← Chapters

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(ခ)

Vol. 43 Ch. 643

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(ခ)

Vol. 43 Ch. 643

ဓားကိုင်ရုံးတော်ခွဲတွင် ကျန်ရှိနေခဲ့ကြသော ကျင့်ကြံသူအများစုသည် အဆင့်နိမ့် ရွှေအမြူတေကျင့်ကြံသူများ ဖြစ်ကြသည်။ အသန်မာဆုံး ကျင့်ကြံခြင်းအဆင့်ပိုင်ရှင်သည် ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်တစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါသည် ချူထျန်းချွင်ကဲ့သို့ အလယ်အလတ်အဆင့် ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်သည်။

ရွှီချင်းသည် တစ်ဖက်အုပ်စု၏ တည်နေရာကို အဝေးမှ ကြည့်လိုက်ပြီး ဓားကိုင်ရုံးတော်ခွဲ၏ စည်းချအစီအရင်ကို စစ်ဆေးထောက်လှမ်းလိုက်သည်။

ထိုစည်းချအစီအရင်ကို ချိုးဖောက်ရန် သေချာပေါက် မလွယ်ကူချေ။ ကောင်းကင်ပေါ်မှ တားမြစ်ပိုက်ကွန်ဖြင့်ဆိုလျှင် အစီအရင်သည် ဖုန်းဟိုင်ဒေသငယ်ထဲမှ မည်သည့်ဓားကိုင်ရုံးတော်ခွဲကိုမဆို ဘေးကင်းလုံခြုံစေရန် အာမခံပေးနိုင်သည်။

စစ်ဆေးထောက်လှမ်းပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တောင်ထိပ်ပေါ်သို့ လျှို့ဝှက်စွာ ရွေ့လျားသွားသည်။

သူ၏ ပန်းတိုင်သည် ဓားကိုင်ရုံးတော်ခွဲ၏ မော်ကွန်းတိုက်ဖြစ်သည်။

ရုံးတော်သခင်၏ ကျောက်စိမ်းပြားနှင့် သူ့ကိုယ်ပိုင် ဖုံးကွယ်မှုသည် သူ၏ ခရီးစဉ်ကို အဆင်ပြေချောမွေ့စေသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူသည် မှတ်တမ်းမှတ်စုများ သိမ်းဆည်းထားသော အဆောက်အအုံကို ရှာတွေ့သွားသည်။

ထိုနေရာတွင် အပြင်လူများ မဝင်ရောက်နိုင်ရန် တားဆီးထားသော အဟန့်အတားများလည်း ရှိကြသည်။ သို့သော်လည်း ရွှီချင်း၏ လက်ထဲရှိ ကျောက်စိမ်းပြားမှ သိမ်မွေ့သော အလင်းတစ်ခု ထွက်ပေါ်လာသည့်အခါ အဟန့်အတားများသည် ဝေဝါးသွားကြသည်။

ရွှီချင်းသည် အထဲသို့ ခြေမချမီ သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ အရိပ်လေးဆီသို့ အသံပို့လွှတ်လိုက်သည်။ များမကြာမီ အရိပ်လေးသည် လွယ်အိတ်တစ်ခုပမာ ဖြန့်ကားသွားပြီး ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးကို လွှမ်းခြုံသွားသည်။

ရွှီချင်းသည် တစ်ချက်စစ်ဆေးကြည့်ရှုလိုက်ပြီး မည်သည့်အမှားအယွင်းမှမရှိစေရန် အတည်ပြုလိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ သူသည် အထဲသို့ ခြေချလိုက်ပြီး ဂရုတစိုက် အာရုံခံလိုက်သည်။ မော်ကွန်းတိုက်ထဲတွင် တာဝန်ကျနေသည့် မည်သည့်ဓားကိုင်မှမရှိနေကြောင်း အတည်ပြုပြီးနောက် သူသည် အထဲသို့ ဆက်လျှောက်သွားပြီး ဤနေရာမှ မှတ်တမ်းမှတ်စုများကို လှန်လှောရှာဖွေလိုက်သည်။

မော်ကွန်းတိုက်တွင် စုစုပေါင်း အထပ်လေးထပ်ရှိပြီး များပြားလှသော မှတ်တမ်းမှတ်စုများကို သိမ်းဆည်းထားသည်။ ရွှီချင်းသည် အချိန်တိုအတွင်း ယင်းတို့အားလုံးကို ပြီးဆုံးအောင် မဖတ်နိုင်ပေ။ သို့ဖြစ်၍ သူသည် ကျောက်ရှာအလင်းနှင့်ပတ်သက်သော မှတ်တမ်းများကိုသာ အဓိကထား၍ ရှာဖွေလိုက်သည်။

တစ်ခဏကြာပြီးနောက် သူသည် တတိယအထပ်တွင် ဖတ်ရှုရန် အလွန်မြင့်မားသော အခွင့်အာဏာလိုအပ်သည့် မှတ်တမ်းတစ်ခုကို ရှာတွေ့သွားသည်။

မှတ်တမ်းပေါ်မှ အတားအဆီးကို ဖွင့်လှစ်ပြီးနောက် ရွှီချင်းသည် ယင်းကို စစ်ဆေးဖတ်ရှုလိုက်သည်။

သူသည် တစ်ခဏကြာ ဖတ်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ထိုမှတ်တမ်းထဲမှ အကြောင်းအရာသည် အမှန်တကယ်ပဲ ကျောက်ရှာအလင်းအကြောင်း ဖြစ်သည်။ မှတ်တမ်းထဲမှ ဆိုထားမှုအရ ကျောက်ရှာအလင်းသည် နေမကြွေကျခင် ထုတ်လွှတ်ခဲ့သော အလင်းဖြစ်သည်။ ၎င်းသည် အသိဉာဏ်ရှိပြီး သက်မဲ့ဝတ္ထုတစ်ခု မဟုတ်ချေ။

နှစ်ပေါင်းများစွာအတွင်း ၎င်းသည် စုစုပေါင်း (၇၅၂)ကြိမ် ထွက်ပေါ်လာခဲ့ဖူးသည်။

သို့သော်လည်း ယင်းသည် အနည်းငယ် အကျိုးအကြောင်းဆီလျော်မှု မရှိပေ။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ အတိတ်တုန်းက တကယ်ပဲ နေကြွေကျခဲ့သည်ဆိုလျှင် နေလုံးသည် အလင်းအားလုံးကို တစ်ခါတည်း ထုတ်လွှတ်ခဲ့သင့်သည်မဟုတ်ပါလော။ နှစ်ပေါင်းများစွာအတွင်း ကျောက်ရှာအလင်းသည် ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်မှာ မဖြစ်နိုင်ပေ။

ဓားကိုင်ရုံးတော်သည် ထိုအကြောင်းကို သုတေသနပြုလုပ်ခဲ့သည်။ ထို့နောက် သူတို့သည် ကျောက်ရှာအလင်းက နေကြွကျလာမှုနှင့် အတိုင်းအတာတစ်ခုထိ ဆက်စပ်နေသော်လည်း ယင်းက ထိုကိစ္စကြောင့် လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ရှာတွေ့ခဲ့သည်။

၎င်းသည် နေကြွေကျလာပြီး ဤဒေသမှ ကောင်းကင်နှင့်မြေပြင် နိယာမများ ပြောင်းလဲသွားပြီးနောက် ထိုခေတ်အတွင်း သဘာဝအလျောက် သူ့ဘာသာဖြစ်ပေါ်လာသော သက်ရှိတစ်မျိုးနှင့် ပို၍ဆင်တူသည်။

သို့ဖြစ်၍ ၎င်းသည် နှစ်ပေါင်းများစွာအတွင်း ရံဖန်ရံခါ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းသည် ကျောက်ရှာတောင်ပေါ်မှာသာလျှင် ထွက်ပေါ်တတ်သည်။

ဤအချက်ကိုလည်း မှတ်တမ်းထဲတွင် မှတ်သားထားသည်။ ကျောက်ရှာတောင်သည် သူရိန်နေမင်း မသေဆုံးမီ ၎င်း၏ ပါးစပ်အပြည့်သွေး ပြန့်ကျဲသွားခဲ့သော နေရာဖြစ်သည်ဟု ကောလဟာလရှိသည်။ သူရိန်နေမင်း၏ သွေးသည် သက်တံ့အရောင်ဖြစ်၍ တောင်သည် သက်တံ့အရောင်ရှိလာခြင်း ဖြစ်သည်။

ဤဒေသမှ နေမင်းအရှိန်အဝါသည် ကျောက်ရှာအလင်းဖြစ်ပေါ်ရန် လိုအပ်သော အခြေအနေများအနက် တစ်ခုလည်းဖြစ်ပေသည်။

၎င်းသည် လက်နက်သန့်စင်ရာတွင် အံ့မခန်းအားကောင်းသော သက်ရောက်မှုတစ်ခုလည်း ရှိသည်။

ထို့အပြင် ဓားကိုင်ရုံးတော်၏ သုတေသနပြုလုပ်မှုအရ ကျောက်ရှာအလင်းသည် နတ်ဘုရားအစွမ်းများကို ခုခံရာတွင် အားကောင်းသော သက်ရောက်မှုရှိသည်။ သို့ဖြစ်၍ ကျောက်ရှာအလင်း၏ များစွာသော အသုံးဝင်ပုံကြောင့်သော်လည်းကောင်း ၎င်းတို့သည် အလွန်ရှားပါးသောကြောင့်သော်လည်းကောင်း ဓားကိုင်ရုံးတော်ခွဲသည် ကျောက်ရှာအလင်း ပေါ်ထွက်လာသည့်အခါတိုင်းကို အသေးစိတ် သေချာမှတ်သားထားသည်။

ထိုမှတ်တမ်းများထဲတွင် ကျောက်ရှာအလင်းသည် မည်သည့်အချိန်၌ ပေါ်ထွက်လာပြီး မည်သည့်နေရာတွင် အဆုံးသတ်သွားခဲ့ကြောင်း ပါဝင်၏။

ရွှီချင်းသည် အသေအချာ စစ်ဆေးကြည့်ရှုသည်။ သို့သော်လည်း ယင်းနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ သူရှာမတွေ့ချေ။ ပေါ်ထွက်လာခဲ့ဖူးသော ကျောက်ရှာအလင်းတိုင်း၏ မှတ်တမ်းမှတ်စုများသာ ပါရှိကြသည်။ ကျောက်ရှာအလင်းအများစုကို ဓားကိုင်ရုံးတော်သို့ ပေးပို့ခဲ့ပြီး ပမာဏတချို့ကို တခြားအင်အားစုများနှင့် ကုန်သွယ်ခဲ့သည်။

ဓားကိုင်ရုံးတော်ခွဲသည် ကျောက်ရှာအလင်းအား ရောင်းချသောသူနှင့် ဝယ်ယူသောသူအကြောင်းကိုလည်း မှတ်သားထားသည်။

ရွှီချင်းသည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ယင်းသည် သူရှာတွေ့သမျှအကုန် ဖြစ်သည်။

“ တကယ်လို့ သူတို့တစ်ယောက်ချင်းစီရဲ့ အကြောင်းကို ငါမစုံစမ်းဘူးဆိုရင် သဲလွန်စရှာတွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အရေအတွက်များပြားလှသော မှတ်တမ်းမှတ်စုများကိုကြည့်လျက် စဉ်းစားသုံးသပ်လိုက်သည်။

တစ်ချိန်တည်းမှာ ကျောက်ရှာပြည်နယ် ချောက်နက်ပင်လယ်၏ အတွင်းပိုင်းထဲမှ နေရာတစ်ခုတွင် အဆုံးမရှိသော ဒြပ်နှောများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် သေခြင်းစိတ်ဆန္ဒပါဝင်သော အလွန်ကြောက်စရာကောင်းသည့် ဖိအားတစ်ခုက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

ထိုနေရာတွင် အရာအားလုံးသည် ဝေဝါးနေပြီး ပုံပျက်တွန့်လိမ်နေလေရာ နတ်ဘုရား၏ မျက်လုံးတော်ဖွင့်လှစ်ခဲ့သော လောကတစ်ခုကဲ့သို့ပင်။

ဤနေရာသို့ရောက်ရှိလာကြသော မည်သည့်ကျင့်ကြံသူမဆို ဖိအား၏ သက်ရောက်မှုခံရလိမ့်မည်။ သူတို့သည် အသက်မသေဆုံးကြလျှင်ပင် သန္ဓေပြောင်းသွားကြလိမ့်မည်။

ဤနေရာသည် အသက်ဓာတ်ကို ကန့်သတ်ပိတ်ပင်ထားသော တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ အပြင်လောကထဲမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားခဲ့သော သူရိန်နေမင်း၏ အလောင်းကြောင့် ဖြစ်ဟန်တူသည်။

မင်နှင့်စုတ်တံ အဖိုးအိုသည် အလွန်ကြီးမားသော အလောင်းပေါ်တွင် မတ်တတ်ရပ်လျက် သူ၏ အရှေ့တွင် မျောလွင့်နေသော ပေတစ်ထောင်ရှည်လျားသည့် လက်ချောင်းတစ်ချောင်းကို တုန်တုန်ယင်ယင် ကြည့်နေသည်။ ထိုလက်ချောင်းထံမှ ကြောက်မက်ဖွယ် နတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေသည်။

“ အရှင့်ရဲ့ စွမ်းရည်တွေက အတိုင်းအဆမဲ့လှပါတယ်… ဒီအလောင်းကို မျိုးနွယ်အမြောက်အမြား နှစ်တွေမရေမတွက်နိုင်အောင် ရှာဖွေခဲ့ကြတယ်လို့ ငါကြားဖူးပါတယ်… ဒါပေမဲ့ သူတို့ရှာမတွေ့ခဲ့ကြဘူး… ဒါပေမဲ့ အရှင်ကတော့ ဒီကိုရောက်ရောက်ချင်း အဲ့ဒါကို ရှာနိုင်ခဲ့ပါတယ်… အရှင်က တကယ်ပဲ တန်ခိုးကြီးမားတဲ့ နတ်ဘုရားတစ်ပါးပါ ”

“ ဒါပေမဲ့ သူရိန်နေမင်းရဲ့ အလောင်းက ပျက်စီးသွားခဲ့တာ နှစ်တွေအတော်ကြာခဲ့ပါပြီ… သူ့ရဲ့ အသက်ဓာတ်က ခမ်းခြောက်နေပါပြီ… အဲ့ဒါကို ပန်းချီကားအဖြစ်အသုံးပြုဖို့ ခက်ခဲပါတယ် ”

ပန်းချီကားအဖိုးအိုသည် ကတုန်ကယင်အသံဖြင့် ပြောသည်။

“ အသက်ဓာတ်ဖြည့်ဖို့ သက်ရှိအများအပြားကို အဲ့ဒီထဲ ပို့လွှတ်ပေးမှပဲ ပန်းချီကားတစ်ချပ်အသွင် ပြောင်းနိုင်ဖို့ ဖြစ်နိုင်ခြေရှိပါတယ် ”

ယင်းကို နတ်ဘုရားလက်ချောင်းကြားသည့်အခါ တခြားဦးတည်ရာဘက်သို့ အနည်းငယ် လှည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်နှင့် ၎င်း၏ ပုံရိပ်သည် ချက်ချင်း ပျောက်သွားသည်။

နတ်ဘုရားလက်ချောင်း ထွက်ခွာသွားသည်ကို မြင်သောအခါ ပန်းချီကားအဖိုးအိုသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

“ ငါဘာလုပ်သင့်လဲ… ငါပန်းချီဆွဲပေးပြီးတာနဲ့ သူသေချာပေါက် ငါ့ကို သတ်လိမ့်မယ်… ဒါပေမဲ့ ငါပန်းချီမဆွဲပေးရင်တောင် အသတ်ခံရမှာပဲ… ”

အချိန်သည် အာရုဏ်တတ်ခါနီးနေပြီ ဖြစ်သည်။

ကောင်းကင်သည် မှောင်ရီနေသည်။ ကောင်းကင်ပေါ်တွင် လစန္ဒာသည် ထွန်းလင်းတောက်ပစွာ မြင့်မြင့်ချိတ်ဆွဲထားသော်လည်း လရောင်သည် ကျောက်ရှာပြည်နယ်ထဲမှ မြူခိုးကိုတော့ မထိုးဖောက်နိုင်ပေ။ သို့ဖြစ်၍ ချောက်နက်ပင်လယ်တစ်ခုလုံးသည် မည်းမှောင်နေဆဲ ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက်တွင် မတ်မတ်တည်ရှိနေကြသော တောင်ထွတ်များသည်သာ မြူခိုးကို ထိုးဖောက်နိုင်ကြပြီး လရောင်အောက်တွင် မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း ချေက်နက်ပင်လယ်ထဲမှ တောင်ထွတ်အများစုသည် ရှည်လျားခြင်းမရှိကြပေ။ သို့ကြောင့် ကျောက်ရှာပြည်နယ်တစ်ခုလုံးတွင် အလင်းထိန်ဆုံးနေရာသည် ကျောက်ရှာတောင် ဖြစ်သည်။

All Chapters