သဘာဝလွန်ဖြစ်ရပ်တွေကို ဘာလို့ ယုံရတာလဲ
Vol. 23 Ch. 338
သူတို့နှစ်ယောက်သား စကားများနေစဉ် တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့ပါသည်။
"ဆ-ဆရာကျန်း။ ၂ မိနစ်လောက် နောက်ကျသွားတာ တောင်းပန်ပါတယ်။ လမ်း-လမ်းမှာ ကျွန်မ ဖိနပ်ကြိုး ပြတ်သွားလို့ပါ"
ဖေးချမ့် သတိမထားမိဘဲ သူ့လက်ပတ်နာရီကို လှမ်းကြည့်လိုက်သည်။ နေ့လည်ခင်း ၄ နာရီ အနည်းငယ် စွန်းနေပါပြီ။
ကောလိပ်က ကျောင်းသားများကို မကြာခဏ တာဝန်ပေးတတ်သည်။ ၎င်းတို့ရဲ့ အလုပ်က အဓိကအားဖြင့် ကောင်ဆယ်လာနဲ့ တခြား ဆရာ ဆရာမတွေအတွက် တောက်တိုမယ်ရ လုပ်ပေးဖို့နဲ့ သူတို့ စွမ်းဆောင်နိုင်သည့် အတိုင်းအတာ အတွင်းရှိ အသေးစားအလုပ်များကို ကူညီဆောင်ရွက်ပေးဖို့ ဖြစ်ပါသည်။
ဒီကျောင်းသူက ကျန်းဝေ၏ ရုံးခန်းမှာ ကူညီပေးရမှာ ဖြစ်သည်။
ကျန်းဝေက စိတ်ကို ကြိုတင်ပြင်ဆင်ထားပုံရပြီး နည်းနည်းလေးတောင် စိတ်မဆိုးပါ။ "ရပါတယ်။ နောက်ကို တစ်ခုခု မတော်တဆဖြစ်လည်း ဘာမှ စိတ်မပူနဲ့။ မိနစ်နည်းနည်းလောက် နောက်ကျတာ ဘာမှ ကိစ္စမရှိဘူး။ နင့်ရဲ့ ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးပဲ။”
ဖေးချမ့် ခေါင်းလှည့်ကြည့်လိုက်သည်။ ခပ်ထူထူ ဆောင်းရာသီိ ကျောင်းယူနီဖောင်းကို ဝတ်ထားသည့် အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက် ဝင်လာခဲ့သည်။ သူမက အရပ် ၁.၇ မီတာ ရှည်ပြီး ရှက်တတ်သည့်ပုံစံပေါက်ပါသည်။ ခပ်ဖျော့ဖျော့ ဂျင်းဘောင်ဘီကို ဝတ်ဆင်ထားပြီး Sneaker တစ်စုံကိုလည်း စီးထားသေးသည်။ Sneaker ၏ ကြိုးတစ်ဖက်က ပြတ်နေပါသည်။
တက္ကသိုလ်အများစုမှာ ယူနီဖောင်း မရှိပါ။ ဟန်တုန်းတက္ကသိုလ်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
သူမ ဝတ်ထားတဲ့ ကျောင်းယူနီဖောင်းက အထက်တန်းကျောင်းတုန်းက ယူနီဖောင်းဖြစ်မှန်း သိသာပါသည်။ ဒီဇင်ဘာလအနား ကပ်လာပြီဖြစ်ကာ ဆောင်းဝင်လာပါပြီ။ လူအများစုက ခပ်ပါးပါး ဂျက်ကတ်များကို ဝတ်ဆင်ထားကြသည်။ သို့သော် သူမ ကျောင်းယူနီဖောင်းရဲ့ အအေးဒဏ် ခံနိုင်ရည်က စိတ်ပူစရာကောင်းပါသည်။ ဒီကောင်မလေးရဲ့ လက်နဲ့ ပါးပြင်များက တကယ်ပဲ အအေးဒဏ်ကြောင့် နီမြန်းနေပါသည်။ သို့သော်လည်း သူမကတော့ ဒါကို အသားကျနေသည့်ပုံစံပင်။
"သြော် အချိန်ကိုက်ပဲ။ ဟေ့ ယီရှု၊ ဒါက နင့် နေ့လည်စာ ကတ်ထဲ ယွမ် ၅၀၀ ထောက်ပံ့ပေးတဲ့ စီနီယာကြီးလေ"
ကောင်မလေးက ခပ်မြန်မြန် ဦးညွှတ်လိုက်ပါသည်။ "ကျေးဇူးတင်ပါတယ် စီနီယာကြီး"
"ရပါတယ်" ဖေးချမ့်တစ်ယောက် ကျန်းဝေကို ခပ်ကြောင်ကြောင်ကြည့်ကာ ပြောလိုက်ပါသည်။
"သူ့နာမည်က ထန်ယီရှုတဲ့။ ငါတို့ တက္ကသိုလ်ရဲ့ ပထမနှစ်လေးပေါ့။ မင်းရဲ့ ငွေကြေးထောက်ပံ့မှု ပရိုဂရမ်မာလည်း သူ ပါတယ်လေ။ အဲ အပင်တွေ ရေမလောင်းနဲ့၊ အပင်တွေ ရေမလောင်းနဲ့..." ကျန်းဝေ သူမကို မိတ်ဆက်ပေးလိုက်ပါသည်။
သူ့ဘေးက ရေပန်းခရားကို ထန်းယီရှု လာကိုင်တာကို ကျန်းဝေ တားလိုက်ပါသည်။
ထန်ယီရှုက ဘာလုပ်ရမှန်းမသိဘဲ လက်ချောင်းများကို ကျုံ့လိုက်ပြီး မေးလိုက်သည်။ "ဒါဆို ကျွန်မ ဘာကူညီပေးရမလဲ ဆရာကျန်း..."
ကျန်းဝေက သူမကို စားပွဲပေါ်က စာရွက်စာတမ်းတစ်ခုကို ကမ်းပေးလိုက်ပါသည်။ "ငါ့အတွက် တစ်ခုလောက် လုပ်ပေးစမ်းပါ။ ဒါတွေ တံဆိပ်တုံး ထုဖို့ သွားပို့ပေးပါဦး။ ဘေးကင်းကင်း သွားဦး"
ထန်ယီရှုက ခေါင်းငြိမ့်လိုက်ပြီး စာရွက်စာတမ်းကို တစ်ချက် ကြည့်ကာ ခေါင်းငုံ့လျက် ထွက်သွားပါသည်။
ဖေးချမ့် အနည်းငယ် ကြောင်စီစီ ဖြစ်သွားသည်။ "ဘာလို့ ဘေးကင်းကင်း သွားဖို့ သေချာပြောလိုက်တာလဲ"
"သူဘာပြောသွားလဲမကြားဘူးလား။ ဒီကိုလာတုန်း သူ့ဖိနပ်ကြိုးပြတ်သွားတယ်တဲ့။ သူတောက်တိုမယ်ရ လုပ်နေတုန်း ဒုက္ခပိုရောက်နိုင်တယ်လေ"
ဖေးချမ့် "?"
ကျန်းဝေ ဆက်ပြောလိုက်သည်။ "ပထမဆုံး တာဝန်ကျတဲ့နေ့မှာ ငါ့စားပွဲပေါ်က စမြိတ်ပင်လေးကို သူ ရေလောင်းသွားတာ။ ဘာကြောင့်မှန်း မသိဘဲ အရွက်တွေ ဝါကုန်တယ်။ အဲ့တာကြောင့် မြေသြဇာတွေ ကျွေး၊ နေရောင်တွေ အများကြီး ပြပြီးမှ မနည်းရှင်အောင် ပြန်လုပ်ထားရတယ်"
"အဲ့ကလေးမ အနားမှာရှိရင် ထူးထူးဆန်းဆန်းတွေ အမြဲတမ်းဖြစ်တယ်ကွ။ ကိုယ့်ဖာသာကိုယ် လမ်းလျှောက်ရင်းတောင် ကျောက်တုံး ခလုတ်တိုက်ရင် တိုက်နေတာ။ အဝတ်တွေ လှန်းရင်လည်း လေနဲ့ လွင့်သွားတတ်တယ်။ အဲ့တာတွေက သူ့အတွက် ဖြစ်နေကျ အရာတွေချည်းပဲ"
"ဒေါသထွက်စရာ အကောင်းဆုံး အဖြစ်အပျက်က အတန်းတွေ့ဆုံပွဲအတွက် စားသောက်ဆိုင်တစ်ခုမှာ သူ ဘိုကင်လုပ်ပေးတုန်းကလေ။ ဝန်ဆောင်မှုဝန်ထမ်းက ဘိုကင်ကို အတည်ပြုတယ်လို့ ငါတို့အားလုံး ကြားပါတယ်။ နောက်တော့ အဲ့ဒီဝန်ထမ်းက မေ့သွားကော။ စားသောက်ဆိုင်က ငါတို့ကို အလျော်အဖြစ် သစ်သီးဗန်းကြီး တစ်ခု လက်ဆောင်ပေးခဲ့ပေမယ့် နောက်ကို အဲ့လိုတာဝန်မျိုး ဘယ်တော့မှ သူ့ကို မပေးရဲတော့ဘူး"
"ဒါပေမယ့် သူက အလုပ်အပေါ် အရမ်း လေးနက်ပြီး စာလည်း အရမ်း ကြိုးစားတယ်"
"သူ့ကို တာဝန်ပေးထားရတာက သူ့မိသားစုက အခြေအနေ သိပ်မကောင်းဘူးလေ။ ဒီနည်းနဲ့ သူ လစာနည်းနည်း ရနိုင်တာပေါ့။ ဒါပေမယ့် အလုပ်တွေ အများကြီးလည်း မခိုင်းရဲပြန်ဘူး။ တောက်တိုမယ်ရ လုပ်နေတုန်း သတိတွေ ဘာတွေ လစ်သွားမှာတောင် စိုးရိမ်ရလို့ပါ"
ဖေးချမ့် တုန်လှုပ်သွားသည်။ "အဲ့လိုဖြစ်ရပ်မျိုး တကယ်ကြီး ရှိတာလား"
ကျန်းဝေ ခေါင်းငြိမ့်လိုက်သည်။ "အေးလို့။ တချို့ အတန်းဖော်တွေက သူ့ကို စနောက်ပြီး သူ့နာမည်နဲ့ ဆင်တူတဲ့ 'အရှုံးသမား'ဆိုတဲ့ နာမည်ပြောင်တောင် ပေးခဲ့တယ်။ နည်းနည်းတော့ မယုံကြည်ချင်စရာ ကောင်းပေမယ့် အရာရာကို သိပ္ပံရှုထောင့်က ရှင်းပြဖို့ကျ အရမ်းခက်တယ်ကွ..."
ဖေးချမ့် တည်တံ့စွာ ပြောလိုက်ပါသည်။ "ဆရာကျန်း ကျွန်တော်တို့ နှစ်ယောက်စလုံးက ပညာတတ်တွေလေ။ ဘာလို့ အဲ့လို အယူတွေကို ယုံကြည်နေရတာလဲ"
"အ-အဟမ်း အဟမ်း။ ဆရာကျန်း စိတ်မရှိဘူးဆိုရင် ကျွန်တော် သူ့ကို အချိန်ပိုင်းအလုပ်တစ်ခုလောက် ပေးနိုင်မယ်ထင်တယ်"
ကျန်းဝေ အနည်းငယ် အံ့သြသွား၏။ "တကယ်ကြီးလား။ ကောင်းတာပေါ့။ သူ ဒီမှာလည်း ငွေများများစားစား မရပါဘူး။ သူ့ကို တိုးတိုးတိတ်တိတ် ငွေနည်းနည်း ပေးဖို့ ကြိုးစားပေမယ့် သူ ငြင်းတယ်"
"သူ့အတွက် သင့်တော်တဲ့ အချိန်ပိုင်းအလုပ်တစ်ခု မင်းပေးနိုင်ရင် ကောင်းတာပေါ့ကွာ။ စိတ်မပူပါနဲ့။ သူက နည်းနည်း ကံဆိုးတတ်တာလေးပဲ ရှိတာပါ။ ပညာရေးနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတော့ သူက ငါတို့ တက္ကသိုလ် ပထမနှစ်တွေထဲက အတော်ဆုံးနဲ့ အားအကိုးရဆုံး ကျောင်းသူပဲ"
ဖေးချမ့်က ကျန်တာ ဘာမှ စိတ်မဝင်စားပါ။ သူမရဲ့ ကံကိုပဲ စိတ်ဝင်စားသည်။
သူတို့ စကားပြောနေကြစဉ် ထန်ယီရှုက လက်ထဲတွင် တံဆိပ်ရိုက်နှိပ်ထားသော စာရွက်စာတမ်းဖြင့် ပြန်လာခဲ့သည်။ ဘာကြောင့်မှန်း မသိဘဲ သူမ နဖူးပေါ်မှာ အနီရောင်ဘုလေး တစ်ခု ထွက်နေပါသည်။
ကျန်းဝေ စာရွက်စာတမ်းကို ယူလိုက်၏။ "နင့်နဖူး ဘာဖြစ်တာလဲဟ"
"ကျွန်-ကျွန်မ ခပ်သုတ်သုတ် ပြေးလိုက်တာ ဖန်တံခါးနဲ့ မတော်တဆ တိုက်မိသွားလို့ပါ..." ထန်ယီရှုက ရှက်ရွံ့စွာဖြင့် ပြောလိုက်ပါသည်။
"မစိုးရိမ်ပါနဲ့ ဆရာကျန်း။ တံခါးဘာမှ ဖြစ်မသွားပါဘူး။ ကျွန်မလည်း အဆင်ပြေပါတယ်"
ကျန်းဝေ အနည်းငယ် ကြောင်သွား၏။ "နင်ဘာလို့ တံခါးကို စိတ်ပူနေတာလဲ။ အရေးကြီးတာက နင်အဆင်ပြေဖို့လေ။ လက်ထဲမှာ ဘာကိုင်ထားတာလဲ"
ထန်ယီရှု လက်ထဲတွင် စက္ကူအိတ်တစ်အိတ်ကို ကိုင်ထားသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဖေးချမ့်ကို ပေးလိုက်ပါသည်။ "စီနီယာကြီး။ ဒါ စီ-စီနီယာကြီးအတွက်ပါ။ ကျေးဇူးတင်ပါတယ်"
အိတ်ကို ကြောင်စီစီနဲ့ ယူလိုက်ပြီးနဲ့ အထဲကို ကြည့်လိုက်သောအခါ မာဖလာတစ်ခုကို တွေ့သွားသည်။ အဖြူအမည်းအရောင်ရှိပြီး လက်ဖြင့် ရက်လုပ်ထားမှန်း သိသာပါသည်။ ရှော့ပင်းမောတွေမှာ ရောင်းချသည့် မာဖလာများနဲ့ အလွန် ခြားနားပါသည်။
ဖေးချမ့်တစ်ယောက် သူဝတ်ထားသည့် လည်အုပ်ဆွယ်တာနဲ့ ရုံးကပူလွန်းသဖြင့် ဇစ်ဖြုတ်ထားသည့် ဂျက်ကတ်ထူထူကို ပြန်ငုံ့ကြည့်လိုက်မိသည်။ ကျောင်းရဲ့ အနောက်ဘက်ဂိတ်မှာ သူ့ကို စောင့်နေသည့် ကော်မာရှယ် ကားကိုလည်း ပြန်သတိရသွားသည်.
ထို့နောက် ကျောင်းယူနီဖောင်းအဟောင်းနဲ့ အအေးဒဏ်ကြောင့် မျက်နှာနီမြန်းနေဆဲဖြစ်သည့် ထန်ယီရှုကို ကြည့်လိုက်သည်။
"ငါ့ထက် ဒီမာဖလာကို နင်ပိုလိုမယ်ထင်တယ်..." ဖေးချမ့် စိတ်ရင်းနဲ့ ပြောလိုက်၏။
ထန်ယီရှု လက်ကို ခပ်မြန်မြန် ခါယမ်းလိုက်ပါသည်။ "မဟုတ်တာ မဟုတ်တာ ကျေးဇူးပြုပြီး ယူပါ စီနီယာကြီး။ ကျွန်မ နောက်မှ နောက်တစ်ခု ထပ်ထိုးလိုက်ပါ့မယ်"
ကျန်းဝေ ပြုံးလိုက်၏။ "ယူလိုက်ပါ ဖေးချမ့်ရာ။ အဲ့တာ သူ့ပုံစံပဲ။ သူက ကျေးဇူးကြွေးတင်တာ သိပ်မကြိုက်ဘူး"
"ယီရှု အခုချိန်ကစပြီး နင် ငါ့အတွက် တောက်တိုမယ်ရ လုပ်ပေးစရာ မလိုတော့ဘူး။ နင့်စီနီယာကြီးက နင့်ကို အချိန်ပိုင်းအလုပ်တစ်ခု ပေးလိမ့်မယ်။ ဝင်ငွေတွေ ပိုရလာတော့မယ်"
"ဟင်" ထန်ယီရှု၏ မျက်လုံးကျယ်ကျယ်များ ရီဝေသွား၏။
"ဘာလို့ ကြောင်တောင်တောင် လုပ်နေတာလဲ။ နင့်စီနီယာ နင့်အတွက် စီစဉ်ပေးထားတဲ့ အလုပ်အကြောင်း သွားနားထောင်လေ။ နောက်ကို ဒီမှာ တောက်တိုမယ်ရ ဆက်လုပ်စရာ မလိုတော့ဘူး" ကျန်းဝေက လက်ကို ယမ်းပြလိုက်ပြီး လုပ်စရာ အလုပ်တွေသာ ဆက်လုပ်နေလိုက်ပါသည်။
ထန်ယီရှုတစ်ယောက် ကော်ဆယ်လာ၏ သွယ်ဝိုက်သော နည်းဖြင့် ရောင်းစားမှုကို ခံလိုက်ရပြီးနောက် ဖေးချမ့်နောက်မှ ရုံးအဆောက်အဦး ပြင်ပသို့ တိုးတိုးတိတ်တိတ်သာ လိုက်လာနိုင်ပါတော့သည်။
လမ်းလျှောက်ရင်း ထန်ယီရှုကို ဘယ်လိုအလုပ်မျိုး ပေးရမလဲ ဖေးချမ့် စဉ်းစားနေဆဲဖြစ်သည်။ ယုတ္တိရှိရှိ ပြောရလျှင် သူမကို လာဘ်ကောင်တစ်ကောင်အဖြစ် ကုမ္ပဏီကို ပြန်ခေါ်သွားမှာ ဖြစ်ပါသည်။ သို့သော်လည်း ဘာအလုပ်မှ မရှိဘဲ သူမကို ရုံးမှာ နေ့တိုင်း ထိုင်နေခိုင်းလို့တော့ မဖြစ်ဘူး မဟုတ်လား။
ဘယ်လိုအလုပ်မျိုး ပေးရမလဲ။
ဖေးချမ့် အတွေးများနေရင်း ရုတ်တရက် ခလုတ်တိုက်ကာ ချော်လဲလုနီးပါးဖြစ်သွားသည်။ ထန်ယီရှုက လျင်မြန်စွာ တုန့်ပြန်ခဲ့သည်။ ဖေးချမ့်ကို ချက်ချင်း လှမ်းဆွဲလိုက်ကာ ကံမကောင်းစွာ ချော်လဲခြင်းမှ ကာကွယ်ပေးလိုက်ပါသည်။
ဖေးချမ့် အနည်းငယ် အံ့အားသင့်သွားရသည်။ "ကျေးဇူးပါ"
ထန်ယီရှု ရှက်သွေးဖြာသွား၏။ "ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်-ကျွန်မ အသားကျနေပါပြီ။ တောင်းပန်ပါတယ် စီနီယာ"
ဖေးချမ့် ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ဖိနပ်ကြိုးက သူ သတိမထားမိဘဲ ပြေလာတာကို မြင်လိုက်ရပါသည်။ သူ့ဘယ်ခြေထောက်က ညာဘက် ဖိနပ်ကြိုးပေါ် တက်နင်းမိခြင်းကြောင့် ချော်လဲမလို ဖြစ်သွားခဲ့ခြင်းပင်။ ဖေးချမ့် တိတ်ဆိတ်သွားရသည်။ အဲ့လို သဘာဝလွန် အယူအဆမျိုး ဒီလောကြီးမှာ တကယ်ကြီးများ ရှိနေတာလား။ တကယ်ပဲ သဘာဝအတိုင်း ကံဆိုးနေတဲ့ လူတစ်ယောက်က ပတ်ဝန်းကျင်ကို သူ့ရဲ့ ကံမကောင်းမှုတွေ ကူးစက်သွားစေတာား။
ထန်းယီရှုက ဖေးချမ့်ကို ထူပေးလိုက်ပြီး သူ့ကို သေချာ မတ်တပ်ရပ်နိုင်အောင် လုပ်ပေးပြီးမှ ဘေးမှာ တိတ််တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေလိုက်ပါသည်။
ဖေးချမ့် သူမကြောင့် ထပ်ပြီး ထိခိုက်မှာကို စိုးရိမ်တာကြောင့်လားမသိ၊ ဖေးချမ့်နဲ့ ၁ မီတာကျော်လောက် အကွာအဝေးမှာ ရပ်နေပါသည်။
ဖေးချမ့် လုံးဝ စိတ်မဆိုးပါ။ ထို့အစား ပီတိပင် ဖြာသွားခဲ့ပါသည်။
"လာလာ ငါ့နောက်လိုက်ခဲ့"
သူတို့ တက္ကသိုလ် အနောက်ဘက်ဝင်ပေါက်သို့ လျှောက်လာခဲ့ကြသည်။ အနောက်ဘက်ဝင်ပေါက် အလွန်တွင် စျေးဆိုင် အသေးစားလေး များစွာ ရှိသည်။ တစ်ဆိုင်က တစ်ကတ်ကို ယွမ် ၂၀ နှုန်းနဲ့ ခဲခြစ်ကံစမ်းမဲ လက်မှတ်များ ရောင်းချနေသည့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ ဆုများစွာ ရရှိဖို့အတွက် ခဲခြစ် ကံစမ်းလို့ ရပါသည်။
ထန်ယီရှုကို ဒီဆိုင်ဆီ ဖေးချမ့် ခေါ်လာခဲ့သည်။ နှစ်ခါ ပြန်မစဉ်းစားဘဲ ယွမ် ၂၀၀ ချက်ချင်း ထုတ်လိုက်၏။
"ဆရာကြီး ကျွန်တော့်ကို ၁၀ စောင်လောက် ပေးစမ်းပါ"
ကံစမ်းမဲလက်မှတ်များ ရရှိပြီးနောက် ဆိုင်အပြင်မှာ မတ်တပ်ရပ်နေသည့် ထန်ယီရှုကို ဖေးချမ့် လှမ်းကြည့်လိုက်သည်။ ထို့နောက် အချိန်အတန်ကြာ စဉ်းစားချင့်ချိန်လိုက်သည်။
ဒီခဲခြစ်ကံစမ်းမဲတွေကို ထန်ယီရှုအား မပေးဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်သည်။ သူကိုယ်တိုင် ခဲခြစ်ကံစမ်းပါမည်။
ကံကောင်းခြင်း၊ ကံဆိုးခြင်းမှာတောင် ထိန်းချုပ်ခွင့် ရှိလိမ့်မည်။
ဖေးချမ့် ခဲခြစ်ကံစမ်းမဲတွေ စခြစ်နေတာကို မြင်သောအခါ ထန်ယီရှု ဘာမှ မစဉ်းစားဘဲ ၂ မီတာလောက် အနောက် ထပ်ဆုတ်သွားသည်။
ဖေးချမ့်လည်း ဘာမှမပြောဘဲ စတင်ခဲခြစ်လေသည်။
၅ ယွမ်...။
၁၀ ယွမ်....။
၅၀ ယွမ်...
ဆက်လက် ခဲခြစ်နေရင်း ဖေးချမ့်မျက်နှာ ပိုမို မှောင်မိုက်လာသည်။
ထင်တဲ့အတိုင်းပဲ ဒီဘဝကြီးမှာ ငါက သောက်ရမ်း ကြမ်းတဲ့ ကံထူးရှင်ပါလား။
ခဲခြစ်ကံစမ်းမဲ ယွမ် ၂၀၀ ဖိုး ဝယ်လိုက်တာ ငါ ယွမ် ၃၀၀ ကျော် ပြန်ရသွားတယ်။ အမြတ်တောင် ရလိုက်သေးတယ်။
သူ့ကံတရား တစ်ခုခု ထူးဆန်းနေမှန်း ဖေးချမ့် ခံစားမိခဲ့တာ ကြာပါပြီ။ ငွေလေး ဆုံးရှုံးဖို့ ဘာတွေ ဒီလောက် ခက်နေတာလဲ။
ထိုခဲခြစ်ကံစမ်းမဲကတ်အားလုံးကို ဆိုင်ရှင်ထံ ပြန်ပေးလိုက်သည်။ "အကုန်လုံးကို ခဲခြစ်ကံစမ်းမဲကတ်တွေနဲ့ ထပ်လဲပေးပါ"
ယွမ် ၅,၀၀၀ အောက် ကံထူးသည့် ခဲခြစ်ကံစမ်းမဲကတ်များကို အရောင်းဆိုင်မှာ တိုက်ရိုက် ပြန်ထုတ်လို့ ရသည်။ သို့သော်လည်း ယွမ် ၅,၀၀၀ အထက် ကံစမ်းသည့် ကတ်များကိုတော့ တရုတ် ထီလက်မှတ်ရေးရာ စင်တာမှာပဲ ထုတ်ယူနိုင်ပါသည်။
ဖေးချမ့် ခဲခြစ်ကံစမ်းမဲများကို နောက်ထပ် ခဲခြစ်ကံစမ်းမဲလက်မှတ်များထဲ ထပ်လဲကာ ထန်ယီရှုကို ခေါ်လိိုက်သည်။
"နင်ခြစ်ကြည့်"
ထန်ယီရှုက ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်ပါသည်။ "မဖြစ်ဘူး စီနီယာ။ ကျွန်မ.. မခြစ်နိုင်ဘူး။ ကျွန်မကံက တကယ်ဆိုးတာ"
ဖေးချမ့် ခဲခြစ်ကံစမ်းမဲများကို သူမလက်ထဲ အတင်းထည့်ပေးလိုက်ပါသည်။ "ကိစ္စမရှိဘူး။ ငါ့စကား နားထောင်ပြီး ခြစ်မှာသာ ခြစ်စမ်းပါ"
ထန်ယီရှု နှုတ်ခမ်းစူလိုက်သည်။ "စီနီယာကြီး။ ဒါ-ဒါ ယွမ် ၃၀၀ ကျော် တန်ဖိုးရှိတာ..."
သို့သော်လည်း သူမ ရွေးချယ်စရာ မရှိဘဲ ဖေးချမ့်၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် တွန့်ဆုတ်စွာဖြင့် ခဲခြစ်ခဲ့ရတော့သည်။
ဖေးချမ့်က ဘေးမှာ လေးလေးနက်နက် စောင့်ကြည့်နေသည်။
ပထမကတ်၊ ဒုတိယကတ်၊ တတိယကတ်....
ထန်ယီရှု စတင်ခဲခြစ်ကတည်းက ပေါက်နှုန်းမှာ ဇောက်ထိုးကျသွားခဲ့သည်။ သူမ ဆက်တိုက် ဘာမှ မပေါက်ခဲ့ပါ။
ထန်ယီရှုက တစ်ကတ်ခြစ်ပြီးတိုင်း မျက်ရည်ဝဲလျက် ဖေးချမ့်ကို မော့ကြည့်သည်။
ဖေးချမ့်ကလည်း 'အကောင်းဆုံးကြိုးစားထား'ဟု လက်ဟန်ပြလိုက်ပြီး သူမကို ဆက်ခြစ်ခိုင်းလိုက်ပါသည်။
ခဲခြစ်ကံစမ်းမဲ တစ်ဝက်လောက် ကုန်သွားသောအခါ အနည်းငယ်သာ ပေါက်သည်။ ပေါက်တဲ့ ကတ်တွေကလည်း ၁၀ ယွမ်သာ ဖြစ်သည်။ လုံးဝ အရှုံးပေါ်ပါသည်။
"ဟုတ်ပြီ တော်တော့" ဖေးချမ့် ပြောလိုက်သည်။ ထန်ယီရှုလည်း အကယ်တင်ခံလိုက်ရသလိုမျိုး ချက်ချင်း ရပ်တန့်လိုက်ပါသည်။
ဖေးချမ့်က ကျန်ခဲခြစ်ကံစမ်းမဲများကို ပြန်ယူလိုက်ပြီး ထန်ယီရှုကို သူ့နားက မခွာဖို့ တားလိုက်သည်။ "ဒီမှာပဲ ရပ်နေ"
ဖေးချမ့် ဆက်လက်ပြီး ခဲခြစ်ကြည့်လိုက်သည်။ ဒီတစ်ခေါက် ၈ ကတ် ဆက်တိုက် ခြစ်ပြီးတာတောင် တစ်ကတ်မှ မပေါက်ပါ။
ထန်ယီရှုက မသိမသာ နောက်ဆုတ်ဖို့ ကြိုးစားသည်။ သို့သော်လည်း သူမ လှုပ်ရှားဖို့ နည်းနည်းလောက် ကြိုးစားတိုင်း ဖေးချမ့်က လှစ်ခနဲ လှမ်းကြည့်သည်။ ထို့ကြောင့် သူမ လှုပ်ရှားရမှာတောင် ကြောက်သွားပါသည်။
ယွမ် ၃၀၀ ဖိုး ခဲခြစ်ကံစမ်းမဲများ နောက်ဆုံးတော့ ကုန်သွားပါပြီ။ ဖေးချမ့် ပေါက်သည့် ကတ်များကို ရေတွက်ကြည့်လိုက်၏။ စုစုပေါင်း ၁၂၀ ယွမ်လောက် ပေါက်ပါသည်။ ထို့အပြင် ၎င်းတို့ထဲက တစ်ဝက်ကျော်ကျော်လောက်ကို ဖေးချမ့်ကိုယ်တိုင် ခြစ်ထားတာ ဖြစ်ပါသည်။
ကံသိသိသာသာ ဆိုးရွားသွားတာကို မျက်လုံးနဲ့တောင် မြင်နိုင်ပါသည်။
ဖေးချမ့်က ကံစမ်းမဲလက်မှတ်များစွာကို ခဲခြစ်ပြီးနောက် အလွန်ပင်ပန်းသွားပါသည်။ ဆိုင်ရှင်ကို ပြန်ပေးလိုက်ပြီး အားလုံး ပြန်ထုတ်လိုက်၏။
ထန်ယီရှုက ဘေးမှာ ရပ်နေပြီး အလွန်စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် လက်ချောင်းများကို စိတ်ဖိစီးစွာ ဆိတ်နေမိပါသည်။ ဖေးချမ့် အစကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်ခဲ့ပါ။ အခုတော့ ပြောင်းလဲသွားခဲ့ချေပြီ။
သူ ယွမ် ၂၀၀ သုံးခဲ့ပြီး ၁၃၀ ယွမ်သာ ပြန်ရသည်။ ယွမ် ၈၀ ထီလက်မှတ်ရေးရာကို ပေးလိုက်ရရင်တောင် ဖေးချမ့် အပျော်တွေ လွန်နေပါပြီ။
"ဒီမှာ နင့်အတွက်" ဖေးချမ့်က ကျန် ၁၂၀ ယွမ်ကို ထန်ယီရှုအား ပေးလိုက်ပါသည်။ သို့သော် သူမ နှုတ်ခမ်းစူရင်း လက်ကို ခါယမ်းပြလိုက်သည်။"
"ခေါင်းမာလိုက်တာ။ သူများဆီက အကျိုးခံစားခွင့်ကို တကယ် လက်မခံတတ်ဘူးပဲ"
ဖေးချမ့်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ပိုက်ဆံကို သိမ်းထားပြီး ထန်ယီရှုနဲ့ အတူတူ ဆိုင်က ထွက်လာခဲ့တော့သည်။ သူတို့ ထွက်သွားပြီး ၅ မိနစ်အကြာတွင် ဆိုင်ရှင်က ပေါက်မဲမပါသည့် ကံစမ်းမဲကတ်များကို စုလိုက်ပြီး လွှင့်ပစ်ဖို့ ပြင်လိုက်သည်။
ရေဝယ်ဖို့ ဆိုင်ရှေ့က ဖြတ်သွားသည့် ဟန်တုန်းတက္ကသိုလ်ကျောင်းသားတစ်ယောက်က စားပွဲပေါ်ရှိ ခဲခြစ်ကံစမ်းမဲ အပုံလိုက်ကြီးကို မြင်သွားသည်။
"ခဲခြစ်ကံစမ်းမဲတွေပါလား။ အိုင်ကျူခွန်ပဲ သေချာတယ်။ ဒီလောက်တောင် အများကြီး ဝယ်ရသလား..."
ဒီကိစ္စအပေါ် သူ့ရဲ့ အထင်အမြင်သေးမှုကို ဖော်ပြရင်း ထိုကျောင်းသား ရေရွတ်လိုက်၏။ သို့သော်လည်း အနည်းငယ်တွန့်ဆုတ်သွားပြီးနောက် ရေဝယ်ပြီးသောအခါ ယွမ် ၂၀ မနည်းရှာလိုက်ပြီး ခဲခြစ်ကံစမ်းမဲတစ်စောင် ဝယ်လိုက်ပါသည်။
ခဲခြစ်ကြည့်လိုက်ရာ သူ့မျက်လုံးတွေ ထွက်ကျမတတ် ပြူးသွားရသည်။
"ယီး ယွမ် ၁၀၀,၀၀၀ တဲ့"