ငါ ဒါတွေကြိုက်တတ်မှန်း ဘော့စ်ဖေး ဘယ်လို သိတာလဲ
Vol. 23 Ch. 344
ဉာဏ်ကောင်းတဲ့ ဘော့စ်ဖေးတစ်ယောက် ဒရမ်မာ တစ်ခုလုံးကို ခေါင်းထဲမှာ ပုံဖော်နိုင်လိုက်ပါသည်။
ရက်သတ္တပတ်အားလပ်ရက်တွင် ထန်ယီရှုက သူမ တာဝန်အတိုင်း မျက်ရိုးလေး၏ ကြောင်ချေးများ သန့်စင်ပေးဖို့ ရုံးကို လာလိမ့်မည်။ ယုတ္တိရှိရှိ ပြောရလျှင် ရုံးက ဗလာကျင်းဖြစ်နေပြီး ဘယ်သူမှ ရှိနေရမှာ မဟုတ်ပါ။
သို့သော်လည်း ထန်ယီရှုက အလုပ်စားပွဲတွင် တစ်ယောက်ယောက် အလုပ်ခိုးလုပ်နေတာကို မြင်ခဲ့လိမ့်မည်။ ထို့ကြောင့် ထိုလူ လုပ်ငန်းလျှို့ဝှက်ချက်တွေကို ခိုးနေတာလားဟု သူမ စိုးရိမ်သွားတာ ဖြစ်လိမ့်မည်။
ရုံးထဲမှာ ခိုးရလောက်သည့် လုပ်ငန်းလျှို့ဝှက်ချက် မရှိမှန်း ဖေးချမ့် သိသော်လည်း ထန်ယီရှုက လုပ်ငန်း အတွေ့အကြုံမရှိတာကြောင့် ထိုသို့ စဉ်းစားမိခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ဒီလောက်ဆို အားလပ်ရက်မှာ တစ်ယောက်ယောက် အလုပ်ခိုးလုပ်နေမှန်း သက်သေပြပြီးသား ဖြစ်နေပါပြီ။
ဘယ်သူလဲကွ။
ဘော့စ်ဖေးက အချိန်ပိုလုပ်ဖို့ကို သေချာ ခွင့်တောင်းရမည်ဟု အားလုံးကို ထပ်ခါ ထပ်ခါ ညွှန်ကြားထားပြီးသား ဖြစ်သည်။ ဘော့စ်ဖေး ခွင့်ပြုမှ အချိန်ပို လုပ်နိုင်မည်။ မဟုတ်ပါက အချိန်ပို အလုပ်လုပ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါသည်။
သူတို့ အိမ်မှာ စာတမ်းများကို ခိုးပြုပြင်ပြီး အချိန်ပို လုပ်ချင်လုပ်နိုင်သည်။ တနင်္လာနေ့မှာ အပ်လိုက်ပါက ဘော့စ်ဖေး သိနိုင်စရာ အကြောင်း မရှိပါ။ သူဖြစ်စဉ် တစ်ခုလုံးကို မျက်ကွယ်ပြုပေးနိုင်သည်။
သို့သော်လည်း ရုံးကို ခွင့်ပြုချက်မရှိဘဲ အချိန်ပို လာလုပ်တာမျိုးကတော့ ဘော့စ်ဖေး သည်းမခံနိုင်စရာ ဖြစ်ပါသည်။ ဒီအတိုင်း ပြီးသွားခွင့် မပြုနိုင်ပါ။
ဘာပဲဖြစ်ဖြစ် အိမ်မှာ အချိန်ပိုလုပ်သည့်အခါတွင် လူတိုင်းက ချောမွေ့မှု သိပ်မရှိဘဲ ဖန်တီးနိုင်စွမ်းလည်း ရှိကြမှာ မဟုတ်ပါ။ ဘော့စ်ဖေး သိသလောက်တော့ ခဏလောက် အလုပ်လုပ်ပြီးတာနဲ့ တခြားကိစ္စများကြောင့် အာရုံ လွဲသွားတတ်ကြသည်။ သက်ရောက်နိုင်သည့် ထိခိုက်မှုက အကန့်အသတ် ရှိပါသည်။
သို့သော်လည်း ရုံးမှန် အချိန်ပို လာလုပ်တာက လူတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းကို နည်းလမ်းပေါင်းစုံဖြင့် အဆင့်မြှင့်တင်ပေးနိုင်သည်။ ဆိုးရွားသည့် အစဉ်အလာတစ်ခုကိုပါ ဖန်တီးလိုက်နိုင်သည်။ ဖြစ်လာနိုင်သည့် ထိခိုက်မှုများက အရှေ့က တစ်ခုနဲ့ မယှဉ်နိုင်ပါ။
ပထမတော့ ထန်ယီရှုကို မေးကြည့်ဖို့ ဖေးချမ့် တွေးမိသေးသည်။ သို့သော်လည်း ထန်ယီရှု ဒီမှာ အလုပ်လုပ်တာ မကြာသေးမှန်း မှတ်မိသွားသည်။ လုပ်ဖော်ကိုင်ဖက် များများစားစားကိုလည်း သိဦးမှာ မဟုတ်သေးပေ။ အားလပ်ရက်မှာ သူမ တွေ့ခဲ့တာ ဘယ်သူဘယ်ဝါမှန်း အတည်ပြုဖို့ ခက်ပါလိမ့်မည်။
"လွယ်ပါတယ်။ ပလက်ဖောင်းထဲ ဝင်စစ်ကြည့်လို့ ရတာပဲ" ဖေးချမ့် ချက်ချင်းပဲ ပလက်ဖောင်းထဲကို ဝင်လိုက်ကာ အဓိက တံခါးမကြီးရဲ့ ဝင်ခွင့်မှတ်တမ်းနဲ့ ဒီဇိုင်းဖိုင် Upload မှတ်တမ်းကို စစ်ဆေးကြည့်လိုက်ပါသည်။ စနေနေ့တွင် လူနှစ်ယောက်သာ ရုံးကို ဝင်ရောက်ခဲ့သည်။ ထန်ယီရှုနဲ့ စီမံခန့်ခွဲရေးဌာနက လူတစ်ယောက် ဖြစ်သည်။
စနေနေ့တုန်းက ဖိုင်တင်သွင်းမှု ၄ ခုကိုလည်း လုပ်ဆောင်ထားပြီး အားလုံးကို လီယာ့တာက တင်သွင်းထားခြင်း ဖြစ်၏။
စဉ်းစားပြီးနောက် စီမံရေးဌာနက ကျိုးလေးနဲ့ လီယာ့တာတို့ နှစ်ယောက်စလုံးကို သူ့ရုံးခန်းမှာ လာတွေ့ဖို့ ခေါ်လိုက်ပါသည်။
သူတို့နှစ်ယောက် ရုံးခန်းထဲ ရောက်လာသောအခါ တစ်ခုခုကို နားလည်သလိုမျိုး အချင်းချင်း ကြည့်လိုက်ကြ၏။
သူတို့က ဌာနချင်းတောင် မတူကြပေ။ အလုပ်ချိန်အတွင်းမှာ မတွေ့ဖူးသလောက် ရှား၏။ ဘာကြောင့် ဘော့စ်ဖေးက သူတို့ ၂ ယောက်ကို ရွေးပြီး ဆင့်ခေါ်တာလဲ။
နှစ်ယောက်စလုံး အနည်းငယ် လန့်နေကြသော်လည်း စိတ်အေးအေးထားဖို့ ကြိုးစားနေကြပါသည်။
ဖေးချမ့်က ကျိုးလေးကို အရင်ကြည့်လိုက်သည်။ "စနေနေ့တုန်းက မင်းအချိန်ပို လာလုပ်တယ်လို့ မှတ်တမ်းမှာ တွေ့တယ်။ ရုံးမှာ အလုပ်လာလုပ်သေးလား"
ကျိုးလေးက အမြန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ် ဘော့စ်ဖေး။ ကျွန်တော် ဝန်ထမ်းခေါ်ယူမှု စာမေးပွဲ ကိစ္စအတွက် မပြီးပြတ်သေးတာလေး ရှိလို့ အချိန်ပို လာလုပ်ခဲ့တာပါ"
ဖေးချမ့် တိတ်ဆိတ်သွား၏။ အကြောင်းပြချက်က ကောင်းမွန်ပါသည်။
စီမံခန့်ခွဲရေးဌာန တစ်စိတ်တစ်ပိုင်းက HR ဌာနနဲ့ ပူးပေါင်းပြီး ဝန်ထမ်းခေါ်ယူမှု စာမေးပွဲကို ပြင်ဆင်နေကြသည်။ ကျိုးလေးကလည်း ထိုတစ်စိတ်တစ်ပိုင်းထဲက ဖြစ်ပါသည်။
ထို့အပြင် စီမံခန့်ခွဲရေးဌာနက အလုပ်ချိန်အတွင်းမှာလည်း လုပ်စရာ များများစားစား မရှိပါ။ ထို့ကြောင့် ဖေးချမ့်က သူတို့ကို နည်းနည်း ပိုယုံကြည်သည်။ သူတို့ရဲ့ အလုပ်လုပ်ပုံများကို စောင့်ကြည့်ဖို့ မကြိုးစားသလို အချိန်ပိုမလုပ်ခင် ခွင့်တောင်းဖို့လည်း မပြောခဲ့ဖူးပါ။
ဖေးချမ့် လီယာ့တာဘက်ကို မျက်နှာလှည့်လိုက်သည်။ "နင်ကော အချိန်ပို လုပ်တယ်လား'
လီယာ့တာ အမြန်ပြန်ဖြေလိုက်၏။ "မလုပ်ပါဘူး။ ကျွန်မ အိမ်မှာ ရှိနေတုန်း စာဖိုင်တချို့ကို အသေးစား ပြုပြင်မှုလေးပဲ လုပ်ခဲ့တာပါ"
စာဖိုင်ပေါင်းစုံ၏ Upload နှင့် Edit မှတ်တမ်းများက ဘယ်သူဘယ်အချိန်မှာ စာဖိုင်ကို ပြင်ခဲ့သလဲဆိုတာကိုပဲ ပြသပါသည်။ ဘယ်ကွန်ပြူတာကနေ Edit များကို ပြုလုပ်ခဲ့မှန်း မပြသပေးပါ။
ဖေးချမ့် အနည်းငယ် ခေါင်းငြိမ့်လိုက်၏။
ငါ အတွေးလွန်နေတာဖြစ်မှာပါ။
စနေနေ့တုန်းက ရုံးကို လူတစ်ယောက် လာသည်။။ ဒါပေမယ့် စီမံခန့်ခွဲရေးဌာနက ကျိုးလေးသာ ဖြစ်၏။ ဒါက ပြဿနာ မရှိပါ။ ဘာပဲဖြစ်ဖြစ် သူက ဧရာမ အကျိုးအမြတ် ဖြစ်ထွန်းမည့် ပရောဂျက်များကို ဦးဆောင်နေရသူ မဟုတ်ပေ။ Upload မှတ်တမ်းကိုလည်း လီယာ့တာ အိမ်ကနေ ပြုပြင်နေခြင်း ဖြစ်သည်ဟု ရှင်းပြနိုင်သည်။ ဒါလည်း ပြဿနာ ကြီးကြီးမားမား မရှိပါ။ ဖေးချမ့် ခေါင်းငြိမ့်လိုက်၏။
"ကောင်းပြီ။ တခြား ဘာမှ မရှိတော့ပါဘူး။ အလုပ်ပြန်လုပ်လို့ရပြီ။ မင်းတို့ အချိန်ပိုလုပ်တဲ့ နာရီကို သေချာ မှတ်ထားဖို့ မမေ့နဲ့ဦး။ ဒါမှ ဘဏ္ဍာရေးဌာနက ထိုက်သင့်အောင် လစာပိုပေးလို့ရမှာ"
နှစ်ယောက်စလုံး စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး ရုံးခန်းထဲက လှည့်ထွက်သွားတော့သည်။
ဖေးချမ့်လည်း ရှိုးပဲ ပြန်ကြည့်နေလိုက်ပါသည်။
ရုတ်တရက်ကြီး နောက်ထပ် မူမမှန်တာ ရှိနေသေးမှန်း တွေးမိသွားပြန်သည်။ သူ့ရဲ လက်ရှိ စီမံပုံစီမံနည်းမှာ သိသာ ထင်ရှားသည့် ဟာကွက်ကြီးတစ်ခု ရှိနေပါသည်။
တစ်ယောက်ယောက်က စီမံခန့်ခွဲရေးဌာနက ဝင်ခွင့်ကတ်ကို သုံးပြီး အားလပ်ရက်မှာ ရုံးထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ။
ဒီဖြစ်နိုင်ခြေကို ထုတ်ထားလို့ မဖြစ်ပါ။
ထိုအတွေးဖြင့် ဖေးချမ့် ထန်ယီရှုကို မက်ဆေ့တစ်စောင်ပို့လိုက်ပါသည်။ "ငါနင့်ကို တာဝန်တစ်ခုပေးမယ်"
ထန်ယီရှု ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ စီနီယာကြီး"
ဖေးချမ့် ပြောလိုက်၏။ "အားလပ်ရက် နင်ရုံးလာရင် ရုံးထဲမှာ လူဘယ်နှယောက်ရှိလဲ ရေထားလိုက်။ အရေအတွက်ကို ချမှတ်ထားပြီး တနင်္လာနေ့ရောက်ရင် ငါ့ကို လာပြချေ"
ထန်ယီရှု မေးလိုက်၏။ "စီနီယာကြီး ကျွန်မ လူတိုင်း နာမည်ကို မမှတ်မိဘူး။ လိုက်မေးကြည့်လိုက်ရမလား"
ဖေးချမ့် ဖြေလိုက်သည်။ "မမေးနဲ့ မမေးနဲ့ အဲ့လိုမလုပ်နဲ့။ အဲ့ဒီ အချိန်ပိုလုပ်တဲ့လူတွေကို ငါ လက်ဆောင် နည်းနည်းပေးမလို့ပါ။ Surprise ဖြစ်ရမှာလေ။ နင် သူတို့ကို အသိပေးလိုက်ရင် ပျော်စရာ ဘယ်ကောင်းတော့မလဲ"
"နာမည်တွေကို မှတ်မိစရာ မလိုဘူး။ ထူးခြားတဲ့ အစိတ်အပိုင်းတွေကိုပဲ ချမှတ်ထားလိုက်။ ဥပမာ 'ယောက်ျားလေး၊ အရပ်ပုပု၊ ပိန်ပိန်ပါးပါး' 'ယောက်ျားလေး၊ ထိပ်ပြောင်' 'မိန်းကလေး၊ ကိုင်းထူထူမျက်မှန်' အဲ့လိုမျိုးတွေ ချမှတ်ထားလို့ ရတယ်"
ထန်ယီရှု ပြန်ဖြေလိုက်ပါသည်။ "ဟုတ်ကဲ့ နားလည်ပါပြီ စီနီယာကြီး"
ထို့နောက် ဖေးချမ့် ထပ်မေးလိုက်သေးသည်။ "အရင် အားလပ်ရက်တုန်းက တွေ့ခဲ့တဲ့ လူပုံစံကို ကြိုးစားပြီး ပြောကြည့်လို့ ရမလား"
ဖေးချမ့် မိနစ်ဝက်လောက် ကြာတာတောင် ပြန်စာ မရခဲ့ပါ။
တစ်ဖက်မှာ ထန်ယီရှု အကြပ်ရိုက်နေပါသည်။
အေးအေးဆေးဆေး ဂိမ်းထိုင်ဆော့နေသည့် ပေါင်ရှုကို သူမ ကြည့်လိုက်သည်။ ထို့နောက် ဖေးချမ့်၏ ရုံးခန်းဘက်ကို ထပ်ကြည့်လိုက်၏။
အခြေအနေက စိတ်ရှုပ်ဖို့ ကောင်းပါသည်။
"ထိပ်ပြောင်ပြောင်နဲ့ အစ်ကိုကြီးက သူ အချိန်ပို အလုပ်လုပ်တဲ့အကြောင်းကို စီနီယာကြီးကို ပြန်မပြောဖို့ ငါ့ကို ပြောထားတယ်။ ဒါပေမယ့် စီနီယာကြီးက အခု မေးနေပြီ...."
ထန်ယီရှု အလွန် ဝေခွဲရခက်နေပါသည်။ စက္ကန့်အနည်းငယ်လောက် ချင့်ချိန်စဉ်းစားပြီး နောက်ဆုံးတော့ သူမ ပြန်ဖြေလိုက်ပါသည်။ "စီနီယာကြီး၊ အဲ့ဒီလူကို ဆုချဖို့ ဟုတ်ပါတယ်နော်။ သူ့ကို အပြစ်ပေးဖို့ မဟုတ်ဘူးမလား"
ဖေးချမ့် ပြောလိုက်သည်။ "သေချာတာပေါ့"
ထန်ယီရှု နည်းနည်းလောက် ထပ်စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "သူ့ကို ဆုလိုချင်လားလို့ အရင်မေးကြည့်လို့ ရလားဟင်"
ဖေးချမ့် "?"
သူ့ကို ဆုလိုချင်လား သွားမေးမယ် ဟုတ်လား။ အဲဲ့တာဆို ငါ့ရည်ရွယ်ချက်ကို သွားထုတ်ပြနေသလို ဖြစ်မနေဘူးလား။
သူအမြန်ပြောလိုက်သည်။ "အဲ့လို မေးဖို့ မလိုဘူး။ သူ့ရဲ့ ထူးခြားတဲ့ အချက်တွေပဲ ပြောပြစမ်းပါ"
ထန်ယီရှု ပြန်ဖြေလိုက်၏။ "ကျွန်မ ပြောလို့ မရဘူး စီနီယာကြီး။ စီနီယာကြီးကို ပြန်မပြောဘူးလို့ ကတိပေးထားတယ်"
ဖေးချမ့် "?"
တစ်ခုခုတော့ တကယ် ဖြစ်နေပါပြီ။ သူ အမှောင်ချခံရလုနီးပါး ဖြစ်နေသည်။
ရုတ်တရက်ကြီး ဖေးချမ့် ရှားလော့ဟုမ်းတစ်လှည့်ဖြစ်ကာ သူ အတည်ပြုနိုင်သည့် အချက်အလက်များကို စဉ်းစားကြည့်လိုက်သည်။
ထန်ယီရှု အားလပ်ရက် အလုပ်လုပ်ဖို့လာတော့ တစ်ယောက်ယောက်ကို တကယ်ပဲ မြင်ခဲ့ပါသည်။ ထို့အပြင် ထိုလူက စီမံခန့်ခွဲရေးဌာနက ကျိုးလေးတော့ ကျိန်းသေ မဟုတ်လောက်ပါ။
အဘယ့်ကြောင့်ဆိုသော် ကျိုးလေးကို အချိန်ပိုလုပ်ခွင့်ပြုထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘော့စ်ဖေးကို ပြန်မပြောဖို့အတွက် ထန်ယီရှုကို အလေးပေး တောင်းဆိုစရာ မလိုပါ။
တစ်ယောက်ယောက်က ကျိုးလေးရဲ့ ဝင်ခွင့်ကတ်နဲ့ ရုံးမှာ အချိန်ပို လာလုပ်သွားတာ ဖြစ်မည်။ ထို့အပြင် ကျိုးလေးကလည်း ထိုလူကို ကာကွယ်ပေးနေပါသည်။
သို့သော်လည်း ထန်ယီရှုထံမှ ထိုလူ့အကြောင်းကို ဘာမှ သိရမှာ မဟုတ်ပါ။
ဒီကလေးမက ရိုးသားလွန်းသည်ဟုသာ ဆိုနိုင်သည်။ ဖေးချမ့်သာ အစောကြီးကတည်းက အတည်ပေါက်နဲ့ တစ်ယောက်ယောက်က လုပ်ငန်းလျှို့ဝှက်ချက်တွေ ခိုးနေသည်ဟု ပြောခဲ့လျှင် သူမ ပြောပြကောင်း ပြောပြနိုင်ပါသည်။
သို့သော်လည်း သူမ မြင်ခဲ့သည့်လူက သာမန်အတိုင်း အချိန်ပိုလုပ်နေခြင်းသာ ဖြစ်မှန်း ထန်ယီရှု သိသွားပြီဖြစ်၏။ ဘာလုပ်ငန်းလျှို့ဝှက်ချက်မှ ခိုးနေတာ မဟုတ်ပါ။ ထို့ကြောင့် ထိုလူကို ပေးထားသည့် ကတိအား ဆက်လက် ထိန်းသိမ်းကာ သရုပ်မှန်ကို မဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
အနည်းငယ် တွေးတောပြီးနောက် ဖေးချမ့် ပြန်ပြောလိုက်သည်။ "နေပါစေတော့"
"နောက်ထပ် အချိန်ပိုလုပ်နေတဲ့လူကို တွေ့ရင် နာမည် ဒါမှမဟုတ် ထူးခြားတဲ့လက္ခဏာတွေကို ချရေးပြီး ငါ့ကို လျှို့ဝှက်တင်ပြရမယ်။ အဲ့တာဝန်ကိုတော့ လုပ်နိုင်မယ်မလား"
ထန်ယီရှု ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ စီနီယာကြီး။ သေချာပေါက် လုပ်ပါ့မယ်"
ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး ဒီကိစ္စကို လူတွေ အာရုံစိုက်လာအောင် မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ တရားခံကို ကြိုတင် အသိပေးလိုက်လို့ မရပါ။
ထိုပွေးကောင်ကို အနှေးနဲ့အမြန် ဖမ်းမိမှာပဲဖြစ်သည်။ အလောတကြီး ဘာမှလုပ်ဖို့ မလိုအပ်ပါ။ ပွေးကောင်က မကောင်းတဲ့ ဒီအကျင့်ကို ဆက်လုပ်နေပြီး စည်းမျဉ်းတွေ ထပ်ချိုးဖောက်နေပါက ဘော့စ်ဖေးသူ့ကို အချိန်တိုအတွင်း ဖမ်းမိပါလိမ့်မည်။
ထန်ယီရှုကို ဖုံးဖိပေးထားဖို့အတွက် ဖေးချမ့် ဒီအခြေအနေကို ထုတ်မပြဖို့ ဆုံးဖြတ်လိုက်ပါသည်။
ထန်ယီရှုက သဘောကောင်းပြီး အမိန့်နာခံတတ်သဖြင့် ဘော့စ်ဖေးကို သူ့လျှို့ဝှက်ချက် ပြန်မပြောလောက်ဘူးဟု ပွေးကောင် ထင်သွားလိမ့်မည်။ ထိုအခါမှ သူသတိထားတာကို လျှော့ချပစ်လိုက်လိမ့်မည်။
ထိုအချိန်ရောက်လာပါက အချိန်ပိုလုပ်နေတဲ့ ခွေးကောင်တွေ သူတို့ကို ဘယ်သူ ဖော်လိုက်မှန်း သို့မဟုတ် အားလုံးက ဘော့စ်ဖေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှန်း သိတောင် သိလိုက်မှာ မဟုတ်ပါ။
ပွေးကောင်က သူ့ပလန်ကို သူ ပြစ်ချက်ကင်းသည်ဟု ထင်နေလောက်သည်။ သို့သော်လည်း ဘော့စ်ဖေးက အစောကြီးကတည်းက သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာ ဖြစ်ပါသည်။
"ဟင်း... မင်းက ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့။ ကိုယ့်နေရာကိုယ် သိစမ်းပါ" ဖေးချမ့် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်စွာဖြင့် ထိုင်ခုံမှာ ကျောပြန်မှီနေလိုက်ပါသည်။ ပွေးကောင်ရဲ့ သရုပ်မှန်ပေါ်လာတာကို သူစောင့်နေပါမည်။
ဒီဇင်ဘာလ ၁ ရက်နေ့၊ ဗုဒ္ဓဟူးနေ့...
စွန်းလေးက လေဆိပ်ကို ကားမောင်းသွားပြီး ရွမ်ကွမ်းကျန့်ကို သွားကြိုဖို့ ပြင်နေပါသည်။
ဘော့စ်ဖေးရဲ့ ရွေးချယ်ခံ ဒရိုင်ဘာ တစ်ယောက်ဖြစ်သဖြင့် စွန်းလေးရဲ့ ကားမောင်းစကေးများက ယှဉ်နိုင်ဖွယ် မရှိပါ။ ထို့အပြင် သူက သွက်လက်ပြီး အလုပ်လုပ်တာ ချောမွေ့မှုရှိကာ ဘော့စ်ဖေး၏ လေးလေးနက်နက် ယုံကြည်မှုကိုပါ ခံထားရသူဖြစ်သည။ ဆရာချောင်းနဲ့ ကျန်းကျုထျင်တို့ကဲ့သို လုပ်ငန်းပါတနာများ ကျင်းကျိုးမြို့ကို လာတိုင်း စွန်းလေးက သူတို့ကို ကားမောင်းလိုက်ပို့ပေးဖို့ တာဝန်ပေးခံရသည်။ ဒီတစ်ခေါက်လည်း ခြွင်းချက် မရှိပါ။
စွန်းလေးမသွားခင် ဖေးချမ့်က သူ့ကို ဆွဲခေါ်ပြီး ညွှန်ကြားချက်တချို့ ပေးလိုက်ပါသည်။
"မင်း ရွမ်ကွမ်းကျန့်ကို တွေ့ရင် သူ့ကို ဟိုတယ် အရင်လိုက်ပို့လိုက်။ သူ့ပစ္စည်းတွေ အရင်ချပြီး အရင်နားခိုင်းလိုက်"
"ပြီးရင် သူ့ကို အပန်းဖြေပန်းခြံ လိုက်ပို့ပေးလိုက် သူ့ကို ရိုလာကိုစတာနဲ့ စီးစရာ အကုန်လုံးအတွက် လက်မှတ် ဝယ်ပေးလိုက်"
"သူ အပန်းဖြေပန်းခြံမှာ ကစားပြီးသွားရင် ညစာစားဖို့ ငန်းရေကန်စားသောက်ဆိုင်ဆီ လိုက်ပို့ပေးလိုက်"
"ငါပြောတာ မမေ့နဲ့နော်။ အပန်းဖြေဥယျာဉ်မှာ သူ့ကို တတ်နိုင်သမျှ များများ ကစားအောင် မင်းလုပ်ရမယ်။ မဟုတ်ရင် မင်းကိုငါ အပြစ်ပေးမှာနော်။ နားလည်လား"
ဖေးချမ့် ထပ်ပြီး ညွှန်ကြားလိုက်ပြန်သည်။
ဒီနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ဖေးချမ့်က တနင်္ဂနွေနေ့မှ မင်ယွမ်စားဖိုဆောင်မှာ ဧည့်သည်တွေကို ဧည့်ခံနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ရွမ်ကွမ်းကျန့်ကို ရွေးချယ်စရာ မရှိဘဲ ငန်းရေကန်စားသောက်ဆိုင်ရှိ အဆင့်နည်းနည်းနိမ့်သည့် အစားအသောက်များသာ ကျွေးနိုင်ပါသည်။
ရွမ်ကွမ်းကျန့် လေယာဉ်ပေါ်က ဆင်းလာလာချင်း အပန်းဖြေဥယျာဉ်ကို ပို့ပေးလိုက်ခြင်းဖြင့် သူ့ရဲ့ စိတ်ဓာတ်တက်ကြွမှုကို လျော့ကျသွားစေပြီး မှေးမှိန်သွားစေဖို့ ဖေးချမ့် မျှော်လင့်သည်။
မင်း အရင် ငါ့ကို ကြံစည်ခဲ့တာ ငါကလဲ့စားပြန်ချေမှရမယ်။
ဖေးချမ့် အားလုံးကို အစီစဉ်ချထားပြီးသားဖြစ်၏။ စွန်းလေးက အမြဲတမ်း အလုပ်လုပ်တာ တော်ပြီး အားကိုးရသည်။ ဖေးချမ့် သူ့ကို နည်းနည်းလောက် ဆက်ပျိုးထောင်ပေးပြီး နောက်ပိုင်း သူများတွေကို ဦးဆောင်ခွင့် ပြုလိုက်မည်ဖြစ်သည်။
အမှန်ပင်။ သူ့မှတ်စုစာအုပ်ထဲက 'အရေးကြီး ဧည့်သည်' များ ကျင်းကျိုးမြို့ကို ရောက်လာသည့်အခါတွင်လည်း ရိုလာကိုစတာ စီးဖို့ စွန်းလေးကို ဖေးချမ့် လိုက်ပို့ခိုင်းရပါမည်။
စွန်းလေးက အားကြိုးမာန်တက် ခေါင်းငြိမ့်ပြလိုက်၏။ "စိတ်ချပါ ဘော့စ်ဖေး။ ကျွန်တော်အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်"
ရိုလာကိုစတာနဲ့ ဘန်ဂျီးခုန်ခြင်းကဲ့သို့ ကြောက်စရာ ကစားနည်းများကို ဘော့စ်ဖေး ဘာကြောင့် သဘောကျမှန်း သူ သေချာမသိသော်လည်း ဘော့စ်ဖေးကိုယ်တိုင် သူ့ကို ဒီတာဝန် ပေးထားခြင်း ဖြစ်သည်။ စွန်းလေး တာဝန်ကျေပွန်ဖို့ အကောင်းဆုံး ကြိုးစားပါမည်။
လေဆိပ်ကို သူရောက်လာခဲ့ပြီး ရွမ်ကွမ်းကျန့်နဲ့ တွေ့သွားပါသည်။ ဒီတစ်ခေါက် ကျင်းကျိုးမြို့ကို လာသည့်အခါ ရွမ်ကွမ်းကျန့် အထုပ်အပိုး အများကြီး သယ်မလာခဲ့ပါ။ ခရီးဆောင်အိတ်တစ်လုံးနဲ့ ကျောပိုးအိတ်တစ်လုံးသာ ပါသည်။ သူ့ကျောပိုးအိတ်ထဲမှာ သူ့ပုံဆွဲတက်ဘ်လက်နဲ့ သူ့လက်ပ်တော့တို့ ပါဝင်ပြီး ခရီးဆောင်အိတ်ထဲမှာတော့ လျှော်ဝတ်ဖို့ ယူလာသည့် အဝတ်အစားများ ပါသည်။
စွန်းလေးက ရွမ်ကွမ်းကျန့်ကို ဟိုတယ်လိုက်ပို့ပေးလိုက်ပြီး ခဏလောက် အနားယူခိုင်းလိုက်ပါသည်။ ထို့နောက် သူတို့ ပြန်ထွက်လာခဲ့ကြ၏။
"ငါတို့ အခု ထန်းတာ့ သွားမှာလား" ရွမ်ကွမ်းကျန့် မေးလိုက်သည်။
စွန်းလေးက ပြုံးကာ ပြောလိုက်ပါသည်။ "အဲ့တော့ မသွားသေးဘူး။ ခင်ဗျား ခရီးရှည်ကြီး လာခဲ့ရတော့ ပင်ပန်းနေမှာပေါ့လို့ ဘော့စ်ဖေးက ပြောတယ်။ ကျင်းကျိုးမြို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကို အရင်ဆုံး ခံစားခွင့်ပြုလိုက်ဖို့ ဘော့စ်ဖေး ကျွန်တော့်ကို မှာကြားထားပါတယ်"
ရွမ်ကွမ်းကျန့် နဖူးပွတ်လိုက်မိ၏။ "ဘာယဉ်ကျေးမှုဓလေ့တွေရှိလို့လဲ။ နာမည်ကြီး သမိုင်းဝင်ပြတိုက်တွေ ဘာတွေ သွားမလို့လား"
စွန်းလေးက ခေါင်းခါလိုက်ပါသည်။ "သမိုင်းဝင်ပြတိုက်တွေ ဘာတွေ သွားမလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပန်းဖြေဥယျာဉ်သွားမှာပါ။ ရိုလာကိုစတာတို့၊ တာဝါချားတို့၊ ပင်လယ်ဓားပြတို့၊ သရဲအိမ်တို့ ကစားခွင့်ပေးမယ်"
ရွမ်ကွမ်းကျန့်က ဇဝေဇဝါဖြစ်သွားပြီး တိတ်ဆိတ်သွားခဲ့ပါသသည်။
ခဏလောက်ကြာမှ သူ စိတ်ဝင်တစား မေးလိုက်၏။ "ငါ အဲ့တာတွေ ကြိုက်တတ်မှန်း ဘော့စ်ဖေး ဘယ်လိုသိလဲ။"