← Chapters

အကူအညီ

Vol. 1 Ch. 9

အကူအညီ

Vol. 1 Ch. 9

“လူကြီးမင်းစုန့်ဟယ့် အထင်လွဲနေပါပြီ။ ကျုပ်မှာ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူးဗျာ။ ကျုပ်က ကျားဂိုဏ်းကို ခင်ဗျားတို့အားလုံး ကူညီပေးကြဖို့တောင်းဆိုချင်ရုံပါ။ ဒီလိုလုပ်ခဲ့ရတာကတော့ ခင်ဗျားတို့အနေနဲ့ လာရောက်ဖို့ ဆန္ဒမရှိကြမှာကို စိုးရိမ်တာကြောင့်ပါပဲ”

ဟူကျန်းစုန့်သည် တောင်းပန်တိုးလျှိုးသည့်လေသံဖြင့် ပြောနေခဲ့သည်မှာ သူ၏လုပ်ရပ်အတွက် အမှတ်တကယ် အပြစ်ရှိသည်ဟု ခံစားနေရသကဲ့သို့ပင်..။

သို့သော် ဤနေရာ၌ ရှိနေကြသူအားလုံးမှာ မြစ်ချောင်းအင်းအိုင်လာကတစ်ခွင်ကို ဖြတ်ကျော်ခဲ့ဖူးကြသူများဖြစ်သည်။ သူတို့သည် ဟူကျန်းစုန့်၏ ထိုပုံစံကြောင့်နှင့် စိတ်ရှုပ်ထွေးသွားကြလိမ့်မည်မဟုတ်ချေ။ စုန့်ဟယ့်သည်ပင် လှောင်ရယ်လျက် ပြောလာခဲ့၏။

“ကျုပ်တို့အားလုံးက လောကကြီးမှာကောင်းကောင်း ကျင်လည်ခဲ့ဖူးကြသူတွေပါ။ ဘာလို့များ ကျားဂိုဏ်းချုပ်အရှင်က ဒီလို‌မျိုးတွေ အစီအစဉ်ချနေတာပါလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားက ကျုပ်တို့ကိုအသုံးချဖို့ပဲ မဟုတ်လား။ ဒါမှမဟုတ်လည်း ကျုပ်တို့ကို ခင်ဗျားရဲ့နယ်မြေရှေ့ဆောင်ချဲ့ထွင်ပေးသူတွေ ဖြစ်စေပြီး ရှီးဖင့်စံအိမ်တော်ရဲ့ပိုင်နက်နယ်မြေကို သိမ်းပိုက်မလို့ပဲမဟုတ်လား”

စုန့်ဟယ့်၏စကားဆုံးသည်တွင် ဟူကျန်းစုန့်သည် ရုတ်တရက် ရယ်မောလာခဲ့၍ အချိန်အတော်ကြာပြီးနောက်မှ ပြန်ပြောလာခဲ့၏။

“ဒီတစ်ခါတော့ လူကြီးမင်းစုန့်ဟယ့် တကယ်ပဲအထင်လွဲနေပါပြီ။ ကျုပ်ရဲ့ကျားဂိုဏ်းက တကယ်ပဲ လူအချို့ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် အကူအညီတောင်းဖို့အတွက်ပါ”

ဟူကျန်းစုန့်၏ဖြေရှင်းချက်သည် အားလုံးကို တစ်ဖန်ရှုပ်ထွေး‌သွားစေပြန်သည်။ ကျားဂိုဏ်းမှ ရှီးဖင့်စံအိမ်တော်ပိုင်နက်အား အမှန်တကယ် ရယူလိုပါက ယခုအခြေအနေ၌ မိမိတို့ကို လက်နက်ချရန်တိုက်တွန်းခြင်း သို့မဟုတ် တိုက်ရိုက်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ပေလိမ့်မည်။

ဘာလို့များ ဒီမှာလာပြီး အချိန်ဖြုန်းနေလိမ့်မလဲ။ ကျားဂိုဏ်းက တကယ်ပဲ အကူအညီရှာဖွေဖို့လာခဲ့တာဖြစ်နိုင်မလား။ ကျားဂိုဏ်းက အင်အားကြီးမားတာပဲကို ဘာလို့ သူတို့ရဲ့အကူအညီကို လိုအပ်လိမ့်မည်လဲ။

စုန့်ဟယ့်တို့မှ စကားပြန်ပြောလာသည်ကို မစောင့်‌ဆိုင်းဘဲနှင့် ဟူကျန်းစုန့်မှ

ဆက်ပြော၏။

“ကျားဂိုဏ်းဟာ တကယ်ပဲ ရှီးဖင့်နယ်မြေကို တပ်မက်ပါတယ်။ ဒါပေမဲ့ ရှီးဖင့်ကို တကယ်တိုက်ခိုက်လိုစိတ်ရှိရင် ခင်ဗျားတို့ကို အတူစုဝေးပြီး နှုတ်ဆက်စကားပြောနေမယ့်အစား ခင်ဗျားတို့ကို အနိုင်ယူပြီးဖျက်စီးပစ်ဖို့ နည်းလမ်းမျိုးစုံကိုပဲ အစီအစဉ်ဆွဲနေလိမ့်မှာပေါ့။ ကျင့်ကြံသူစုန့်ဟယ့်နဲ့ ဘုန်းတော်ကြီးခုန်းကျိတို့ ‌နှစ်ယောက်ပေါင်းလိုက်ရင် အဆုံးသတ်မှာ ကျုပ်တို့ကျားဂိုဏ်းက အနိုင်ရသွားခဲ့ရင်တောင် အနည်းဆုံး ကျွမ်းကျင်သူတစ်ယောက်၊နှစ်ယောက်တော့ ဒဏ်ရာရသွားလိမ့်မှာပဲ။ အဆုံးသတ်ကျ ရရှိတာနဲ့ ဆုံးရှုံးတာ တန်ဖိုးမမျှနိုင်ဘူး”

၎င်းမှာ အမှန်ဖြစ်ပါ၏။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့သည် ကျားဂိုဏ်း၏ မည်သည့်ကျွမ်းကျင်သိုင်းသမား တစ်ယောက်ထက်သော်မျှ နိမ့်ပါးခြင်းမရှိချေ။ အကယ်၍ တစ်ယောက်ဖြင့် တိုက်ခိုက်မည်ဆိုပါက ကျားဂိုဏ်း၏သိုင်းသမားများ ထွက်လာရလိမ့်မည်ဖြစ်၍ ထိုအတွက်ကုန်ကျမှုသည် လူများစွာလည်းဖြစ်နိုင်ပါ၏။ သို့သော် နှစ်ယောက်ပေါင်းစည်းလိုက်ပါက ကျားဂိုဏ်းမှ တိကျသည့်တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်ဖြစ်သည်။ ကျားဂိုဏ်းသည် သူတို့၏အကျိုးအမြတ်အတွက် နယ်မြေချဲ့ထွင်နေကြခြင်းဖြစ်၏။ ဤကဲ့သို့ ရန်သူတစ်ထောင်ကိုနှိမ်နင်း၍ ငွေရှစ်ရာဆုံးရှုံးရမည့် အနုတ်ပြစီးပွားရေးကို အဘယ်ကြောင့်များ ပြုလုပ်လိမ့်မည်နည်း။

ဟူကျန်းစုန့်မှ ရှင်းလင်းစွာ ရှင်းပြပြီးနောက်တွင် ကျားဂိုဏ်းမှာ ဤတစ်ကြိမ်တွင်တော့ လိမ်ညာခြင်းမဟုတ်သည်ကို နားလည်သွားကြသည်။ လွန်ခဲ့သည့်အချိန်၌ ကျင့်ကြံသူစုန့်ဟယ့်၏ တပည့်ဖြစ်သူချင်းယန်သည် တူညီသည့်ခွဲခြမ်းစိတ်ဖြာမှုကို ပြုလုပ်ခဲ့ရာ ချင်းယန်မှာ ငယ်ရွယ်သည့်အသက်အရွယ်ဖြင့် ထိုမျှ ထိုးထွင်းအသိအမြင်ကြွယ်ဝလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှီးဖင့်သားများသည် သေချာပေါက် ဟူကျန်းစုန့်၏စကားအနည်းငယ်မျှကို စိတ်ထဲထားရှိမည်မဟုတ်ချေ။ စုန့်ဟယ့်သည် လူအိုကြီး၏အပြုအမူမျိုးဖြင့်ပြော၏။

“‌ဒါဆိုလည်း ကျားဂိုဏ်းချုပ်အရှင်ကပဲ ဘယ်လိုသေးငယ်တဲ့ အကူအညီလဲဆိုတာကို ပြောပြပေးပါဦး။ ကျားဂိုဏ်းကို ဒီလောက်ထိ စိတ်လှုပ်ရှားစေတယ်ဆိုတော့လေ”

ဟူကျန်းစုန့်သည် စုန့်ဟယ့်၏စကားလုံးများထဲမှ သရော်မှုကို သတိမထားမိသည့်အလား ဖြေညင်းစွာပြော၏။

“အဲ့ဒါက ကျုပ်တို့ကျားဂိုဏ်းက ရှီးဖင့်နယ်မြေထဲမှာ အုံ့ဆိုင်းပိတ်ဆို့နေတဲ့နယ်မြေတစ်ခုကို ရှာတွေ့ခဲ့ကြတယ်။ ကျုပ်တို့က အထဲဝင်ပြီးစူးစမ်းကြည့်ချင်တာ။ ဒါပေမဲ့ အကူအညီ အလုံအလောက်မရှိဘဲ အဲဒီ့နယ်မြေက အရမ်းအန္တရာယ်များတယ်။ အဲဒါကြောင့် ရှီးဖင့်ကို အကူအညီတောင်းရတာပါ”

ရှီးဖင့်ရဲ့ပိုင်နက်နယ်မြေထဲမှာလား။

ကျားဂိုဏ်း၏ခြေတံလက်တံများသည် လွန်စွာရှည်လျားလာနေလဲ့သည်ပင်…။

ရှီးဖင့်၏လျှိူ့ဝှက်နယ်မြေကို ရှီးဖင့်ဘက်မှ မသတ်မှတ်ရသေးသည်တွင် ရှာဖွေတွေ့ရှိခဲ့၏။ ရှီးဖင့်၏လူများသည်ပင် ထိုနယ်မြေအကြောင်းကို မသိရှိပါချေ။ ထိုသို့သော စဉ်းစားတွေးခေါ်မှုနှင့် နည်းလမ်းတို့မှာ အမှန်တကယ် ကြောက်မက်ဖွယ်ဖြစ်၏။ ရှီးဖင့်ပြည်သူများမှာ ဘေးအန္တရာယ်ကြုံတွေ့ရတော့မည့်နမိတ်ဖြစ်နိုင်ပေသည်။

ထို့ပြင် ကျားဂိုဏ်းချုပ်ဟူကျန်းစုန့်၏ ပါးစပ်မှထွက်လာခဲ့သည့် အုံ့ဆိုင်းနယ်မြေဟူသည် အမှန်တကယ် ရှိမရှိသည်ကို မသိရပေ။ ကျားဂိုဏ်းမှ ဂရုတစိုက်ရေးဆွဲထားသည့်ထောင်ချောက်ဖြစ်နိုင်ပြီး ရည်ရွယ်ချက်မှာ မိမိတို့အား ပြင်းထန်သည့်အခြေအနေသို့ လိမ်လည်သွတ်သွင်း၍ ဖမ်းဆီးမည့်အစီအစဉ်လည်းဖြစ်နိုင်၏။ ထိုအခြေအနေသို့ရောက်ရှိခဲ့ပါက ထျန်းထျန်းပုဟုခေါ်ဆိုနိုင်ပေသည်။ ပြန်လည်ဖြေကြားမည့် ပထဝီ‌မြေကြီးသည် အလုပ်မလုပ်တော့ဟူ၍..။

ခြေတစ်လှမ်းနောက်ပြန်ဆုတ်၍ ထိုလျှို့ဝှက်နယ်မြေသည် အမှန်တကယ်ဖြစ်သည်ဟု ဆိုပါဦးတော့.. ဘုရားသခင်မှ ကောင်းချီးပေးတော်မူ၍ အားလုံးသည် ထိုနယ်မြေထဲမှ ဘေးကင်းစွာ ပြန်ထွက်လာနိုင်ပါမည်လော။ မိမိမှာ ကျားဂိုဏ်း၏ ဇာတ်ကောင်တစ်ဦး ဖြစ်ပေးနိုင်ပါမည်လော။ အိမ်တစ်အိမ်အား ပုံကြီးချဲ့တည်ဆောက်ပြီးပါမှ ထွက်ခွာသွားရန်မှာ လွယ်ကူလိမ့်မည်လော။

ထိုနယ်မြေထဲမှ အရေးကြီးသည့်၊တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို ရရှိပြီးနောက်တွင် ကျားဂိုဏ်းသည် လူမသတ်ပါဟူသော အာမခံချက်လည်းမရှိပေ။

မည်သို့ပင်စဉ်းစားချင့်ချိန်ပါစေမူ ဤသည်မှာ အရှုံးပေါ်မည့်အပေးအယူသာဖြစ်သည်။ သာမန်ဆုံးရှုံးမှုမျှသာမဟုတ်ဘဲ အသက်ပင် ဆုံးရှုံးနိုင်ပေသည်။ မည်သူမျှ ထိုနယ်မြေသို့သွားရန် ဆန္ဒမရှိချေ။ သို့သော် လက်ရှိအခြေအနေအရ မည်သူမျှလည်း ထုတ်‌ဖော်ငြင်းဆန်ရဲခြင်းမရှိပေ။ နေရာ၌သာရပ်နေလျက် ရရှိနိုင်ခြေနှင့်ဆုံးရှုံးနိုင်ခြေတို့ကို တွက်ချက်နေကြလေသည်။

ဟူကျန်းစုန့်သည် မိမိတို့အားလုံးမှာ အလွယ်တကူ သဘောတူလိမ့်မည်မဟုတ်သည်ကို သိထားပုံရ၏။

“ကျုပ်တို့ကျားဂိုဏ်းက ခင်ဗျားတို့ကို အလဟဿ အလုပ်လုပ်ရတာမျိုးဖြစ်‌စေမှာ မဟုတ်ပါဘူး‌ဗျာ။ လုပ်ငန်းပြီးတာနဲ့ ပါဝင်လူတစ်ယောက်ချင်းစီတိုင်းကို အကျိုးအမြတ်အတွက် ထည့်တွက်ပေးမှာပါ။ ခင်ဗျားတို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ငွေကြေးဥစ္စာအတွက် စိတ်မပူစေရပါဘူး”

‌ငွေတုံးများသည် ဆွဲဆောင်မှုအား ကောင်းလှသည်ဖြစ်ရာ ကျားဂိုဏ်း၏သိုင်းသမားများမှာ အံ့အားသင့်သွားကြ၏။ ထိုအခြင်းအရာသည်ပင် ကျားဂိုဏ်းမှာ ထိုလုပ်ငန်းအတွက် ခြေကုန်လက်ပန်းကျနေကြောင်း ပြ‌သနေပေသည်။

ငွေကြေးဥစ္စာအများအပြား ရရှိမည်ဖြစ်သောငြား ကြံမ္မာနွယ်ရမည်ဖြစ်သည်။ ငွေကြေးပမာဏများလေ လုပ်ငန်း၏ဘေးအန္တရာယ်သည်လည်း ကြီးမားလေဖြစ်၏။ မသွားခြင်း သို့မဟုတ် မသွားရန်ကြိုးစားခြင်းသည် ပိုကောင်းသော ရွေးချယ်မှုဖြစ်နိုင်ပါ၏။

ချန်ပန့်ရှန်းသည် ကျားဂိုဏ်းချုပ်ဟူကျန်းစုန့်၏ အကျင့်စရိုက်မှာ ပုံပြင်ဇာတ်လမ်းများတွင် ပြောကြသည်ကဲ့သို့ အထက်စီးဆန်လှစွာ စိုးမိုးခြယ်လှယ်ခြင်းမရှိသည်ကို မြင်တွေ့ရ၍ ကြိုးစားပြောဆိုခဲ့၏။

“ကျားဂိုဏ်းချုပ်အရှင် ကျွန်တော်က ရှေ့ဖြစ်ဟောဆရာချန်ပန့်ရှန်းပါ။ သိုင်းပညာအရည်အချင်းက သာမန်ပါပဲ။ ဒီနေရာမှာ ကျွမ်းကျင်သိုင်းပညာရှင်တွေ အများကြီးရှိနေတာ ကျွန်တော်ရှိနေလို့လည်း ကျွန်တော့်ထက် ပိုအသုံးဝင်တဲ့သူတွေ တစ်‌ယောက်မဟုတ်တစ်ယောက် ရှိနေမှတော့ အုံ့ဆိုင်းနယ်မြေကိုသွားဖို့ ကျွန်တော်ငြင်းဆိုပါရစေ”

ဟူကျန်းစုန့်သည် ချန်ပန့်ရှန်းအား အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေခဲ့၏။ ချန်ပန့်ရှန်းမှာ ထိုအကြည့်ကြောင့် ‌ထိတ်လန့်သွားရသည်ဖြစ်ရာ ဘောင်းဘီထဲရှူးပေါက်ချတော့မတတ်ဖြစ်သွားရလေသည်။

ဟူကျန်းစုန့်မှ ပြော၏။

“ခင်ဗျား မသွားချင်ဘူးလား”

ပြောနိုင်သည့် စကားကုန်ပြောခဲ့ပြီးသည်တွင် ချန်ပန့်ရှန်းသည် သတ္တိမွေး၍ ဆက်ပြောလိုက်၏။

“ဟုတ်ပါတယ်။ ကျွန်တော်ရဲ့ အရည်အချင်းက နိမ့်ပါးပါတယ်။ ကျွန်တော့်ကြောင့် ကျားဂိုဏ်းချုပ်အရှင်ရဲ့ ကိစ္စကြီးမှာ တစ်စုံတစ်ရာပျက်စီးသွားရမှာကို စိုးရွံ့မိလို့ပါ။ အဲ့တော့ ကျွန်တော်မသွားတာပဲ ကောင်းပါလိမ့်မယ်”

ဟူကျန်းစုန့်မှ အနည်းငယ်ပြုံးလျက် ပြော၏။

“ခင်ဗျား မသွားဘူးဆိုလည်း ရပါတယ်”

“ဒါဆို ကျွန်တော်သွားပြီနော်။ ကျွန်တော် တကယ် သွားပြီနော်”

ချန်ပန့်ရှန်းသည် မဝံ့မရဲဖြင့်ပြော၏။

ဟူကျန်းစုန့်မှ မိမိအား ဟန့်တားခြင်းမရှိဘဲ ထွက်ခွာသွားတော့မည်ကို အာရုံထားပုံမရသောအခါ ချန်ပန့်ရှန်းမှာ စိတ်သက်သာရာရသွားလျက် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဟူကျန်းစုန့်သည် ချန်ပန့်ရှန်းအား မဟန့်တားသည်ကိုမြင်သောအခါ သုချန်းကျင်သည်လည်း ပူဆွေး‌ဝမ်းနည်းသွားမိလေသည်။ ချန်ပန့်ရှန်းသည် ကျားဂိုဏ်းမှာ စကားပြောရန်လွယ်ကူသည်ကိုသိသောကြောင့် ဦးစွာပြောဆိုခဲ့ပြီး ကျားဂိုဏ်းချုပ်သည်လည်း ထိုချန်ပန့်ရှန်းအား သဘောတူခဲ့လေရာ မိမိမှာ ထွက်ခွာရန် ဒုတိ‌ယမြောက်လူဖြစ်သွားပေမည်။

သို့ဆိုပါက တစ်ဖက်လူကို ဒေါသထွက်သွားစေလောက်မည် မဟုတ်ပါလော။

ထိုအချိန်၌ ချန်ပန့်ရှန်းသည် ကျားဂိုဏ်းချုပ်အနီးမှ ကျော်လွန်ပြီးရာ မိမိ၏သိုင်းပညာအား အသုံးပြု၍ ဤနမိတ်‌မကောင်းသောနေရာမှ ထွက်ခွာတော့မည်တွင် နောက်ဘက်မှ ပုံရိပ်တစ်ခုကို ဖြတ်ခနဲမြင်တွေ့လိုက်ရပြီးနောက် သူ၏နှလုံးအား လက်ဖဝါးဖြင့် ရိုက်ပုတ်လိုက်သည်ကိုခံစားလိုက်ရလေသည်။

ထိုပုံရိပ်မှာ ဟူကျန်းစုန့်၏နောက်ရှိ အနက်ရောင်ဝတ်ရုံဖြင့် အားကောင်းမောင်းသန်လူကြီးဖြစ်သည်။ ချန်ပန့်ရှန်းသည် ထိုလူကြီးအား အစွမ်းကုန် ခုခံတားဆီးနေသော်ငြား အင်အားကွာခြားချက်မှာ လွန်စွာကြီးမားလေရာ အဆုံးတွင်တော့ ထိုလူကြီး၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ချန်ပန့်ရှန်းမှာ အတော်လေး အထိနာသွား၏။ ကြိုးပြတ်သွားသည့်စွန်တစ်ခုကဲ့သို့ နှစ်ပေ၊သုံးပေခန့် လွင့်ပျံထွက်သွားခဲ့ပြီးနောက် အကြိမ်အနည်းငယ်မျှ လိမ့်သွားခဲ့၍ မြေပြင်သို့ကျသွားခဲ့ကာ သေသည်ရှင်သည် မသိချေ။

သုချန်းကျင်မှာ ပါးစပ်ဟတော့မည်တွင် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောကြောင့် ရုတ်ချည်း ကြောက်ရွံ့သွားခဲ့ရပြီး ခြေနှစ်ချောင်းကြား၌ စိုစွတ်သွားရလေသည်။

‘ကံကောင်းပြီး မပြောရသေးလို့.. မဟုတ်ရင် ‌ဒီငွေလေးက ငါ့ရဲ့အတိတ်ဘဝ သင်ခန်းစာဖြစ်သွားတော့မလို့”

အခြားသူများသည်လည်း ‌ထိုမြင်ကွင်းကြောင့် တွန့်ဆုတ်သွားရပေသည်။ သူတို့သည် ကျားဂိုဏ်းမှာ ထိုမျှအတင့်ရဲမည်ဟု မမျှော်လင့်ထားခဲ့ပေ။ တိုက်ခိုက်ရန် ကြိုတင်အချက်ပြခြင်းလည်း မရှိချေ။ ထိုလူကြီး၏လက်ဖဝါးရိုက်ချက်မှာ လွန်စွာအင်အားပြင်းထန်လှသည်ဖြစ်ရာ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိသည်ပင် ချန်ပန့်ရှန်းအတွက် ခုခံပေးရန် မဝံ့ရဲခဲ့ချေ။

‘ဒီတစ်ကြိမ်မှာတော့ ငါတို့‌အနေနဲ့ လုံလုံလောက်လောက် မကောင်းမွန်မှာ စိုးရွံ့မိပါတယ်’

All Chapters