ဂူဖောက်သူနှင့် ဖုန်းရွှေပညာ
Vol. 1 Ch. 5
နောက်မှလိုက်နေသူမှာ ရိုးရှင်းသောအိမ်ချုပ်ဝတ်စုံကွက်အတိုကို ဝတ်ဆင်ထားသော အားကောင်းမောင်းသန်လူတစ်ယောက်ဖြစ်ပြီး လက်ထဲတွင် တူရွင်းတစ်ချောင်းနှင့် ပခုံးထက်တွင် ပေါက်ချွန်းတစ်ခုကို ကိုင်ဆောင်ထားသည်။ ခါးတစ်ဝိုက်တွင် လျော့တိလျော့ရဲဖြစ်နေသည့် ကြိုးတစ်ချောင်းချည်ထား၍ တစ်ကိုယ်လုံးမှာ ဖုန်များပေကျံနေ၏။ သူ၏ပုံစံမှာ လောလောလတ်လတ် အုတ်ဂူထဲမှ တွားသွားထွက်လာသည်ကဲ့သို့ပင်ဖြစ်နေသည်။ သို့သော် သင်္ချိုင်းအုတ်ဂူသူခိုးသုချန်းကျင်မှာ မည်သို့သောလူမျိုးဖြစ်နိုင်အံ့နည်း။
သို့သော် ဤတစ်ကြိမ်တွင်တော့ ချန်ပန့်ရှန်းသည် လူလိုက်ခံနေရ၍ အသက်လုပြေးနေရပြီး သူ၏ခြေထောက်များမှာ မြေကြီးနှင့်မထိတော့ပေ။ မျက်နှာမှာ ဖြူဖျော့နေ၍ သူ၏ပိန်ပါးပါးခန္ဓာမှာ လေထဲရှိဖယောင်းတိုင်တစ်ချောင်းနှင့်တူနေပေသည်။ အချိန်မရွေး မြေပြင်၌လဲကျတော့မည်ကဲ့သို့ဖြစ်နေ၏။ စုန့်ဟယ့်နှင့်အတူ လူတစ်စုလာနေသည်ကို ချန်ပန့်ရှန်း မြင်လိုက်၏။ ရေနစ်သူမှကောက်ရိုးတစ်မျှင်ကို ဆွဲမိသွားသည်ကဲ့သို့ ချန်ပန့်ရှန်းသည် အလျင်စလို အော်ခေါ်လေသည်။
“ကယ်ပါဦး.. စုန့်ဟယ့် ငါ့ကိုကယ်ပါဦး”
သုချန်းကျင်၏ အခြေအနေသည်လည်း ကောင်းမနေပေ။ မောဟိုက်နေ၍ အသက်ကို ခက်ခက်ခဲခဲရှူနေရသော်ငြား ချမ်ပန့်ရှန်း၏ အရူးလုပ်ခြင်းကိုမခံလိုပေ။ သုချန်းကျင်သည်လည်း စုန့်ဟယ့်နှင့်အခြားသူများကို မြင်သွားရာ မျက်နှာ၌ နောင်တတရားများ ပြည့်နှက်သွား၏။ သို့သော်ငြား မတတ်နိုင်တော့စွာ သူ၏မကျေနပ်ချက်များကို အစီရင်ခံလေတော့သည်။
“လူကြီးမင်းစုန့်ဟယ့် ဒါက ကျွန်တော်နဲ့ချန်မျိုးရိုးကြားက ကိစ္စပါ။ ဒီတစ်ခါတော့ ရှင်ခြင်းသေခြင်းကို သေချာခွဲခြားရမယ်။ လူကြီးမင်းစုန့်ဟယ့် ကြားဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”
သုချန်းကျင်မှ အကူအညီတောင်းခံ၍ သူတို့နှစ်ယောက်ကြားကိစ္စကို ကြားဝင်မစွက်ဖက်ရန် တောင်းဆိုလာသည်တွင် စုန့်ဟယ့်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ သို့သော် ဤသည်မှာ သူ၏နယ်မြေဖြစ်၍ ဒီတိုင်းထားမခဲ့နိုင်ချေ။ ထို့ကြောင့် ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးက ကျယ်ပြောတဲ့ သိုင်းလောကကြီးက လူသားတွေပါပဲ။ သေခြင်းရှင်ခြင်းကွဲပြားတဲ့အထိ တိုက်ခိုက်ရအောင် မင်းတို့နှစ်ယောက်မှာ ဘယ်လိုအမုန်းတရားတွေများ ရှိနေလို့လဲ”
နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်မှ ကူညီရန်လက်ကမ်းပေးလာခဲ့သည်ဖြစ်သောကြောင့် ချန်ပန့်ရှန်းသည်လည်း မကျေနပ်ချက်များ ပြည့်နှက်လာခဲ့၍ ပြောတော့သည်။
“ငါလည်း မသိတော့ပါဘူး။ ဒီကောင်က ခွေးရူးလိုပဲ။ ငါ့ရဲ့ပေါ့ပါးတဲ့အလုပ်အကိုင်က သူ့ထက်ပိုကောင်းနေတာကြောင့်သာမဟုတ်ရင် သူ့တူရွင်းရဲ့သေပြီးဝိဉာဉ်ဖြစ်နေတာ ကြာလောက်ပြီ”
ချန့်ပန့်ရှန်း၏စကားများကို ကြားရသည်တွင် သုချန်းကျင်သည် ဒေါသတကြီးဖြင့် အော်ပြော၏
“မင်းက သေတဲ့အထိ ဝန်ခံမှာမဟုတ်ဘူးပဲ။ ငါတကယ် ဒေါသထွက်တယ်။ ဒီတစ်ခါတော့ ငါမင်းကို တကယ်သေအောင်ရိုက်သတ်ပစ်ရမယ်”
သုချန်းကျင်သည် စကားဆုံးသည်နှင့် လက်ထဲရှိတူရွင်းကို ပင့်မြှောက်၍ ရှေ့ရှိချန်ပန့်ရှန်းအား လှမ်းရိုက်လေသည်။ ချန်ပန့်ရှန်းသည် စုန့်ဟယ့်အား အကူအညီတောင်းခံသော်ငြား သုချန်းကျင်အား လုံးဝ အတိုက်အခံမလုပ်တော့သည် မဟုတ်ပေ။ ချန်ပန့်ရှန်းသည် လျင်မြန်စွာတစ်ဖက်သို့လှည့်၍ သူ၏ရှေ့ဖြစ်ဟောအမှတ်သင်္ကေတအား ကောက်ယူ၍ခုခံခဲ့သည်။
မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်းတွင် နှစ်ယောက်သားသည် စတင်တိုက်ခိုက်ကုန်ကြ၍ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ အလျင်အမြန် ဖျန်ဖြေရတော့သည်။
“ကိစ္စက တစ်ခုခု အထင်လွဲတာများရှိနေကြလား။ အခုတော့ တိုက်ခိုက်ဖို့ အလုပ်ရှုပ်မနေကြသေးဘဲ ဘယ်သူက ဘာဖြစ်တယ်ဆိုတာ ပြောကြပါဦးလား”
“ငါတကယ်မသိဘူးကွ”
ချန်ပန့်ရှန်းမှ အော်ဟစ်လေသည်။
သုချန်းကျင်သည် ချန်ပန့်ရှန်း၏ထိုပုံစံကို မုန်းတီး၏။ သို့သော် ဘာမှမလုပ်နိုင်ဘဲ ရှိနေရသည်။ ထို့ကြောင့် သုချန်းကျင်မှာ မုန်းတီးခြင်းမှလွဲ ရွေးချယ်စရာမရှိချေ။
“ငါ မင်းလောက် အရှက်မဲ့တဲ့သူ တကယ်မမြင်ဖူးဘူး။ မင်းလည်း ငါ့ကို ကလိမ်ကကျစ်ယုတ်မာမှတော့ ငါကလည်း လူအများရှေ့မှာ မင်းရဲ့အရှက်မဲ့တဲ့မျက်နှာကို ဖော်ထုတ်ပစ်မယ်”
နောက်ဆုံး၌ သုချန်းကျင်မှာ အကြောင်းရင်းကို ရှင်းပြရန်ဆန္ဒရှိလာကြောင်း မြင်လိုက်ရ၍ စုန်ဟယ့်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။ ချန်ပန့်ရှန်းသည်တော့ အမှန်တကယ် ဖုံးကွယ်၍ အကျင့်စာရိတ္တကောင်းဟန်ဆောင်နေသည်လား အမှန်တကယ် မသိခြင်းပေလား။ သို့မဟုတ် တမင်သက်သက်ချင်ဟန်ဆောင်နေသည်လားကို မသိနိုင်ပါချေ။
သုချန်းကျင်သည် လက်ထဲမှ လက်နက်များကိုချ၍ ချန်ပန့်ရှန်းအား နှာမှုတ်လျက်ဖြင့်
“အရင်လတုန်းက မင်းငါ့ကိုလာရှာပြီး လျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့တယ်လို့ပြောခဲ့တယ်။ ပျက်စီးသွားပြီဖြစ်တဲ့ ရှီးဖင့်ချန်မျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက အရမ်းချမ်းသာပြီး ပစ္စည်းကောင်းတွေအများကြီးနဲ့ ဘိုးဘေးတွေရဲ့ဂူသင်္ချိုင်းမှာ မြှုပ်နှံခံရတယ်လို့ မင်းပြောခဲ့တယ်။ အဲဒါကိုဖောက်ကြည့်ဖို့ ငါ့ကိုမင်းနဲ့လက်တွဲခွင့်ပေးပါ ပြီးတော့ အကျိုးအမြတ်ကို ၅၀ရာခိုင်နှုန်းစီ ခွဲဝေယူမယ်လို့ပြောခဲ့တယ်။ အဲဒီ့အကြောင်းကို မှတ်မိသေးလား”
အင်အားပေါင်းစည်းပြီး ရွေးချယ်မှုလုပ်တယ်တဲ့လား။ အကျိုးအမြတ်ကို အချိုးညီခွဲဝေယူကြမယ်ပေါ့လေ။ သင်္ချိုင်းအုတ်ဂူကို ပြန်လည်တူးဖော်ခြင်းဟူသည် လွန်စွာထိခိုက်နစ်နာစေသော လုပ်ရပ်ဖြစ်သည်။ ဤလောကကြီးရှိလူများမှာ စက်ဆုပ်ဖွယ်ကောင်းလှ၏။ အစိုးရမှ သူတို့အားဖမ်းဆီးမည်ဆိုပါက ၎င်းမှာ ကင်းလွတ်ချမ်းသာခွင့်မရှိသည့် သေဒဏ်ကျခံရမည့်ပြစ်မှုဖြစ်သည်။
စုန့်ဟယ့်နှင့် ဖင့်ယင်းရှောင်းသည် သုချန်းကျင်မှာ အသက်မွေးဝမ်းကြောင်းအနေဖြင့် ဂူသင်္ချိုင်းမှခိုးယူသည်ကို ကြားဖူးထားခဲ့သော်ငြား ငွေမက်မောသည့် နတ်ဘုရားတစ်ပိုင်း ထိုလူသည်လည်း ဤသို့သောလုပ်ရပ်ကို လျှို့ဝှက်စွာလုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုနှစ်ယောက်မှာ အတူတူပင်ဖြစ်သည်။
ချန်ပန့်ရှန်းသည် သုချန်းကျင်မှ ထိုကိစ္စကို လူအများကြီးရှေ့၌ ထုတ်ဖော်ပြောဆိုလာမည်ဟု မျှော်လင့်ထားခဲ့ပုံမရချေ။ ချန်ပန့်ရှန်းမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။
“ငါမင်းကို အဲဒီ့ကိစ္စပြောခဲ့တာမှန်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာမှဆက်ဖြစ်မလာခဲ့ဘူးလေ။ ငါ့ကိုဘာများ အပြစ်တင်စရာရှိလို့လဲ”
သုချန်းကျင်စဉ်းစားထားခဲ့သည်မှာ ချန်ပန့်ရှန်းမှ သူ၏မေးခွန်းအား ဝန်ခံလိမ့်မည်ဟူ၍ဖြစ်သည်။ သို့သော် တစ်ဖက်လူမှ ငြင်းဆန်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။ သုချန်းကျင်မှာ ဒေါသထွက်လွန်း၍ စိတ်လွတ်လုနီးဖြစ်နေရကာ မျက်ထောင့်နီကြီးများဖြင့် ပြောလာခဲ့သည်။
“မင်း.. မင်းက တကယ်ကြီး မျက်လုံးစေ့စေ့ဖွင့်ပြီး ပေါက်ကရတွေပြောနေတာပဲ။ ငါဂူသင်္ချိုင်းတွေကနေ ပစ္စည်းကောင်းတွေအများကြီး တူးဖော်ပေးခဲ့တယ်။ အဲဒါကို ဘာမှမဖြစ်လာခဲ့ပါဘူးလို့ ပြောရဲတယ်ပေါ့လေ။ မင်း အကုန်လုံးကိုဖျက်ဆီးလိုက်တော့မလို့လား”
“ငါမှ ဘာမှမယူထားခဲ့တာ ဆုံးရှုံးစရာလည်း ဘာမှမရှိဘူး”
ချန်ပန့်ရှန်းမှ ပြော၏။
ချန်ပန့်ရှန်းမှ ဝန်မခံသောအခါ သုချန်းကျင်သည် စုန့်ဟယ့်နှင့်အခြားသူများဘက်သို့ လှည့်၍ပြောလာခဲ့သည်။
“အားလုံးက ဒီလောကကြီးက လူတွေပဲဆိုတော့ မင်းတို့က ငါတို့ကို ဆုံးဖြတ်ပေးရမယ်။ ပုံမှန်အားဖြင့် ငါသူနဲ့အလုပ်လုပ်ရင် ငါတို့တွေ အတူတူမျှဝေပြီးဆုံးဖြတ်ချက်ချကြတယ်။ အဲဒါရဲ့ရလဒ်အနေနဲ့ သူက အပြင်ဘက်ကိုကြည့်ပေးနေတုန်း တစ်ယောက်ယောက်လာနေတာကိုတွေ့တာနဲ့ ငါ့ကိုသတိတောင်မပေးနိုင်ဘဲ ရတနာတွေကိုသိမ်းဆည်းပြီး ထွက်ပြေးသွားတယ်။ ငါကတော့ အခြားသူတွေ တားတာခံရပြီး အရိုက်နှက်ခံရ၊ အပြောဆိုခံရ၊ နှိပ်စက်ခံခဲ့ရတယ်။ အဲ့တုန်းကတော့ အခွင့်အရေးလက်လွတ်သွားပေမယ့် ခုတော့ အပြည့်အဝ အခွင့်အရေးရှိနေပြီ။ ငါအဖမ်းခံရလည်း ကိစ္စမရှိဘူး။ ငါက အခု သူနဲ့ထိုက်တန်တဲ့ သူ့ရဲ့ဝေစုကို ဝေမျှပေးချင်ရုံပဲ။ ဒါပေမဲ့ ရလဒ်ကတော့ သူက တစ်လကျော် ပုန်းနေခဲ့တယ်။ အခုတစ်ခါ တွေ့တုန်း ဖြစ်သင့်တာကိုမလုပ်ရင် သူဘယ်ချိန်ထိ ထပ်ပုန်းသွားဦးမလဲ မသိနိုင်ဘူး”
နားထောင်ပြီးနောက် စုန့်ဟယ့်သည် ပြဿနာ၏အတွင်းအပြင်ကို အကုန်အစင်နားလည်သွားခဲ့ပေပြီ။ နှစ်ယောက်သားသည် အတူတူ ဂူသင်္ချိုင်းတူးဖော်ခဲ့ကြပြီး ချန်ပန့်ရှန်းသည် ပစ္စည်းများသိမ်း၍ ပုန်းရှောင်သွားပြီး သုချန်းကျင်သည်တော့ အဖမ်းခံလိုက်ရသည်။ ဂူသင်္ချိုင်းဖောက်ခြင်းသည် ကောင်းမွန်သည့်လုပ်ရပ်မဟုတ်ချေ။ ထိုလူနှစ်ယောက်မှာ အချင်းချင်းကိုက်ဖြတ်နေကြပြီး လူများသည်တော့ ကိုယ်ကျင့်တရားဟူသည်ကို အကျယ်တဝင့်ပြောဆိုနေကြ၏။ မကောင်းမှုမှရရှိသည်ကို စားသောက်ခြင်းမှာ အန္တရာယ်များလှသည်။ ဤချန်ပန့်ရှန်း၏အလုပ်အကိုင်သည် အမှန်တကယ် စစ်မှန်ခြင်းမရှိချေ။
စုန့်ဟယ့်နှင့်ဖင့်ယင်းရှောင်းတို့သည် ချန်ပန့်ရှန်းအား စိတ်ပျက်စွာဖြင့် ကြည့်နေမိကြသည်။ ချန်ပန့်ရှန်းသည် ထိုအကြည့်ကို မခံစားနိုင်လေရာ ချက်ချင်း ရှင်းပြလာခဲ့၏။
“ငါတကယ်ကို မှားသွားပါတယ်။ အဲ့လိုလုပ်ရပ်မျိုး လုပ်မိတာ ဒါင့ါအတွက် ပထမဆုံးအကြိမ်ပါ။ တစ်ယောက်ယောက် ဖြတ်သွားတာတွေ့လိုက်ရတော့ ငါအရမ်းကြောက်လန့်ပြီး ထွက်ပြေးမိတာပါ။ ငါ့မှာ မင်းကို အကြောင်းကြားဖို့အချိန်လည်း မရခဲ့သလို အဲဒီ့ပစ္စည်းတွေကိုယူဖို့လည်း အချိန်မရှိခဲ့ပါဘူး။ နောက်ပိုင်းကျ ငါ့ကိုတစ်ယောက်ယောက်က ဖော်ထုတ်လိုက်မှာကိုကြောက်လို့ တစ်လကျော်ကြာ လူရှေ့ထွက်မလာရဲဘဲ ပုန်းနေခဲ့မိတာပါ”
ချန်ပန့်ရှန်း၏ အသံပြေလျော့လာသောအခါ သုချန်းကျင်မှ ပြတ်ပြတ်သားသားပြော၏။
“မဖြစ်နိုင်တာတွေ.. ငါသေသေချာချာကို မင်းကိုအရင်ဆုံး ပစ္စည်းတွေအကုန်ပေးထားခဲ့တာလေ။ အဲ့ပစ္စည်းတွေကို ငါ့ကိုဖမ်းတဲ့သူတွေလည်း မရသွားဘူး။ အဲဒီ့နေရာမှာ ပစ္စည်းတွေရဲ့အရိပ်အယောင်နည်းနည်းတောင် မရှိတော့ဘူး။ အဲ့တော့ ယူသွားတာ မင်းကလွဲပြီး ဘယ်သူဖြစ်နိုင်မှာတုန်း”
ချန်ပန့်ရှန်းသည် ကူကယ်ရာမဲ့စွာဖြင့် လက်နှစ်ဖက်ကိုဖြန့်လျက်
“ငါ မသိဘူး”
“အခု မင်းဘာမှပြောစရာမရှိတော့ဘူးမလား။ ငါတစ်ယောက်ပဲ တူးဖော်ဖို့အားစိုက်ခဲ့ရပြီး ဒုက္ခခံစားခဲ့ရတယ်။ ပြီးတော့ ဂူသင်္ချိုင်းထဲမှာ အဖမ်းခံလိုက်ရပြီး အရိုက်နှက်ခံခဲ့ရတဲ့သူကလည်း ငါပဲ။ မင်းက အကျိုးအမြတ်အကုန်တော့ ယူသွားခဲ့ပေမယ့် အရင်းအမြစ်ကိုတော့ မခံစားလိုက်ရဘူး။ ချန်ပန့်ရှန်း ငါမင်းကို အဲ့လိုကလိမ်ကကျစ်ကောင်လို့ မထင်ထားခဲ့ဘူး။ အခု မင်းငါ့လက်ထဲရောက်နေပြီးမှတော့ ငါမင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
သုချန်းကျင်မှ မျက်ထောင့်နီကြီးဖြင့်ပြော၏။
ချန်ပန့်ရှန်းမှ နှစ်ယောက်အတူ ခိုးယူခဲ့သည့်ပစ္စည်းများကို အလွဲသုံးစားပြုလိုက်သည်လား သို့မဟုတ် သုချန်းကျင်မှ မှားယွင်းစွပ်စွဲသည်လား မည်သူမှ မသိနိုင်ပေ။ လူထုသည်တော့ တရားမျှတသည်ဟုပြောကြ၏။ စုန့်ဟယ့်နှင့် ဖင့်ယင်းရှောင်းသည် သူတို့နှစ်ယောက်ကို သိကျွမ်းကြသော်ငြား သူတို့၏ဤကဲ့သို့သော အကျင့်စရိုက်ကိုတော့ လက်မခံပါချေ။ သို့သော် သေချာနားမလည်ဘဲနှင့် ဘယ်သူမှားသည်၊ မှန်သည်ကိုလည်း မဆုံးဖြတ်နိုင်ပေ။
ကျင့်ကြံသူအိုကြီးနှင့် ဖင့်ယင်းရှောင်းတို့မှာ ကူကယ်ရာမဲ့နေကြ၍ ထိုနှစ်ယောက်ကို မည်သို့ဖျောင်းဖျရမည်ကို မသိနိုင်ဖြစ်နေကြသော်ငြား ထိုနှစ်ယောက်သည်တော့ ထပ်မံစောင့်ဆိုင်းလိုခြင်း မရှိတော့ချေ။ စကားဆုံးသည်နှ့င့် သုချန်းကျင်သည် လက်ထဲရှိတူရွင်းကို ပင့်မြှောက်၍ ချန်ပန့်ရှန်းရှိရာသို့ လှုပ်ရှားလာခဲ့တော့သည်။