← Chapters

သိုးဝဝကြီး

Vol. 1 Ch. 1

သိုးဝဝကြီး

Vol. 1 Ch. 1

တစ်နှစ်တစ်ကြိမ်ကျင်းပသည့် အစိုးရဝင်ခွင့်စာမေးပွဲကြီးတွင်ဖြစ်သည်။ ကောင်းကင်သည် မှောင်ရိပ်သန်းနေဆဲဖြစ်ပြီး ကောင်းယွမ်စာမေးပွဲဖြေဆိုခန်းသည် ရှီးဖင့်စံအိမ်တော်တွင်ဖြစ်သည်။ လျန်ကျိုးဒေသတစ်ခွင်၌ လူများစွာတို့ဖြင့် ထူထပ်နေ၏။ စာမေးပွဲဖြဆိုခန်းသို့ လိုက်လံပို့ဆောင်ကြသည်တွင် အမိန့်ကိုထိန်းသိမ်းနာခံရန် လက်အောက်ငယ်သားများ၊ မိသားစုများ၊ ဆွေမျိုးသားချင်းများနှင့် အဖော်ပြုလိုက်ပါပေးသည့် အစေအပါးများလည်း ပါရှိလေရာ သက်ဝင်လှုပ်ရှားနေကြသူများ ထောင်ချီရှိနေတော့သည်။

များစွာသော စာမေးပွဲဖြေဆိုသူများသည် မတူကွဲပြားကြ၏။ ယုံကြည်ချက်ပြည့်ဝနေသည့် စာသင်သားများရှိသကဲ့သို့ ဖျတ်လတ်တက်ကြွနေသည့် စာသင်သားများလည်းရှိသည်။ အချို့မှာ ဘဝင်လေဟပ်နေသော စာသင်သားအသစ်လေးများဖြစ်ကြ၏။ စာမေးပွဲဖြေဆိုခန်းတွင်း၌ ဆိတ်ငြိမ်အေးဆေးစွာသော စစ်မှုထမ်းဟောင်းများရှိသကဲ့သို့ ဆံဖြူများဖြင့် ထင်ယောင်ထင်မှားဖြစ်နေကြသေးသည့် စာသင်သားအိုကြီးများလည်း ရှိလေသည်။

ထိုလူများအားလုံးသည် သူတို့၏စိတ်တွင်းမှ စိုးရိမ်ပူပန်နေမှုအား ဖုံးကွယ်၍ ဂရုမစိုက်ဟန်ဆောင်နေသည်ဖြစ်စေ၊ အခြားသူများနှင့် စကားစမြည်ပြောဆိုနေကြသည်ဖြစ်စေ ကောင်းယွမ်၏ဂိတ်ပေါက်ကိုတော့ဖြင့် ချွင်းချက်မရှိ အထူးသတိမူကြပေသည်။ တစ်နှစ်လျှင် အခွင့်အရေး တစ်ကြိမ်သာရှိ၏။ ထို့ပြင် ၎င်းမှာ မကြာမီစတင်တော့မည်ဖြစ်လေရာ ကိစ္စများကို နှောင့်နှေးစေ၍မဖြစ်ချေ။

ထိုလူအုပ်ကြီးတွင်း၌ အမှန်တကယ် ဘာကိုမျှဂရုမစိုက်ဘဲနှင့် ရှေ့နောက်လျှောက်လျက် ဟိုသည်လျှောက်ကြည့်နေကာ စတင်ရန်စောင့်ဆိုင်းနေသူတစ်ဦး ရှိပေသည်။ ထိုသူမှာ ခန္ဓာကိုယ်နှင့်ကိုက်ညီခြင်းမရှိလှသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် တာ့အိုဝတ်ရုံအား ဝတ်ဆင်ထားသည့် ၁၅နှစ်၊၁၆နှစ်အရွယ်ခန့်ရှိ လူငယ်လေးတစ်ဦးဖြစ်သည်။ လူငယ်လေး၏ရုပ်ရည်မှာ နူးညံ့သိမ်မွေ့၍ ပိန်ပိန်ပါးပါးခန္ဓာလေးဖြစ်သည်။ ဝိုင်းစက်သည့် မျက်လုံးကျယ်ကျယ်တို့မှာ အရှိန်အဝါတို့ ပြည့်နှက်နေလျက် လူတို့အား ရင်းနှီးကျွမ်းဝင်မှုတစ်မျိုးကို ခံစားရစေသည်။

ရုတ်ချည်းဆိုသလိုပင် လူငယ်လေးမှာ သူ၏ပစ်မှတ်အား ရှာဖွေတွေ့ရှိသွားပုံရကာ ရှေ့တည့်တည့်သို့ ခြေလှမ်းအနည်းငယ်လျှောက်လှမ်း၍ ချမ်းသာကြွယ်ဝဟန် ဝတ်ဆင်ထားသည့် ဝဖိုင့်ဖိုင့်စာသင်သားအား ပြော၏။

“ဒီငယ်သားက ချင်းယန်ဖြစ်ပြီး ယဉ်ကျေးစွာနှုတ်ဆက်ပါတယ်”

ထိုဝဖိုင့်ဖိုင့်စာသင်သား၌ အတူလိုက်ပါလာသည့် စွေဆစာင်းစောင်း လက်အောက်ငယ်သားတစ်ဦးရှိ၏။ သူတို့ရှေ့ရှိ လူငယ်အား မြင်သောအခါ ထိုလက်အောက်ငယ်သားသည် လက်ကိုဆန့်ထုတ်၍ တွန်းထုတ်လျက်

“သွားစမ်း သွားစမ်း.. ငါတို့သခင်လေး ခန်းမထဲဝင်မယ့်လမ်းကို ပိတ်မနေစမ်းနဲ့။ ငါတို့သခင်လေးရဲ့ စာမေးပွဲဖြေဆိုမှုကို နှောင့်နှေးစေခဲ့မိရင် မင်းလိုတာအိုကျင့်ကြံသူတစ်ယောက်က ကိုယ့်ကိုယ်ကိုအပြစ်တင်ဖို့ တတ်နိုင်မှာမဟုတ်ဘူး”

ဝပြောသည့်သိုးကြီးကို ပက်ပင်းတွေ့ဆုံပြီးမှတော့ အဘယ်ကြောင့်များ ထွက်ပြေးခွင့်ပြုနိုင်ပါမည်နည်း။ တာ့အိုကျင့်ကြံသူလေးချင်းယန်သည် ဝဖိုင့်ဖိုင့်စာသင်သားအား ငေးစိုက်ကြည့်နေလျက် ထိုနေရာ၌သာ မလှုပ်မယှက် ရပ်နေခဲ့သည်။

ဝဖိုင့်ဖိုင့်စာသင်သားသည် တာ့အိုကျင့်ကြံသူချင်းယန်နှင့် အငြိုးအာဃာတမရှိလေရာ အချိန်အတော်ကြာ စောင်းငဲ့ကြည့်နေခဲ့ပြီးနောက် ပြောလာခဲ့သည်။

“မင်းဘာလို့ ငါသွားမယ့်လမ်းကိုပိတ်နေရတာလဲ”

တာ့အိုကျင့်ကြံသူချင်းယန်က အဆောင်လက်ဖွဲ့တစ်ခုအား ထုတ်ယူ၍ လက်ထဲတွင် ကိုင်ထားလျက်ဖြင့်

“ဒီကလူငယ်လေးက ပါရမီထူးချွန်ပြီး အင်အားကြီးမား ကြွယ်ဝချမ်းသာတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သခင်လေးက နာမည်ကျော်ကြားတဲ့ မိသားစုကြီးတစ်စုကဖြစ်ပါလိမ့်မယ်။ သခင်လေးအတွက် ကွက်တိသင့်တော်မယ့် ကံကောင်းစေမယ့်အဆောင်လေး ကျွန်တော့်မှာရှိနေတယ်။ ဂုဏ်သရေမြင့်မားခြင်းနဲ့အတူ ဒီမှော်စွမ်းအင်အဆောင်လေးက သခင်လေးရဲ့ကံကောင်းခြင်းတွေကို တိုးပွားစေပြီး သခင်လေး အလိုရှိရာကို ရယူအောင်မြင်နိုင်ဖို့ ကောင်းချီးပေးပါလိမ့်မယ်။ ဒီအဆောင်လက်ဖွဲ့အတွက် ငွေစ၅၀ပဲ ကျသင့်ပါတယ်ဗျ”

ကံကောင်းခြင်းတွေတိုးပွားပြီး အလိုရှိရာ အမှန်တကယ်ဖြစ်မြောက်မယ်တဲ့လား။ လောကကြီးမှာ အဲ့လိုပစ္စည်းကောင်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာတဲ့လဲ..

နောက်တွင်ရပ်နေသည့် လူကြီးမှ ထပ်မံ၍ ပြောလာပြန်သည်။

“ဒီလူလိမ်ကောင်လေးကတော့ မရိုးမသားပရိယာယ်တွေနဲ့ ငါတို့သခင်လေးကို တကယ်ကြီး လာလိမ်နေတာပဲ။ မင်းအခု ထွက်မသွားဘူးဆိုရင် ယုံချင်ယုံ မယုံချင်နေ ငါမင်းကို တရားရုံးတော်ကိုပို့ပစ်မယ် နားလည်လား”

ထိုလူကြီးမှ တစ်စုံတစ်ရာပြုမူတော့မည်ကိုမြင်သောအခါ ဝဖိုင့်ဖိုင့်စာသင်သားသည် ထိုလူအား ဆွဲ၍ တာ့အိုကျင့်ကြံသူဘက်သို့လှည့်ကာ ပြောခဲ့၏။

“ဒီမှော်စွမ်းအင် အဆောင်လက်ဖွဲ့က တကယ်ပဲ ကံကောင်းခြင်းတွေ တိုးပွားစေပြီး ငါအလိုရှိရာကို ဖြစ်မြောက်စေနိုင်မှာလား”

အစေအပါး၏ ကြိမ်းမောင်းပြောဆိုမှုအပြီးတွင် တာ့အိုကျင့်ကြံသူလေးချင်းယန်သည် သူ၏စီးပွားရေးမှာ အလဟသ ဖြစ်သွားတော့မည်ဟု တွေးနေခဲ့သည်။ စာသင်သားမှ ထိုသို့ပြောလာခဲ့သောအခါ ချင်းယန်မှာ လွန်စွာဝမ်းမြောက်ပျော်ရွှင်သွားခဲ့၍ အလျင်အမြန်ပြောလိုက်သည်။

“ဒါပေါ့ဗျာ။ ဒီအဆောင်လက်ဖွဲ့လေးက ကျွန်တော့်ရဲ့ ဆရာသခင်စုန့်ဟယ့် ၇ရက်ကနေ ရက်ပေါင်း၄၀ထိ သုံးစွဲခဲ့ပြီး ပါရမီကိုးခုနဲ့ သန့်စင်ထားတာမလို့ သေချာပေါက် အကျိုးသက်ရောက်မှုရှိပါတယ်။ ပြီးတော့ ကျွန်တော်လိုလူငယ်လေးက မလိမ်တတ်ပါဘူးဗျာ”

တာ့အိုကျင့်ကြံသူလေးချင်းယန်မှ အတည်ပြုပြောဆိုသည်ကို နားထောင်ပြီးနောက်တွင် ဝဖိုင့်ဖိုင့်စာသင်သားသည် ပီတိရွှင်စွာပြုံးလာခဲ့၏။ စာသင်သားသည် အဆောင်လက်ဖွဲ့အား လက်လှမ်းယူ၍ ခန္ဓာကိုယ်နှင့်နီးကပ်ရာတွင် ဖုံးကွယ်သိမ်းဆည်းလိုက်ပြီးနောက် သူ၏ငယ်သားအား မျက်လုံးတစ်ဖက်မှိတ်ပြလျက် ငွေပေးချေရန်ပြောလိုက်သည်။ မှော်စွမ်းအင်အဆောင်လက်ဖွဲ့များကို မယုံကြည်သူ ရာချီရှိသော်ငြား စာသင်သားသခင်လေး၏ စိတ်ကိုကြည့်ခြင်းအားဖြင့် မဝယ်ယူခြင်းမှာမဖြစ်နိုင်သည်ကို သိရှိနေ၏။ ထို့ကြောင့် လက်အောက်ငယ်သားမှာ စိတ်မပါလက်မပါဖြင့် ငွေစ၅၀အားထုတ်၍ ချင်းယန်အား ပစ်ပေးလိုက်လေသည်။

စီးပွားရေးမှာ လွယ်ကူစွာ ပြီးစီးသွားခဲ့သည်။ တာ့အိုကျင့်ကြံသူလေးချင်းယန်သည် ဇွဲကြီးလှသော အားစိုက်ထုတ်မှုများကို အသင့်ပြင်လျက် ကျောက်စိမ်းရိုင်းအဆောင်လက်ဖွဲ့ နောက်တစ်ခုကိုထုတ်ယူ၍ တီးတိုးပြော၏။

“မှော်စွမ်းအင်အဆောင်လက်ဖွဲ့အပြင် ကျွန်တော့်မှာ ပိုကောင်းတဲ့ရတနာလေးဖြစ်တဲ့ ဒီအောင်နိုင်သူအဆောင်လေးရှိသေးတယ်ဗျ။ ဒီကျောက်စိမ်းအဆောင်လေးရှိနေသ၍ စာမေးပွဲတွေမှာ သွက်လက်ချက်ချာနေပါလိမ့်မယ်။ မှော်စွမ်းအင်အကူအညီနဲ့ ရေးသားဖြေဆိုရင် ကျောင်းတော်တိုင်းမှာ အောင်နိုင်သူဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး”

ဝဖိုင့်ဖိုင့်စာသင်သားမှာ အနည်းငယ်စိတ်လှုပ်ရှားလာခဲ့ပုံရ၍ ပြောလေသည်။

“ဒီကျောက်စိမ်းအဆောင်ကရော ဘယ်လောက်လဲ”

တာ့အိုကျင့်ကြံသူလေးက ၎င်းကိုဆန့်ထုတ်ပြလျက် ပြော၏။

“ကျွန်တော် သခင်လေးကို ဒီအောင်နိုင်သူအဆောင်အတွက် ကျသင့်ငွေတစ်ခုစာပဲယူလိုက်ပါမယ်။ ငွေတုံး၂တုံး(ငွေ၂လျန်)ပါပဲ။ ကျွန်တော့်မှာ သတ္တိကြီးမားလွန်းလို့ ပြောထွက်ရတာမဟုတ်ပါဘူး။ အောင်နိုင်သူအဆောင်ကိုက ဈေးများလွန်းတာပါ။ အဲဒါက ကျွန်တော့်ဆရာသခင်ရဲ့ အနှောင်အဖွဲ့လေးပါ။ အဲဒါကိုသန့်စင်ဖို့အတွက် ဆရာက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတာပါ။ သူ့ကိုယ်သူ ဘာသာရေးထဲကို မြှုပ်နှံလိုက်ပြီးတဲ့နောက်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ စန်းချင်ဘိုးဘေးတွေရဲ့ရှေ့မှောက်မှာ ကိုးကွယ်ခြင်းခံခဲ့ရတာ.. လျန်ကျိုးဒေသတစ်ခုလုံးပါပဲ။ ဒီအဆောင်က အဖိုးမဖြတ်နိုင်ပါဘူး။ သခင်လေးက ဒီအဆောင်ကို တကယ်ပဲ ဈေးပေါပေါနဲ့ရောင်းဝယ်လိုက်မယ်ဆိုရင် သခင်လေးရဲ့သရုပ်နဲ့ ဘယ်လိုက်ဖက်ပါ့မလဲဗျာ”

တာ့အိုကျင့်ကြံသူလေးသည် စကားပြောကောင်းမွန်လှသော်ငြား ဝဖိုင့်ဖိုင့်စာသင်သားက မျက်မှောင်ကြုတ်၍ အေးစက်စွာနှာမှုတ်လျက် ပြောခဲ့၏။

“ငါက တကယ်ကြီး အဲ့လောက်တုံးအတယ်လို့များ မင်းထင်နေလား။ ငါသခင်လေးအတွက် ငွေစ၅၀က ဘာမှဟုတ်မနေဘူး။ ငါ ဝယ်နိုင်တယ်။ မင်းရဲ့မှော်စွမ်းအင်အဆောင်က လူ့စိတ်ကိုဆွဲဆောင်နေပေမယ့် ငါ့ကိုဒေါသပဲထွက်သွားစေခဲ့တယ်။ တကယ်ကို လက်ခံနိုင်စရာမရှိဘူးပဲ။ ခုချက်ချင်း ဒီနေရာကထွက်သွားစမ်း ငါသခင်လေး ဒီထက်ပိုဒေါသထွက်မလာခင် လမ်းဖယ်လိုက်တော့”

သခင်ဖြစ်သူ၏နောက်ရှိလူကြီးမှာ တာအိုကျင့်ကြံသူလေးအား အချိန်အတော်ကြာစောင့်ကြည့်နေခဲ့လေရာ တိုက်ခိုက်ရန်အခွင့်အရေးကို ရှာတွေ့သွားတော့သည်။ ထိုလူသည် ချင်းယန်အား တွန်းထုတ်လျက်

“ငရှုပ်ကောင်လေး နောက်ထပ် ငါ့တို့ရှေ့ပေါ်မလာစေနဲ့”

တာ့အိုကျင့်ကြံသူလေးချင်းယန်သည် ထိုလူများမှာ ဤကဲ့သို့သာပြုမူနိုင်သည်ကို သိထားခဲ့၍ တစ်ဖက်လူမှ မျက်နှာလွှဲသွားသည်ကိုသာ ကြည့်နေခဲ့သည်။ မိမိမှာ ဤကဲ့သို့သော အခြေအနေမျိုးကို အကြိမ်မည်မျှ ကြုံတွေ့ခဲ့ဖူးသည်ကိုပင် မမှတ်မိပါတော့ချေ။ ချင်းယန်သည် အခြားသူများမှ သူ့ကိုတွန်းထုတ်သည်ကို စိတ်မဆိုးပါချေ။ အပြုံးလေးဖြင့်သာ လူအုပ်ကြားထဲမှ ထွက်လာခဲ့ပြီး နောက်ပန်းတိုင်ရှိရာသို့ လျှောက်သွားတော့သည်။

လူအုပ်ကြီးထဲမှ ထွက်လာခဲ့ပြီးနောက်တွင် တာ့အိုကျင့်ကြံသူလေးချင်းယန်၏လက်ထဲ၌ ထွက်သွားခဲ့ပြီးသည့် လက်အောက်ငယ်သားထံမှရရှိသည့် ငွေစအပိုင်းအစလေးများရှိနေ၏။ ချင်းယန်သည် ဆရာဖြစ်သူထံမှ များစွာသော ကလိမ်ကကျစ်နည်းလမ်းမျိုးစုံတို့ကို သင်ယူခဲ့ရသည်။ သို့သော် ထိုနည်းလမ်းများကို သူ အလွယ်တကူ ထုတ်မသုံးပါချေ။ ဤတစ်ကြိမ်မှာ ထပ်ခါတလဲလဲ တွန်းထိုးကျိန်ဆဲနေသည့် ထိုလူအတွက်ဖြစ်သည်။ တဖက်လူအား သင်ခန်းစာပေးလိုက်ခြင်းသာ ဖြစ်ပါ၏။ ထိုလူကြီးမှာ ငွေကြေးထိန်းသိမ်းရာတွင် တာဝန်ယူထားပြီး ဝဖိုင့်ဖိုင့်စာသင်သားအတွက်ဖြစ်သော ငွေစများသည် သူ၏အိတ်ထဲတွင် ရှိနေသည်။ ၎င်းမှာ မြင်နေရသည်ထက် အကြောင်းများစွာရှိနေနိုင်သေးပါ၏။

စာမေးပွဲဖြေဆိုသူများသည် ယာယီစာမေးပွဲခန်းမတွင်းသို့ စတင်ဝင်ရောက်ကြ၍ အပြင်ဘက်ရှိ ပါရမီရှင်များသည်လည်း ဖြေးဖြေးချင်း နည်းပါးလာခဲ့ပြီဖြစ်သည်။ နေ့တစ်နေ့၏ သုံးပုံတစ်ပုံသောအချိန် ကြာမြင့်ပြီးနောက်တွင် စာမေးပွဲဖြေဆိုသူများမှာ ခန်းမတွင်းသို့ဝင်ရောက်ပြီးဆုံးကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။ တာ့အိုကျင့်ကြံသူလေးချင်းယန်သည်လည်း စီးပွားရေးလုပ်နိုင်စရာ မရှိတော့ချေ။

ဤကဲ့သို့သော အခွင့်အရေးမျိုးသည်သာလျှင် အပူတပြင်းရှာဖွေရန် မလိုအပ်သည်လေ။ စာသင်သားများ၌ တစ်နှစ်လျှင် အခွင့်အရေးတစ်ကြိမ်ရရှိပြီး ချင်းယန်သည်တော့ သူ၏အခွင့်အရေးမှာ မည်သည့်အချိန်၌ ရရှိလိမ့်မည်ကို မသိပါချေ။ ချင်းယန်သည် မိမိ၏လက်မောင်းများကို ထိကိုင်လိုက်သည်။ သူ ယခုတစ်ကြိမ် ယူဆောင်လာခဲ့သည့် အဆောင်လက်ဖွဲ့များ အားလုံးမှာ ရောင်းကုန်သွားခဲ့၏။ ကျောက်စိမ်းအဆောင်၅ခုတွင် တစ်ခုသာ ရောင်းချနိုင်ခဲ့သော်ငြား ခြုံငုံကြည့်ပါက ဝင်ငွေမှာ မဆိုးလှချေ။ အနည်းဆုံးတော့ ဆရာသခင်၏ တစ်နှစ်စာ သေရည်ဖိုးအတွက်တော့လောက်ငှပါ၏။

ချင်းယန်သည် နောက်သို့လှည့်၍ ကောင်းယွမ်စာမေးပွဲခန်းမအား လှည့်ကြည့်ခဲ့သည်။ ထို့နောက်တွင်မှ စိတ်မပါလက်မပါဖြင့် မြို့ထဲမှ ထွက်လာခဲ့တော့၏။ ဤအနည်းငယ်မျှသော ငွေကြေးကိုရှာဖွေရန်အတွက် တာ့အိုကျင့်ကြံသူလေးသည် မနေ့နေ့လည်မှစတင်၍ ဖုချန်းသို့ ခရီးနှင်လာခဲ့ပြီး ကောင်းယွမ်ခန်းမ၏အပြင်ဘက်ရှိ လမ်းကြိုလမ်းကြားများတွင် ညအချိန်ကိုကုန်ဆုံးခဲ့ရသည်။ နေမင်းကြီး မြင့်သထက် မြင့်မားစွာထွက်လာနေသည်မှာ သူမြန်မြန်မလျှောက်ပါက နေ့လည်အမီ အိမ်ပြန်ရောက်နိုင်လိမ့်မည်မဟုတ်ချေ။

တာ့အိုကျင့်ကြံသူချင်းယန်နှင့် ဆရာသခင်စုန့်ဟယ့်သည် အတူတူ နေထိုင်ကြခြင်းဖြစ်၏။ သူတို့နှစ်ဦးမှာ ဖုချန်းနှင့် မဝေးလှသည့် တာ့အိုကျောင်းဆောင်ငယ်တစ်ခုတွင် နေထိုင်ကြခြင်းဖြစ်သော်ငြား တောတောင်လမ်းမှာ ကြမ်းတမ်း၍ သွားလာရန်ခက်ခဲ၏။ ခြေလျင်ဖြင့် အနည်းဆုံး တစ်နာရီခန့် ခရီးနှင်ရပေသည်။

All Chapters