← Chapters

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(ဂ)

Vol. 43 Ch. 644

ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(ဂ)

Vol. 43 Ch. 644

ရွှီချင်းသည် မော်ကွန်းတိုက်၏ တတိယအထပ်တွင် မတ်တတ်ရပ်နေလျက် သစ်သားပြတင်းပေါက်မှတဆင့် ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ တောင်ပေါ်တွင် တိုက်ခတ်နေသော လေပြေလေညင်းသည် သူ၏ ရှည်လျားသော ဆံပင်ကို တိုးဝှေ့သွားပြီး သူ၏ မျက်လုံးထဲတွင် လရောင်ကို ထင်ဟပ်စေသည်။

“ တကယ်လို့ သဲလွန်စစုံစမ်းမယ်ဆိုရင် ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ဆို အချိန်အတော်ကြာလိမ့်မယ် ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဤအကြောင်းကို မည်သူ့ကိုမှ သူမပြောပြနိုင်ပေ။ ဤနေရာကို စောင့်ကြပ်နေကြသော ဓားကိုင်များအပါအဝင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ရုံးတော်သခင်၏ အကဲဖြတ်မှုသည် မှန်ကန်သည်ဆိုလျှင် ဒေသအကြီးအကဲ အသတ်ခံရမှု၏ နောက်ကွယ်မှ တရားခံသည် အလွန်မြင့်မားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားရမည်။

သို့ကြောင့် ရွှီချင်းသည် ဓားကိုင်များအပေါ်တွင်ပင် ယုံကြည်မှုမထားဝံ့ပေ။

အကယ်၍ တစ်ပါးသူထံ မှားယွင်းယုံစားမိလျှင် ပေးဆပ်ရမည့် တန်ကြေးသည် သူ၏ အသက်ဖြစ်သည်။

အချိန်တစ်ခဏကြာ တွေးတောစဉ်းစားပြီးနောက် ရွှီချင်းသည် မှတ်တမ်းတချို့ကို ရှာဖွေစစ်ဆေးလိုက်ပြီး နောက်ဆုံးမှာတော့ မော်ကွန်းတိုက်ထဲမှ ပြန်ထွက်သွားသည်။ သူက တိတ်ဆိတ်ငြိမ်သက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ဓားကိုင်ရုံးတော်ခွဲကို ဖြတ်လျှောက်သွားသည်။

အာရုဏ်တတ်ချိန်သို့ နီးကပ်လာသောအခါ ကောင်းကင်ပေါ်မှ လစန္ဒာသည် အရောင်မှေးမှိန်လာသလို ကမ္ဘာသည် မည်းမှောင်လာသည်။ ယင်းသည် အာရုဏ်တတ်ချိန်မရောက်မီ ဖြစ်ပေါ်နေကျ အခြေအနေဖြစ်၏။

ဤအချိန်အတွင်း အအေးဓာတ်ကို သယ်ဆောင်လာသော လေပြေသည် မကြာခဏ တိုက်ခတ်လာလိမ့်မည်။ လေပြေသည် ရွှီချင်း၏ ခန္ဓာကိုယ်ကို တိုက်ခတ်သွားပြီး သူ၏ တာအိုဝတ်ရုံကို တဖျတ်ဖျတ်လှုပ်ခတ်သွားစေသည်။

ရွှီချင်းသည် ကျောက်ရှာတောင်ပေါ်တွင် တိတ်ဆိတ်စွာ လျှောက်နေသည်။ သူသည် မိဘများ၏ အုတ်ဂူကို အရိုအသေပေးရန် သွားရှာတော့မည် ဖြစ်သည်။

ထိုနေ့အတွက် သူစောင့်ဆိုင်းခဲ့ရသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။

ရွှီချင်း၏ နှလုံးသားထဲတွင် ခံစားချက်အတတ်အကျနှင့် အတွေးများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့က ငြိမ်သက်နေသော ကန်ရေပြင်ပေါ်တွင် ပျံ့နှံ့သွားသော လှိုင်းများကဲ့သို့ပင်။

ယင်းတို့ကို သူမဖိနှိပ်နိုင်သလို မမြှုပ်နှံနိုင်ပေ။

ထိုခံစားချက်များ တဖြည်းဖြည်း ပြင်းထန်လာသောအခါ  ရွှီချင်း၏ ခန္ဓာကိုယ်သည် တစ်ခါမှမဖြစ်စဖူး တုန်ယင်လာသည်။

ယင်းကိုလည်း သူမထိန်းချုပ်နိုင်ပေ။ သူသည် မျက်လုံးပိတ်လိုက်ပြီး သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ သူ၏ သွေးမျိုးစက်မှ ညွှန်ပြမှုနောက်သို့လိုက်၍ သူသည် အရှေ့သို့ ဆက်လျှောက်သွားသည်။ ထိုသို့ဖြင့် သူသည် အိမ်တစ်အိမ်ကို ဖြတ်ကျော်သွားသည်။ ထိုနေရာတွင် သွေးမျိုးစက်တုံ့ပြန်မှု ရှိသည်။

သူသည် ဆက်လျှောက်သွားနေရင်း ကျောက်ဆောင်တစ်ခုကို ဖြတ်ကျော်သွားသည်။ ထိုနေရာတွင်လည်း သွေးမျိုးစက်တုံ့ပြန်မှု ရှိသည်။

နန်းဆောင်ရှည်တစ်ခုကို သူဖြတ်ကျော်သွားစဉ်မှာလည်း ထိုနေရာမှ သွေးမျိုးစက်တုံ့ပြန်မှုကို ခံစားမိသည်။

ရွှီချင်းသည် အချိန်အတော်ကြာ ဆက်လျှောက်သွားနေပြီး ချောက်နက်ပင်လယ်အထက် ပေါ်ထွက်နေသော ကျောက်ရှာတောင်၏ တစ်ဝက်ကို ဖြတ်ကျော်မသွားခင်အထိ နေရာအများအပြားကို ဖြတ်ကျော်သွားခဲ့သည်။

နောက်ဆုံးတွင် တောင်ထိပ်ပေါ်သို့ သူရောက်သွားသည့်အခါ ရပ်လိုက်သည်။ ထိုနေရာတွင် သူက မိန်းမောစွာ ရပ်နေသည်။

ဤနေရာတွင် လေသည် ပိုကြမ်းတမ်းသည်။ နေထွက်ပေါ်လာသည်နှင့် မှောင်မည်းသော ကောင်းကင်သည် မီးလောင်ကျွမ်းနေသည့်အလား ဖြည်းဖြည်းချင်း အနီရောင်သို့ ပြောင်းလဲသွားသည်။ နေရောင်ခြည်သည် တိမ်တိုက်များသို့ ထိုးဖောက်သွားပြီး ချောက်နက်ပင်လယ်နှင့် တောင်ထွတ်အမျိုးမျိုးပေါ်သို့ ကျဆင်းသွားသည်။ ထို့အတူ ကျောက်ရှာတောင်သည်လည်း နေရောင်ခြည်ကို အလင်းပြန်နေလေသည်။

ကျောက်ရှာတောင်ပေါ်မှ ကျောက်ဆောင်ကျောက်တုံးများသည် သက်တံ့အလင်းကို ထုတ်လွှတ်နေကြသည်။ နေရောင်ခြည်၏ အလင်းပြန်မှုအောက်တွင် ယင်းက မြင့်မြတ်ထည်ဝါသော ရောင်ခြည်စက်ကွင်းတစ်ခုပမာ တုနှိုင်းမဲ့ရှုခင်းဖြစ်လာသည်။

အဝေးမှကြည့်လျှင် ယင်းသည် ပင်လက်နက်ထဲမှ ထိုးထွက်နေသော သက်တံ့တောင်ကြီးတစ်တောင်နှယ် အလင်းအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး နေရောင်ခြည်၏ ထွန်းလင်းမှုအား အန်တုရန် ကြိုးစားနေပုံပေါ်သည်။

သက်တံ့အလင်းသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ကောင်းကင်သည် ပို၍လင်းထိန်လာပြီး နေလုံးသည် အပေါ်သို့ ဆက်လက်မြှောက်တတ်သွားသောအခါ ကျောက်ရှာတောင်ပေါ်မှ သက်တံ့အလင်းသည် ပို၍တောက်ပလာပြီး အရပ်မျက်နှာပေါင်းစုံသို့ ရောင်စုံအလင်းများကို ဆက်လက်ထုတ်လွှတ်နေသည်။

အဘယ်ကြောင့် သူဖြတ်လျှောက်သွားခဲ့သည့် နေရာတိုင်းနှင့် ကျောက်ဆောင်ကျောက်တုံးများတွင် သွေးမျိုးစက်တုံ့ပြန်မှု ရှိနေရသနည်း။

သူ၏ အနီးနားတွင် မိဘများ၏ အုတ်ဂူရှိနေသည်ဟု အာရုံခံမိသော်လည်း အဘယ်ကြောင့် သူရှာမတွေ့ရသနည်း။

“ ငါတို့မိဘတွေကို ကျောက်ရှာတောင်ပေါ်မှာ ငါမြှုပ်ထားတယ် ”

ယင်းသည် အတိတ်၌ ရွှီချင်းကို ကျစ်လွီဆဲ့အိမ်ရှေ့စံ ပြောသွားခဲ့သော စကားဖြစ်သည်။

ယခုတော့ ထိုစကား၏ နောက်ကွယ်မှအဓိပ္ပာယ်ကို ရွှီချင်း နားလည်သွားချေ၏။

“ အဖေနဲ့ အမေရဲ့ အုတ်ဂူက ကျောက်ရှာတောင်ကိုယ်တိုင်ပဲ… သူတို့ကို ဒီတောင်ရဲ့ အတွင်းပိုင်းထဲမှာ မြှုပ်ထားတာဖြစ်မယ်… ဒါကြောင့် ဒီတောင်ပေါ်ကို ငါခြေချလိုက်တာနဲ့ ငါ့သွေးမျိုးစက်ရဲ့ လမ်းညွှန်မှုကို အာရုံခံမိတာဖြစ်မယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ ကျောက်ရှာတောင်ကို ကြည့်လိုက်သည်။ သူသည် ဤတောင်၏ အတွင်းပိုင်းထဲထိ ဝင်ရောက်ချင်သည်။ သို့သော် ကျောက်ရှာတောင်သည် ထူးခြားသည်။ လက်ရှိသူ၏ ကျင့်ကြံခြင်းဖြင့် ထိုသို့မလုပ်ဆောင်နိုင်ပေ။

အချိန်ကြာညောင်းစွာ ကုန်ဆုံးသွားသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ ဒူးထောက်ချလိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် ‌ကျောက်ဆောင်တစ်ခုကို ထိတွေ့လိုက်ပြီး ခေါင်းနှိမ့်ကာ ဦးညွတ်လိုက်သည်။

ဤနေရာတွင် မည်သူမှ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ပေ။ သို့ဖြစ်၍ ရွှီချင်း ခေါင်းနှိမ့်ထားသည်ကို မည်သူမှ မမြင်တွေ့နိုင်ပေ။ ရေစက်များသည် သူ၏ မျက်နှာနှင့် နှာခေါင်းထိပ်ပေါ်သို့ စီးကျလာပြီး ကျောက်ဆောင်နက်ကို စိုရွှဲသွားစေသည်။

ကျောက်ရှာတောင်ပေါ်မှ သက်တံ့အလင်းရောင်သည်သာ ဆက်လက် ဖြန့်ကြက်နေပြီး ယင်းက နူးညံ့သိမ်မွေ့သော လက်တစ်ဖက်အသွင်သို့ ပြောင်းလဲသွားကာ ရွှီချင်း၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ညင်သာစွာ ပုတ်ပေးနေသယောင်။

အချိန်အတော်အသင့်ကြာ ငိုပြီးနောက် ရွှီချင်းသည် သူ၏ နဖူးဖြင့် ကျောက်ဆောင်ကိုထိ၍ ဦးချလိုက်သည်။

“ အဖေ… အမေ… အေးအေးချမ်းချမ်း အနားယူကြပါ ”

ရွှီချင်းသည် သူတစ်ယောက်သာ ကြားနိုင်သောအသံဖြင့် တုန်ယင်စွာ ပြောသည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် ခေါင်းပြန်မော့လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မျက်ရည်တစ်စက်မှ မရှိတော့ပေ။

သူသည် မတ်တတ်ရပ်လိုက်ပြီး တောင်အောက်သို့ တိတ်ဆိတ်စွာ ဆင်းသွားသည်။

အဆုံးမဲ့ နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ဖြန့်ကြက်ထားလျက် ရွှီချင်း၏ နောက်ကျောပုံရိပ်ကို အလင်းပြန်နေသလို ကျောက်ရှာတောင်ကိုလည်း လုံးဝထွန်းလင်းပေးနေသည်။

ရောင်စုံအလင်းသည် အလွန်စူးရှတောက်ပပြီး ခမ်းနားထည်ဝါ၏။

ရွှီချင်းသည် ထွက်ခွာသွားသည်။

သူ၏ ဆန္ဒသည် မည်သည့်အခါကမှ မရောထွေးခဲ့ချေ။ သူသည် ကျောက်ရှာတောင်သို့သွားရောက်ပြီး သူ့မိဘများ၏ အုတ်ဂူကို အရိုအသေပေးချင်ရုံ ဖြစ်၏။

အချိန်တစ်ခဏကြာပြီးနောက် တောင်ခြေသို့ လျှောက်သွားနေသော ရွှီချင်းသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး သက်တံ့တောင်ကို အချိန်ကြာကြာ ကြည့်လိုက်သည်။

“ တကယ်လို့ အနာဂတ်မှာ ဘာနောင်တရစရာမှ ငါ့မှာမရှိတော့တဲ့အချိန် ဒီမှာနေချင်တယ် ”

ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး အတွေးအားလုံးကို ရုပ်သိမ်းလိုက်သည်။ အရှေ့သို့ ဆက်လျှောက်သွားစဉ် သူ၏ မျက်လုံးထဲ၌ အေးစက်မှုပြန်ထွက်ပေါ်လာသည်။ သူ၏ ခြေလှမ်းများသည် မြဲမြံလာသည်။

သူသည် ကျောက်ရှာတောင်အပြင်ဘက် ချောက်နက်ပင်လယ်အောက်ရှိ တောင်ကြားတစ်ခုသို့ သွားရောက်တော့မည်ဖြစ်သည်။ ထိုနေရာသည် ကျောက်ရှာတောင်နှင့်မဝေးပေ။ ထို့အပြင် ယင်းသည် မှတ်တမ်းများအရ ကျောက်ရှာအလင်းထွက်ပေါ်ခဲ့သော နောက်ဆုံးနေရာဖြစ်သည်။

သူသည် ထိုနေရာတွင် သဲလွန်စများရှိနိုင်မည်လောဟု သွားရောက်စစ်ဆေးကြည့်မည် ဖြစ်သည်။

ချောက်နက်ပင်လယ်အောက်မှ ကမ္ဘာသည် ပင်လယ်ထက်မှ ကမ္ဘာနှင့် အတော်ခြားနားပေသည်။ မြူခိုးနှင့် နေရောင်ခြည်သည် သီးခြားတည်ရှိပြီး အအေးဓာတ်နှင့် အနွေးဓာတ်သည် သီးခြားတည်ရှိသည်။

ရွှီချင်းသည် ကျောက်ရှာတောင်တစ်လျှောက် အမှောင်ထုထဲသို့ ဆင်းသွားသည်။ သူ၏ အလျင်သည် မြန်သထက် ပို၍မြန်လာလေရာ သူ၏ အနောက်တွင် ကြွင်းကျန်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ သူသည် ကျောက်ရှာတောင်၏ အောက်ခြေသို့ရောက်သည်အထိ အမှောင်ထုထဲသို့ ဆက်လက်တိုးဝင်သွားသည်။

All Chapters