ပင်လယ်ဓားပြ စီးရတာ ပျော်စရာကြီး
Vol. 23 Ch. 345
ညနေခင်းအချိန်၊ ငန်းရေကန်စားသောက်ဆိုင်၌...
တိတ်ဆိတ်တဲ့ ထောင့်တစ်နေရာမှာ ဖေးချမ့် ပြူတင်းပေါက်ကို မှီထိုင်နေပြီး ရွမ်ကွမ်းကျန့် ရောက်လာမည့် အချိန်ကို စောင့်နေပါသည်။
"ရိုလာကိုစတာနဲ့ ပင်လယ်ဓားပြတွေစီးပြီး ပျော်မှ ပျော်ခဲ့ရဲ့လားမသိဘူး။ သရဲအိမ်ထဲ ဝင်ပြီး တော်တော်မှ ကြောက်သွားရဲ့လား မသိဘူး"
ရွမ်ကွမ်းကျန့်တစ်ယောက် ပင်လယ်ဓားပြ စီးနေတုန်း မျက်နှာ အရောင်အသွေး ကင်းမဲ့ကာ အာခေါင်ခြစ် အော်ဟစ်နေမည့် ပုံစံအား ဖေးချမ့် စိတ်ကူးယဉ်မိသည်။ ချက်ချင်းဆိုသလိုပဲ ဖေးချမ့် သက်တောင့်သက်သာ ရှိသွားခဲ့ပါသည်။
ကလဲ့စားက ချိုမြိန်လိုက်တာကွာ။
နာရီကို လှမ်းကြည့်လိုက်သည်။ အခုလောက်ဆို သူတို့ ရောက်လာသင့်ပြီ။
ညစာကို ၇ နာရီမှာ စားဖို့ စီစဉ်ထား၏။ ယခင် စွန်းလေးရဲ့ အချိန်တိကျမှု အတိုင်းဆို စီစဉ်ထားတဲ့ အချိန်ထက် ၁၀ မိနစ်လောက် စောပြီး ရောက်လာကြရမှာ ဖြစ်သည်။ သို့သော်လည်း ၇ နာရီ ကျော်နေတာတောင် ဘာလို့ ရောက်မလာကြသေးတာလဲ။
ရွမ်ကွမ်းကျန့်အတွက် တော်တော်များသွားလား။ စားချင်စိတ် ပျောက်သွားလို့ ဟိုတယ်တောင် ပြန်သွားတာများလား။
သို့သော်လည်း ဖေးချမ့် ဖုန်းကို စစ်ကြည့်သောအခါ Missed Call မတွေ့ရပါ။
သူ ကြောင်တောင်တောင် ဖြစ်နေစဉ် စွန်းလေးနဲ့ ရွမ်ကွမ်းကျန့်တို့ ရောက်လာကြသည်။
"ဘော့စ်ဖေး တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ မိနစ် အနည်းငယ် နောက်ကျသွားတယ်" စွန်းလေးက ရှက်ရွံ့စွာ ပြောလိုက်ပါသည်။
ရွမ်ကွမ်းကျန့်က သူ့နောက်မှ လိုက်လာခဲ့၏။ "ယာဉ်မောင်းလေးကို အပြစ်မတင်ပါနဲ့။ ကျွန်တော် အရမ်း ပျော်လွန်းလို့ အချိန်တွေတောင် မေ့သွားတာပါ"
"ပင်လယ်ဓားပြ စီးရတာ ပျော်စရာကြီး"
ရွမ်ကွမ်းကျန့်ပုံစံက ခုထိတောင် ကစားလို့ မဝသေးသည့်ပုံစံပင်။
ဖေးချမ့် "?"
ရွမ်ကွမ်းကျန့်ကို အပြင်မှာတွေ့ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ ဖြစ်သည်။ ရွမ်ကွမ်းကျန့်က သမားရိုးကျ အနုပညာရှင်တစ်ယောက်ပုံစံမျိုး ဆံပင်ရှည်ရှည် ကောက်ကောက်၊ နှုတ်ခမ်းမွှေးပါးပါး ရှိလိမ့်မည်ဟု ဖေးချမ့် ခန့်မှန်းထားခဲ့၏။
သို့သော်လည်း ဒီလိုမဟုတ်ပေ။ အပေါ်ယံကကြည့်ရင် သူ့ပုံစံက အားအင်ပြည့်ဝသည့် လူငယ်လေး တစ်ယောက်ပုံစံအတိုင်းပင်။ ဆံပင်တိုတို၊ အသားဖြူဖြူဖျော့ဖျော့၊ မျက်နှာအစိတ်အပိုင်းများကလည်း သေသပ်သည်။ ကျောင်းသားတစ်ယောက်နဲ့တောင် အနည်းငယ် တူပါသည်။
ဝဝတုတ်တုတ် ငကြောင် ဆရာချောင်းနဲ့ ယှဉ်ရင် ရွမ်ကွမ်းကျန့်က မျက်စိကျဖို့ အများကြီး ပိုကောင်းပါသည်။
လောလောဆယ် ရွမ်ကွမ်းကျန့်က ဖေးချမ့် ထင်ထားသလိုမျိုး ဖြူဖပ်ကာ အသက်ကင်းမဲ့နေသည့်ပုံ မပေါက်ပေ။
တကယ်တော့ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ရွမ်ကွမ်းကျန့်၏ မျက်နှာက အရောင်အသွေး ပြည့်ဝလျက် အားအင်တွေလည်း တော်တော် ပြည့်ဝနေသလိုပင်။ အနည်းငယ် ပျော်ရွှင်နေသည့် ပုံတောင် ပေါက်ပါသည်။ ပင်လယ်ဓားပြ စီးရတာကြောင့် အသေ မကြောက်ခဲ့မှန်း သိသာနေသည်။
"ဘော့စ်ဖေး ကျေးဇူးတင်ပါတယ်ဗျာ" ရွမ်ကွမ်းကျန့်က ဖေးချမ့်ကို လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ "ကျွန်တော် ဒီလောက် မပျော်ခဲ့ရတာ ကြာပြီဗျ။ ကျင်းကျိုးမြို့ရဲ့ အပန်းဖြေဥယျာဉ်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ အထူးသဖြင့် ပင်လယ်ဓားပြစီးရတာ ရှန်ဟိုင်းမြို့က ပင်လယ်ဓားပြနဲ့တောင် ယှဉ်လို့ ရတယ်။ တကယ် အရမ်း ပျော်ဖို့ကောင်းတယ်"
"ဟူး... အချိန်အများကြီး မရတာတော့ နှမြောဖို့ ကောင်းတယ်။ မဟုတ်ရင် နောက်တစ်ခါလောက် ထပ်စီးချင်သေးတာ"
ဖေးချမ့် စိတ်ထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားရသည်။
တစ်ခုခုတော့ လွဲနေပါပြီ။ အခြေအနေတွေက လုံးဝ ပြောင်းပြန် ဖြစ်သွားသည်
ရွမ်ကွမ်းကျန့်က ဒီလို ကြောက်စရာကောင်းတဲ့ ကစားနည်းတွေကို သဘောကျတတ်သည်။
ရွမ်ကွမ်းကျန့်က ကြည်နူးသွားပုံပေါက်က ပြောလိုက်ပါသည်။ "ဘော့စ်ဖေးက တကယ် စဉ်းစားပေးတတ်တာပဲ။ ကျွန်တော် အဲ့လို ကစားနည်းတွေကို သဘောကျမှန်း ကြိုသိထားတာ ဖြစ်မယ်။ အဲ့တာကြောင့် ကျွန်တော့်ကိုယ်စား အထူးအစီအစဉ်တွေ သတ်မှတ်ပေးခဲ့တာကိုး။ Surprise ဖြစ်အောင်တောင် လုပ်ပြီး ကားထဲရောက်မှ ကျွန်တော့်ကို အသိပေးရတယ်လို့ဗျာ"
"ဒါပေမယ့် ကျွန်တော့်တို့ ခင်မင်မှုအရ ဘော့စ်ဖေးက အရမ်း သဘောကောင်းတယ်ဆိုတာတော့ ဝန်ခံရမယ်။ အဲ့လောက်ကြီး သဘောကောင်းဖို့ မလိုပါဘူးဗျာ"
ဖေးချမ့် ပြောစရာ စကား ပျောက်ဆုံးသွားရပြန်သည်။
ငါတို့ ခင်မင်မှုဟုတ်လား။ ငါတို့မှာ ဘယ်လို သောက် ခင်မင်မှုမျိုး ရှိလို့လဲကွ။
ဖေးချမ့် ဒေါသကို ဖိသိပ်ဖို့ ကြိုးစားလိုက်ရသည်။ သူ ဖွင့်ချဖို့ လိုနေသော်လည်း ရွမ်ကွမ်းကျန့်၏ စိတ်အားထက်သန်မှုက သူ့ပါးစပ်ကို ပိတ်ထားပြီး ဆဲဆိုစရာ နည်းလမ်း မရှိအောင် လုပ််ထားသည်။
"စားလိုက်ပါဦး"
ဖေးချမ့် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေမိသည်။
ငန်းရေကန်စားသောက်ဆိုင်ရှိ အစားအသောက်တွေက မင်ယွင်စားဖိုဆောင်က အစားအသောက်တွေနဲ့ မယှဉ်နိုင်ပါ။ သို့သော်လည်း ဒီမှာလည်း အရသာရှိတဲ့ ဟင်းလျာကောင်းများစွာ ရှိပါသည်။ ထို့အပြင် ဘူဖေးလည်း ဖြစ်သည်။ ကိုယ်ကြိုက်သလောက် စားနိုင်ပါသည်။
ဖေးချမ့်က ဟင်းတွေ အများကြီး ယူလာ၏။ မကြာခင် စားပွဲတစ်ခုလုံး ပြည့်သွားသည်။ ဖေးချမ့်ရဲ့ ခေါင်းထဲက စိတ်ကူးယဉ်ဇာတ်လမ်းကတော့ လက်တွေ့နဲ့ ခြားနားလှသည်။
ရွမ်ကွမ်းကျန့်က ရိုလာကိုစတာနဲ့ ပင်လယ်ဓားပြများ စီးပြီးနောက် အသက်မဲ့ကာ ကြောက်ရွံ့နေသလို ဖြစ်နေရမည်။ စားချင်စိတ်တောင် ပျောက်သွားသင့်သည်။ တဖက်မှာတော့ ဖေးချမ့်က အရသာရှိတဲ့ ဟင်းလျာတွေကို မျိုရင်း ကြောက်လန့်နေတဲ့ သူ့ပုံစံကို အရသာခံကြည့်ရမှာ ဖြစ်သည်။ သူက အေးအေးဆေးဆေ ကျေနပ် အားရနေရမည့်လူ ဖြစ်ပါသည်။
သို့သော် ရွမ်ကွမ်းကျန့်ကတော့ အသက်လည်း မမဲ့သလို ကြောက်လည်း မကြောက်ပါ။ ထို့အစား အားအင်ပြည့်ဝနေပြီး ဗိုက်တော်တော် ဆာနေသည့် ပုံပင်။ ထို့ကြောင့် ဖေးချမ့် စားချင်စိတ် ပျောက်နေစဉ် ရွမ်ကွမ်းကျန့်ကတော့ အားရပါးရ စိတ်ကြိုက် စားသောက်ပါတော့သည်။
နာကျင်လိုက်တာ။
ဖေးချမ့် တိမ်တိုက်တစ်ခုကို လက်သီးနဲ့ ထိုးဖို့ ကြိုးစားလိုက်သလိုပင်။ ဒေါသကိုထိန်းဖို့ မနည်း ကြိုးစားနေရသဖြင့် သွေးကြောတစ်ခုတောင် ပေါက်ထွက်တော့မလို ဖြစ်နေပါသည်။
စားရင်းသောက်ရင်းနဲ့ စကားပြောခဲ့ကြ၏။
ရွမ်ကွမ်းကျန့်က သူ့ပါးစပ်ထဲ ကျောက်ပုစွန် အသားစိုင်ကြီးတစ်ခုကို ထိုးထည့်လိုက်ရင်း ပြောလိုက်၏။ "ပင်လယ်ဓားပြ စီးရတာ တကယ် ပျော်ဖို့ ကောင်းပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ကျွန်တော် ဉာဏ်ကွန့်မြူးမှုရအောင် အများကြီး အကူအညီဖြစ်ခဲ့တယ်။ ရိုလာကိုစတာနဲ့ တာဝါချားတွေကလည်း ပျော်ဖို့ကောင်းပါတယ်။ အဲ့တာတွေ လာစီးဖို့ သက်သက် လေယာဉ်လက်မှတ် ဝယ်ရမှာတောင် တန်တယ်"
"အကျဉ်းချုပ်ပြောရရင်တော့ ဒီနေ့ ကျွန်တော် အများကြီး ပျော်ခဲ့ရပါတယ်"
"ကျွန်တော့်ကို ဒီလို ကောင်းကောင်းမွန်မွန် ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး။ ဒီမှာ ခွက်ချင်းတိုက်ကြရအောင်"
သူတို့ အအေးသောက်နေကြတာသာ ဖြစ်သော်လည်း နှစ်ယောက်စလုံး ပျော်ပျော်ရွှင်ရွှင် စကားပြောကြရင်း အားရပါးရသောက်ခဲ့ကြသည်။ အယ်လ်ကိုဟောတွေ သူ့ခေါင်းထဲ ဝင်သွားသလို ဖေးချမ့် ခံစားမိသည်။
"အားလုံး အဆင်ပြေရဲ့လား။ ခင်ဗျား သဘောမကျတာမျိုး တစ်ခုခု ရှိခဲ့လား" ဖေးချမ့် မေးကြည့်လိုက်ပါသည်။ "တစ်ခုခု လိုအပ်တာမျိုး ရှိလား။ ရှိရင် နောက်တစ်ခေါက်ကျ ငါတို့ ကြိုပြင်ဆင်ထားလို့ ရတာပေါ့"
ရွမ်ကွမ်းကျန့်က ခေတ္တစဉ်းစားကြည့်လိုက်သည်။ "ဘာလိုအပ်မှုရှိသလဲဆိုတော့..."
"သရဲအိမ်လို့ ပြောရမယ်ထင်တယ်'
"ကျွန်တော်က အမှောင်ကြောက်တတ်တယ်။ ပြီးတော့ မျက်ရည်ကျရလောက်အောင် ကြောက်ဖို့အတွက် အသင့်ပြင်ထားပြီးသား။ ဒါပေမယ့် သရဲအိမ်က ထင်သလောက် ကြောက်ဖို့ မကောင်းဘူး။ ကောင်းတော့ ကောင်းပါတယ်။ အရမ်းကြောက်ဖို့ကောင်းရင် ကျွန်တော် ဒီမှာတောင် ထိုင်မနေနိုင်လောက်ဘူး ဟားဟားဟား"
ဖေးချမ့် တကယ် ဆွံ့အသွားပါသည်။
ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ ကြည့်ပါဦး။
ကစားနည်းပေါင်းများစွာကို စီစဉ်ပေးဖို့ ဖေးချမ့် ဒုက္ခအများကြီး ခံခဲ့ရသည်။ ဖြစ်ချင်တော့ ရွမ်ကွမ်းကျန့်က ကျားတစ်ကောင် သိုးသားစားရတာ ကြိုက်သလောက်ကို ရိုလာကိုစတာနဲ့ ပင်လယ်ဓားပြ စီးရတာ ကြိုက်နေပါသည်။ နောက်ဆုံးတော့ အားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့သည်။
ကစားနည်းတစ်ခုကသာ ရွမ်ကွမ်းကျန့်ကို တကယ် ကြောက်စေလိမ့်မည်။ သို့သော်လည်း သရဲအိမ်က စုတ်ချာလွန်းနေ၏။။ ထို့ကြောင့် ရွမ်ကွမ်းကျန့် လုံးဝ မကြောက်ခဲ့ပါ။
ရွမ်ကွမ်းကျန့်ကို စိတ်ဓာတ်ကျစေမည့် ဖေးချမ့်ရဲ့ အစီအစဉ်က သူ့အတွက် အားဆေး ဖြစ်သွားသည်။
နာကျင်လိုက်တာကွာ။
ဒါတွေအားလုံးအတွက် ကျင်းကျိုးအပန်းဖြေဥယျာဉ်မှာ အပြစ်ရှိတယ်။ ဘာဖြစ်လို့ သရဲအိမ်က ဒီလောက် စုတ်ပြတ်ရတာလဲ။ ရှက်ဖို့ကောင်းလိုက်တာ။
ဖေးချမ့် တိုးတိုးတိတ်တိတ်ပဲ အပြစ်တွေအားလုံးကို အပန်းဖြေဥယျာဉ်အပေါ်မှာသာ ပုံချလိုက်ပါတော့သည်။
မကြာခင် နှစ်ယောက်စလုံး စားစရာ သောက်စရာများကြောင့် ပြည့်အင့်လာကြ၏။ စားပွဲမှာလည်း ပန်းကန်အလွတ်တွေနဲ့ ပြည့်နှက်သွား၏။
ရွမ်ကွမ်းကျန့်က သူ့ဗိုက်သူ ပျော်ပျော်ရွှင်ရွှင် ပုတ်လိုက်ပြီး လေတက်လိုက်ပါသည်။
"အရသာရှိလိုက်တာ။ အဲ… ဘော့စ်ဖေး ဘာလို့ စားချင်စိတ်သိပ်မရှိတဲ့ပုံပေါက်နေတာလဲ။ နည်းနည်းလေးပဲ စားတယ်နော်"
ဖေးချမ့် ငေါ့တိုးတိုး ရယ်လိုက်၏။ "ဒီနေ့ စားချင်စိတ် သိပ်မရှိလို့ပါ"
ရွမ်ကွမ်းကျန့်က ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ်ဗျာ။ ဘော့စ်ဖေးက စီးပွားရေး လုပ်ငန်း အကြီးစားတစ်ခု တည်ထောင်ထားရတာ ဆိုတော့ ဖိအားတွေ အရမ်းများမှာပေါ့။ အဲ့တာကြောင့် စားချင်စိတ် သိပ်မရှိတာ ဖြစ်မယ်"
"ဘော့စ်ဖေးလည်း အဲ့လို ကစားနည်းတွေ ကြိုက်တတ်တယ်လို့ ကြားတယ်နော် ဟုတ်လား။ အကြိုက်ချင်း တူတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ရဖို့ ကျွန်တော့်အတွက် အရမ်းခက်တာဗျ။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေ ဒီလောက် တူမယ်လို့ ထင်မထားဘူး"
"နောက်ရက်ပိုင်းလောက်ထဲ ပင်လယ်ဓားပြ သွားစီးကြရအောင်။ အဲ့တာဆို ဘော့စ်ဖေးလည်း စားချင်သောက်ချင်စိတ် ပိုများလာမှာ သေချာတယ်"
ဖေးချမ့် ခေတ္တလောက် ဆွံ့အသွားပြီး ပြန်ပြောလိုက်ပါသည်။ "မလိုပါဘူး ကျွန်တော့်ကို အားနာဖို့ မလိုပါဘူး"
ဖေးချမ့် ဒေါသထွက်နေသည်။ ရွမ်ကွမ်းကျန့်ကို သူ အကွက်ချ ကြံစည်ချင်ခဲ့သည်။ ဒါတောင် ရွမ်ကွမ်းကျန့်က သူ့ကို အရှက်ပြန်ခွဲနေတယ်တဲ့လား။
ဒေါသထွက်စရာ အကောင်းဆုံးအရာက ဖေးချမ့် ဘာမှ မလုပ်နိုင်ခြင်းပင်။
သူတို့သာ တကယ် ပင်လယ်ဓားပြ သွားစီးရမည်ဆို ဖေးချမ့် အကြောင်းအရင်း မရှိ နှလုံးထဖောက်သွားနိုင်သည်။
ဖေးချမ့်အတွက် ဒါက ဧရာမ စိန်ခေါ်မှုကြီးတစ်ခုလိုပင်။
အရင်တစ်ခေါက် ဆရာချောင်း လာခဲ့တုန်းက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေကို အသုံးချကာ သူ့ကို ကြံစည်ခဲ့သည်။ ဒါ တစ်ခုတည်းနဲ့ လုံလောက်ပါသည်။ ဖေးချမ့် သူ့ကို လက်ချောင်းလေးတစ်ချက် နှိပ်ရုံနဲ့ နှိပ်စက်နိုင်၏။ နောက်ပိုင်း ဆရာချောင်း တကျော့ပြန်လာသော်လည်း ကျင်းကျိုးမြို့မှာ ရှိနေခဲ့စဉ် အချိန်တွေမှာတော့ ဖေးချမ့် နှိပ်စက်တာကို ကျိန်းသေခံခဲ့ရပါသည်။
သို့သော် ရွမ်ကွမ်းကျန့်ရောက်လာမှ ဇာတ်ညွှန်း လုံးဝ ပြောင်းလဲသွားလေသည်။
ဖေးချမ့် ရိုလာကိုစတာနဲ့ တခြား စီးစရာများကို အသေးစိပ်ကျကျ အားထုတ်စီစဉ်ခဲ့ရသည်။ ဒါတောင် အကုန်လုံး သဲထဲရေသွန် ဖြစ်သွားခဲ့၏။ ရလဒ်အနေဖြင့် ဖေးချမ့်ရဲ့ မှတ်စုစာအုပ်ထဲက ရွမ်ကွမ်းကျန့်ရဲ့ တည်နေရာလည်း အပေါ်ကို ထိုးတက်လာခဲ့သည်။ ကြည့်ရတာ အချိန်တိုအတွင်း ဆရာချောင်းကိုတောင် ကျော်တက်သွားနိုင်ပါသည်။
ဖေးချမ့် အလွန်မပျော်မရွှင်ဖြစ်နေ၏။
ရွမ်ကွမ်းကျန့်ကို ရှင်းဖို့ သူ နည်းလမ်း တစ်ခုခု ရှာဖွေရပါမည်။ ရွမ်ကွမ်းကျန့်ကို သူ့လမ်းမှာ ထပ်ရှုပ်ခွင့် ဆက်ပေးထားလို့ မရတော့ပါ။
နောက်တစ်နေ့ နေ့လည်ခင်း...
ရွမ်ကွမ်းကျန့်တစ်ယောက် သူ့ပုံဆွဲတက်ဘ်လပ်နဲ့ လက်ပ်တော့တို့ကို ထန်းတာ့၏ ရုံးခန်းထဲ ယူလာခဲ့သည်။ မနေ့ညက ကောင်းကောင်းစား ကောင်းကောင်းအိပ်ခဲ့ရသဖြင့် မနက်ခင်းတွင် အလွန် လန်းဆန်း တက်ကြွပြီး ဉာဏ်ကွန့်မြူးစွာ နိုးထလာခဲ့ပါသည်။
ဒီနေ့ ထန်းတာ့ကို သူသွားရသည့် အဓိက ရည်ရွယ်ချက်က GOG ဒီဇိုင်နာတွေနဲ့ တွေ့ဆုံဖို့ ဖြစ်ပါသည်။ ဇာတ်ကောင်တွေအတွက် သူ့ Animation တွေနဲ့ Concept ဒီဇိုင်းတွေက သူတို့ မျှော်လင့်ထားတာနဲ့ ကွဲပြားမနေအောင် အတည်ပြုဖို့အတွက် ဖြစ်သည်။
သူတို့ရဲ့ အထင်အမြင်များကို စုစည်းပြီး ပုံကြမ်းများ ဆွဲသားလိုက်မည်။ ထို့နောက်မှ သူ့အလုပ်နေရာဆီ ပြန်ပို့ပေးလိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို အချောသပ်ခိုင်းလိုက်မည်။
ရုံးထဲကို ဝင်လိုက်တာနဲ့ ရွမ်ကွမ်းကျန့် ရပ်တန့်သွားရ၏။
ကျယ်လိုက်တာ။
ဒီနေရာကြီးနဲ့ ဟေလိုလုပ်ငန်းနေရာကို နှိုင်းယှဉ်ကြည့်လိုက်တာက စာကလေးအိမ်နဲ့ လုံးချင်းဗီလာကြီးတစ်လုံးကို နှိုင်းယှဉ်နေရသလိုပင်။
ပြင်သစ်ပြူတင်းပေါက်များကို မျက်နှာချင်းဆိုင် အလှဆင်ထားသည့် စိမ်းစိုလန်းဆန်းနေသည့် အပင်များစွာ ရှိသည်။ အပင်တွေကို ပရော်ဖက်ရှင်နယ်တွေက သေသေချာချာ ဂရုစိုက်ထားသည့်ပုံ ပေါ်ပါသည်။ ထို့အပြင် မီးဖိုဆောင်တစ်ခန်း၊ အပန်းဖြေခန်းတစ်ခန်း၊ မုန့်ပဲသရေစာခန်းတစ်ခန်း...
လိုအပ်တာတွေကော မလိုအပ်တာတွေကော အားလုံး ရှိနေသည်။
အဖြူရောင် ခြေထောက်လေးများနဲ့ တစ်ကိုယ်လုံး နက်မှောင်နေသည့် ကြောင်လေးတစ်ကောင်က ရွမ်ကွမ်းကျန့်ဆီ လျှောက်လာပြီး အနံ့ခံကာ စိတ်မဝင်စားစွာဖြင့် လှည့်ထွက်သွားသည်။ ရွမ်ကွမ်းကျန့်ကို တာဇံဟု ကြောင်က လှောင်သွားသလိုပင်။
ရွမ်ကွမ်းကျန့် တုန်လှုပ်သွားမိ၏။ ဒီလိုနေရာမျိုးကို ငှားဖို့ သူတို့ ဘယ်လောက်တောင် ပိုက်ဆံသုံးကြသလဲ မသိပါ။
အလွန် ကြီးကျယ်ခမ်းနားလွန်းပါသည်။
သူ့ဟေလိုလုပ်ငန်းရုံးက ရှန်ဟိုင်းမြို့၊ သူဘွဲ့ရထားသည့် စီးပွားရေး တက္ကသိုလ်အနီးတွင်ရှိသည်။ ကျင်းကျိုးမြို့မှ ဒီလို နေရာအတွက် ငှားရမ်းခက ရှန်ဟိုင်းမြို့ထက်တော့ မမြင့်နိုင်ပါ။ သို့သော်လည်း ရွမ်ကွမ်းကျန့် လက်ခံနိုင်ဖို့အတွက်တော့ လွန်လွန်းနေပါသေးသည်။
ပုံမှန်ဆို စျေးကြီးကြီး နေရာတစ်ခုကို ငှားထားလျှင် အားလုံးရဲ့ အလုပ်နေရာတွေက ကြပ်သိပ်နေလိမ့်မည့် သဘောဖြစ်သည်။ ထို့အပြင် စားပွဲကောင်းကောင်း၊ ကွန်ပြူတာ ကောင်းကောင်းတွေ ဝယ်ဖို့လည်း ငွေပိုနည်းသွားလိမ့်မည်။ ထို့ကြောင့် တခြားနေရာတွေအတွက် ခြွေတာရလိမ့်မည်။
ပထမတော့ ရွမ်ကွမ်းကျန့် စိတ်မညစ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းမြို့ရဲ့ ရုံးတွေ အများစုက ဒီလိုပုံစံတွေချည်းသာ ဖြစ်သည်။
သာမန် အလုပ်နေရာတစ်ခုက ၁၀ စတုရန်းမီတာသာ ရှိမည်။ ထို့ထက် ပိုကျဉ်းသွားလျှင် အလွန် ကြပ်သိပ်သွားနိုင်ပြီး ထို့ထက် ပိုကျယ်ပါက အလွန် စျေးကြီးပါလိမ့်မည်။
သူ့အလုပ်နေရာကိုသူ အတော်လေး ကျယ်လှပြီဟု ရွမ်ကွမ်းကျန့် ထင်ခဲ့သည်။ သို့သော်လည်း ထန်းတာ့ရှိ အလုပ်ပတ်ဝန်းကျင်ကို မြင်လိုက်ရသည့်အခါ...
ချက်ချင်း ခါးသီးသွားရ၏။
ကွာခြားချက်က အကြီးကြီးပင်။
လီယာ့တာက မတ်တပ်ရပ်ပြီး သူ့ကို ကြိုဆိုလိုက်ပါသည်။ "ဘော့စ်ကြီး ရွမ်ကွမ်းကျန့်လား။ နေကောင်းရဲ့လား။ ကျွန်မက လီယာ့တာပါ။ အွန်လိုင်းပေါ်မှာ စကားတွေ အများကြီး ပြောဖူးတယ်လေ"
ဧည့်ကြိုစားပွဲက ကောင်မလေးများ ရွမ်ကွမ်းကျန့်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး လီယာ့တာနဲ့ ရွမ်ကွမ်းကျန့်တို့ GOGဟီးရီုးဒီဇိုင်းများကို အသေးစိတ် စတင် ဆွေးနွေးလေသည်။
လီယာ့တာရဲ့ ရှင်းလင်းချက်များကို နားထောင်ရင်း ရွမ်ကွမ်းကျန့် ပုံဆွဲတက်ဘ်လက်ပေါ်မှာ ပုံကြမ်းဆွဲနေပြီး ဆက်တိုက် ချိန်ညှိမှုများ ပြုလုပ်နေသည်။
"တရားမျှတမှုကို ကာကွယ်သူ မော့ဒက်စ်က ဘော့စ်ဖေးကို မှီငြမ်းထားတာ။ ရှင့်ရဲ့ မူရင်းပုံကြမ်းက နေရာ တော်တော်များများ မှားနေသေးတယ်။ ဥပမာ ခန္ဓာကိုယ်က..."
လီယာ့တာ၏ အကြံဉာဏ်အတိုင်း ရွမ်ကွမ်းကျန့် အသေးစိတ် ချဆွဲလိုက်ပါသည်။ ဟီးရိုးရဲ့ သင့်တော်တဲ့ အစိတ်အပိုင်းတချို့ကို ချဲ့ကားဆွဲလိုက်ပြီး ဟီးရိုးရဲ့ မျက်နှာ အနေအထားကို ဘော့စ်ဖေးရဲ့ ဝိသေသလက္ခဏာများအတိုင်း ချိန်ညှိလိုက်ပါသည်။
မျက်နှာချင်းဆိုင် ဆွေးနွေးရခြင်းက အွန်လိုင်းပေါ်က ဆွေးနွေးရတာထက် အများကြီး ပိုချောမွေ့သည်။ ဟီးရီုးရဲ့ ဒီဇိုင်းက မကြာခင် လီယာ့တာ စိတ်ထဲမှာ ရှိခဲ့တဲ့ ပုံစံနဲ့ ပိုနီးစပ်လာခဲ့ပါသည်။
သူတို့ သတိမထားလိုက်မိဘဲ မွန်းတည့်ချိန် ရောက်လာခဲ့ပါသည်။
ရွမ်ကွမ်းကျန့် ဘာမှ မစဉ်းစားဘဲ ဖုန်းထုတ်လိုက်၏။ "အပြင်စာ မှာစားဖို့ အချိန်ကျပြီထင်တယ်နော်။ ပုံမှန်ဆို ဘယ်ကနေ အော်ဒါမှာတတ်လဲ"
လီယာ့တာ အမြန်ပြောလိုက်သည်။ "ကျွန်မ လုပ်ပေးပါ့မယ်။ ကျွန်မတို့အတွက် အထူး ပြင်ဆင်ပေးထားတဲ့ နေ့လည်စာ ရှိတယ်။ နေ့လည်စာ ဘာစားချင်လဲသာ ရွေးလိုက်ပါ"
"နေ့လည်စာတွေကို ပြင်ဆင်ပေးတယ် ဟုတ်လား" ရွမ်ကွမ်းကျန့်က လီယာ့တာ၏ ဆဲလ်ဖုန်းကို သံသယဖြင့် ယူလိုက်ပြီး ရိုးရိုးရှင်းရှင်း မီနူးတစ်ခုကို မြင်သွားပါသည်။ ကြက်ဥနဲ့ ခရမ်းချဉ်သီး၊ အာလုံးနဲ့ အမဲသားချက်၊ ဝက်သားချက် စသဖြင့် ရှိသည်။ ဟင်းလျာတွေက တခြားစားသောက်ဆိုင်တွေရဲ့ အစားအစာတွေနဲ့ သိပ်ပြီး မခြားနားပါ။
ရွမ်ကွမ်းကျန့်က အများကြီး မစဉ်းစားဘဲ အနီးအနားရှိ စားသောက်ဆိုင်တစ်ခုခုမှ တစ်ယောက်ယောက် အော်ဒါမှာပေးလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် 'Daily Healthy Set Meal' ကို ဒီတိုင်း ရွေးချယ်လိုက်ပြီး ခပ်မြန်မြန်ပဲ မေ့သွားခဲ့ပါသည်။
မွန်းတည့် ၁၂ နာရီစွန်းစွန်းတွင် ဒလီဘာရီသမား ရောက်လာ၏။
ရုံးထဲကလူတိုင်း ထိုင်ခုံမှ ထလိုက်ကြကာ ကြိုတင် တိုင်ပင်ထားကြသလိုမျိုး မီးဖိုဆောင်ထဲ ဝင်သွားကြပါသည်။ အဖြူရောင် ကြွေပန်းကန်လုံးများကို စားပွဲပေါ်တွင် တစ်လုံးပြီး တစ်လုံး တည်ခင်းလိုက်သည်။ အလွန် ခမ်းနားလွန်းပါသည်။
အားလုံးက စကားပြော ရယ်မောပျော်ရွှင်စွာဖြင့် စားသောက်နေကြသည်။
"ဒါ ရှင့်နေ့လည်စာပါ။ Daily Healthy Set Meal အဲ… ပန်းဂေါ်ဖီနဲ့ ပုစွန်ပဲ" လီယာ့တာက အလင်းပေါက် ဖန်သားနေ့လည်စာဗူး တစ်ဗူးကို ရွမ်ကွမ်းကျန့်အား ပေးလိုက်သည်။
ရွမ်ကွမ်းကျန့် ယူဖွင့်ကြည့်လိုက်သည်။ နေ့လည်စာဗူးကို အကန့် ၃ ကန့် ခွဲထား၏။ နေ့လည်စာဗူး၏ တစ်ဝက်လောက်ကို နေရာယူထားသည့် အကန့်ထဲတွင် အဓိက ဟင်းလျာ ပါဝင်သည်။
ပုစွန်လုံးကြီးများကို အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် ရောကြော်ထားသည်။ အလယ်မှာ မုန်လာဥချပ်များလည်း ပါသေး၏။ ဟင်းလျာက အလွန်အရောင်စုံလင်ပြီး ဆီလည်းမများပါ။ ပိုသေးတဲ့ အကန့် ၂ ကန့်မှာတော့ ဆန်လုံးညို အလုံး ၂ လုံးနဲ့ ဆာမွန်ဆာရှိမီ အတုံးများစွာ ပါဝင်သည်။ ထိုဟင်းလျာတစ်ပွဲလုံးအပြင် ကန်စွန်းဥ မစ်ရှိတ်လည်း ပါသေး၏။
အစားအသောက်အားလုံးကို အလင်းပေါက် ဖန်သား နေ့လည်စာဗူးထဲတွင် ထည့်ထားသည်။ အလွန် အရသာရှိကာ တန်ဖိုးကြီးသည့်ပုံပေါက်သည်။ ရွမ်ကွမ်းကျန့် သွားရည်ပင် ကျမိပါတော့သည်။