မြေခွေးအိုကြီးနှင့် အမွှေးထူမှင်စာကောင်လေး
Vol. 1 Ch. 2
ကျင့်ကြံသူလေးချင်းယန်သည် မြို့မှထွက်ခွာလာခဲ့၏။ ဦးစွာလမ်းသွယ်တစ်လျှောက် ခဏမျှလျှောက်ပြီးနောက် လမ်းခွဲတစ်ခုသို့ရောက်သည်တွင် တောင်ကုန်းများရှိရာသို့ ဦးတည်သည့် လမ်းငယ်လေးသို့ လျှောက်သွားခဲ့သည်။ နာရီဝက်ကျော်ခန့်လျှောက်၍ တောင်ကြားလမ်းတစ်ခုအားဖြတ်ကျော်ပြီး တောင်နောက်လမ်းမှ တောင်တစ်ဝက်အကွာအဝေးထိ တက်လာခဲ့ပြီးနောက် ခပ်လှမ်းလှမ်းရှိ ပျက်စီးယိုယွင်းနေသော တာ့အိုဘုရားကျောင်းငယ်လေးအား တွေ့မြင်ရလေသည်။
ထိုတာ့အိုဘုရားကျောင်းမှာ လွန်စွာပျက်စီးယိုယွင်းနေ၍ သက်တမ်းမည်မျှကြာမြင့်ခဲ့ပြီမသိရပေ။ ဆွေးမြည့်နေသည့် ရက်မတန်းများ၊ တိုင်လုံးများ၊ ဆွေးမြည့်နေသည့် နံရံများနှင့် နေရာအလုံးစုံမှာ ပြင်ဆင်ဖာထေးရာများဖြင့် ပြည့်နှက်နေသည်မှာ အချိန်မရွေးပြိုလဲကျသွားတော့မည့်ကဲ့သို့ပင်…။ တာ့အိုဘုရားကျောင်းလေးမှာ အချင်းဝက်၂ပေ၊၃ပေခန့်မျှသာရှိ၍ တံတိုင်းခြံဝင်းလည်း မရှိချေ။ ဝင်ပေါက်သို့ဝင်လိုက်သည်နှင့် ပင်မခန်းမသို့ရောက်သွားမည်ဖြစ်ပြီး ပင်မခန်းမ၏ ဘေးနှစ်ဖက်၌သာ အနားယူရန် နေရာလွတ်ငယ်လေးများရှိသည်။
ပင်မခန်းမသည် ဘာမျှမရှိဘဲနှင့် ရှင်းလင်းနေသည်ဖြစ်ရာ တစ်ချက်ကြည့်ရုံမျှဖြင် အလုံးစုံမြင်တွေ့နိုင်ပြီး တာ့အိုဘုန်းတော်ကြီးဆရာသခင်စုန့်ဟယ့်သည်တော့ အဘယ်သို့ရောက်သွားသည်မသိချေ။ ချင်းယန်မှ တွေးတောနေဆဲတွင် လူအိုကြီးတစ်ယောက်၏အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“အမွှေးထူမှင်စာကောင်လေး ဘာလို့ဒီအချိန်မှပြန်လာတာလဲ။ ငါ့ကို အဆာလွန်ပြီးသေစေချင်လို့လား”
ချင်းယန်သည် ဘုရားကျောင်းနောက်ဘက်မှထွက်လာသည့် အသံနောက်သို့လိုက်သွားရာ သစ်ပင်အောက်တွင် ခွေခေါက်လဲလျောင်းနေသည့် ပရမ်းပတာဆန်လှသည့်ပုံစံဖြင့် ဆရာသခင်ဖြစ်သူအား မြင်လိုက်ရသည်။ ကျင့်ကြံသူလူအိုကြီးမှာ ဆံပင်ဖြူများအပြင် မုတ်ဆိတ်မွေးဖြူများရှိနေ၍ ဟောင်းနွမ်းစုတ်ပြတ်သည့် တာ့အိုကျင့်ကြံသူဝတ်ရုံအား ဝတ်ဆင်ထားသည်။ လူအိုကြီးမှာ ပိန်ပါးပါးခန္ဓာကိုယ်နှင့် မျက်နှာမှာ နီမြန်းနေကာ လက်တစ်ဖက်မှာ ခါယမ်းလှုပ်ရှားနေ၍ တစ်ဖက်မှာ ဦးခေါင်းနောက်ဘက်တွင်ထားရှိ၏။ ဟောင်းနွမ်းစုတ်ပြတ်နေသောအဝတ်အစားကြောင့်သာ မဟုတ်ပါက သူ၏မျက်နှာမှာ ကလေးဆန်သည့်မျက်နှာဟု သတ်မှတ်နိုင်ပေသည်။
ထိုတာ့အိုကျင့်ကြံသူအိုကြီးမှာ တခြားသူမဟုတ်ပေ။ ချင်းယန်၏ ကျင့်ကြံသူဆရာသခင်စုန့်ဟယ်ဖြစ်သည်။ တာ့အိုဘုရားကျောင်းအိုကြီးနောက်တွင် သေရည်သိုလှောင်ရုံကြီးရှိသည်။ အနံ့ခံကြည့်ပါက ဆရာသခင်၏နောက်တွင် သေရည်နံ့ခပ်ရေးရေးကို ခံစားမိနိုင်မည်ဖြစ်ပြီး ထိုဆရာအိုကြီးမှ မည်မျှပမာဏ သောက်ထားသည်ကိုတော့ ချင်းယန်လည်း မသိပါချေ။ နေ့လည်ခင်းပင် မရောက်သေးသော်ငြား သူ၏ဆရာသခင်ဖြစ်သူမှာ သေရည်ယစ်မူးနေပေပြီ။
ဆရာသခင်ဖြစ်သူ၏ သောကကင်းဝေးနေပုံကို ကြည့်ရင်းဖြင့် ချင်းယန်မှာ ရုတ်ချည်း မကျေမနပ်ခံစားသွားရ၍ပြောလိုက်သည်။
“ကျွန်တော့်ကို အမွှေးထူမှင်စာလေးလို့ပြောတော့ ဆရာကရော ဘာများလဲဗျ။ ကျွန်တော့်မှာတော့ ပိုက်ဆံရှာဖို့ အပြင်မှာကြိုးစားလိုက်ရတာ။ ဆရာကတော့ အိမ်မှာပဲ လှဲနေပြီးပျော်ပါးနေတယ်။ အရက်ပဲသောက်နေတာကို ကျွန်တော်က ပြန်ရောက်လာတာနဲ့ ချက်ပြုတ်ပေးရဦးမယ်တဲ့။ ဘယ်လိုအကြောင်းပြချက်နဲ့မလို့ လုပ်ပေးရမှာလဲ”
ကျင့်ကြံသူအိုကြီးက အနည်းငယ်မှ မျက်လုံးစောင်းငဲ့ကြည့်၍ ပြုံးလိုက်၏။
“ငါက မင်းဆရာလေ.. ပြီးတော့ ငါ့ရဲ့တပည့်ဖြစ်နေဆဲကာလမှာ ငါ့ကိုအလုပ်အကျွေးပြုဖို့က လျော်ကန်တဲ့အရာပဲ။ ငါ့မှာ မင်းကိုမြှင့်တင်ပေးဖို့ အများကြီးကြိုးစားခဲ့ရတာ.. အဲဒါတွေအားလုံးက ဒီနေ့အတွက်ပဲ မဟုတ်လား။ ဒီနေ့လိုအတွက်မှမဟုတ်ရင် ဘာအတွက်ဖြစ်ရမှာလဲ”
ကျင့်ကြံသူလေးချင်းယန်မှာ အေးစက်စွာနှာမှုတ်လိုက်၍
“ဒါက ဆရာကျွန်တော့်ကို တောင်ပေါ်လိုက်လာခဲ့ဖို့ လိမ်ညာရတဲ့အကြောင်းရင်းဖြစ်နေမှာ စိုးရွံ့မိပါတယ်။ မြေခွေးအိုကြီး ခင်ဗျားကြောင့်သာမဟုတ်ရင် ကံကောင်းရင် ကျွန်တော် အခုနေ ရှီးဖင့်စံအိမ်တော်ရဲ့ကောင်းယွမ်မှာ စာမေးပွဲဖြေဖို့ ထိုင်နေရလောက်တယ်။ ပိုကံကောင်းရင် တစ်ကြိမ်တည်းနဲ့ ကျောင်းတော်တစ်ခုကိုဝင်နိုင်ပြီး ကျွန်တော့်ဘဝရဲ့ဒုတိယအပိုင်းအခြားမှာ အနာဂတ်အတွက်တိုးတက်ခြင်းတွေနဲ့ကြီးပွားချမ်းသာခြင်းတွေ လုံးဝအတိုင်းမသိဖြစ်နေလောက်မှာ။ ဘာပဲဖြစ်ဖြစ် ဒီတောင်ပေါ်မှာ ရွှံ့စေးရုပ်တွေ သစ်သားရုပ်တွေနဲ့ အဖော်ပြုနေရတာထက်စာရင် ပိုကောင်းတယ်”
ချင်းယန်၏စကားများကိုကြားပြီးနောက်တွင် ကျင်ကြံသူအိုကြီးစုန့်ဟယ့်သည် ရုတ်ချည်း မျက်ခုံးပင့်လာခဲ့၍ ဒေါသတကြီးဖြင့်ပြောတော့၏။
“ဒီကျေးဇူးမသိတတ်တဲ့ အမွေးထူကောင်စုတ်လေးကတော့ ဆရာက တောင်ပေါ်ခေါ်လာခဲ့တာကြောင့်သာမဟုတ်ရင် မင်း မပြေမလည်တဲ့ အခြေအနေမှာပဲ ရှိနေမှာလေ။ မင်းမေကြီးတော် ငါအဆာလွန်ပြီးသေတော့မယ်ဟ”
ချင်းယန်မှ စုန့်ဟယ့်အား မြေခွေးအိုကြီးဟုခေါ်ဆိုသည်မှာ မှားယွင်းသည်တော့ မဟုတ်ပါချေ။ ထိုကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ ချင်းယန်ငယ်ရွယ်စဉ်မှ ချင်းယန်အား ပြန်ပေးဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်။ စားသောက်ပျော်ပါးခြင်း၊ လောင်းကစားခြင်း၊ ကြက်များ၊ခွေးများခိုးယူခြင်းစသည်တို့ဖြင့် စုန့်ဟယ့်မလုပ်ခဲ့ဖူးသည့် မကောင်းမှုဟူ၍ မရှိချေ။ သို့မဟုတ်ပါက ချင်းယန်သည်လည်း ထိုအရည်အချင်းများကို သင်ယူခွင့်ရခဲ့လိမ့်မည်မဟုတ်ချေ။
စုန့်ဟယ့်သည်လည်း သာမန်လူများကို ထိုအရည်အချင်းများဖြင့် အနိုင်ကျင့်သည်တော့ သေချာပေါက်မဟုတ်ရပေ။ ၎င်းတို့မှာ သူ၏မိမိကိုယ်ကို ကာကွယ်သည့် နည်းလမ်းများသာဖြစ်၏။ မြစ်ချောင်းအင်းအိုင်များမှာ(သိုင်းလောက) အန္တရာယ်ကြီးမား၍ ရုန်းကန်ရှင်သန်ရန်ခက်ခဲသည်။ မိမိကိုယ်ကိုကာကွယ်ရန်နည်းလမ်းများ အလျဉ်းမရှိပါက ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ မည်သို့များ ယခုချိန်ထိ ငြိမ်းအေးစွာနေထိုင်နိုင်ပါမည်နည်း။
သို့သော် ကျင့်ကြံသူလေးချင်းယန်၏စကားများမှာ မမှားယွင်းပေ။ ချင်းယန်မှာ အမှန်တကယ်ပင် လွန်ခဲ့သည့်ဆယ်နှစ်တွင် စုန့်ဟယ့်၏အဓမ္မခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ချင်းယန်သည် ရှီးဖင့်စံအိမ်တော်အောက်ရှိ မြို့ငယ်လေးတစ်မြို့တွင် နေထိုင်ခဲ့သူဖြစ်ပြီး သူ၏မိသားစုနောက်ခံမှာ မဆိုးလှပေ။ မိဘများကွယ်လွန်သွားပြီးနောက် ယောက်ဖဖြစ်သူနှင့် နေထိုင်ခဲ့သည်။ ချင်းယန်၏ယောက်ဖဖြစ်သူသည် စင်ကြယ်သောအကျင့်သီလမရှိသည်မှာ နှမြောဖွယ်ဖြစ်၏။ ချင်းယန်မှာ အသက်၅နှစ်၊၆နှစ်အရွယ်လေးတွင် များစွာခံစားခဲ့ရပေသည်။
ပုံမှန်ဖြစ်နေခဲ့သည့် အခြေအနေများအရ ချင်းယန်သည် မိမိမှာ အရွယ်ရောက်သည်အထိ ကြီးပြင်းနိုင်လိမ့်မည်ဟုမသေချာခဲ့ချေ။ ထို့နောက်တွင် ထိုမြို့ငယ်လေးသို့ လာရောက်လည်ပတ်သည့် စုန့်ဟယ့်နှင့် တွေ့ဆုံရန် ဖြစ်လာခဲ့သည်။ သနားချင့်စဖွယ်ချင်းယန်အား မြင်တွေ့ခဲ့သည်တွင် စုန့်ဟယ့်သည် ချင်းယန်ကိုတောင်သို့ခေါ်နိုင်ရန်အတွက် သစ်သီးယိုသကြားလုံးများစွာကို အသုံးပြုခဲ့ရပေသည်။
စုန့်ဟယ့်သည် ချင်းယန်အား တောင်ပေါ်သို့ ပြန်ပေးဆွဲခေါ်ဆောင်လာခဲ့ခြင်းဖြစ်သော်ငြား အသက်ကယ်ခဲ့သည်ဟုလည်း သတ်မှတ်နိုင်ပါ၏။ ချင်းယန်မှာ ချေပနိုင်စွမ်းမရှိချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့်သာ ပြန်ပြောခဲ့သည်။
“အဲဒါကြောင့်မလို့ ဆရာ ကျွန်တော့်ကိုလိမ်ခဲ့တာပေါ့လေ။ အစတုန်းက ဆရာက ကိုယ့်ကိုယ်ကို နတ်ဘုရားမျိုးဆက်လို့ပြောပြီး လူအများစုက မသေမျိုးတွေဖြစ်လာနိုင်တယ်လို့ပြောတယ်။ ကျွန်တော် ဆရာ့နောက်ကိုလိုက်ပြီး တောင်ပေါ်ကိုလိုက်ခဲ့တော့ လူတိုင်းမနာလိုအားကျရတဲ့သူဖြစ်လာခဲ့တယ်။ ဒီနှစ်တွေအတွင်း ဆရာ ကျွန်တော့်ကို ဘာတွေများ သင်ပေးခဲ့လို့လဲ။ အကုန်လုံးက လိမ်လည်တာနဲ့လှည့်ကွက်တွေချည်းပဲ။ မြေခွေးအိုကြီးမဟုတ်လို့ တခြားဘာများဖြစ်နိုင်ဦးမှာလဲ”
တပည့်ဖြစ်သူထံမှ ထုတ်ဖော်အပြောခံလိုက်ရသောအခါ စုန့်ဟယ့်၏အိုမင်းသည့်မျက်နှာကြီးမှာ ရှက်သွေးဖြာသွား၏။
“လိမ်လည်လှည့်စားတယ်ဆိုတာလည်း အရည်အချင်းတစ်ခုပဲမဟုတ်လားကွာ။ အဲဒါကိုသင်ယူပြီးလည်း မိသားစုကိုထောက်ပံ့နိုင်ပါတယ်ကွ”
“ဘယ်လိုပဲဖြစ်ဖြစ် ဆရာ ကျွန်တော့်ကိုလိမ်ခဲ့တာပဲလေ”
ချင်းယန်သည် ယိမ်းယိုင်မသွားခဲ့ချေ။
“အဲဒါတော့ ငါ့ကိုအပြစ်တင်လို့မရဘူးလေ။ ငါ့ဆရာလည်း ငါ့ကို အဲ့လိုပဲလှည့်စားပြီးခေါ်လာခဲ့တာပဲ။ အခုငါတို့တာ့အိုဘုရားကျောင်းမှာ လက်ဆင့်ကမ်းလာတာက အဲဒီ့ပရိယာယ်နည်းလမ်းတွေနဲ့ ပြန်ပေးဆွဲတဲ့နည်းလမ်းတွေချည်းပဲလေ။ ငါမင်းကို ပြောမပြခဲ့လို့လား”
ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည်လည်း သူ၏မကျေနပ်ချက်များကို ပြောပြလာ၏။
“တာ့အိုကျင့်ကြံသူကြီးရယ် ငါမင်းကို ငါ့တစ်ကိုယ်လုံးက အရည်အချင်းတွေအကုန် ပေးပြီးပါပြီ။ အခု ဒီတာ့အိုဘုရားကျောင်းနဲ့ အနောက်ဘက်က သေရည်ကုန်လှောင်ရုံပဲကျန်တော့တယ်လေ။ မင်းစဉ်းစားရသမျှ အကုန်ယူမလား။ သေရည်သိုလှောင်ရုံက ငါတို့တာ့အိုဘုရားကျောင်းရဲ့ရတနာပဲ။ ခုထိအရမ်းကြီးမားတဲ့ရတနာလို့ သတ်မှတ်လို့ရသေးတယ်။ ငါဒီနေ့ မင်းကို အဲဒီ့သိုလှောင်ရုံကို ပေးလိုက်မယ်။ အနာဂတ်တစ်နေ့နေ့မှာတော့ မင်းလေ့လာသင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ငယ်ရွယ်စဉ်မှစ၍ ချင်းယန်သည် သေရည်သိုလှောင်ရုံကို အကြိမ်များစွာလေ့လာခဲ့သော်ငြား ထူးခြားမှုတစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ချေ။ ဆရာစုန့်ဟယ့်မှ ထိုသို့ပြောလာသောအခါ ချင်းယန်မှာ နှုတ်ခမ်းတွန့်ကွေးလာခဲ့၍ ပြောလ်ိုက်၏။
‘“အဲဒါကို ယူပါတဲ့လား။ ဘယ်သူယုံမှာလဲ။ စည်းမျဉ်းစည်းကမ်းရှိချင်ယောင်ဆောင်ဖို့ ဆက်ပြီးစည်းမျဉ်းစည်းကမ်းတွေကို လက်ကိုင်ထားတာပဲကောင်းပါတယ်”
ချင်းယန်မှ လှည့်စားမခံရသည်ကိုမြင်သောအခါ စုန့်ဟယ့်သည် သေရည်အိုးကိုကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြုံးလျက်ဖြင့်ပြောလာ၏။
“ငါကတော့ ဆက်သောက်နေမှာပဲဆိုတာ မမေ့နဲ့ဦး။ အမွေးထူမှင်စာလေး မြန်မြန်ချက်ဖို့မလုပ်သေးဘူးလား။ ငါ အဆာလွန်ပြီး သေတော့မလိုဖြစ်နေတာကို ထပ်ပြီးအချိန်ဖြုန်းနေပြန်ပြီ”
သူတို့နှစ်ယောက်မှာ အစဉ်အမြဲ ငြင်းခုံရန်ဖြစ်ကြသည်ကို အလေ့အကျင့်ဖြစ်နေကြပြီး အမွေးထူမှင်စာလေးနှင့် မြေခွေးအိုကြီးဟု အချင်းချင်းခေါ်ဆိုသည်ကြောင့်နှင့် စိတ်ဆိုးမနေကြပေ။ နှစ်ယောက်သားမှာ ဆယ်နှစ်နီးပါးခန့် တစ်ယောက်ကိုတစ်ယောက် မှီခိုနေထိုင်ခဲ့ကြပြီး သူတို့ဆက်ဆံရေးမှာ လွန်စွာနက်ရှိုင်းပေသည်။
ဆရာစုန့်ဟယ့်သာမက ချင်းယန်သည်လည်း ဆာလောင်နေပြီဖြစ်သည်။ ချင်းယန်မြို့ထဲသို့ယူသွားခဲ့သည့် အစာခြောက်အနည်းငယ်မှာ မနေ့ည၌ကုန်သွားခဲ့ပြီဖြစ်သည်။ မနက်ပိုင်း၌လည်း ထပ်မံခရီးနှင်ပြီးနောက်တွင် ဆာလောင်နေသည့်စိတ်မှာ နောက်ကျောထိ ဝုန်းဒိုင်းကျဲလာခဲ့တော့သည်။ ချင်းယန်သည် စုန့်ဟယ့်အား နှုတ်ခမ်းကွေးရုံမျှ ပြုံးပြ၍ နေ့လည်စာပြင်ဆင်ရန် ဘုရားကျောင်းထဲသို့ဝင်သွားခဲ့သည်။
ချင်းယန်နှင့်စုန့်ဟယ့်၏ နေ့လည်စာမှာ ရိုးရှင်းလှသည်။ ဆန်လုံးညိုပြုတ်အနည်းငယ်နှင့် အရွက်ချဉ်တစ်မျိုးသာဖြစ်သည်။ ချင်းယန်သည် အစားအသောက်များပြင်ဆင်ပြီးနောက် နောက်သို့ပြောလိုက်သည်။
“မြေခွေးအိုကြီး ညစာစားမယ်”
“ဆရာကြီး ငါ့ခြေထောက် ထုံနေပြီ။ အစားအသောက်တွေ ယူပေးပါလား”
စုန့်ဟယ့်က ပြောလိုက်သည်။
ဆရာဖြစ်သူမှ အမိန့်ပေးလာသည်ဖြစ်ရာ ချင်းယန်မှာ နာခံရန်သာ တတ်နိုင်၏။ ချင်းယန်သည် ထမင်းပန်းကန်ကိုယူသွားပေး၍ ဘုရားကျောင်းထဲသို့ ပြန်လာခဲ့သည်။ ပြန်လျှောက်လာရင်းဖြင့် တီးတိုးပြောလိုက်၏။
“တကယ် လူတွေကိုခိုင်းနိုင်တာပဲ။ အခုပဲ ထမင်းကို ရှေ့အရောက်ချပေးပါရစေဆိုတာမျိုး အနာဂတ်မှာ အဲဒါမျိုးထပ်မလုပ်ပေးတော့ရင် သူသေချာပေါက် လှုပ်ရှားလာမှာပဲ။ အခုထိတောင် ကိုယ်တိုင် ဘယ်လိုယူစားရမလဲ မသိသေးဘူးတဲ့”
စုန့်ဟယ့်မှာ အကြာအားရုံကောင်းမွန်ပုံရ၏။
“ဘယ်သူက မင်းကို တပည့်အဖြစ်လက်ခံထားတာလဲ။ ငါက ဆရာလေ။ အဲ့တော့ အဲ့ကျင့်ဝတ်အတိုင်းနေကြတာပေါ့။ မင်းလည်း ဆရာတစ်ယောက်ဖြစ်လာတဲ့အခါကျရင် မင်းတပည့်ကို အဲ့လိုခေါ်လေ”
“ဟမ့် ဒါဆိုလည်း ကျွန်တော် တပည့်ကိုများများလေး လက်ခံရမယ်။ အနည်းဆုံး ၄၊၅ယောက်လောက်ပေါ့။ တစ်ယောက်က ခြေထောက်ကိုကန်ပေးဖို့၊ တစ်ယောက်က ယပ်တောင်ခတ်ပေး၊ တစ်ယောက်က အစားအသောက်ပြင်ဆင်ပေးဖို့လေ။ ဒီတပည့်က ဆရာ့ကို အားကျလွန်းလို့ပါ”
ချင်းယန်က ပြောလိုက်၏။