← Chapters

ထင်သလောက် မရိုးရှင်းတဲ့ ကိစ္စများ

Vol. 23 Ch. 343

ထင်သလောက် မရိုးရှင်းတဲ့ ကိစ္စများ

Vol. 23 Ch. 343

နိုဝင်ဘာလ ၂၉ ရက်၊ တနင်္လာနေ့...

ဖေးချမ့် ထန်းတာ့ကို ရောက်ရှိလာပြီး ပုံမှန်အတိုင်းပဲ ကင်းလှည့်ကြည့်လိုက်ပါသည်။ သူ ဝင်လိုက်တာနဲ့ ရုံးခန်းထဲမှာ ယခင်ကနဲ့ယှဉ်လျှင် ထူးခြားနေသည့် ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ခံစားလိုက်ရပါသည်။ ဘာတွေခြားနားနေတာလဲ ဆိုတာကတော့...

အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ အားလုံးက ပုံမှန်ထက် ပိုပြီး အလုပ်ရှုပ်နေကြတာကို ဖေးချမ့် မြင်လိုက်ရသည်။

"ခုနက ငါတို့ပြောထားတဲ့ Bug ကို ပြင်ပြီးပြီလား"

"အေး ပြီးပြီ"

"အဲ့တာဆို ဘာလို့ ထပ်ပေါ်လာသေးတာလဲ"

"မဟုတ်တာ... ငါစစ်ကြည့်ဦးမယ်။ မဟုတ်သေးပါဘူး။ ငါ ပြင်ပြီးသွားပြီကွ"

"ငါ့လခွီး… အရှုံးပေးပြီးကယ်တင်ခြင်းခံစေမှာတောင် ဘာလို့ Bug တွေပေါ်လာတာလဲ"

အတော်လေး ဗြောင်းဆန်နေသည့် မြင်ကွင်းတစ်ခုပင်။

အခြေအနေကို ကြည့်ရသလောက်တော့ Bug တွေက မကြာသေးခင်ကမှ စတင်ဖန်တီခဲ့သော GOG တစ်ခုတည်းမှာသာ ပေါ်လာတာ မဟုတ်ပေ။ ထို့အပြင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေနဲ့ Game Designer တို့ ကဲ့သို့သော အစောပိုင်းဂိမ်းတွေမှာပါ နက်နက်ရှိုင်းရှိုင်း ကွယ်ပျောက်နေခဲ့သည့် Bug တွေပါ ပြန်ပေါ်လာကြပါသည်။

အားလုံးက ထို Bug တွေ ပေါ်လာတာကြောင့် အလွန် အလုပ်ရှုပ်ကာ အာရုံများနေကြပါသည်။ အရင်ကလို အေးအေးဆေးဆေး မရှိကြတော့ပါ။

ဖေးချမ့် ပြုံးလိုက်မိ၏။

ကောင်းတယ်။ သိပ်ကောင်းတယ်ကွာ။

Bug များပေါ်လာသဖြင့် ဖန်တီးသုတေသန လုပ်ငန်းစဉ်များလည်း နှောင့်နှေးသွားမည့် သဘောပင်။။ ဂိမ်းကလည်း နဂို မျှော်လင့်ထားတာထက် အများကြီး ပိုအားစိုက်ဖို့ လိုပါလိမ့်မည်။

ဂိမ်းဖန်တီးမှုလုပ်ငန်းစဉ်များအတွက် ဖေးချမ့်ရဲ့ တောင်းဆိုချက်ကတော့ ရိုးရှင်းသည်။ စနစ်၏ သတ်မှတ်အချိန်တွင် အပြီးသတ်ဖို့သာ လိုပါသည်။

သို့သော်လည်း ကုမ္ပဏီက ဂိမ်းတွေများများ ထုတ်လေလေ ငွေတွေ ပိုဝင်လာလေလေဖြစ်ပြီး အားလုံးလည်း ဂိမ်းဖန်တီးမှု အတွေ့အကြုံများ ပိုရလာလေလေ ဖြစ်သည်။ ထို့ကြောင့် ထန်းတာ့ဂိမ်း၏ လုပ်ငန်းအဆင်ပြေချောမွေ့မှုကလည်း တပါတည်း တိုးတက်လာခဲ့သည်။

ထို့ကြေင့် ဖေးချမ့်အတွက် အလွန် ခွကျသည့် ပြဿနာတစ်ခု ဖြစ်လာစေခဲ့သည်။

အစကတော့ ဂိမ်းဖန်တီးမှုလုပ်ငန်းစဉ်ကို ၄ လကျော် အချိန်ကြာလိမ့်မည်ဟု ဖေးချမ့် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ၃ လကျော်အတွင်း ပြီးဆုံးသွားခဲ့ပါသည်။

ဆိုလိုတာက နောက်ထပ် လအပို တစ်လ ရှိသွားပြီ ဖြစ်သည်။

ဖေးချမ့် ဘာလုပ်ရတော့မှာလဲ။

ဂိမ်းက ပြီးမြောက်နေပြီးသား ဖြစ်သည်။ မထုတ်လုပ်ဖို့ ဖေးချမ့် တားလို့တော့ မရဘူးမလား။ တားစရာလည်း အကြောင်းအရင်း ကောင်းကောင်း မရှိပါ။ ထို့ကြောင့် မျက်ရည်ဝဲစွာဖြင့် ဂိမ်းကို စောစော ထုတ်လိုက်ရတော့သည်။

သို့သော်လည်း အခု Bug တွေက ရုတ်တရက်ကြီး ဂိမ်းထဲ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့ကို ပြုပြင်ဖို့ အဖွဲ့က အားပိုစိုက်ဖို့ လိုအပ်ပြီး ဂိမ်း၏ တရားဝင် ထုတ်လုပ်ရက်ကို နောက်ဆုတ်ဖို့လည်း ဖေးချမ့် အကြောင်းပြချက် ရှိသွားပါပြီ။

ဂိမ်းထုတ်လုပ်မှုကို ငွေစာရင်းရှင်းချိန်မရောက်ခင် တစ်ပတ်အလိုအထိ ရွှေ့ဆိုင်းနိုင်သည်။ ဒါမှ ဝင်ငွေ တစ်လစာလုံးလုံးကို မရရှိအောင် တားဆီးနိုင်မှာ ဖြစ်ပါသည်။

ဒါက အရေးကြီးလွန်းသည်။ တစ်လစာ ဝင်ငွေကို ရပ်တန့်လိုက်ရုံနဲ့ ဖေးချမ့်အသက်ကို ကယ်နိုင်မည့် အလားအလာ ရှိသည်။

ထိုအတွေးဖြင့် နေ့လည်နေ့ခင်း အိပ်စက်နေသည့် ကြမ်းပြင်ပေါ်က မျက်ရိုးလေးကို ချီလိုက်ပြီး အတင်း အဓမ္မ ပွတ်ပေးလိုက်ပါသည်။ ထို့နောက် အားရစွာဖြင့် သူ့ရုံးခန်းထဲ ဝင်လာခဲ့သည်။

အမှန်ပင်။ ကုမ္ပဏီထဲ ကူးစက်အာနိသင်ကို ထည့်သွင်းပြီးနောက် ဖေးချမ့် အများကြီး စိတ်ပိုအေးသွားရပါတော့သည်။ ထန်ယီရှုက သူမ အလုပ်စားပွဲမှာ စာဖတ်နေစဉ် ဖေးချမ့် လျှောက်လာတာကို မြင်လိုက်ရ၏။ ပထမတော့ သူမကို တစ်ခုခု လာညွှန်ကြားတာဟု ထင်သော်လည်း ဖေးချမ့်က စကားတစ်လုံးမှ မပြောဘဲ သူမဘေးက ဖြတ်သွားပါသည်။

သူမ တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်သည်။ သို့သော်လည်း ဖေးချမ့်ကို လမ်းလယ်ရောက်မှ တားဖို့ ရှက်ရွံ့လွန်းနေ၏။ နောက်ပိုင်း သူနဲ့ စကားပြောဖို့ အခွင့်အရေး အများကြီး ရှိလာဦးမှာပါဟု တွေးရင်း နောက်တစ်ခေါက်မှ မေးခွန်း မေးမည်ဟု ဆုံးဖြတ်လိုက်သည်။

နေ့လည်နေ့ခင်း အနားယူချိန် နှောင့်ယှက်ခံလိုက်ရသည့် မျက်ရိုးလေးလည်း ထန်ယီရှု၏ ခြေထောက်နား ပြေးသွားပြီး ဖေးချမ့်ကို မကျေနပ်သလို ဆဲဆိုနေသလိုမျိုး အော်ပြလိုက်ပါသည်။

ဖေးချမ့် ခဏသာ ထိုင်ရသေးသည်။ သူ့ရုံးခန်း တံခါးလာခေါက်သံကို ကြားလိုက်ရ၏။

ဟောက်ယွင် ဝင်လာပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး။ ဝန်ထမ်းခေါ်ယူမှု စာမေးပွဲ ပြင်ဆင်မှု အနည်းနဲ့ အများ ပြီးဆုံးသွားပါပြီ"

"မေးခွန်းလွှာတွေကို ပြင်ဆင်ပြီး ချိပ်ပိတ်ထားပြီးပါပြီ။ စာမေးပွဲနေ့ကျမှ ပြန်ဖယ်ရှားမှာပါ"

"ကျွန်မတို့ စာမေးပွဲကျင်းပဖို့အတွက် ဟိုတယ်တစ်ခုရဲ့ ခန်းမကျယ်ကို ဘိုကင် လုပ်ထားပါတယ်။ ဟိုတယ်က စာမေးပွဲကျင်းပမယ့်နေ့မှာ ပြင်ဆင်ပေးပါလိမ့်မယ်။ လူရာဂဏန်းလောက် ဆံ့ပါတယ်"

"ဘော့စ်ဖေး အစောပိုင်းတုန်းက ညွှန်ကြားထားတဲ့ အတိုင်းပဲ တခြားမြို့တွေက လာရောက်ဖြေဆိုမယ့် လျှောက်ထားသူတွေအတွက်လည်း ကျွန်မတို့ နေရာထိုင်ခင်းတွေ ကြိုတင် ဘိုကင်လုပ်ထားပြီးသားပါ"

"စာမေးပွဲခန်းစောင့်ဖို့နဲ့ အဖြေလွှာစစ်ဖို့အတွက်လည်း ဟန်တုန်းတက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားတွေနဲ့ ကျွန်မတို့ ညှိနှိုင်းပြီးပါပြီ။ သူတို့ကို တစ်ရက် ယွမ် ၃၀၀ ပေးသွားမှဦပါ"

"တခြားမေးခွန်း ဒါမှမဟုတ် ပြဿနာမရှိတော့ဘူးဆိုရင် ကျွန်မတို့ ရက်စွဲသတ်မှတ်ပြီး သက်ဆိုင်ရာ ကြေညာချက်တွေ ထုတ်ပြန်နိုင်ပါပြီရှင့်"

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"

တကယ်တော့ ဝန်ထမ်းခန့်အပ်သည့် ကိစ္စကို သူ သိပ်ပြီး သောကမများခဲ့ပါ။ သို့သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ HR ဌာနက အလွန် ချောမွေ့လွန်းနေ၏။ သူထင်ထားတာထက် အားလုံးကို ပိုမိုလျင်မြန်စွာ စီစဉ်နိုင်ခဲ့ပါသည်။

အနှစ်ချုပ်အားဖြင့် သူတို့ ပြင်ဆင်မှုများက တစ်လတောင် မကျော်လိုက်ပါ။

ထန်းတာ့၏ ဝန်ထမ်းခေါ်ယူမှု inbox က ပြည့်လျှံနေပြီ ဖြစ်သော်လည်း ရေးဖြေစာမေးပွဲကို တကယ် လာဖြေမယ့် လူတွေတော့ များများစားစား မရှိလောက်ဘူးဟု ဖေးချမ့် ခန့်မှန်းလိုက်မိသည်။

အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က လုပ်ငန်းစဉ်ကို အရှည်ကြီး ဆွဲဆန့်ထားသောကြောင့်ပင်။ ရေးဖြေ စာမေးပွဲကိုဖြေဆိုပြီးနောက် လျှောက်ထားသူများက အဖြေလွှာစစ်ဆေးပေးချိန်အထိ စောင့်ရမည်။ ရလဒ်များထွက်လာသောအခါ လျှောက်ထားသူတွေကို အင်တာဗျူးဖြေဆိုဖို့ ခေါ်ယူလိမ့်မည်။ ထိုရလဒ်တွေ အကုန်ထွက်လာမှ လျှောက်ထားသူတွေကို ထန်းတာ့က ရွေးချယ်လိုက်ပြီဟု သတ်မှတ်နိုင်ပါသည်။

သို့သော်လည်း ဒါတောင် ထန်းတာ့ရဲ့ ခံယူချက် ကိုက်ညီမှု စာမေးပွဲကို အောင်မြင်ဖို့ လိုသေးသည်။

လုပ်ငန်းစဉ်တစ်ခုလုံးကို လျှောက်ထားသူများ ဝင်ခွင့်ကတ်ထုတ်ရမည့် ဝက်ဘ်ဆိုက်တွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ ထန်းတာ့မှာ အလုပ်လာလျှောက်သည့် နိုင်ငံခြား လျှောက်ထားသူတွေဆို ရေးဖြေစာမေးပွဲနဲ့၊ အင်တာဗျူးတို့အတွက်ကြောင့် အနည်းဆုံး ၂ ကြိမ် သွားလိုက် ပြန်လိုက် လုပ်ရပါလိမ့်မည်။

ထန်းတာ့က သူတို့ရဲ့ နေထိုင်စရိတ်ကို ပေးသွားမှာ ဖြစ်သော်လည်း အချိန် အများကြီး ဖြုန်းရပါဦးမည်။

လျှောက်ထားသူများစွာက တခြားအလုပ်တွေ လုပ်ရင်းတန်းလန်းဖြစ်တာကြောင့် ခွင့်ယူဖို့လည်း ခက်ခဲကြလိမ့်မည်။ ထို့အပြင် သူတို့ လိုအပ်တဲ့ အချိန်နဲ့ အားထုတ်မှုတွေကို ပေးစွမ်းလိုက်ရင်တောင် မအောင်ဘဲ သဲထဲရေသွန်ဖြစ်သွားနိုင်ခြေလည်း ရှိနေသေးသည်။

အလုပ်အတွေ့အကြုံပိုများသည့် လျှောက်ထားသူတွေက ဘွဲ့ရခါစ ကျောင်းသားတွေထက် ဒီလို ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်မျိုးမှာ အားသာချက်ရမှာ မဟုတ်ပါ။ ထို့ကြောင့် ဒီလုပ်ငန်းစဉ်တွေကို သူတို့ ကျော်ဖြတ်ချင်စိတ်များ အတော် လျော့နည်းသွားပါလိမ့်မည်။

ထို့ကြောင့် ပထမဆုံး ဝန်ထမ်းခေါ်ယူမှု အသုတ်က အကြီးအကျယ် မဟုတ်လောက်ပေ။

ဖေးချမ့် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်၏။ "လာမယ့် တနင်္လာနေ့ သတ်မှတ်လိုက်ရအောင်။ နည်းနည်းတော့ လောရာကျပေမယ့် ဒီ့ထက် အချိန်ပိုဆွဲလို့ မရတော့ဘူး။ ငါတို့ ဒီဇင်ဘာလလောက်ဆိုရင် ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်ကို အပြီးသပ်နိုင်ဖို့ ကြိုးစားရမယ်"

သူတို့ ထပ်ပြီး အချိန်ဆွဲလျှင် ကုမ္ပဏီတွေကလည်း နှစ်ကုန် အစည်းအဝေးများ ပြုလုပ်လျက် နှစ်ကုန် ဘောနပ်စ်များ ပေးပြီးသား ဖြစ်သွားကြလိမ့်မည်။ တစ်နည်းအားဖြင့် လူတွေ အလုပ်ပြောင်းဖို့ ပိုပြီး ကြိုးစားကြလိမ့်မည်။ စျေးကွက်ထဲမှာလည်း ပါရမီရှင်တွေ ပိုများလာနိုင်ပါသည်။

ဟောက်ယွင် ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ ဘော့စ်ဖေး။ ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်မ အချိန်တစ်ခု သတ်မှတ်လိုက်ပြီး လျှောက်ထားသူတွေကို ကြေညာပေးလိုက်ပါ့မယ်"

ဟောက်ယွင် ထွက်သွားပြီး ချက်ချင်းဆိုသလို လီယာ့တာ ဝင်လာခဲ့သည်။

"ဘော့စ်ဖေး ကျွန်မ မေးစရာ ကိစ္စ ၂ ခု ရှိလို့ပါ"

"ပထမတစ်ခုက ဘာကြောင့်မှန်းမသိဘဲ ကျွန်မတို့ ဂိမ်းတွေမှာ Bug တွေ ပိုပိုပြီး ပေါ်လာနေတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ဂိမ်းသစ်ဖြစ်တဲ့ GOG တစ်ခုတည်းမှာပဲ ပေါ်လာတာ မဟုတ်ဘူး။ ဂိမ်းဟောင်းတွေမှာပါ ပေါ်လာတာ..."

"ကျွန်မတို့ ဒီဇိုင်းအဖွဲ့ကို ဒီရက်ပိုင်းထဲ အချိန်ပို လုပ်ခွင့် ပေးလို့ရမလား"

မသိစိတ်ဖြင့် ဖေးချမ့် တောင်းဆိုချက်ကို ငြင်းဆန်ချင်ခဲ့သည်။ သို့သော်လည်း ပြန်စဉ်းစားကြည့်ခါမှ ဂိမ်းဖန်တီးမှု လုပ်ငန်းစဉ် တစ်ခုလုံးကို နှောင့်နှေးစေခြင်းက ငွေစာရင်းရှင်းချိန် မတိုင်ခင် ဂိမ်းထုတ်လုပ်နိုင်ဖို့ကို အဟန့်အတား ဖြစ်စေလိမ့်မည်။

ဒီတစ်သုတ်အတွင်း မထုတ်လုပ်ရသေးသည့် ပရောဂျက် ၁ ခုသာ ထားခွင့်ရှိသည်။ သို့သော်လည်း ဆဲလ်ဖုန်းလုပ်ငန်းကဲ့သို့ အချိန်မှီ မပြီးဆုံးနိုင်သည့် တခြား ပရောဂျက်တွေလည်း ရှိနေပါသေးသည်။

ထို့ကြောင့် ဂိမ်းဖန်တီးမှုလုပ်ငန်းစဉ်ကြောင့် ငွေစာရင်းရှင်းချိန် နှောင့်နှေးသွားတာမျိုး မဖြစ်အောင် သူ သေချာ လုပ်ရပါမည်။

ဖေးချမ့် ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ။ အချိန်ပို ကန့်သတ်ချက်ကို နည်းနည်းလျှော့လိုက်ပေါ့။ ဒါပေမယ့် အားလုံး အချိန်ပို ဘယ်လောက်လုပ်လဲဆိုတာကို သေချာ မှတ်သားထား။ ဒါက အချိန်ပိုလစာပေးဖို့အတွက်ပဲ မဟုတ်ဘူး။ အားလုံး အနားယူချိန် အပြည့်အဝရှိအောင် သေချာလုပ်ဖို့ပဲ။ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထားရမယ် နားလည်လား"

ကြည့်ရတာ ထန်ယီရှု၏ ကူးစက်အာနိသင်က ဂိမ်းဖန်တီးမှုကို နှောင့်နှေးစေရုံသာမကဘဲ ဘော့စ်ဖေးကို အချိန်ပိုလစာ ပိုပေးနိုင်အောင်တောင် ပြုလုပ်ပေးနေသည့်ပုံပင်။ အလွန် တန်လွန်းပါသည်။

လီယာ့တာ ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ။ ဒုတိယ ကိစ္စကတော့ ဘော့စ်ကြီး ရွမ်ကွမ်းကျန့်က ကျင်းကျိုးမြို့ လာဖို့ အစီအစဉ် ရှိတယ်။ ကျွန်မတို့ သူ့ကို ဧည့်ခံလိုက်ရမလား"

ဖေးချမ့် မျက်မှောင်ကြုတ်သွားသည်။

ရွမ်ကွမ်းကျန့်ဟုတ်လား။

အတည်ပြုဖို့ မှတ်စုစာအုပ်ကို ပြန်လှန်ဖို့မလိုပါ။ သူက ဆရာချောင်း ပြီးလျှင် ဖေးချမ့်ရဲ့ ဒုတိယပစ်မှတ် ဖြစ်သည်။

"သူက ကျင်းကျိုးမြို့ကို ဘာလာလုပ်တာလဲ" ဖေးချမ့် မေးလိုက်၏။

လီယာ့တာ ရှင်းပြလိုက်ပါသည်။ "ကျွန်မတို့ သူနဲ့ အလုပ်တွဲလုပ်တာ ကြာခဲ့ပြီမဟုတ်လား။ အခု GOG ရဲ့ ဇာတ်ကောင်တွေ ဒီဇိုင်းဆွဲဖို့အတွက်လည်း သူနဲ့ အလုပ်တွဲလုပ်နေပါတယ်"

"ဒါပေမယ့် ကျွန်မတို့ ဟီးရိုးတွေကို ဒီဇိုင်းဆွဲနေတုန်း အသေးစိတ်တွေ အများကြီးကို ရှင်းပြဖို့ဆိုရင် အဝေးက ဆက်သွယ်တာက အဆင်မပြေဘဲ သင့်တော်မှု မရှိဘူးလို့ ခံစားရတယ်တဲ့။ ကျွန်မတို့ ဟီးရိုးတွေအတွက် အိုင်ဒီယာတွေကို အပြည့်အဝ မဖမ်းယူနိုင်မှာ စိုးရိမ်နေပါတယ်"

"အဲ့တာကြောင့် ဆက်သွယ်ရေး အဆင်ပြေဖို့အတွက် ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီမြို့ကိုရောက်ရင် ဘော့စ်ဖေးဆီတောင် လာလည်လို့ ရသေးတယ်"

နောက်တစ်ဖန် ဖေးချမ့် ဆွံ့အသွားရပြန်ပါသည်။

"ဧည့်ခံရမှာပေါ့။ ဟုတ်တာပေါ့။ ဧည့်ခံမှာပေါ့။ မင်ယွမ်စားဖိုဆောင်မှာ ဘိုကင်လုပ်ထား။ ရိုလာကိုစတာတွေ အကုန်လုံးကိုပါ ဘိုကင်လုပ်ထား အဲ့ဒီ ပျော်စရာ ကိစ္စတွေကြောင့် ကျိန်းသေပေါက် သူ ဉာဏ်ပိုကွန့်မြူးလာမှာပါ။"

"ပြီးတော့ သူ့ကိုလည်း ကြိုပြီး အသိမပေးထားနဲ့ဦး။ Surprise လုပ်ရမယ်"

လီယာ့တာ အနည်းငယ် လန့်သွား၏။ "သြော်... ဟုတ်ကဲ့ပါ"

ဖေးချမ့် ကိုယ့်ကိုယ်ကို အားရကျေနပ်စွာဖြင့် ထိုင်ခုံမှာ ပြန်မှီထိုင်နေလိုက်ပါသည်။

ရွမ်ကွမ်းကျန့် ကျင်းကျိုးကို လာမယ်ဟုတ်လား။ ဟင်း... ငါ့ပိုင်နက်ထဲ ရောက်တာနဲ့ မင်းကို အကွက် ဘယ်လိုဆင်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်းပါကွာ။

ဖေးချမ့် ရှိုးနည်းနည်းလောက် ကြည့်လိုက်ပြီး ပျင်းရိလာသည်။ လတ်တလော သူ လုပ်စရာ ဘာမှ သိပ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ဘာမှ မထုတ်လုပ်ရသေးသဖြင့် သူနှောင့်ယှက်စရာလည်း ဘာမှ မရှိသေးသောကြောင့် ဖြစ်သည်။

သူ စောင့်ကြည့်နိုင်သည့် တစ်ခုတည်းသော ပရောဂျက်က ဖေဟွမ်လုပ်ငန်းရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်သည်။ ထိုနေရာမှာတော့ ပြဿနာတချို့ သွားရှာနိုင်ပါသည်။

သို့သော်လည်း ဖေးချမ့်ဆီက သတိမမူမိသည့် 'အကြံပေးစကား' တစ်ခုက လုကျစ်ယောင်၏ ယခင် အပတ်တုန်းက သရုပ်ဆောင်မှုကို တိုးတက်သွားစေခဲ့သည်။ ယခုတော့ ပြန်တောင် မသွားရဲတော့ပါ။

ဖေးချမ့် လွမ်းဆွေးသွားသည်။

ရုတ်တရက် ထန်ယီရှုအကြောင်း တွေးမိသွားပြီး ဒီကောင်မလေး ကုမ္ပဏီထဲမှာ အလုပ်လုပ်ရတာ အသားကျနေပြီလားဟု စဉ်းစားမိသည်။ သူ့ဝန်ထမ်းတွေအတွက် ရိုးရိုးသားသား ပူပန်မှုဖြင့် ဖေးချမ့် ထန်ယီရှုကို မက်ဆေ့ပို့ကာ ရုံးခန်းထဲ လာခိုင်းလိုက်ပါသည်။

မိနစ်ဝက်လောက် ကြာသည့်အခါ တံခါးအပြင်တွင် လူရိပ်တစ်ခု ပေါ်လာ၏။ သူမ တွန့်ဆုတ်စွာဖြင့် တံခါးခေါက်ဖို့ ကြိုးစားနေသလိုမျိုး လက်မလိုက် လက်ချလိုက် လုပ်နေပါသည်။

"ဝင်ခဲ့ပါ" ဖေးချမ့် ပြောလိုက်၏။ ထန်ယီရှုလည်း တံခါးကို ဂရုတစိုက် တွန်းဖွင့်ကာ ခေါင်းငုံ့လျက် လျှောက်လာခဲ့ပါသည်။ သူမ လက်ချောင်းများကို စိတ်ဖိစီးစွာ ဆိတ်နေရင်း ဖေးချမ့်ကို နှုတ်ဆက်လိုက်ပါသည်။ "စီ-စီနီယာကြီး"

"ဂျက်ကတ်လေးက လှသားပဲ" ဖေးချမ့်က သူမကို အေးအေးဆေးဆေး ချီးကျူးလိုက်ပါသည်။ "ဒီမှာ အလုပ်လုပ်ရတာ အသားကျနေပြီလား"

ထန်ယီရှု ခေါင်းငြိမ့်လိုက်ပြီး နူးညံ့စွာ ပြန်ပြောလိုက်ပါသည်။ "ဟုတ်ကဲ့။ ဒီတိုင်း... ကျွန်မ လုပ်စရာ အလုပ်များများစားစား မရှိတာလေး တစ်ခုပဲ"

ဖေးချမ့် ခေတ္တ စဉ်းစားကြည့်လိုက်ပြီး သူမ ပြောတာ မှန်မှန်း နားလည်သွားသည်။

ပုံမှန်ဆို ကြောင်တွေက ဂရုစိုက်ပေးဖို့ အာရုံစိုက်ပေးဖို့ သိပ်မလိုတတ်ပါ။ ထန်ယီရှု လုပ်ဖို့ လိုတာဆိုလို့ နေ့တိုင်း ကြောင်ချေး တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေး၊ အစာ ၂ ကြိမ် ကျွေးပေးရုံလောက်သာ ရှိသည်။

ခွေးတွေလို မဟုတ်ဘဲ ကြောင်တွေကို လမ်းလျှောက်ထွက်ပေးဖို့ မလိုသလို ရေလည်း ချိုးပေးဖို့ မလိုပါ။

အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ "နောက်ကို အပြင်ဘက်မှာ လမ်းဘေးကြောင်တွေ မြင်ရင် ရုံးကို ခေါ်လာလို့ ရတယ်။ ဟုတ်တာပေါ့။ အရင်ဆုံးတော့ တိရိစ္ဆာန်ဆေးခန်းခေါ်သွားပြီး ကာကွယ်ဆေးထိုး၊ သန်းတွေ ချပေးဖို့ လိုတယ်။ ကုန်ကျစရိတ်လိုရင် ဘဏ္ဍာရေး ဌာနကို လွတ်လွတ်လပ်လပ် တင်ပြလို့ ရတယ်"

ထန်ယီရှု ပြန်ပြောလိုက်ပါသည်။ "ဟုတ်-ဟုတ်ကဲ့ပါ စီနီယာကြီး"

ဖေးချမ့်က ထန်ယီရှုကို ကူးစက်မှုအာနိသင်အတွက် အသုံးချနေရုံသာ ဖြစ်သည်။ လောလောဆယ်တော့ အလုပ်ဖြစ်နေသည့်ပုံစံပင်။ ငွေသုံးထားရတာ တန်ပါသည်။ ထန်ယီရှုက ငြီးငွေ့သလို ဖြစ်နေသဖြင့် ကြောင်တွေ ထပ်ခေါ်လာလည်း ဖေးချမ့် မမှုပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြောင်ချေး နည်းနည်းလောက် ပိုပါရုံသာ ရှိလိမ့်မည်။ ထန်ယီရှုအတွက် အများကြီး ကွာခြားသွားမှာ မဟုတ်ပေ။

ထန်ယီရှုကို အလုပ်ပြန်လုပ်ခိုင်းဖို့ ဖေးချမ့် ပြင်လိုက်စဉ် သူမ တစ်ခုခု ပဋိပက္ခဖြစ်နေတာကို မြင်လိုက်ရသည်။ ကြည့်ရတာ တစ်ခုခုပြောချင်သည့်ပုံ ပေါက်သော်လည်း စကားကို ထိန်းထားရသည့်ပုံပင်။

"နင်ပြောချင်တာ ရှိသေးလို့လား"

ထန်ယီရှု စက္ကန့်ပိုင်းလောက် တွန့်ဆုတ်သွားပြီးနောက် သတ္တိမွေးကာ ပြောလိုက်တော့သည်။ "စီနီယာကြီး ဒီကုမ္ပဏီထဲက လူတွေက လုပ်ငန်းလျှို့ဝှက်ချက်တွေကို ခိုးတတ်လား"

"လုပ်ငန်းလျှို့ဝှက်ချက် ခိုးတယ် ဟုတ်လား" ဖေးချမ့် ခေတ္တ တုန်လှုပ်သွားသော်လည်း ခဏနေတော့ ပြန်ပြုံးလိုက်ပါသည်။

"ဘာတွေပြောနေတာလဲ။ အဲ့အတွက်တော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး"

ထန်ယီရှု အများကြီး စိတ်သက်သာရာ ရသွားပါသည်။ "ဟုတ်ကဲ့။ ကျွန်မ ပြောစရာရှိတာ အဲ့တာပါပဲ စီနီယာကြီး။ ကျွန်မ အလုပ်ပြန်လုပ်တော့မယ်နော်"

ထန်ယီရှု ရုံးခန်းထဲက ထွက်သွားတာကို ကြည့်ပြီး ဖေးချမ့် ပြုံးကာ ခေါင်းခါမိသည်။ ဒီကောင်မလေးက တကယ်ပဲ ရိုးရှင်းပြီး ရိုးသားလွန်းပါသည်။ သူမ ဒရမ်မာတွေအကြည့်လွန်ပြီး ကုမ္ပဏီထဲက လူတွေ လုပ်ငန်းလျှို့ဝှက်ချက် ခိုးယူဖို့ ကြိုးစားလိမ့်မည်ဟု ထင်နေသည်။ သူတို့က သာမန် ဂိမ်းကုမ္ပဏီတစ်ခုပဲ မဟုတ်လား။ ဘာလုပ်ငန်း လျှို့ဝှက်ချက် ခိုးစရာ ရှိလို့လဲ....။

ဖေးချမ့် ရှိုးပြန်ကြည့်နေလိုက်၏။ ရုတ်တရက်ကြီး တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။

"မဟုတ်သေးပါဘူး။ ထန်ယီရှုက အရင်အပတ်ကမှ အလုပ်စဝင်တာ။ ဘာလို့ လုပ်ငန်းလျှို့ဝှက်ချက် ခိုးယူခံရတဲ့ ကိစ္စမျိုးကို စိုးရိမ်နေမှာလဲဲ"

"တစ်ယောက်ယောက် ခိုးကြောင်ခိုးဝှက်လုပ်နေတာကို သူ မြင်ခဲ့လို့လား"

"အဲ့တာလည်း မဟုတ်သေးပါဘူး။ ပုံမှန်နေ့တွေဆို အားလုံးက ကိုယ့်အလုပ်စားပွဲမှာကိုယ် ကြိုးစားပမ်းစား အလုပ်လုပ်နေကြမှာပဲလေ။ ထန်ယီရှု ဘယ်သူ့ကိုပဲ တွေ့တွေ့ လုပ်ငန်းလျှို့ဝှက်ချက် ခိုးဖို့ကြိုးစားနေတယ်လို့တော့ ထင်မှာ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား"

"ဘာလို့ တစ်ယောက်ယောက်က လုပ်ငန်းလျှို့ဝှက်ချက် ခိုးဖို့ ကြိုးစားနေတယ်လို့ သံသယဝင်ရတာလဲ"

"...နေပါဦး။ စနေတနင်္ဂနွေအားလပ်ရက်မှာ တစ်ယောက်ယောက်ကို မြင်ခဲ့လို့လား"

ရုတ်တရက်ကြီး ကိစ္စတွေက ထင်သလောက် မရိုးရှင်းမှန်း ဖေးချမ့် သဘောပေါက်သွားရပါတော့သည်။

All Chapters