အားပေးလှုံ့ဆော်သူ "မျက်ရိုးလေး"
Vol. 23 Ch. 339
ဖေးချမ့် ခြေကို ဖွဖွနင်းရင်း အနောက်ဘက်ဝင်ပေါက် အနီးရှိ ဆိုင်မှ ထွက်လာခဲ့သည်။ သူ့ခြေအောက်မှာ ကျောက်တုံးတွေများ ရှိနေမလား၊ သူ့ဖိနပ်ကြိုးများ ထပ်ပြေလာဦးမလားဆိုတာကို ဆက်တိုက် ဂရုစိုက်နေသည်။ ထန်ယီရှုက ခေါင်းငုံ့ကာဖြင့် အနောက်မှ နှေးကွေးသော ခြေလှမ်းများဖြင့် လိုက်လာပါသည်။ သူမ ဘာအလုပ်လုပ်ရမလဲ မသိပါ။ အများကြီးလည်း မမေးရဲပါ။
ဖေးချမ့်တို့ မစ်တီးဆိုင်အနားက ဖြတ်သွားသောအခါ မစ်တီးအေးနဲ့ မစ်တီးပူတစ်ခွက်စီ ဝယ်လိုက်ပြီး ထန်ယီရှုကို မစ်တီးအပူပေးလိုက်ပါသည်။
ထန်ယီရှု အနည်းငယ် ရှက်ရွံ့နေသော်လည်း ဖေးချမ့်က တိုက်တွန်းသဖြင့် လက်ခံလိုက်ပါသည်။ သူမ မစ်တီးပူကို ကိုင်ထားလိုက်ပြီး သူမလက်များကို နွေးထွေးစေလိုက်ပါသည်။
"နင့်မှာ ဝါသနာ၊ စိတ်ဝင်စားတာ ဘာညာရှိလား။ ဥပမာ... စန္ဒရားတီးတာ၊ သီချင်းဆိုတာ၊ ပန်းချီဆွဲတာ" ဖေးချမ့် မေးကြည့်သော်လည်း ထန်ယီရှုက ခေါင်းခါလိုက်ပြီး ထိုမေးခွန်းအားလုံးကို ငြင်းဆန်လိုက်ပါသည်။ ဖေးချမ့်လည်း စဉ်းစားကြည့်ခါမှ ထန်ယီရှု၏ မိသားစု အခြေအနေနဲ့ ကျောင်းတက်နိုင်တာတောင် ကံကောင်းလှပြီဟု ဆိုရမည်။ ဒီလို ဝါသနာတွေကို လိုက်စားဖို့က ငွေ ဘယ်က ရမည်နည်း။
ပြဿနာက... သူမကို ဘယ်လိုအလုပ်မျိုး ပေးရမှာလဲ။
ဖေးချမ့်က ထန်ယီရှုကို လာဘ်ကောင်တစ်ကောင် အဖြစ်သက်သက် ခန့်အပ်ထားခြင်း ဖြစ်သည်။ သူမရဲ့ ထူးခြားတဲ့ ကူးစက်အာနိသင်ကြောင့် ရုံးအလယ် တည့်တည့်မှာထားပြီး ရုံးခန်းရဲ့ ကံကို ပြောင်းလဲရမည်။ သူမကို အထူးတာဝန်ပေးဖို့ မလိုအပ်ပါ။
ထန်ယီရှုက အလွန်ဉာဏ်ကောင်းတာပဲ မဟုတ်လား။ သူမက အလုပ်ကြိုးစားပြီး နောက်ပိုင်းကျရင်လည်း အလုပ်တာဝန်ကို ခပ်သွက်သွက် အမှီလိုက်နိုင်လာပါလိမ့်မည်။ ဉာဏ်ကောင်းတဲ့ ကျောင်းသားတွေရဲ့ နောက်ကျောဓားထိုးမှုကိုဖေးချမ့် မခံချင်ပါ။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူမကို လုပ်စရာ တစ်ခုခုတော့ ပေးရပါမည်။
"ငါ့ရုံးခန်းကို လာပြီး... ငါ့အပင်တွေကို ရေလောင်းပေးမလား"
ဖေးချမ့် စဉ်းစားကြည့်လိုက်သည်။ ဒီကောင်မလေးက ကျန်းဝေ ရုံးထဲက စမြိတ်ပင်ကိုတောင် သေမလိုဖြစ်အောင် ရေလောင်းပေးခဲ့တာ မဟုတ်လာား။ ထန်းတာ့ရဲ့ အလှစိုက် အပင်အိုးတွေအကုန်လုံးကို ဖျက်ဆီးဖို့ သိပ်မခက်လောက်ဘူး မဟုတ်လား။ ထို့နောက် သူ အပင်သစ်တွေ ထပ်ဝယ်နိုင်သည်။ ဒါဆို ငွေလည်း ပိုဖြုန်းလို့ ရသွားလိမ့်မည်။
ကောင်းလိုက်တဲ့အကြံ။
ထန်ယီရှုက လက်ကို ခပ်မြန်မြန်ခါယမ်းလိုက်သည်။ "မဖြစ်ဘူး စီနီယာ။ ကျွန်မ အပင်ရေလောင်းလို့ မရဘူး"
"ကျွန်မ ငယ်ငယ်လေးကတည်းက ကျွန်မ စောင့်ရှောက်တဲ့ သက်ရှိအရာတိုင်း ထူးထူးဆန်းဆန်း နာမကျန်းဖြစ်လာတာ။ ကြောင်...ကြောင်လေးတွေက လွဲလို့ပေါ့"
ကြောင် ဟုတ်လား။
ဖေးချမ့် စဉ်းစားကြည့်လိုက်၏။ ကြောင်တွေဆိုလည်း အဆင်ပြေတာပဲ။ ဖြစ်ချင်တော့ အနီးအနားမှာလည်း တိရိစ္ဆာန်ဆေးရုံတစ်ခု ရှိနေပါသည်။
"ငါ့နောက် လိုက်ခဲ့"
ထန်ယီရှု မစ်တီးကို ပွေ့ဖက်ထားလိုက်ပြီး ဖေးချမ့် နောက်က ခပ်သုတ်သုတ်လိုက်လာကာ အနီးနားရှိ တိရိစ္ဆာန်ဆေးရုံထဲ ဝင်သွားလိုက်ပါသည်။
တိရိစ္ဆာန်ဆေးရုံက အလွန်သေးငယ်ပါသည်။ ဆေးကုသခန်း ၃ ခန်းသာရှိပြီး ခွဲစိတ်ခန်း ၁ ခန်းသာ ရှိသည်။ ပတ်ဝန်းကျင် ရပ်ကွက်တွေက အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လူတွေအတွက်သာ အဓိက ဖွင့်ထားခြင်း ဖြစ်သည်။
ဒီနယ်မြေထဲမှာလည်း လမ်းဘေးကြောင်တွေကို မကြာခဏ တွေ့ရတတ်သည်။ ဘာမှ လုပ်စရာ မရှိသည့် ကျောင်းသားများ သို့မဟုတ် ရပ်ကွက်ထဲက အဒေါ်ကြီးများက ထိုလမ်းဘေးကြောင်များကို ဆေးကုသဖို့ သို့မဟုတ် သားကြောဖြတ်ဖို့ ခေါ်လာပေးတတ်သည်။
လမ်းဘေးကြေင် အများစုကိုတော့ မွေးစားကြသော်လည်း တချို့က ကျန်ခဲ့ပြီး တိရိစ္ဆာန်ဆေးရုံမှာပဲ ဆက်လက် ထိန်းသိမ်းထားရပါသည်။
ဖေးချမ့် ဆေးရုံထဲဝင်လိုက်ပြီး မေးလိုက်ပါသည်။ "ဒီကို မကြာသေးခင်က ပို့ထားတဲ့ လမ်းဘေးကြောင်လေးတွေ ဘာတွေ ရှိလား"
ဧည့်ကြိုစားပွဲရှိ တာဝန်ကျသူ ခပ်ငယ်ငယ် ဝန်ထမ်း ကောင်မလေးက ပြန်ဖြေလိုက်သည်။ "ရှိတယ်ရှင့်။ သိပ်မကြာသေးခင်တုန်းက ကြောင်နက်လေး တစ်ကောင် လာပို့ထားတယ်။ ကာကွယ်ဆေးထိုးပြီး သင်းပေးထားပြီးသားပါ။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရေလည်း ချိုးပေးထားသေးတယ်"
"မွေးစားချင်လို့လား ဆရာ။ အဲ့ကြောင်လေးက ချစ်ဖို့ကောင်းတယ်။ နည်းနည်း အရွယ်ရောက်နေတာလေး တစ်ခုပဲ ရှိတာပါ"
ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် ကြည့်ပါရစေ"
ဝန်ထမ်းကောင်မလေးက ဖေးချမ့်နဲ့ ထန်ယီရှုတို့ကို ထောင့်နားက လှောင်အိမ်တစ်ခုဆီ ခေါ်သွားပေးလိုက်သည်။ အထဲမှာ ခပ်တိုတို အနက်ရောင် အမွှေးများနဲ့ ကြောင်လေး တစ်ကောင် ရှိပါသည်။ ခြေထောက် ၄ ဖက်ကသာ အဖြူရောင် ဖြစ်၏။
မျက်လုံးများကို ခပ်ကျယ်ကျယ် ဖွင့်ထားသည်။ သို့သော်လည်း အတော်လေး အမြင်မှားလောက်သည်။ သူ အိပ်ပျော်နေတာလား နိုးနေတာလားဆိုတာ ပြောဖို့ ခက်ခဲပါသည်။
ဒီကြောင်လေးက အနည်းဆုံး အသက် ၆ လ ရှိလောက်မည်။ မွေးခါစ ကြောင်ပေါက်လေးတွေလောက်တော့ ချစ်ဖို့ မကောင်းတော့ပါ။ ထို့ကြောင့်ပဲ ဘယ်သူမှ မမွေးစားတာ ဖြစ်နိုင်ပါသည်။
တိရိစ္ဆာန်ဆေးရုံတွေမှာလည်း ကန့်သတ်ချက်တွေ ရှိသဖြင့် အပြင်မှာဆို ပျောက်သွားမှာ စိုးရိမ်သဖြင့် အချိန်အများစုမှာ လှောင်အိမ်ထဲတွင်သာ ထည့်ထားကြပါသည်။ အရည်အသွေး အလယ်တန်းစား ရှိသည့် ကြောင်စာများကိုလည်း ကျွေးသည်။ ထို့ကြောင့် မဝမဖြိုးပေ။
ဖေးချမ့် မေးလိုက်ပါသည်။ "အထီးလေးလား အမလေးလား"
ဝန်ထမ်းမိန်းကလေး ပြန်ဖြေလိုက်သည်။ "သင်းထားတဲ့ အထီးလေးပါ"
ဖေးချမ့် "... ကောင်းပါတယ်"
ထို့နောက် ထန်ယီရှုဘက်ကို လှည့်လိုက်သည်။ "နင်သဘောကျလား"
ထန်ယီရှုက ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ ကြောင်-ကြောင်လေးတွေ အကုန်လုံးကို ချစ်ပါတယ်"
ဖေးချမ့် ဝန်ထမ်းမိန်းကလေးဆီ ပြန်လှည့်လိုက်၏။ "ဟုတ်ပြီ ကျွန်တော် ဒီကြောင်လေးကို မွေးစားမယ်။ ကြောင်ထည့်တဲ့ လွယ်အိတ်လေးတွေ၊ ကြောင်စာတွေ၊ စည်သွပ်ဗူးတွေ၊ ကြောင်သဲပုံးတွေကို ကျေးဇူးပြုပြီး ပြင်ထားပေးပါဦး"
ဒါတွေကို အွန်လိုင်းပေါ်က ဝယ်လို့ ရပါသည်။ သို့သော်လည်း အချိန်မှီတော့ ရောက်လာမှာ မဟုတ်ပါ။ ဖေးချမ့် ပြဿနာ ပိုမတက်ချင်သဖြင့် စျေးပိုကြီးရင်တောင် တိရိစ္ဆာန်ဆေးရုံမှာပဲ ဝယ်ခဲ့ပါသည်။
ဝန်ထမ်းကောင်မလေးက ဘာမှ ထပ်မမေးဘဲ ဝန်ထမ်းကောင်လေး နှစ်ယောက်ကို စီစဉ်ပေးခိုင်းလိုက်သည်။
ဖေးချမ့်က ငွေရေးကြေးရေး ရှားပါးသူ မဟုတ်မှန်း သူမ မြင်နိုင်သဖြင့် ကြောင်လေးရဲ့ နေထိုင်မှု ပတ်ဝန်းကျင်ကလည်း ဆိုးမှာ မဟုတ်ပါ။ ထန်ယီရှုကလည်း ကြင်နာတတ်သည့် ကောင်မလေး တစ်ယောက်ပုံစံပေါက်သဖြင့် ကြောင်လေး နှိပ်စက်ခံရမှာကို စိတ်ပူဖို့ မလိုပါ။ အားလုံး အချိန်တိုအတွင်း အသင့်ဖြစ်သွားပါပြီ။ ဝန်ထမ်း ကောင်မလေးက ကြောင်ကို ကြောင်လွယ်အိတ်ထဲ ထည့်လိုက်ပါသည်။ ကြောင်လေးကလည်း လိမ္မာစွာဖြင့် ဝင်သွားပြီး ဖန်သားလို ကြည်လင်သည့် အနက်ရောင်မျက်လုံးလေးများဖြင့် ထန်ယီရှုကို စိုက်ကြည့်နေသည်။
ငွေရှင်းပြီးနောက် ဖေးချမ့် ကြောင်လွယ်အိတ်ကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။ ထို့နောက် ဘယ်လက်မှာ ကြောင်သဲဗန်းနဲ့ သဲထုတ်တို့ကို ကိုင်ပြီး ညာလက်မှာတော့ ကြောင်စာများကို ကိုင်ရင်း ဆေးရုံမှ ထွက်လာခဲ့ပါသည်။
ထန်းယီရှုလည်း စည်သွပ်ကြောင်စာများ၊ ကြောင်စာအခြောက်များ၊ ရေခွက်များကို ကူသယ်ပေးသည်။
ကြောင်လေးက ဘေးက ထန်ယီရှုကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
ဖေးချမ့်ဆွံ့အသွားသည်။ "မင်းကို လွတ်လပ်ခွင့် ပေးလိုက်တာ ငါကွ။ သိပြီလား"
ကုမ္ပဏီ၏ လုပ်ငန်းကားကို အနီးနားရှိ စားသောက်ဆိုင်မှာ ပါကင်ထိုးထားသည်။ ဘော့စ်ဖေးကို လက်ထဲမှာ ပစ္စည်းပစ္စယတွေ အများကြီးနဲ့ မြင်လိုက်ရသောအခါ စွန်းလေး အနည်းငယ် ကြောင်စီစီဖြစ်သွားရသည်။ ကားထဲက အမြန်ထွက်လာပြီး ဘော့စ်ဖေးကို ကူသယ်ပေးလိုက်ရပါသည်။
အားလုံကို ကားနောက်ဖုံးထဲ ထိုးထည့်ထားလိုက်ပြီး ကြောင်လွယ်အိတ်ကို ကားနောက်ခုံထဲ ထားလိုက်သည်။ ထန်ယီရှုကို ကားနောက်ခုံမှာ ထိုင်ဖို့ လက်ပြလိုက်ပြီး သူကတော့ အရှေ့ခုံမှာ ဝင်ထိုင်လိုက်ပါသည်။ "ရုံးကို ပြန်သွားကြစို့"
ထန်ယီရှုက ကားထဲမှာ သိသိသာသာ နေရခက်နေပါသည်။ မကြာခဏ ကြောင်လွယ်အိတ်ထဲ ကြောင်လေးကို ကြည့်နေသည်။ ကြောင်လေးကလည်း သူမကို ပြန်ကြည့်နေပါသည်။
သူတို့ အချိန်တိုအတွင်း ရုံးကို ပြန်ရောက်လာခဲ့ကြ၏။
စွန်းလေးက မြေအောက်ကားဂိုထောင်မှာ ကားပါကင်ထိုးပြီးနောက် ကြောင်စာများ၊ ကြောင်သဲဗန်းများ၊ တခြား ပစ္စည်းများကို ရုံးထဲ ကူသယ်ပေးလိုက်ပါသည်။ ဖေးချမ့်က ထန်ယီရှုကို အရှေ့က ဦးဆောင်ခေါ်သွားလိုက်သည်။ ထန်ယီရှုလည်း ဖေးချမ့်နောက်လိုက်မှီဖို့ အမြန် လျှောက်နေရပါသည်။ သူမ တီးတိုးပြောလိုက်၏။ "စီနီယာကြီး။ ကျွန်-ကျွန်မ ဘယ်လိုအလုပ်မျိုး လုပ်ရမှာလဲဟင်"
ဖေးချမ့် စဉ်းစားကြည့်လိုက်သည်။ "အမ်း... အားပေးသူ...."
ထန်ယီရှု အနည်းငယ်အံ့အားသင့်သွား၏။ "ဟင်။ အား-အားပေးတဲ့လူဟုတ်လား။ ဒါပေမယ့် စီနီယာကြီး။ ကျွန်မက ပြောဆိုဆက်ဆံရေးတွေမှာ သိပ်မတော်ဘူးလေ။ သူများတွေကို အားပေးတဲ့ နေရာမှာလည်း သိပ်မတော်ဘူး။ ကျွန်မ ဘယ်လို လုပ်ရမလဲ"
ဖေးချမ့် သူမကို ကြည့်လိုက်သည်။ "ငါပြောတာ ဆုံးအောင် နားထောင်ပါဦး။ နင့်အလုပ်က... အားပေးသူကို ထိန်းသိမ်းရမယ့်လူ"
ဖေးချမ့်က ကြောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "အဲ့တာက အားပေးသူပဲ"
"ကုမ္ပဏီထဲမှာ နင့်အတွက် ကိုယ်ပိုင် အလုပ်ရုံတစ်ခု ပေးမယ်။ နင် အတန်းမရှိတဲ့ခါကျရင် ဒီကိုလာခဲ့။ ကြောင်ကို အစာကျွေး၊ ချေးသန့်ရှင်းရေးလုပ်၊ ဆေးခန်းပို့ပေး ဘာညာ လုပ်ပြီး စောင့်ရှောက်ပေးရမဘ်"
"နင့်လစာကတော့ အချိန်ပိုင်းဖြစ်တဲ့အတွက် တစ်လ ယွမ် ၃,၀၀၀ ယာယီ ပေးထားမယ်"
"ကြောင်ကို အစာကျွေး သန့်ရှင်းရေးလုပ်ပေးပြီးလို့ ဘာမှလုပ်စရာမရှိဘူးဆိုရင် ဒီမှာ စာကြည့်ရင်ကြည့် ဒါမှမဟုတ် အင်တာနက်သုံးရင်သုံးပေါ့။ နင်လုပ်ချင်တာလုပ်လို့ရပြီး အလုပ်ဆင်းချင်တဲ့အချိန် ဆင်းလို့ ရတယ်"
ထန်ယီရှု တုန်လှုပ်သွား၏။ "အ-အရမ်းများလွန်းပါတယ်"
ဖေးချမ့် ခေါင်းခါလိုက်ပါသည်။ "အဲ့တာ ငါတို့ ကုမ္ပဏီရဲ့ လစာပုံစံပဲ။ ငါ့နောက်လိုက်ခဲ့"
ဓာတ်လှေကားဖြင့် သူတို့ ထန်းတာ့နက်ဝေါ့ခ် ကုမ္ပဏီ လီမိတက်သို့ တက်လာခဲ့ကြပါသည်။
ဖေးချမ့် ဓာတ်လှေကားထဲမှ စိတ်အေးလက်အေး သက်ပြင်းချလျက်ထွက်လာခဲ့ပါသည်။ ဓာတ်လှေကားနဲ့ တက်လာတုန်း စက်ရပ်သွားခြင်း၊ ဘရိတ်ပျက်ခြင်း၊ ဓာတ်လှေကား ပါဝါဒေါင်းသွားခြင်းတို့ မဖြစ်လို့ တော်ပါသေးသည်။
ကြည့်ရတာ ထန်ယီရှုရဲ့ ကူးစက်မှုအာနိသင်က အတော်လေး အကန့်အသတ်တော့ ရှိလိမ့်ဦးမည်။ ကြောက်စရာကောင်းလောက်သည့် အဖျက်စွမ်းအားမျိုးတော့ မရှိလောက်ပါ။
စဉ်းစားကြည့်မှ ဒီလိုပဲ ဖြစ်နိုင်ပါသည်။ ထန်ယီရှုသာ သွားတဲ့နေရာတိုင်း မတော်တဆဖြစ်နေလျှင် ဘာကြောင့် အခုအရွယ်ထိ ဘေးကင်းကင်း ကြီးပြင်းလာနိုင်တာလဲ။
သူမက ကံဆိုးပြီး အလွန်ဆုံး သူမဘေးက လူတွေကိုပါ ကံဆိုးစေသည့် အာနိသင်ရှိသည်။ သို့သော်လည်း ဖေးချမ့် ဒါကို ကျေနပ်မိပါသည်။
ဖေးချမ့် အများလုံး လိုအပ်နေတာလည်း ဒီလို ကံဆိုးမှု အသေးစားလေးတွေ ဖြစ်သည်။
ကားစီးနေတုန်း ဘရိတ်ပေါက်ခြင်း၊ လေယာဉ်စီးနေတုန်း အင်ဂျင်မီးလောင်ခြင်း စသည့် ကြီးကြီးမားမား ကြမ္မာဆိုးများကို ယူဆောင်လာပေးပါက ကြောက်ဖို့ ကောင်းပါလိမ့်မည်။ ဒီလိုသာဆို သူ့ဝန်ထမ်းတွေနဲ့ သူ့ကိုယ်ပိုင်ဘေးကင်းမှုအတွက်ပါ ဖေးချမ့် စိုးရိမ်လာရမည်။
သို့သော်လည်း အခုလို အသေးစား ကံဆိုးမှုများက သူ့ဘေးက လူတွေကို အန္တရာယ် မဖြစ်စေဘဲ ဖေးချမ့်ရဲ့ အမြတ်ရနေသည့် အခြေအနေကိုလည်း ပြောင်းပြန် ဖြစ်သွားစေနိုင်ပါသည်။
သူ့အောင်မြင်မှု အများစုက တကယ်တမ်း တိုက်ဆိုင်တာကြောင့်သာ ဖြစ်မှန်း ဖေးချမ့် ကောင်းကောင်းသိပါသည်။
ဥပမာအားဖြင့် အထီးကျန်ကန္တာရလမ်း အောင်မြင်လာရခြင်းမှာ ဆရာချောင်းက တွေ့သွားခြင်းကြောင့် ဖြစ်သည်။ ဖေးချမ့်ရဲ့ ကံ ဒီလောက် မကောင်းဘဲ ဆရာချောင်း ရှာမတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒီလိုသာဆို ဖေးချမ့်ရှင်းစရာ သောက်ပြဿနာ အများကြီး ရှိခဲ့မှာ မဟုတ်ပါ။
ကံတရားစုတ်ချက်လေးတစ်ချက်က မိုင်ပေါင်း ထောင်ချီ ကွာခြားမှုကို ဖန်တီးပေးနိုင်သည်။ ဒိုမီနို အာနိသင်ဆိုတာလည်း အသေးစား ချိတ်ဆက်မှုလေး တစ်ခု ပျောက်နေလျှင် ဖြစ်ပေါ်နိုင်မှာ မဟုတ်ပါ။ ဘော့စ်ဖေးရဲ့ မဟာအရှုံးပေါ်မည့် အစီအစဉ်ကြီးလည်း အခုလောက်ဆို အောင်မြင်နေလောက်ပြီ။
ထို့ကြောင့် ဒီလိုကံဆိုးမှု လယ်ဗယ်လောက်က ကွက်တိပဲ ဖြစ်သည်။
စွန်းလေးက ကုမ္ပဏီထဲကို ရောက်တာနဲ့ သူ့လက်ထဲက ပစ္စည်းများကို ချလိုက်သည်။ ဖေးချမ့်က ကြောင်လွယ်အိတ်ကို ဖွင့်ပြီး ကြောင်လေးကို လွှတ်ပေးလိုက်ပါသည်။ ကြောင်လေးတစ်ကောင်ကို မြင်တာနဲ့ လီယာ့တာတစ်ယောက် လုပ်လက်စ အလုပ်များကို ပစ်ချပြီး အပြေးရောက်လာခဲ့ပါသည်။
"ဟယ် ဘော့စ်ဖေး။ ဒီကြောင်လေး ဘယ်က ရောက်လာတာလဲ။ ချစ်စရာ ကောင်းလိုက်တာ"
ထိုအခါ ကုမ္ပဏီထဲက တခြားဝန်ထမ်းတွေလည်း အာရုံစိုက်မိသွားကြသည်။ သူတို့ ချက်ချင်းပဲ ကြောင်နက်လေးကို ဝန်းရံလိုက်ကြ၏။
ကြောင်နက်လေးက သူ့ရဲ့ ခပ်သေးသေး အဖြူရောင် ခြေထောက် ၄ ချောင်းဖြင့် မြူးမြူးကြွကြွ လျှောက်သွားကာ အနံ့လိုက်ခံနေပြီး ကြောက်ရွံ့မှုလည်း မရှိပါ။
ဖေးချမ့်က ပြုံးကာ ပြောလိုက်၏။ "အခုတလော အားလုံးလည်း အလုပ်တွေ အရမ်းကြိုးစားခဲ့ရတော့ အားပေးသူလေးတစ်ယောက် ငှားလိုက်တာလေ။ ဒီကောင်လေးက အခုချိန်ကစပြီး အားလုံးအတွက် အားပေးလှုံ့ဆော်သူပဲ။ မင်းတို့ အလုပ်ပင်ပန်းတဲ့အခါ စိတ်ဖြေဖို့ ကြောင်လေးနဲ့ ကစားလို့ ရတယ်။ ပြီးတော့ အခု ဒီမှာ ထန်ယီရှုလည်း ရောက်လာပြီ။ သူက အခုချိန်ကစပြီး ငါတို့ ကုမ္ပဏီရဲ့ အဖွဲ့ဝင်သစ်ပဲ။ သူက ငါတို့ အားပေးသူလေးကို စောင့်ရှောက်ဖို့ တာဝန်ယူလိမ့်မယ်"
ထန်ယီရှုက ခေါင်းငုံ့လိုက်ပါသည်။ "တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"
ကြောင်အတွက် ကြောင်ထိန်းတစ်ယောက် အထူးတလည် ငှားထားတာကို ကြားလိုက်ရသောအခါ အားလုံး အနည်းငယ် အံ့သြသွားကြ၏။ ကြောင်ကို ဂရုစိုက်ဖို့ အထူးတလည် လူတစ်ယောက် မလိုအပ်ပါ။ သူတို့ အလုပ်နားချိန်မှာ အစာကျွေးလို့ ရတာပဲ။
သို့သော်လည်း ဘော့စ်ဖေး စနောက်ပြီး ပြောနေတာဟု အားလုံး ချက်ချင်း ခံစားလိုက်ရပါသည်။ အနေခက်နေသည့် ဒီကောင်မလေးမှာ တခြားတာဝန်ရှိလိမ့်မည်ဟုပဲ သူတို့ မှန်းဆလိုက်ကြပါသည်။
"ဘောစ့်ဖေး ဒီကောင်လေးရဲ့ နာမည်က ဘာတဲ့လဲ" လီယာ့တာ မေးလိုက်ပါသည်။
ထိုအခါမှ ဖေးချမ့် နာမည် မပေးရသေးမှန်း သတိရသွားသည်။
"မျက်ရိုးလေးလို့ ခေါ်ရအောင်" ဖေးချမ့် ၂ စက္ကန့်လောက် စဉ်းစားကာ ပြောလိုက်ပါသည်။
လီယာ "ဟမ်"
မျက်ရိုးလေးက ပေါင်ရှု၏ အလုပ်ရုံထဲ ကင်းလှည့်နေပြီး ဖေးချမ့်ကို စိတ်တိုစွာဖြင့် လှည့်ကြည့်လိုက်သည်။ သဘောမတူစွာ ၂ ကြိမ် အော်လိုက်ပါသည်။
"တွေ့လား သူ့နာမည်ကို ကြိုက်နေတာာ" မျက်ရိုးလေးရဲ့ ပုန်ကန်မှုကို ဖေးချမ့် လျစ်လျူရှုလိုက်သည်။ ထို့နောက် တစ်ရုံးလုံးကို ဖေးချမ့် ဆန်းစစ်ကြည့်လိုက်ပြီး ရုံးရဲ့ အလယ်ဗဟိုတည့်တည့်ကို အမြန် ဆုံးဖြတ်လိုက်ပါသည်။ ထန်ယီရှုသာ ထိုနေရာမှာ ထိုင်လျှင် သူမရဲ့ ကူးစက်အာနိသင် ကုမ္ပဏီတစ်ခုလုံးကို ဖြာထွက်သွားနိုင်မလားဟု ဖေးချမ့် တွေးမိပါတော့သည်။