်ပါသည်။
ဖေးချမ့် ခေတ္တ စဉ်းစားကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီလိုဆိုရင်ကော၊ ထန်းတာ့ကိုယ်စား လုကျစ်ယောင်ကို ဖိတ်ကြားလွှာ တစ်စောင် ပို့လိုက်။ သူ့ကို ကျင်းကျိုးမြို့မှာ အနားလာယူခိုင်းလိုက်။ သူ့ ခရီးစဉ်တစ်ခုလုံးကို ငါတို့ စပွန်ဆာပေးမယ်။ သူ ရောက်လာတာနဲ့ စကားထပ်ပြောပြီး မျက်နှာချင်းဆိုင် ငွေပိုကမ်းလှမ်းလိုက်ပါ"
ကျူးရှောင်စဲ ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ ဘော့စ်ဖေး"
ဖေးချမ့်က ဒီလုကျစ်ယောင်ကို ငှားနိုင်ဖို့ အလွန် ခေါင်းမာနေသည်။ သူက ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး ဖြစ်သဖြင့် သူ့ရုပ်ရှင်မှာ ပါဝင်နိုင်အောင် ဖေးချမ့် သေချာပေါက် ကြိုးစားရမည်။
အမှန်ပင်။ သူ့မိတ်ဆွေလေးကလည်း လတ်တလော အခက်ကြုံနေသည့် အချိန်ဖြစ်သည်။ သူ့ရုပ်ရှင်သစ်က မအောင်မြင်သဖြင့် စိတ်ဓာတ် ကျနေလောက်ပါသည်။ သံသယဖြစ်စရာမရှိအောင် ခေါင်းဆောင်မင်းသား Role နဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်မည်။
ဇာတ်ညွှန်း ဘယ်လောက် အဆိပ်အတောက်ဆန်သလဲဆိုတာကိုပါ ထည့်တွက်ပြီး သူခံစားရမည့် စိတ်ဒဏ်ရာများအတွက် ဖေးချမ့် အနုပညာကြေးမြင့်မြင့်ပေးတာ ဆီလျော်မှု ရှိပါသည်။
နာရီဝက်လောက် စဉ်းစားပြီးနောက် ဖေးချမ့်၏ ယွီသရေစာ အစားအစာများ ရောက်လာခါနီးတွင် ကျူးရှောင်စဲထံမှ ဖုန်းထပ်ဝင်လာပြန်သည်။
"ဘော့စ်ဖေး အဆင်ပြေပြီ။ လုကျစ်ယောင်က ကျင်းကျိုးကိုလာဖို့ သဘောတူလိုက်ပြီ"
ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ သူ့ကို ဧည့်ခံဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်မယ်။ ရိုက်ကူးရေးအတွက် ဆက်ပြင်ဆင်ထားကြ။ လုကျစ်ယောင်ကိစ္စကို ငါ့တာဝန်သာ ထားလိုက်"
လုကျစ်ယောင်က သူ့ရုပ်ရှင်တွေရဲ့ မအောင်မြင်မှုကြောင့် စိတ်ဓာတ်ကျနေဆဲ ဖြစ်မှာကို ဖေးချမ့် ခန့်မှန်းမိပါသည်။
ထို့ကြောင့် တခြားဘာအလုပ်မှလုပ်ဖို့ စိတ်ပါမှာ မဟုတ်ပါ။ ထို့ကြောင့် သူကြားတောင်မကြားဖူးသည့် ကုမ္ပဏီတစ်ခုက ရိုက်ကူးမည့် ရုပ်ရှင်တစ်ခုက Role ကို လက်ခံမှာ မဟုတ်ပါ။
ယခု ဖေးချမ့်က သူ့စိတ်ရှင်းလင်းသွားစေဖို့ ကျင်းကျိုးမြို့ဆီ ဖိတ်ကြားလိုက်သဖြင့် စကား ပြောကြည့်ကာ မျက်နှာချင်းဆိုင် ဖျောင်းဖျနိုင်သည်။ ဒီလိုဆို အများကြီး ပိုလွယ်ကူပါသည်။
'ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး' လုကျစ်ယောင် တစ်ယောက် မင်ယွမ်စားဖိုဆောာင်မှာ ညစာဧည့်ခံခံရပြီး ရူးလောက်စရာ ငွေတွေ ကမ်းလှမ်း ခံပါက သူ့ကို ဆက်ငြင်းနိုင်ဦးမည်ဟု ဖေးချမ့် မထင်ပါ။