← Chapters

တကယ့်လူစုန့်ဟယ်

Vol. 1 Ch. 3

တကယ့်လူစုန့်ဟယ်

Vol. 1 Ch. 3

“ဟေး မင်းမပြောရင် ငါမေ့သွားတော့မလို့.. ငါ့ခြေထောက်တွ ထုံကျင်နေတာ တစ်ချက်‌လောက်လာပြီး နှိပ်ပေးစမ်းပါဦး”

စုန့်ဟယ့်က ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြော၏။

ကျင့်ကြံသူလေးချင်းယန်သည် ကျောက်တုံးတစ်တုံးကောက်ယူပြီး ပစ်လိုက်ရန် တွေးလိုက်သော်ငြား မမျှော်လင့်ဘဲနှင့် မိမိခြေထောက်ကိုသာ ထုမိသွားလေသည်။ သို့သော် ဆရာသခင်မှ ခိုင်းစေပါက လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ချင်းယန်သည် ပန်းကန်လုံးကို ဘေးသို့ဖယ်၍ အင်္ကျီလက်ကိုခေါက်တင်လျက် ဆရာသခင်ဖြစ်သူ၏ခြေထောက်ကို ထုထောင်းပေးရန်ပြင်လိုက်သည်။

ထိုအချိန်၌ လေထဲမှ ‌ငှက်သံတစ်သံကိုကြားလိုက်ရ၍ မော့ကြည့်လိုက်ရာ ပျံသန်းနေသည့် အနီရောင်ငှက်လေးကို မြင်လိုက်ရသည်။ ငှက်နီလေးသည် လေ၌ရစ်ဝဲနေပြီးနောက် စုန့်ဟယ့်၏‌ ဦးခေါင်းထက်ရှိ သစ်ကိုင်းတစ်ခုပေါ်တွင် နားခိုခဲ့သည်။ ထို့နောက် တောင်ပံလေးများကို ခါယမ်းလိုက်ရာ ဖုန်မှုန့်များစွာထွက်ပေါ်လာခဲ့၏။

စုန့်ဟယ့်မှာ သစ်ပင်အောက်ရှိ ကျောက်တုံးထက်တွင် သတိလက်လွတ်ဖြင့် ကိုယ်တစ်ဝက်ခန့် လှဲလျောင်းနေခြင်းဖြစ်သောကြောင့် ဖုန်မှုန့်များကြောင့် အမြင်ဝေဝါးသွားရလေသည်။ စုန်ဟယ့်သည် ရုတ်ချည်းပင် အနှိပ်ခံနေခြင်းကို ရပ်တန့်၍ ကျိန်ဆဲတော့သည်။

“ဒီစုတ်တိစုတ်ပဲ့ငှက်က ဘယ်ကနေရောက်လာတာလဲဟ. ငါ-ျီးတဲ့မှ”

မုန်းတီးပြောဆိုမှုမှာ မလုံလောက်သကဲ့သို့ စုန့်ဟယ့်သည် ဖိနပ်တစ်ဖက်ကိုချွတ်၍ ငှက်နီလေးအား ပစ်ပေါက်လိုက်သည်။ စုန့်ဟယ့်၏နည်းလမ်းမှာ အတော်လေးထက်မြက်မှုရှိ၏။ ငှက်နီလေးမှ လျင်မြန်စွာ တုံ့ပြန်ခဲ့သော်ငြား စုန့်ဟယ့်ပစ်လိုက်သည့်ဖိနပ်ဖြင့် ပွတ်တိုက်မိသွားခဲ့ပြီး အနီရောင်ငှက်မွှေးတချို့ ကျွတ်သွားရပေသည်။

ငှက်နီ‌လေးသည်လည်း ဒေါသထွက်သွားပုံရ၏။ ငှက်နီလေးသည် လည်ပင်းကိုဆန့်ထုတ်၍ နှစ်ကြိမ်မျှအော်ပြီးနောက် လေ၌ရစ်ဝဲလျက် များပြားသော အရာဝတ္ထုတစ်ခုသည် စုန့်ဟယ့်ဆီသို့ ဦးတည်ပျံသန်းလာလေသည်။ မိမိမှာ တိုက်ခိုက်ခံရတော့မည်ကိုမြင်သောအခါ စုန့်ဟယ့်သည် အချိန်ဆွဲမနေရဲတော့ဘဲ သစ်ပင်အောက်ရှိကျောက်တုံးထက်မှ အမြန်ထ၍ ဘေးသို့ အလင်းကဲ့သို့အလျင်ဖြင့် ရှောင်လိုက်သည်။

စုန့်ဟယ့်သည် နေရာမှဖယ်ပြီးသည်နှင့် ထိုအရာဝတ္ထုလုံးကြီးသည် သူလှဲနေခဲ့သည့် ကျောက်တုံးပေါ်သို့ ကျသွားလေရာ ‘ဘုန်း’ဟူသောအသံတစ်ခု ထွက်လာခဲ့ပြီး ဖြူဖြူပြာပြာငှက်မစင်လုံးကြီးမှာ ပြန့်ကျဲသွားတော့သည်။

စုန့်ဟယ့်မှာလည်း ထိတ်လန့်သွားရ၏။ မိမိသာ အနည်းငယ်မျှ နောက်ကျရှောင်ခဲ့ပါက ထိုငှက်မစင်လုံးကြီးမှာ မိမိဦးခေါင်းထက်သို့ ကျရောက်သွားမည်မဟုတ်ပါလား။ မိမိမှာ ရှောင်ရှားနိုင်ခဲ့သော်ငြား ကျောက်တုံးသည်တော့ ငှက်မစင်များဖြင့် ပေကျံသွားခဲ့လေပြီ။

‘နောက်ကို ငါဒီနေရာမှာ ဘယ်လိုလုပ်ပြီး လှဲလျောင်းပြီး သောက်စားလို့ရတော့မှာလဲ’

ထိုသို့စဉ်းစားမိသည်နှင့် စုန့်ဟယ့်တစ်ယောက် ဒေါသထွက်သွားတော့သည်။ ငှက်စုတ်လေးတစ်ကောင်က သူ့အား ဤကဲ့သို့အနိုင်ကျင့်ရဲသည်လား။ သိုင်းလောကကြီး၏နာမည်ကျော်စုန့်ဟယ့်က တကယ်ကြီးအိုမင်းသွားပြီလား။

စုန့်ဟယ့်၏ညာခြေထောက်မှာ ရပ်တန့်သွားပြီး သူ၏ခန္ဓာမှာ ၁၀ပေခန့် ရုတ်ချည်းမြင့်တက်သွားခဲ့ပြီး ငှက်နီလေးနားနေခဲ့သည့် သစ်ကိုင်းထက်ပင် ပို၍မြင့်တက်သွားခဲ့သည်။ ထို့နောက် ဘယ်ခြေထောက်ကိုဆန့်ထုတ်၍ သစ်ကိုင်းအား အနည်းငယ်ထိခတ်လိုက်ပြီး ခန္ဓာကိုယ်သည် ရှေ့ဘက်သို့ လှုပ်ယိမ်းပျံသန်းသွားသည်။ သို့ဖြင့်စုန့်ဟယ့်သည် ငှက်နီလေး၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့ပေသည်။

ငှက်နီလေးမှာ မိမိရှေ့ရှိ ကျင့်ကြံသူအိုကြီးသည် လေထဲ၌ ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းနိုင်သည်အထိ အင်အားကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ငှက်နီလေးသည် တောင်ပံများအား ဖြန့်ကျက်၍ တစ်ဖက်သို့လျင်မြန်စွာ ပျံသန်းတော့သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ နောက်ကျသွားခဲ့ပေပြီ။ ငှက်နီလေးမှာ လှည့်ထွက်မသွားနိုင်ခင်တွင် စုန့်ဟယ့်၏လက်မှာ ဆန့်ထုတ်လာပြီး ငှက်‌နီလေး၏ခြေထောက်အား ဆွဲညှစ်လိုက်တော့သည်။ ငှက်နီလေးသည် တောင်ပံတဖျပ်ဖျပ်ခတ်၍ အကြိမ်အနည်းငယ်မျှ ရုန်းကန်ခဲ့သော်ငြား ထိုရုန်းကန်မှုမှာ အချည်းနှီးမျှသာဖြစ်ခဲ့ပြီး စုန့်ဟယ့်၏ဖမ်းဆုပ်ထားခြင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။

စွမ်းအင်မှာ ပင်ပန်းနွမ်းနယ်လာခဲ့၍ စုန့်ဟယ့်၏ပုံရိပ်သည်လည်း စတင်ပြုတ်ကျလာခဲ့သည်။ ထိုအခါ လက်ကောက်ဝတ်ကိုလှည့်လိုက်ရာ စုန်ဟယ့်၏မြေပြင်သို့ ဆင်းသက်လာနေသည့် ခန္ဓာကိုယ်မှာ ရုတ်ချည်းရပ်တန့်သွားပြီး လေထဲ၌ တစ်ပတ်လှည့်သွား၏။ စုန့်ဟယ့်သည် ကွေးကောက်နေသည့်သစ်ပင်ကိုင်းထက်တွင် တည်ငြိမ်စွာဆင်းသက်ခဲ့သည်။

သစ်‌ပင်အောက်မှ ရပ်ကြည့်နေခဲ့သည့် ချင်းယန်၏မျက်နှာထက်၌ အားကျမှုများပြည့်နှက်နေပေသည်။ မိမိသည်လည်း ဆရာတစ်ဆူဖြစ်ရန် ထိုက်တန်ပါ၏။ ဤပေါ့ပါးလှသည့် အနုပညာသည် အမှန်တကယ်ကို အင်အားကြီးမားလှသည်။ မိမိမှာ ဆရာသခင်ထံမှ ၁၀နှစ်နီးပါးသင်ယူခဲ့သော်ငြား ဆရာဖြစ်သူ၏ ၁၀ရာခိုင်နှုန်းခန့်ပင် သင်ယူမပြီးစီးသေးသည်မှာ အမှန်တရားဖြစ်သည်။ မိမိမှာ သစ်ပင်တက်ရန်အတွက် ခြေလက်များကိုအသုံးပြု၍သာ တက်နိုင်ပါ၏။

စုန့်ဟယ့်သည် သစ်ကိုင်းပေါ်တွင်ရပ်၍ လက်ထဲရှိ ငှက်‌နီလေးအားကြည့်လျက် တစ်ကိုယ်တည်း ရေရွတ်၏။

“ငါ့ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ.. ငါ အရမ်းပင်ပန်းနေလို့ မင်းကို သေအောင်တော့ ညှစ်မသတ်တော့ပါဘူး”

စုန့်ဟယ့်က ထိုသို့ပြောပြီးသည်နှင့် ကြည်လင်ပြတ်သားသည့် အသံတစ်သံကိုကြားလိုက်ရသည်။

“ရပ်လိုက်စမ်း... ငါ့ရဲ့ငှက်လေးကို လွှတ်စမ်း”

စုန့်ဟယ့်မှာ ၎င်းကို ကြိုတင်မျှော်လင့်ထားခဲ့ရာ.. အသံလာရာဘက်သို့လှည့်၍ ခပ်ဖျော့ဖျော့ပြုံးလိုက်၏

“ငါ့လို နာမည်ကျော်စုန့်ဟယ့်ကို ငါ့ပိုင်နက်ထဲမှာ နောက်ပြောင်ရဲတဲ့ ညီငယ်လေးက တကယ့်ကို ရည်မှန်းချက်ကြီးမားပြီး ရဲရင့်တာပဲနော်။ အပြစ်ခံယူဖို့ အမြန်ထွက်လာခဲ့လိုက်‌တော့”

ကြည်လင်လှပသည့် အသံသည် စိုးစဉ်းသော်မျှ ကြောက်ရွံ့သွားခြင်းမရှိချေ။ ထိုသူသည် အေးစက်စွာနှာမှုတ်လျက် ပြောလာ၏။

“လူအိုကြီး ခင်ဗျားက ငါ့ရဲ့ရှောင်ဟုန်ကို အရင်ထိခိုက်အောင်လုပ်တာလေ. အဲဒါကို ခင်ဗျားကပဲ ငါ့ကို အမှားပြုပြင်ခံဖို့ ထွက်လာခိုင်းရသလား။ မဖြစ်နိုင်တာတွေ”

စုန့်ဟယ့်မှ ပြော၏။

“ဒါဆိုလည်း မယဉ်ကျေးနိုင်တဲ့အတွက် ငါ့ကိုအပြစ်မတင်ပါနဲ့။ ဒီငှက်လေးက ဝဝဖြိုးဖြိုးလေးဆိုတော့ အသားပေါမှာပဲ။ တာ့အိုကျင့်ကြံသူကြီး ငါကလည်း အသားမစားရတာ အရမ်းကြာနေပြီဆိုတော့ ဒီငှက်ကို ညစာအတွက်သိမ်းထားတာ ကောင်းလိမ့်မယ်။ ‌အညိုရောင်ဆော့စ်လေးနဲ့နှပ်ရမလား။ ပေါင်းရမလား။ ဒါမှမဟုတ် ကင်စားရမလား”

စုန့်ဟယ့်၏စကားများကို နားထောင်ပြီးနောက်တွင် ကြည်လင်လှပသည့်အသံပိုင်ရှင်မှာ အနည်းငယ်စိုးရိမ်ပူပန်သွားပုံရ၏။

“လုပ်ရဲလား”

“ဒါဆိုလည်း စောင့်ကြည့်လိုက်လေ ငါတာ့အိုကျင့်ကြံသူကြီး.. လုပ်ရဲလားဆိုတာ”

ထိုအချိန်တွင် အနောက်ဘက်ရှိ သစ်ပင်ပင်စည်ထဲမှ မြွေနက်လေးတစ်ကောင်ထွက်လာခဲ့ပြီး စုန့်ဟယ့်၏ခြေကျင်းဝတ်အား ကိုက်လေသည်။ စုန့်ဟယ့်သည် မြစ်ချောင်းအင်အိုင်များကို(သိုင်းလောက) ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူသည် ကောင်းကင်နှင့်ပထဝီမြေကြီးအား မကြောက်ရွံ့သော်ငြား မြွေလေးတစ်ကောင်ကိုတော့ဖြင့် ကြောက်ရွံ့ပေသည်။ မြွေနက်လေးတစ်ကောင် ရုတ်တရက်ထွက်လာသည်ကိုမြင်သောအခါ ခြေထောက်များမှာ အားနည်းပျော့ခွေသွားပြီး သစ်ပင်ပေါ်မှ ပြုတ်ကျတော့သည်။

ကိုက်ခဲရန် တစ်ကြိမ်လွဲချော်သွားခဲ့သော်ငြား မြွေနက်လေးသည် လက်မလျှော့ပေ။ ပင်စည်တစ်လျှောက် သွားလာ၍ ခန္ဓာကိုယ်ကိုလှုပ်ယမ်းကာ စုန့်ဟယ့်ဆီသို့ တိုက်ရိုက်ပင် ဦးတည်ပြေးလွှားလာ‌လေသည်။

သစ်ကိုင်းသည် မြေပြင်မှ ၁ပေခန့်အမြင့်သာရှိသည်ဖြစ်ရာ ပြုတ်ကျခဲ့လျှင်သော်မှ ထိခိုက်နိုင်ဖွယ်မရှိချေ။ သို့သော် စုန့်ဟယ့်၏ပြုတ်ကျသည့် ပုံစံအနေအထားမှာ လွန်စွာရှက်ရွံ့ဖွယ်ကောင်းလှသည်။ စုန့်ဟယ့်သည် ပြုတ်ကျပြီးနောက်တွင် အနည်းငယ် ပြန်လည်သတ္တိရှိလာခဲ့၏။ အနည်းဆုံးတော့ သူ၏ခြေထောက်များမှာ အားနည်းပျော့ခွေမနေတော့ပေ။ သို့သော် မြွေနက်လေးအား‌တော့ တည့်တည့်မကြည့်ရဲစွာဖြင့် စုန့်ဟယ့်၏ပုံရိပ်‌မှာ တပည့်ဖြစ်သူချင်းယန်နောက်ကျောသို့ ‌အပြေးရောက်သွားတော့သည်။

သေချာပေါက် ချင်းယန်သည် ဆရာသခင်၏ ဘက်တော်သားဖြစ်ပါ၏။ မြွေနက်လေးသည် စိတ်မလျှော့ဘဲနှင့် တိုက်ခိုက်လာသည်ကိုမြင်သောအခါ ချင်းယန်သည် မိမိကိုယ်ကိုအသင့်ပြင်၍ အင်္ကျီလက်ထဲမှ မည်သည့်အရာကို ဆွဲထုတ်လိုက်မိသည်မသိသော်ငြား လက်ထဲပါလာရာဖြင့် မြွေနက်လေးအား ဖြူးချလိုက်သည်။ သို့ဖြင့် ချင်းယန်၏ရှေ့၌ အဝါရောင်မြူတစ်လွှာ ထွက်ပေါ်သွားခဲ့တော့သည်။

ထိုအဝါရောင်မြူတစ်လွှာမှာ မြွေများကိုမောင်းထုတ်နိုင်သည့် စိန်နီမြင်းသွားမှုန့်ဖြစ်သည်။ စုန့်ဟယ့်နှင့်ချင်းယန်သည် မြစ်ချောင်းအင်းအိုင်များတစ်လျှောက် မကြာခဏ ခရီးလှည့်လည်ဖူးကြသည်။ ထို့ကြောင့် ယခုကဲ့သို့သော ပစ္စည်းများမှာလိုအပ်၏။ သို့သော် မြွေနက်လေးမှာ ရုတ်တရက်ဆန်လှစွာထွက်လာခဲ့သောကြောင့် စုန့်ဟယ့်မှာ သဘာဝအလျောက် ကြောက်ရွံ့သွားခဲ့ခြင်းဖြစ်သည်။

မြွေနက်လေးသည် စိန်နီမြင်းသွားမှုန့်၏ဖိအားဒဏ်ကို ခံလိုက်ရသည်ဖြစ်ရာ နောက်ထပ်မလိုက်ရဲတော့သော်ငြား နောက်ဆုတ်သွားခြင်းလည်းမရှိချေ။ မြွေနက်လေးသည် ချင်းယန်၏ရှေ့တွင် ရစ်သီနေလျက် မကျေနပ်မှုကို ထုတ်ဖော်ပြနေကာ ‌ချင်းယန်တို့အား‌ ငေးစိုက်ကြည့်နေပေသည်။

တပည့်ဖြစ်သူချင်းယန်၏ကြားခံဖြင့် နောက်ဆုံးတွင်တော့ စုန့်ဟယ့်မှာ သက်ပြင်းချနိုင်သွားတော့သည်။ သို့သော်ငြား မိမိမှာ မြွေ‌တစ်ကောင်ကိုကြောက်ရွံ့၍ သစ်ပင်ပေါ်မှပြုတ်ကျခဲ့ရပြီး လူငယ်လေးတစ်‌ယောက်ကြောင့် ပရမ်းပတာဖြစ်သွားရသည်ကို တွေးမိသွား၏။ ဤသို့အဖြစ်မျိုးမရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပေပြီ။ ရှက်ရွံ့ခြင်းပြီးဆုံးသည်နှင့် စုန့်ဟယ့်မှာ ချက်ချင်းဒေါသထွက်သွားခဲ့ပြီး လက်ထဲ၌ ကျောက်ခဲတစ်တုံးကို လျှို့ဝှက်စွာကိုင်ထားလျက် အော်ဟစ်‌လိုက်သည်။

“ဒီမှာ ဖင့်မျိုးရိုး.. မင်း အဲဒီ့ကောင်ကို ထွက်လာပြီးမဖြေရှင်းရင် ငါအားနာမနေတော့ဘူးနော်။ ပြီးတော့မှ ငါ့ကို အကောင်ငယ်လေးကို အနိုင်ကျင့်ပါတယ်ဆိုပြီး အပြစ်မတင်နဲ့”

စုန့်ဟယ့်သည် ပုံမှန်အားဖြင့် မြွေကြောက်တတ်သူဖြစ်သည်။ ခုနကဲ့သို့သောအခြေအနေမှာ မိမိ၌ ကြိုတင်ကာကွယ်ခြင်းမရှိနေခဲ့သောကြောင့် ထိတ်လန့်သွားရခြင်းဖြစ်၏။ ယခုတွင် စုန့်ဟယ့်မှာ စိတ်အေးတည်ငြိမ်သွားပေပြီ။ မြွေနက်လေးတစ်ကောင်ကို ကိုင်တွယ်ရန်မှာ လွယ်ကူလှပါ၏။ တခြားဘာမျှမလိုအပ်ပေ။ သူ၏လက်ထဲရှိ ကျောက်ခဲတစ်ခဲဖြင့်ပင် မြွေနက်လေးအား မြေကြီးထဲသို့ရိုက်သွင်းပစ်ရန် လုံလောက်၏။

“လူကြီးမင်းစုန့်ဟယ့် သနားညှာတာပေးပါ”

စုန့်ဟယ့်၏စကားဆုံးသည်နှင့် အဝေးမှ ကျယ်လောင်သည့် အသံတစ်သံထွက်ပေါ်လာသည်နှင့်အတူ ရှည်လျားငည့်ပုံရိပ်တစ်ခုသည်လည်း တောင်ခြေမှ အပြေးရောက်လာပေသည်။

ထိုပုံရိပ်သည် ရှည်လျားသည်မှာ သာမန်လူများထက် အနည်းဆုံး ခေါင်းတစ်လုံးစာခန့် ပိုရှည်လျားသည့်အပြင် သန်မာပြီး ကြွက်သားတုတ်ခိုင်ကာ အမွေးလည်းထူ၏။ အသားအရေသည်လည်း နက်ပြောင်နေပေသည်။ ထိုသူမှာ စိတ်ဝိဉာဉ်အဖြစ် ပြောင်းလဲ‌သွားသော ဝက်ဝံမည်းကြီးတစ်ကောင်မှ ထွက်ပြေးနေသကဲ့သို့ပင်.. တောင်ကြီးတစ်ခုလုံးသည်ပင် လှုပ်ခါနေလေသည်။

All Chapters