← Chapters

အချိန်ပို ခိုးလုပ်တဲ့သူ

Vol. 23 Ch. 342

အချိန်ပို ခိုးလုပ်တဲ့သူ

Vol. 23 Ch. 342

ကျန်းကျုထျင် ဆက်ပြောလိုက်၏။ "အဲ့လို အခြေအနေမျိုးအောက်မှာ ဘီယာသောက်တဲ့ သူ့စိတ်အခြေအနေက ငတ်မွတ်ဆာလောင်နေတဲ့ လူတစ်ယောက်လို အသည်းအသန် အလောတကြီး သောက်တာမျိုး မဖြစ်ရဘူး။ ဖြည်းဖြည်းချင်း သောက်ပြီး ဂရုတစိုက်နဲ့ အရသာခံရတယ်"

"ဘီယာကို ဒီတိုင်း သောက်တာ မဟုတ်ဘဲ... ဟာလာဟင်းလင်းဖြစ်မှုလိုမျိုး၊ ဝေခွဲမရဖြစ်တဲ့ ပုံစံမျိုး"

"တီဗီပေါ်က ကြော်ငြာတွေက သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်"

"သူ့အနာဂတ်အတွက် အဓိပ္ပာယ်ကော မျှော်လင့်ချက်ကော ဘာမှ ခံစားရမှာ မဟုတ်ဘူး။ သူ့အနားက အရာအားလုံးက အဓိပ္ပာယ်မဲ့နေသလို ခံစားနေရမယ်။ သူ့လက်ထဲက ဘီယာဗူးက သူ့ဗိုက်ထဲက ဆာလောင်မှုတစ်ခုကိုပဲ ဖြည်းတင်းနိုင်မှာ။ အဲ့တာ တန်ဖိုးနည်းပါးလွန်းတယ်"

"ဒါပေမယ့် အဲ့ဒီ တန်ဖိုး နည်းနည်းပါးပါးလေးကြောင့် သူ့ကို အပျော်လွန်သွားတာမျိုး ဖြစ်စေမှာ မဟုတ်ဘူး"

"ခေါင်းဆောင်မင်းသားက မျက်နှာထားတွေ အများကြီး မပြောင်းလဲသင့်ဘူးလို့ ငါထင်တယ်။ ပြီးတော့ ဘီယာကို သောက်နေတဲ့အချိန်မှာ သူ့ စိတ်ခံစားချက်တွေက နစ်မြုပ်နေသင့်တယ်"

"အစကတော့ ပဟေဠိပြိုင်ပွဲမှာ အနိုင်ရပြီး ငွေနည်းနည်း လိုချင်ခဲ့တာ။ အဲ့ဒီငွေကို သုံးပြီး သူ့ကိုယ်သူ ဘီယာတစ်ဗူး ဆုချဖို့ ဆုံးဖြတ်လိုက်တယ်"

"ဘီယာကိုသောက်ရင်းနဲ့ တောက်တောက်ပပ ကြော်ငြာတွေကို မြင်ပြီး အထက်တန်းစားတွေရဲ့ လောကကို ချောင်းကြည့်နိုင်ခဲ့တယ်ပေါ့။ သူ့ပါးစပ်ထဲမှာ မကောင်းတဲ့ အရသာမျိုးကိုပဲ ခံစားလိုက်ရမှာ"

"ငါသာ သရုပ်ဆောင်ရမယ်ဆိုရင် ခေါင်းဆောင် မင်းသားရဲ့ ပျော်ရွှင်မှုကနေ ထိုင်းမှိုင်းမှု၊ ထိုင်းမှိုင်းမှုကနေ စိတ်ဆင်းရဲမှုအဖြစ် အဆင့်ဆင့် ပြောင်းလဲသွားပုံကို ထုတ်ပြနိုင်ဖို့ အကောင်းဆုံး ကြိုးစားမိလိမ့်မယ်"

"ဘော့စ်ဖေး အလေးထားပြောချင်တာလည်း အဲ့တာပဲ ထင်တယ်။ ဟုတ်တယ်မလား ဘော့စ်ဖေး"

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွား၏။ "အမ်...အဲ့လိုပါပဲ"

စကားကောင်းတွေ အကုန် ခင်ဗျားပြောသွားတော့ ကျွန်တော် ဘာပြောဖို့ ကျန်သေးလို့လဲ...။

လုကျစ်ယောင် ရုတ်တရက် သဘောပေါက်သွားခဲ့ပါသည်။ "အဲ့လိုကိုး ကြည့်ရတာ ဒီဇာတ်ညွှန်းအပေါ် ကျွန်တော့်ရဲ့ နားလည်သဘောပေါက်မှုက လွဲသွားတယ်ထင်တယ်။ အားလုံးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ပြန်ရိုက်ကြစို့"

လုကျစ်ယောင်က ကြိုးစားလိုစိတ်များ ပြင်းပြစွာဖြင့် ပြန်ထိုင်နေလိုက်ပြီး ပြန်လည်ရိုက်ကူးဖို့ အသင့် ဖြစ်နေပါပြီ။ ကျူးရှောင်စဲက ဖေးချမ့်ကို လက်မ ထောင်ပြလိုက်ပါသည်။ "ပရော်ဖက်ရှင်နယ်ဆန်ချက် "

ဖေးချမ့် ပြောစရာ စကားမဲ့သွားရပြန်သည်။

တကယ်တော့ ငါဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး။

ဖေးချမ့် မျှော်လင့်ချက် ကင်းမဲ့သွားသည်။ ခုနက ရိုက်ကူးရေးကို ဝင်မနှောင့်ယှက်ခဲ့သင့်ဖူးဟုတောင် ဝေဝေဝါးဝါး ခံစားလာရပါသည်။

ဘီယာသောက်သည့် ဇာတ်ဝင်ခန်းအား ပြန်လည် ရိုက်ကူးခြင်း...

ဘုတ် အစားအသောက်ဝင်ပေါက်မှ ဘီယာတစ်ဗူး ပြုတ်ကျလာခဲ့သည်။

လုကျစ်ယောင်က ရေစက်လေးများဖြင့် အေးအေးစက်စက်ဖြစ်နေသည့် ဘီယာဗူးကို လှမ်းယူလိုက်ပြီး 'ဖန်း'ခနဲ မြည်အောင် ဖွင့်လိုက်သည်။ ထို့နောက် တစ်ငုံစာ အများကြီး သောက်လိုက်သည်။ အားရကျေနပ်စွာဖြင့် သက်ပြင်း ချလိုက်ပါသည်။ ယခုအချိန်မှာ သူ့မျက်နှာပေါ်တွင် ဘီယာသောက်ရသည့် စိတ်ကျေနပ်မှုနဲ့ အပြုံးတို့ ပေါ်လွင်နေသည်။

သို့သော်လည်း ထိုအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားရ၏။ လုကျစ်ယောင်၏ အာရုံစိုက်မှုက သူ့ဘေးက အသေးစား အစိမ်းရောင် ပိတ်ကားပေါ်ကို ရောက်သွားသည်။ အစိမ်းရောင် ပိတ်ကားကို ကြည့်လိုက်ပြီး သူ့ဘီယာကို တိတ်တိတ်ဆိတ်ဆိတ် သောက်လိုက်ကာ ယခု အစိမ်းရောင်ပိတ်ကားပေါ်မှာ လာနေသည့် မြင်ကွင်းကို စိတ်ကူးယဉ်လိုက်ပါသည်။

ဖန်သားပြင်အသေးလေးပေါ်မှာ အစားအသောက်နဲ့ ဝိုင် ကြော်ငြာများစွာ ရှိလိမ့်မည်။ စံအိမ်ကြီး သို့မဟုတ် ဗီလာကြီးတစ်ခုအတွင်းရှိ အထက်တန်းစား ယောက်ျားကြီးတစ်ယောက်က ဝိုင်ကောင်းများကို ဝိုင်အလှဖန်ဗူးထဲ ထည့်ပြီးမှ အလွန် ကြည်လင်နေသည့် ဝိုင်ခွက်ထဲကို လောင်းထည့်လိုက်သည်။

သန့်ရှင်းသပ်ရပ်သည့် အဖြူရောင် စားပွဲပေါ်မှာလည်း အရသာရှိသည့် အစားအသောက် များစွာရှိပြီး လူတွေကို သွားရည်ကျစေသည်။

နီနီတောက်တောက် လက်သည်းနဲ့ လှလှပပ အမျိုးသမီးတစ်ယောက်က သူမလက်ထဲက ဝိုင်ခွက်ကို ကျက်သရေရှိစွာ မြှောက်လိုက်ပြီး စားပွဲ မျက်နှာချင်းဆိုင်ရှိ အောင်မြင်သည့် သူဌေးကြီးနဲ့ ခွက်ချင်း တိုက်လိုက်ပါသည်။ ထို့နောက် ဝိုင်က လှပသည့် အမျိုးသမီး၏ နှုတ်ခမ်းနီနီထဲ စီးဆင်း သွားခဲ့သည်။

လုကျစ်ယောင်က ဘီယာကို သောက်ရင်း အစိမ်းရောင် ပိတ်ကားကို ကြည့်နေ၏။ ထိုအချိန်တောအတွင်း သူ့လက်ကို မြှောက်လိုက်ပြီး အစိမ်းရောင်ပိတ်ကားကို ထိကြည့်ချင်မိသည်။ ဧကန္တ ဒီလိုကြော်ငြာမျိုးရဲ့ ဆွဲဆောင်မှုကို တွန်းလှန်ဖို့က အလွန် ခက်ခဲတာကြောင့် ဖြစ်နိုင်ပါသည်။ သို့သော်လည်း ပြန်လည် တွန့်ဆုတ်သွားရပြီး သူ့လက်ထဲက ဘီယာကိုသာ တိုးတိုးတိတ်တိတ် ဆက်သောက်နေလိုက်ပါတော့သည်။

ထိုဘီယာဗူးလည်း ခပ်မြန်မြန်ပဲ ကုန်သွားခဲ့သည်။

လုကျစ်ယောင်တစ်ယောက် ခေါင်းကိုမော့လိုက်ပြီး နောက်ဆုံးလက်ကျန်ဘီယာစက်များကို ပါးစပ်ထဲ လောင်းထည့်လိုက်ပြီးမှ ဗူးခွံအလွတ်ကို စားပွဲပေါ် တင်လိုက်ပါသည်။ ထို့နောက် ဟာလာဟင်းလင်း အကြည့်မျိုးနဲ့ ဖန်သားပြင်ပေါ်က ရောင်စုံကြော်ငြာများကို စိုက်ကြည့်နေလိုက်သည်။

အချိန်အတော်ကြာမှ လုကျစ်ယောင် ရုတ်တရက်ကြီး သူ့လက်ထဲက ဗူးခွံလွတ်ကို ညှစ်ပစ်လိုက်ကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပါသည်။

ပလုံ ပလုံ။ ဗူးခွံလွတ်က အမှိုက်ပုံး အစွန်းနဲ့ ထိမိပြီး ကြမ်းပြင်ပေါ် ကျသွားပါသည်။

လုကျစ်ယောင် ပြန်ကောက်မထည့်တော့ဘဲ ကြမ်းပြင်ပေါ်မှာ ပစ်ထိုင်လိုက်ပြီး အိပ်ယာကို ကျောမှီထားလိုက်သည်။ သူ့ဒူးနှစ်ဖက်ကို လက်ဖြင့် ပွေ့ဖက်ပြီး ခေါင်းကို လက်တွေထဲ နက်နက်ရှိုင်းရှိုင်း နှစ်မြှုပ်ထားမိတော့သည်။

"ကတ် တော်တယ်ကွာ"

"ဒီဇာတ်ဝင်ခန်း အရမ်းကောင်းတယ်။ ခေါင်းဆောင် မင်းသားရဲ့ စိတ်အခြေအနေနဲ့ လုံးဝ ကွက်တိပဲ"

ကျူးရှောင်စဲက လုကျစ်ယောင်ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးမဆုံးတော့ပေ။

လုကျစ်ယောင်ကလည်း ပီတိဖြာလျက်ရှိ၏။ သူ့သရုပ်ဆောင်စွမ်းရည်တွေ ခိုင်မာသွားပါပြီ။

"ဒါရိုက်တာကျူးနဲ့ မစ္စတာကျန်းတို့ကို လမ်းညွှန်ပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ဟုတ်တာပေါ့။ အရေးအကြီးဆုံးအချက်က ဘော့စ်ဖေး ကျွန်တော့်ရဲ့ အခြေခံ စိတ်အခြေအနေကို ပြောင်းလဲပေးပြီးတော့ ကျွန်တော် အရမ်း ဒရမ်မာဆန်လွန်းနေတာကို နားလည်အောင် လုပ်ပေးခဲ့လို့ပဲ"

လုကျစ်ယောင်က ဖေးချမ့်ကို ကျေးဇူးတင်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပါသည်။

ဖေးချမ့် ".... ဆက်ရိုက်ကြပါ။ ငါပြန်တော့မယ်"

ကျူးရှောင်စဲ တွန့်ဆုတ်သွားသညသ်။ "ဘော့စ်ဖေး။ ဇာတ်ဝင်ခန်းနည်းနည်းလောက် ထပ်ကြည့်ပေးလို့ မရဘူးလား။ ဘော့စ်ဖေးရှိရင် ကျွန်တော်တို့ ရင်ထဲမှာ စိတ်အေးရတယ်။ ကျွန်တော်တို့ အားနည်းချက်တွေကို ထပ်ပြီး ထုတ်ပြပါဦး"

အားနည်းချက်တွေ ထပ်ထုတ်ပြရမယ် ဟုတ်လား။

ဖေးချမ့် ဆွံ့အသွားသည်။ သူက အားသာချက် ရဖို့ကြိုးစားခဲ့သော်လည်း ပိုတောင် ဆိုးသွားခဲ့သည်။ လုကျစ်ယောင်ရဲ့ သရုပ်ဆောင်ပုံကို ခဲနဲ့ပေါက်ဖို့ ဆန့်ကျင်ဘက်လမ်းကြောင်းအပေါ် လမ်းညွှန်ပေးချင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့သရုပ်ဆောင်စွမ်းရည်ကို ပိုကောင်းသွားအောင်တောင် လုပ်မိလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ဒီတိုင်းသာ ဆက်သွားရင် ဘာတွေ ဖြစ်လာမလဲ။

လုကျစ်ယောင် အကောင်းဆုံးသရုပ်ဆောင် အော်စကာဆု ရရှိသွားပြီး စင်ပေါ်တက်ကာ ပထမဆုံး ပြောမည့်စကားက 'ကျွန်တော့်သရုပ်ဆောင်စွမ်းရည်ကို စေတနာရှိရှိ လမ်းညွှန်ပေးခဲ့တဲ့ ဘော့စ်ဖေးကို ကျွန်တော် ကျေးဇူးအထူးတင်ချင်ပါတယ်' ဟူ၍ မဖြစ်စေချင်ပါ။ ထိုအခါ သူ အိပ်လို့တောင် ပျော်နိုင်မှာ မဟုတ်တော့ပေ။

ထို့ကြောင့် သူ တကယ် ဆက်မကြည့်နိုင်တော့ပေ။

ဘာအကြံပြုချက်မှလည်း ထပ်မပေးသင့်တော့ပါ။ သူတို့ ရိုက်ချင်တာပဲ ရိုက်ကြပါစေ။

ယခု ဖေးချမ့်က သုတေသနလုပ်နေသည့် စောင့်ကြည့်ကွပ်ကဲသူ တစ်ယောက်လို ခံစားနေရသည်။ သူ စောင့်ကြည့်လိုက်တိုင်း အကြောင်းအရာတွေက ပြောင်းလဲသွားတတ်သည်။ သူ ဝင်ပါတိုင်းလည်း ကိစ္စတွေက ပိုပိုဆိုးသွားတတ်၏။

ထို့ကြောင့် ထွက်ပြေးနိုင်တုန်း လစ်ထွက်လိုက်တာ ကောင်းပါမည်။

အားလုံး နှမြောတသဖြစ်သွဦးကြသော်လည်း ဘော့စ်ဖေးက အလုပ်များသူဖြစ်သဖြင့် အမြဲတမ်း ရိုက်ကွင်းမှာ လာမကြည့်နိုင်မှန်း အားလုံး သိကြပါသည်။

"ဒါဆိုလည်း ကျေးဇူးပြုပြီး ကောင်းကောင်းသွားပါ ဘော့စ်ဖေး။ ကျွန်တော် ကျိန်းသေပေါက် ဒီဇာတ်ညွှန်းရဲ့ မူလ ရည်ရွယ်ချက်အတိုင်း လိုက်နာပြီး ဒီ Role ကို ကောင်းကောင်း သရုပ်ဆောင်ပေးပါ့မယ်" လုကျစ်ယောင်က စိတ်ရင်းဖြင့် ပြောလိုက်သည်။

ဖေးချမ့်လည်း တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ရပါသည်။

အဝေးကြီး လိုသေးပါလား...

ဘော့စ်ဖေးတစ်ယောက် တိုးတိုးတိတ်တိတ် ထွက်သွားတာကို ကျူးရှောင်စဲ ငေးကြည့်နေမိသည်။

"ဘော့စ်ဖေးက အလုပ်ရှုပ်နေတာတောင် အချိန်ယူပြီး ဒီကိုရောက်လာတယ်။ သရုပ်ဆောင်ကို အမှားကြီးကြီး တစ်ခု ပြင်ပေးဖို့ ကူညီပေးခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ထွက်သွားခဲ့တယ်။ ကြည့်ရတာ ငါတို့ရဲ့ စိတ်ကူးစိတ်သန်းကို ပြောင်းလဲပေးပြီးတဲ့နောက်မှာ ရိုက်ကူးရေးအတွက် ဘာပြဿနာမှ မရှိတော့ဘူးလို့ သူ ထင်လို့ စိတ်မပူဘဲ ပြန်သွားတာ ဖြစ်မယ်"

"ဟုတ်တယ် ငါတို့ ဘော့စ်ဖေးကို စိတ်ပျက်စေလို့ မဖြစ်ဘူး အာလုံးလာကြ ဇာတ်ဝင်ခန်း နောက်တစ်ခု ရိုက်ကူးကြမယ်"

ကျူးရှောင်စဲနဲ့ အဓိက သရုပ်ဆောင်များ အလွန် အားတက်သရောဖြစ်သွားကြသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့...

စနေနေ့....

လူသားဗေဒအတွက် အတန်းများများစားစား မရှိသဖြင့် စနေ တနင်္ဂနွေနေ့တွေမှာ ပုံမှန်အားဖြင့် မသတ်မှတ်ထားတတ်ပါ။

ဒီနေ့ ထန်ယီရှု အတန်း မရှိပေ။ မနက်ခင်း အဆောင်မှာ စာလေ့လာပြီး ၁၀ နာရီစွန်းစွန်းတွင် ရုံးကို သွားခဲ့ပါသည်။

မနေ့က သူမ မပြန်ခင် မျက်ရိုးလေးအတွက် အစာကော ရေကော ဖြည့်ပေးခဲ့ကာ အီးလည်း ကျုံးပေးခဲ့သည်။ သို့သော်လည်း သူ စိတ်သက်သာရာ မရသေးပါ။ ကုမ္ပဏီထဲမှာ တစ်ကောင်တည်း အထီးကျန်နေမှာ စိုးသဖြင့် သူမ လာကြည့်ခြင်း ဖြစ်ပါသည်။

ကုမ္ပဏီတံခါးက ဝင်ခွင့်ကတ်ဖြင့် ဖွင့်ရသည်။ ဝင်ခွင့် ကွန်ထရိုးစနစ်က အလွန်အဆင့်မြင့်သည်။ သာမန် ဝန်ထမ်း အလုပ်ကတ်တွေနဲ့ဆိုရင် ပုံမှန် အလုပ်ချိန်တွေမှာသာ တံခါးကို ဖွင့်နိုင်ပါသည်။ သာမန် ဝင်ခွင့်ကတ်တွေက ရက်သတ္တပတ် အားလပ်ရက်များ၊ ညနေခင်းများနဲ့ မဖြစ်မနေ ရုံးပိတ်ရက်များတွင် တံခါးကို ဖွင့်လို့မရပါ။

ဘော့စ်ဖေး၊ လက်ထောက်ရှင်းနဲ့ တခြား စီမံခန့်ခွဲရေး ဝန်ထမ်းတချို့၏ ဝင်ခွင့်ကတ်တွေကသာ တံခါးကို ဖွင့်နိုင်ပါသည်။

စီမံခန့်ခွဲရေးဌာနက ထန်ယီရှု၏ လုပ်ငန်းကို ခြွင်းချက် ထားပေးလိုက်ပြီး သူမအတွက် အချိန်မရွေး တံခါးဖွင့်နိုင်သည့် အလုပ်ကတ်တစ်ခုကို စီစဉ်ပေးထားသည်။ မျက်ရိုးလေးကို ဂရုစိုက်နိုင်ဖို့ ဖြစ်၏။

မနေ့တုန်းက အလုပ်ဆင်းသည့်အခါ ထန်ယီရှုနဲ့ ဟောက်ယွင် လိုက်သွားပြီး သေသေချာချာ ရွေးချယ်ပြီးနောက် အနက်ရောင် ဂျက်ကတ်တစ်ထည်ကို ဝယ်ပေးခဲ့ပါသည်။

ဟောက်ယွင်က ပန်းရောင် သို့မဟုတ် တခြား လှလှပပ အရောင်များကို ပိုသဘောကျသည်။ သို့သော်လည်း ထန်ယီရှုက ဒီတစ်ထည်ကို ဝယ်ဖို့သာ ခေါင်းမာနေသည်။ တစ်ဖက်မှာ စျေးပေါတာကြောင့် ဖြစ်ပြီး နောက်တစ်ဖက်မှာတော့ ဘယ်လို ထိန်းသိမ်းရမလဲ မသိတာကြောင့် ဖြစ်ပါသည်။ ညစ်ပတ်သွားလျှင် လျှော်ရဖွတ်ရတာ အရမ်း ခက်ခဲသွားမှာကို စိုးရိမ််သောကြောင့် ဖြစ်၏။

ဒီဂျက်ကတ်ရဲ့ ဒီဇိုင်းက အရမ်းကြီး မလှသော်လည်း နွေးနွေးထွေးထွေးတော့ ရှိပါသည်။ ထို့အပြင် ထန်ယီရှုရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှသဖြင့် အဝတ်အစားများက သူမခန္ဓာကိုယ်ပေါ်မှာ အရမ်းကြီး ပုံတုံးတဲ့ပုံမပေါ်ပါ။

ထန်ယီရှုက တံခါးဖွင့်ဖို့ သူမ ဝင်ခွင့်ကတ်ကို သုံးမလို့ ရှိသေးသည်။ တံခါးက ပွင့်နေပြီးသား ဖြစ်တာကို မြင်လိုက်ရပါသည်။

ပေါင်ရှုက ဧရာမ ရုံးခန်းကြီးထဲမှာ တစ်ယောက်တည်း နားကြပ်တပ်လျက် ကီးဘုတ်ကို စူးစူးစိုက်စိုက် ရိုက်နှိပ်နေပါသည်။

... သူ့ပုံစံက ဂိမ်းကစားနေသည့် ပုံလည်း မပေါ်ပေ။

ထန်ယီရှုက အများကြီး မတွေးခဲ့ပါ။ မပြီးမြောက်သေးသည့် တာဝန်များရှိပါက စနေတနင်္ဂနွေ အားလပ်ရက်မှာ အချိန်ပိုလုပ်ရတာက ပုံမှန်ပဲဟု သူမ နားလည်ထားသည်။ ဘာမှ ရေးကြီးခွင်ကျယ်လုပ်စရာ မလိုပါ။

ထို့နောက် ပလတ်စတစ်အိတ်တစ်လုံးကို ယူပြီး မျက်ရိုးလေးရဲ့ အီးကျုံးပေးဖို့ ရုံးထောင့်နားကို ပုံမှန်အတိုင်း သွားလိုက်ပါသည်။ ဘေးနားက ထန်ယီရှု ဖြတ်သွားသောအခါ ပေါင်ရှု ကြောက်လန့် တုန်လှုပ်သွားပြီး ထိုင်ခုံပေါ်က ပြုတ်ကျမလိုတောင် ဖြစ်သွားသည်။

ထန်ယီရှုလည်း တုန်လှုပ်သွား၏။ သူမ အမြန် ဘေးကို ရှောင်လိုက်ပါသည်။ သူတို့နှစ်ယောက် အချင်းချင်း ချောက်ချားစွာ ကြည့်နေကြသည်။

ထန်ယီရှုက ခေါင်းငုံ့လိုက်ပြီး ပြောလိုက်ပါသည်။ "တောင်း-တောင်းပန်ပါတယ်။ ကျွန်မ လန့်သွားစေဖို့ မရည်ရွယ်ပါဘူး"

ထန်ယီရှု ဖြစ်မှန်း မြင်လိုက်ရမှ ပေါင်ရှု အနည်းငယ် စိတ်အေးသွားပါသည်။ သို့သော်လည်း သူ့မျက်နှာ ပြန်လည် တည်တံ့သွား၏။ "ငါ့ကို ဒီနေ့ တွေ့ခဲ့တယ်လို့ ဘော့စ်ဖေးကို မပြောနဲ့ နားလည်လား"

ထန်ယီရှုက ကြောင်စီစီဖြစ်စွာနဲ့ ခေါင်းငြိမ့်လိုက်ပါသည်။

ပေါင်ရှုလည်း စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါသည်။ ထန်ယီရှုက ရိုးရိုးသားသား မျက်နှာလေးနဲ့ ကုန်းတိုက်မယ့်လူမျိုး ပုံစံ မဟုတ်ပါ။ သူစိတ်လျှော့လိုက်ပြီး ဒီဇိုင်းမူကြမ်းကို ဆက်လက် ပြင်ဆင်နေလိုက်ပါသည်။

သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်းဆို အချိန်ပိုတစ်ခုလုပ်မည်ဆို ဘော့စ်ဖေးအား အစီရင်ခံ တင်ပြရမည်။

ပေါင်ရှုက ဘော့စ်ဖေးကို သွားပြီး မတင်ပြနိုင်ပေ။ မဟုတ်ပါက ဘော့စ်ဖေးရှေ့မှာ ရေသာခိုပြဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတာတွေ သဲထဲရေသွန် ဖြစ်သွားနိုင်ပါသည်။ အားလုံးရှေ့မှာ ဘော့စ်ဖေးသာ သူ့ကို ချီးကျူးပြလိုက်လျှင် ခရီးသွားလက်မှတ် တစ်စောင်တော့ ထပ်ပြီး သေချာသွားပါဦးမည်။

ပေါင်ရှု ဒီကို ခိုးလာဖို့ဆို သူ့ကတ်ကလည်း အလုပ်ချိန်ပြင်ပမှာ ဝင်ခွင့်မပေးပါ။

ထို့ကြောင့် သူ နည်းလမ်းတစ်ခု ရှာလိုက်ရ၏။ သောကြာနေ့တိုင်း စီမံရေးဌာနက သူ့ဘော်ဒါ တစ်ယောက်နဲ့ ဝင်ခွင့်ကတ်ချင်း လဲခဲ့ရသည်။

စီမံခန့်ခွဲရေးဌာနက ဝင်ခွင့်ကတ်များက တံခါးကို အချိန်မရွေး ဖွင့်နိုင်သည်။ ထို့ကြောင့် စနေတနင်္ဂနွေ အားလပ်ရက်မှာ ပေါင်ရှုခိုးလာခဲ့ပြီး ဒီ ဒီဇိုင်းတွေကို ပြောင်းလဲကာ လီယာ့တာ၏ ကွန်ပြူတာထဲ တင်ခဲ့ပါသည်။

Upload တင်ထားသည့် စာဖိုင်တိုင်းက ခြေရာ ကျန်ခဲ့လေ့ရှိသည်။ သူ့အိမ်က ကွန်ပြူတာနဲ့ Upload တင်ပါက ပေါင်ရှု အချိန်ပို လုပ်နေမှန်း ဘော့စ်ဖေး သိသွားပါလိမ့်မည်။ ယခု လီယာ့တာ၏ ကွန်ပြူတာကို သုံးပြီး စာဖိုင်များကို တင်လိုက်ခြင်းကြောင့် ဘော့စ်ဖေးတောင် သိမှာ မဟုတ်တော့ပါ။

အလုပ်ဖြစ်တယ်ကွ။

သူမအနားမှာ ရှိနေသည့် မျက်ရိုးလေးကို ထန်ယီရှု ပွတ်သပ်ပေးလိုက်ပြီး ကြောင်ကြေးများ စတင် သန့်ရှင်းရေး လုပ်သည်။ ပလတ်စတစ်ဂေါ်ပြားနဲ့ ကြောင်သဲများကို သန့်ရှင်းရေးလုပ်နေစဉ် တစ်ခုခု လွဲနေသလို သူမ ရုတ်တရက် ခံစားလိုက်ရပါသည်။

"အချိန်ပိုလုပ်တာ ပုံမှန်ပဲဆိုရင် ဘာလို့ စီနီယာကြီးကို ပြန်မပြောခိုင်းတာလဲ။ သူ... မကောင်းတာ တစ်ခုခု လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ ကုမ္ပဏီ လျှို့ဝှက်ချက်တွေကို ခိုးနေတာတွေ ဘာတွေများလား"

ထန်ယီရှုက လုပ်ငန်း အတွေ့အကြုံ မရှိပါ။ သို့သော် ဝတ္ထုတချို့ ဖတ်ဖူးပြီး တီဗီစီးရီး အနည်းငယ်လည်း ကြည့်ဖူးပါသည်။ ပေါင်ရှု ကြံစည်နေတာ ဖြစ်နိုင်သည့် လုပ်ရပ်များကို သူမ ဦးနှောက်က စတင် ဖြည့်စွက် စဉ်းစားလေသည်။

ထိုလုပ်ရပ်တွေက အဓိပ္ပာယ်ရှိသလား မရှိဘူးလားဆိုတာကတော့.... ထန်ယီရှုအတွက် ဆန်းကြယ်မှုတစ်ခု ဖြစ်နေပါသည်။

သူမ ဝေခွဲရခက်နေခဲ့၏။

"ငါ စီနီယာကြီးကို အသိပေးလိုက်ရမလား။ တကယ် ကြီးကြီးမားမား ဖြစ်မယ့်ပုံပဲ။ သူသာ တကယ်တမ်း မကောင်းတာ တစ်ခုခု လုပ်နေတာဆို ဘယ်လိုလုပ်မလဲ"

All Chapters