← Chapters

ပူးပေါင်းကြံစည်မှု

Vol. 1 Ch. 7

ပူးပေါင်းကြံစည်မှု

Vol. 1 Ch. 7

ဘုန်းတော်ကြီးခုန်းကျိသည် အနောက်ရှိ စင်ကြယ်လှသည့် ကိုရင်ငယ်လေးအား လှည့်ကြည့်သည်။ ထို့နောက် သူ့ရှေ့ရှိ ချင်းယန်နှင့် ဖင့်ယုံဖန်းတို့အား ကြည့်လိုက်ပြီးနောက် ပြုံးလျက်ဖြင့်

“မင်းရဲ့တပည့် ချင်းယန်ကလည်း မဆိုးဘူးပဲ။ ဉာဏ်ကောင်းပြီး ထက်မြက်မယ့်ပုံစံမျိုးနဲ့။ ပြီးတော့ ဖင့်မျိုးနွယ်ရဲ့ဒီမိန်းမငယ်လေးရော… သူ့ရဲ့အရည်အချင်းကိုလည်း အထင်သေးလို့မရမှာစိုးမိပါတယ်”

အားလုံးမှာ ရှီးဖင့်၏ ရိုသေလေးစားခံပုဂ္ဂိုလ်များဖြစ်ကြပြီး အနည်းနှင့်အများ တစ်ယောက်နှင့်တစ်ယောက်သိရှိကြ၏။ သို့သော် အတူတကွ ရှိနေရန်မှာ အခွင့်အရေးနည်းပါးလှပေသည်။ အားလုံးသည် စကားအနည်းငယ်မျှ ထပ်မံနှုတ်ဆက်ပြောဆိုခဲ့ကြပြီး နောက်ဆုံး၌ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် သူ၏သံသယများကို ထုတ်ဖော်မေးမြန်းခဲ့၏။

“ဒီနေ့က ဘာနေ့များလဲ။ ဘယ်လိုဖြစ်ပြီး အားလုံးက ငါ့ရဲ့ရှီးဖင့်နယ်မြေထဲမှာ စုဝေးနေကြတာလဲ”

ရှီးဖင့်ကွမ်သည် မြို့စွန်၌တည်ရှိ၏။ ဆယ်လခွဲခန့်အထိ အပြင်လူဝင်ရောက်ခဲ့ခြင်းမရှိခဲ့သော်ငြား ယနေ့တွင် တစ်ယောက်ပြီးတေစ်ယောက် တောင်ပေါ်သို့ တက်လာနေကြသည်။ အမြဲလိုလို ဘုရားကျောင်းထဲ၌သာ တရားကျင့်ကြံနေကြပြီး အပြင်ထွက်လေ့မရှိကြသည့် ဘုန်းတော်ကြီးများသည်ပင် ‌ရောက်လာခဲ့ကြသည်။ ၎င်းမှာ ပုံမှန်ဟုတ်မနေချေ။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် လောကတစ်ခွင်ကျင်လည်နေသူဖြစ်ပြီး ယနေ့တွင် အထူးတလည် ကျင်းပဖွယ်ရာရှိသည်ဟုလည်း မကြားမိပါချေ။

စုန့်ဟယ့်မှ မေးခွန်းထုတ်လာသည်တွင် ဘုန်းတော်ကြီးခုန်းကျိမှာ စုန့်ဟယ့်ထက်ပင် ပို၍ရှုပ်ထွေးသွားလေသည်။

“မင်းပဲ ငါ့ကို ဖိတ်ကြားစာပို့လိုက်တာ မဟုတ်ဘူးလား။ မင်းကပဲ ရှင်းလင်းအောင် ပြောကြည့်ပါလား”

“ငါက ဖိတ်ကြားစာပို့တယ်တဲ့လား”

စုန့်ဟယ့်သည် မယုံကြည်နိုင်စွာဖြင့်မေး၏။

ဘာများမှားနေတာလဲ။ ငါဘာလို့ မမှတ်မိပါလိမ့်။

သို့သော် ဘုန်းတော်ကြီး၏မျက်နှာအမူအရာကိုကြည့်ခြင်းဖြင့် ၎င်းမှာအမှန်တကယ်ဖြစ်ပုံရလေသည်။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ ခေါင်းတကုတ်ကုတ်ဖြစ်နေတော့သည်။

မိမိမှာ လွန်ခဲ့သည့်ရက်အနည်းငယ်၌ အလွန်အမင်း သေရည်မူးနေခဲ့သောကြောင့် အသိစိတ်မကပ်ဘဲနှင့် တစ်ခုခု လုပ်မိခဲ့ခြင်းပေလော။ သို့မဟုတ် မိမိမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း လွန်စွာအိုမင်းလာခဲ့၍ အတိတ်မေ့‌ရောဂါများ စွဲကပ်သွားခဲ့သည်လား။ ဘာကိုမျှ မမှတ်မိနေသည်မှာ မဖြစ်သင့်ပေ။

ထိုအချိန်၌ ချန်ပန့်ရှန်းမှလည်း ပြောလာ၏။

“ငါလည်း စုန့်ဟယ့်ရဲ့ဖိတ်ကြားစာကိုရလို့ ချိန်းဆိုတဲ့နေရာကိုလာခဲ့တာမှာ မထင်မှတ်ဘဲ သုမျိုးရိုးနဲ့ လမ်းတစ်ဝက်မှာ ဆုံခဲ့ရတာပဲ။ မလာခဲ့သင့်ဘူးဆိုတာ ငါသိသွားပါပြီ”

ယခု စုန့်ဟယ့်၌ ပြောစရာစကားမရှိချေ။ ဘုန်းတော်ကြီးခုန်းကျိမှ မှားယွင်းပြောဆိုခဲ့လျှင်သော်မှ ချန်ပန့်ရှန်းသည်လည်း တူညီသည့်စကားကိုပြောလာခဲ့လေရာ ၎င်းမှာ အမှန်တရားဖြစ်လုနီးပင်… သူတို့အားလုံး၌ ကိုယ်စီ ဖိတ်ကြားစာများရရှိထားပုံဖြစ်၍ ထိုဖိတ်ကြားစာကို သူတို့ကိုယ်တိုင် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်ဟုပြောရန်မှာ မဖြစ်နိုင်ပေ။

ဤကိစ္စမှာ ထူးဆန်းနေပါ၏။ အားလုံးသည် တစ်ဖန်ဖင့်မျိုးနွယ်သားအဖအား ကြည့်လိုက်ကြ၍ သူတို့သည်လည်း ဖိတ်ကြားစာကြောင့် ‌ရောက်လာခဲ့ခြင်း ဟုတ်သည်၊ မဟုတ်သည်ကို စူးစမ်းနေကြသည်။

လူများစွာတို့၏အကြည့်များကို တစ်ပြိုင်နက်တည်း လက်ခံလိုက်ရသော ဖင့်ယင်းရှောင်း၏မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းအနေခက်သွားခဲ့၍ ပြောလာခဲ့၏။

“ကျွန်တော်က ဒီနေရာကို ချိန်းဆိုထားတာကြောင့် ရောက်လာတာမဟုတ်ပါဘူး။ လူတစ်ယောက်က ကြောင်ကတိုးဝယ်ချင်တယ်ဆိုလို့ ဈေးနှုန်းနှစ်ဆရနိုင်အောင်လို့ ရှီးဖင့်ကွမ်ကို ကျွန်တော်ပို့ပေးဖို့လုပ်ခဲ့ရာက ကျွန်တော့်သမီးနဲ့အတူ ဒီကိုရောက်လာခဲ့တာပါ”

နောက်ဆုံးကျန်သည့် သုချန်းကျင်သည်တော့ မည်သူမျှ မေးမြန်းရန်မလိုအပ်ချေ။ အလိုအလျောက် ပြောပြလာ၏။

“ကျွန်တော်က ဘာဖိတ်ကြားစာမှ ရခဲ့လို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်က လူတစ်ယောက်က ချန်ပန့်ရှန်း ရှီိးဖင့်ကွမ်မှာ ပေါ်လာလိမ့်မယ်ပြောလို့ရောက်လာခဲ့တာပါပဲ။ ကျွန်တော် သတင်းရတာနဲ့လာခဲ့တာ ပြီးတော့ လမ်းတစ်ဝက်မှာ တကယ်ပဲ ချန်ပန့်ရှန်းကို တွေ့ခဲ့တယ်”

ဘုန်းတော်ကြီးခုန်းကျိကဲ့သို့သောပုဂ္ဂိုလ်မှာ သာမန်နည်းလမ်းများဖြင့် အပြင်လောကသို့ ထွက်လာစေရန်မှာ ခက်ခဲ၏။ သူ၏မိတ်ဆွေဟောင်းကြီးဖြစ်သည့် တာ့အိုကျင့်ကြံသူကြီးစုန့်ဟယ့်၏ ဖိတ်ကြားမှုသည်သာ ထိုဘုန်းတော်ကြီးအား ဆွဲဆောင်နိုင်ပေသည်။ ချန်ပန့်ရှန်းသည် ဤနေရာနှင့်အနီးဆုံးသူဖြစ်ပြီး ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် လျှောက်လှမ်းရာလမ်းတစ်ဝက်ခန့်တူညီသည်ဖြစ်ရာ စုန့်ဟယ့်၏အမည်ကို အသုံးချခြင်းမှာ သဘာဝကျပါ၏။ ဖင့်မျိုးနွယ်သားအဖသည် စုန့်ဟယ့်နှင့် များစွာရင်းနှီးမှုမရှိသောကြောင့် စီးပွားရေးလုပ်ငန်းသည်သာလျှင် ဖင့်မျိုးနွယ်အား ဤနေရာသို့ လူကိုယ်တိုင်ရောက်လာစေနိုင်မည်ဖြစ်သည်။ လတ်တလော၌ ပစ္စည်းများကိုရှာဖွေနေသည့်သုချန်းကျင်အတွက်သည်တော့ လူတစ်ဝက်မှာ ငွေအသုံးပြုခြင်းဖြင့်ရူးသွပ်နေပြီး တစ်ဝက်မှာ သူ့အားဖမ်းဆီးရန်ကြိုးပမ်းကြသည်ဖြစ်ရာ သုချန်းကျင်ကိုဆွဲဆောင်ရန်မှာ လွယ်ကူလှပေသည်။

မျိုးနွယ်စုလေးစု အတူဆုံစည်းရန်အတွက် မတူညီသည့်နည်းလမ်းများကိုအသုံးပြုခဲ့သည်။ နည်းလမ်းအားလုံး၌ ပစ်မှတ်သေချာသတ်မှတ်ထားကြ၏။ မိမိတို့အား ကျွမ်းဝင်သူမဟုတ်ပါက လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ သေချာစဉ်းစားကြည့်ပါက အနည်းငယ် ကြောက်မက်ဖွယ်ကောင်း၏။

တကယ်ပဲ ဒါကိုဘယ်သူ စီစဉ်ခဲ့တာလဲ။ ဘာရည်ရွယ်ချက်နဲ့များလဲ။ အားလုံးအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာများလား။

ချန်ပန့်ရှန်းသည် မည်သည်ကို စဉ်စားမိသွားသည်မသိချေ။ တုန်ရီလျက်ပြောလာ၏။

“လူကြီးမင်းစုန့်ဟယ့် ဒီကိစ္စမှာ လျှို့ဝှက်ကြံစည်မှုတစ်ခုခုကိုများ မစဉ်းစားမိဘူးလား”

သုချန်းကျင်ကလည်း ပြော၏။

“ဟုတ်တယ်.. စဉ်းစားလေ ကြောက်ဖို့ကောင်းလေပဲ”

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် ဤကိစ္စ၏ထူးခြားမှုကို လေးလေးနက်နက်စဉ်းစားနေပါ၏။ ဘုန်းတော်ကြီးခုန်းကျိသည်လည်း မည်သည့်စကားမျှမပြောဘဲနှင့် အချိန်အတော်ကြာ ညည်းတွားနေခဲ့သည်။ ဖင့်ယင်းရှောင်းတစ်ယောက်သည်သာ ဂရုမစိုက်သည့်ပုံစံနှင့်ပြောလာခဲ့၏။

“နေ့အလင်းရောင် ရှင်းရှင်းလင်းလင်းကြီးမှာ ဘာလျှို့ဝှက်ကြံစည်မှုတွေများ ရှိနိုင်မှာမလို့လဲ။ တကယ်ပဲ ကြံစည်မှုတစ်ခုခုရှိခဲ့ရင်လည်း အားလုံးပဲ ဘာမှစိုးရိမ်နေဖို့မလိုပါဘူး။ ဒီနေရာမှာစုဝေးနေတဲ့သူအများစု ရှီးဖင့်ရဲ့ဆရာသခင်တွေပဲ။ အဲ့ထဲမှာမှ တကယ့်အရှင်သခင်တွေဖြစ်တဲ့ ကျင့်ကြံသူအရှင်စုန့်ဟယ့်နဲ့ ဘုန်းတော်ကြီးခုန်းကျိတို့ ရှိနေကြတာလေ။ ဘယ်လိုလူက ဝက်ဝံအသည်းနဲ့ကျားသစ်နှလုံးကိုစားထားလို့ ငါတို့ကို စော်ကားပြုမူရဲမှာတဲ့လ”

ဖင့်ယင်းရှောင်းမှ ထိုသို့ပြောလာသောအခါ သုချန်းကျင်သည် စိတ်သက်သာရာရသွားခဲ့၏။ သို့သော် ချန်ပန့်ရှန်းမှပြော၏။

“အဲ့ဒီ့စကားက လုံးဝမှန်တာတော့မဟုတ်ဘူး။ တဖက်လူက ဒီလူအားလုံးကို လှည့်စားရဲမှတော့ အပြည့်အဝပြင်ဆင်ထားတာဖြစ်နိုင်တယ်။ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာတောင်ဖြစ်နိုင်သေးတယ်။ ငါတို့ကိုရင်ဆိုင်ဖို့ နည်းလမ်းဘယ်နှမျိုးလောက် ပြင်ဆင်ထားလိမ့်မလဲ။ ပြီးတော့ လူတွေရဲ့နှလုံးသားဆိုတာမျိုးက ဝမ်းရေးနဲ့ခွဲခြားထားတာ… ဒီမှာရှိနေတဲ့သူတွေထဲ တစ်ဖက်လူရဲ့သူလျှိုမရှိနေပါဘူးလို့ ဘယ်သူကများ အာမခံနိုင်မှာလဲ”

ချန်ပန့်ရှန်းသည် ပြောပြီးနောက် အနည်းငယ် စိတ်မသန့်ခြင်းကို ခံစားလိုက်ရသည်ထင် ရုတ်တရက် အတားအဆီးတစ်ခု စီရင်လိုက်လေသည်။

“ဟုတ်တယ်လေ.. ရှေးစကားရှိတာပဲမဟုတ်လား။ အခြားလူတစ်ယောက်ကို ထိခိုက်နာကျင်စေလိုတဲ့စိတ်မရှိသင့်ဘူး။ အဲ့လိုပဲ အခြားလူကို အတိုက်အခံလုပ်ပြီး စောင့်ရှောက်လိုစိတ်လည်းမရှိသင့်ဘူးတဲ့။ အထူးသဖြင့် သုချန်းကျင်.. သူ့ခြေထောက်တွေက ကြောက်ရွံ့စိတ်ကြောင့် မသိမသာတုန်နေတာ ပြီးတော့ ပတ်ဝန်းကျင်ကို ပတ်လည်လှည့်ကြည့်နေလိုက်တာများ တခြားသူတွေအားလုံးက လူရမ်းကားတွေနဲ့‌တောင်တူနေပြီ”

ဆရာသခင်ကြီးများအားလုံး ရှိနေကြသည်ဖြစ်ရာ တပည့်ဖြစ်သူချင်းယန်အနေဖြင့် စကားဝင်ပြောရန် မသင့်တော်ချေ။ သို့သော် အားလုံးမှာ ပို၍ ပို၍ စိုးရိမ်စိတ်များလာနေကြလေရာ ကျင့်ကြံသူလေးချင်းယန်သည် ကြားဝင်ပြောရလေတေ့ာသည်။

“စစ်သည်တွေက ရေပြင်နဲ့ကုန်းမြေကို ကာကွယ်ကြပါတယ်။ လျှို့ဝှက်ကြံစည်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားအရာတွေပြောနေတာဟာ အသုံးမဝင်ပါဘူး။ အခု အရေးအကြီးဆုံးက ဘယ်သူလုပ်ခဲ့တာလဲဆိုတာကို ရှာဖွေဖို့နဲ့ ဘယ်လို အကြံအစည်မျိုးကို ပြင်ဆင်ကြံစည်ထားလဲဆိုတာကို သိရဖို့ပါပဲ”

ချင်းယန်၏စကားလုံးများမှာ တည်ငြိမ်လွန်းလှ၏။ သုချန်းကျင်သည်လည်း လျင်မြန်စွာ သံယောင်လိုက်လေသည်။

“ဟုတ်တယ် ဟုတ်တယ်။ တကယ့်ကို ဥာဏ်အမြော်အမြင်ကြီးမားတဲ့လူကြီးမင်းစုန့်ဟယ့်ရဲ့တပည့်ပါပဲ”

ဤတစ်ကြိမ်တွင်တော့ စုန့်ဟယ့်မှပြောလာခဲ့သည်။

“ဒီကိစ္စက ထူးဆန်းတာမှန်ပေမယ့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိသေးတယ်။ တဖက်လူက အားလုံးကို မတူညီတဲ့နည်းလမ်းတွေနဲ့လှည့်စားခဲ့ပေမယ့် သူ့ရဲ့ရည်ရွယ်ချက်က အားလုံးကို ရှီးဖင့်မှာအတူစုဝေးသွားစေဖို့ပဲ။ အားလုံးလည်း စုဝေးမိသွားပြီဆိုတော့ နောက်ကွယ်က ကြိုးကိုင်သူလည်း မကြာခင်လူလုံးထွက်ပြလာလိမ့်မှာပဲပေါ့ မဟုတ်ဘူးလား”

ဘုန်းတော်ကြီးခုန်းကျိသည် သူ၏မုတ်ဆိတ်ဖြူတို့ကို ဖြေးညင်းစွာပွတ်သပ်လျက် ခေါင်းညိတ်၏။

“ဒီထူးဆန်းတဲ့ပြုမူပုံက ခိုက်ယန်စံအိမ်တော်က ကျားဂိုဏ်းရဲ့ပုံစံနဲ့ အတော်လေးဆင်တူတယ်”

ခိုက်ယန်စံအိမ်တော်သည်လည်း လျန်ကျိုလက်အောက်ရှိမြို့တစ်မြို့ဖြစ်သည်။ ရှီးဖင့်စံအိမ်တော်နှင့် နီး၍ ထိတွေ့ဆက်ဆံမှုလည်းများ၏။ သို့သော် ခိုက်ယန်၏မြေအောက်လောကသည် ရှီးဖင့်ကဲ့သို့ ငြိမ်းချမ်းမှုမရှိချေ။ ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုများ ပြင်းထန်၏။ အထူးသဖြင့် လွန်ခဲ့သည့်၁၀နှစ်တွင် ခိုက်ယန်၌ ကျားဂိုဏ်းဟူ၍ ဂိုဏ်းသစ်တစ်ခုပေါ်ထွက်လာခဲ့ပြီး အထက်စီးဆန်လှသော ထူးဆန်းသည့်အပြုအမူများလုပ်ဆောင်ခဲ့ကြပြီး အင်အားကြီးမားလာခဲ့ရာ မကြာမြင့်သည့်အချိန်၌ပင် ခိုက်ယန်တစ်ခုလုံးအား စိုးမိုးခြယ်လှယ်ခဲ့တော့သည်။

ထိုကျားဂိုဏ်းမှာ မကျေနပ်နိုင်သေးသည်ကို မည်သူသိပါမည်နည်း။ လတ်တလောတွင် သူတို့သည် အနီးစပ်ဆုံးတွင် တည်ရှိနေသည့် ရှီးဖင့်နယ်စပ်ကို စောင့်ကြည့်လာခဲ့လေသည်။ လွန်ခဲ့သည့်၂နှစ်အတွင်း၌ ရှီးဖင့်ပြည်သူများမှာ ထပ်ခါထပ်ခါ စမ်းသပ်ခံခဲ့ရ၍ ရှီးဖင့်စံအိမ်တော်မှာ ဖိစီးမှုများနေခဲ့ရသည်။ ယခုကိစ္စရပ်အားလည်း ကျားဂိုဏ်းမှ ကြံစည်ခဲ့သည်ဟုဆိုခြင်းမှာ အတော်လေးဖြစ်နိုင်ပါ၏။

ခိုက်ယန်၏ကျားဂိုဏ်းကို ဘုန်းတော်ကြီးခုန်းကျိမှ ပြောလာသည့်အခါ အခြားသူများသည်လည်း စဉ်းစားမိသွားကြသည်။ သုချန်းကျင်မှပြော၏။

“ကျားဂိုဏ်းက ကျွန်တော်တို့ရှီးဖင့်ကို သေချာစောင့်ကြည့်နေတာ အခုက ရှီးဖင့်ကိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲပြီးသွားတာများဖြစ်နိုင်လား။ ကျွန်တော်တို့အားလုံးကို တစ်ပြိုင်နက်တည်း ဝင်စီးပြီးတော့လေ”

“ဒါဆိုရင်တော့ ငါတို့တွေတော့ ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်ရတော့မှာပေါ့”

ချန်ပန့်ရှန်းမှ တုန်ယင်နေလျက်ဖြင့် မေးလာခဲ့သည်။

All Chapters