လျှို့ဝှက်နယ်မြေ
Vol. 1 Ch. 10
တကယ်တမ်းတွင်တော့ ဤရလဒ်မှာ မျှော်မှန်းထားပြီးဖြစ်၏။ ကျားဂိုဏ်းသည် လူအားလုံးကို လှည့်ဖျားခေါ်ဆောင်ရန်အတွက် အင်အားများစွာစိုက်ထုတ်ခဲ့သည်ဖြစ်ရာ မိမိတို့အား အဘယ်သို့များ လွယ်လွယ်ကူကူ လွှတ်ပေးပါလိမ့်မည်နည်း။ ချန်ပန့်ရှန်းသည် ကြောက်ရွံ့မှုကြောင့် ကျားဂိုဏ်း၏ပင်ကိုစရိုက်ကို အချိန်ခဏမျှမေ့လျော့သွားခဲ့မိခြင်းကြောင့် ရလဒ်အနေဖြင့် အပြစ်ပေးခံခဲ့ရလေသည်။
ဟူကျန်းစုန့်သည် တစ်ဖက်သို့ပြန်လှည့်လာခဲ့၍ အားလုံး၏မျက်နှာအမူအရာများမှာ နေရာမှလိုက်ပါရွေ့လျားလိုခြင်းမရှိသည်ကို မြင်တွေ့နေခဲ့ပါ၏။ ဟူကျန်းစုန့်မှ ပြုံးလျက်ဖြင့်ပြော၏။
“ခုနက တစ်ချက်တိုက်ခိုက်လိုက်တဲ့တစ်ယောက်က ငါ့ရဲ့ညီလေးဟူကျန်းဟ့န်ပါ။ စိတ်မပူပါနဲ့.. ငါ့ရဲ့ဒီညီလေးက သေချာတိုင်းဆတတ်တဲ့သူမို့ အများဆုံးမှ သွေးတစ်ပွက်၊နှစ်ပွက်လောက် အန်ထွက်ရရုံပါပဲ။ လျှို့ဝှက်နယ်မြေကိုလိုက်ပါဖို့အတွက် ပြဿနာမရှိနိုင်ပါဘူး။ အခု ငါတို့က လုအင်အားလိုအပ်နေတာဆိုတော့ ခင်ဗျားတို့ကိုသတ်ဖို့မတတ်နိုင်ဘူးမဟုတ်လား”
ထို့နောက် ဟူကျန်းစုန့်သည် များစွာပို၍ထိတ်လန့်ဖွယ်ရာသောစကားကို ပြောလာခဲ့သည်။
“အားလုံးပဲ ဒီကျားဂိုဏ်းက အပေါ်စီးဆန်ပြီးပြုမူနေတယ်လို့ မတွေးလိုက်ကြပါနဲ့။ ဒီတစ်ကြိမ်ကိစ္စတွေက တကယ်ပဲ အမတအရှင်တွေအတွက် လုပ်ဆောင်ရတာမလို့ပါ။ အမှားသေးသေးလေးဖြစ်ခဲ့ရင်တောင် ကျားဂိုဏ်းတစ်ဂိုဏ်းလုံးဟာ ဈာပနအလမ်းအနားကျင်းပဖို့ဖြစ်သွားရလိ့မ်မယ်။ အဲဒါကြောင့်မလို့ အခု အတူလိုက်ခဲ့ဖို့ငြင်းဆန်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ ငါ့ရဲ့ညီအစ်ကိုတွေကို သတ်နေတာပဲ”
အမတအရှင်! ကျားဂိုဏ်းသည် အမှန်တကယ်ပင် အမတအရှင်များအတွက် အလုပ်လုပ်ပေးနေခဲ့ခြင်းပေလော။
နေရာရှိလူအားလုံးမှာ ဟူကျန်းစုန့်၏စကားကြောင့် မင်တက်နေကြတော့သည်။
အမတအရှင်ဟူသည် ကြီးမြတ်သည့်ဒဏ္ဍာရီလာတည်ရှိမှုဖြစ်၏။ မြေလျှိုးမိုးပျံနိုင်စွမ်းရှိကာ ရုပ်သဏ္ဍာန်ပင် မမြင်တွေ့ရစေဘဲ လူသတ်နိုင်သည်။ ထိုအမတအရှင်များထဲမှ တန်ခိုးစွမ်းအင်ကြီးမြင့်သောပုဂ္ဂိုလ်သည် တောင်ကိုရွှေ့ပြောင်း၍ ပင်လယ်ကိုဖြည့်စွမ်းနိုင်ပြီး ကောင်းကင်နှင့်ပထဝီမြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိလိမ့်မည်။
သို့သော် အမတအရှင်ဟူသည် လွန်စွာရှားပါးလေရာ နဂါးဦးခေါင်းကိုမြင်တွေ့ရလေ့ရှိသော်ငြား အဆုံးသတ်ကိုမြင်တွေ့ခြင်းကိုမူ ကျရှုံးရလေသည်။ သာမန်လူများမှာ အမတအရှင်ကို ဒဏ္ဍာရီလာဖြစ်တည်မှုတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သိုင်းလောက၏ထိပ်တန်းသိုင်းပညာရှင်ကြီးများဖြစ်သည့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့သည်ပင် သတင်းစကားသာကြားသိခဲ့ဖူး၍ မြင်တွေ့ဖူးခြင်းမရှိပေ။
မမျှော်လင့်စွာဖြင့် အမတအရှင်များအကြောင်းကို ကျားဂိုဏ်းထံမှ ကြားသိခဲ့ရပြီး ချင်းယန်နှင့်အခြားသူများမှာ ကံကောင်းခြင်းဖြစ်သည်ဟုပင် ဆိုလာလေသည်။ အမတအရှင်များနှင့် ဆက်သွယ်မှုရရှိနိုင်ခြင်းသည် ဘေးအန္တရာယ်တွင်း စွန်စားရမည်ဆိုလျှင်သော်မှ ထိုက်တန်ပါ၏။ အမတအရှင်များမှ ချင်းယန်အား ပါရမီရှိသူတစ်ဦးဖြစ်ကြောင်း လက်ခံပြီး တပည့်အဖြစ်လက်ခံရန် ဆန္ဒရှိခဲ့ပါလျှင် ချင်းယန်သည် အမတအရှင်တစ်ပါးအဖြစ် ဘဝတိုးတက်နိုင်ဖွယ်ရှိ၏။ အမတအရှင်များမှ ထိုသို့လက်မခံခဲ့လျှင်သော်မှ အချို့သောလမ်းညွှန်ပြသမှုအနည်းငယ်ကို ပေးကမ်းစွန့်ကြဲခဲ့ပါလျှင် ဘဝသက်တမ်းတစ်လျှောက်၌ သေချာပေါက် အသုံးဝင်ပေလိမ့်မည်။
လျှို့ဝှက်နယ်မြေသို့ခရီးသည် မလွဲဧကန် သွားရမည့်ခရီးဖြစ်နိုင်သးပေသည်။ အမတအရှင်ဟူသောစကားလုံးသည် အားလုံးကို ဆွဲဆောင်နေရုံမျှမက ထိတ်လန့်အံ့အားသင့်မှုကိုလည်း ဖြစ်စေ၏။ ဤတစ်ကြိမ် ကျားဂိုဏ်းမှ သူတို့အား လာရောက်ရှာဖွေခြင်းမှာ အမှန်တကယ် အမတအရှင်များ၏ အစီအစဉ်မဟုတ်ပါဟု မည်သူမှ အာမခံနိုင်လိမ့်မည်နည်း။ အမတအရှင်များမှ မိမိတို့၏ငြင်းဆန်မှုကြောင့် ဒေါသမီးတောက်လောင်လျက် လက်စားချေရန် ရောက်လာလိမ့်မည်ကိုလည်း စိုးရွံ့မိကြပေသည်။
အမတအရှင်ဟူသည်ကို ဟူကျန်းစုန့်သည် ပထမဦးစွာပြောဆို၍ရသော်ငြား ထိတ်လန့်စေလိုသည့်ရည်ရွယ်ချက်ဖြင့် နောက်ဆုံးမှ ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူတို့၏စိတ်ပိုင်းဆိုင်ရာကို အပြည့်အဝ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိဘဲ ဖြစ်သွားလိမ့်မည်ဖြစ်၏။ တစ်ခုတည်းသော နှမြောတသဖွယ်အချက်မှာ ဟူကျန်းစုန့်သည် ချန်ပန့်ရှန်းအား ကြက်လေးတစ်ကောင်ကို သတ်ရသည်ကဲ့သို့ သဘောထားခဲ့ခြင်းဖြစ်ပေသည်။
ဟူကျန်းစုန့်သည် သူတို့အားလုံး၏တုံ့ပြန်ချက်များကို ကြိုတင်မျှော်မှန်းထားပြီး ဖြစ်ပုံရ၏။
“အမတအရှင်တွေရဲ့အရေးကိစ္စမှာ ပေါ့ဆမှုတစ်စုံတစ်ရာ ရှိလို့မရနိုင်ဘူးဆိုတာ ခင်ဗျားတို့လည်း နားလည်ထားကြမှာပါ။ ငါတို့ကျားဂိုဏ်းက ရှီးဖင့်စံအိမ်တော်ရဲ့ ရာထူးမြင့်အရာရှိတွေကိုသွားရှာမယ့်အစား ခင်ဗျားတို့ကိုပဲ လာရှာရတဲ့အကြောင်းရင်းကို မစဉ်းစားမိကြဘူးလား”
ဤနေရာ၌ ရှီးဖင့်စံအိမ်တော်၏အရေးပါသောပုဂ္ဂိုလ်များစွာတို့ စုဝေးနေကြသည်မှာ မှန်ကန်သော်ငြား ဤနေရာ၌ရှိမနေသည့် အင်အားကြီးပုဂ္ဂိုလ်များစွာလည်း ကျန်ရှိနေသေးသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ဟူကျန်းစုန့်၏ထိုစကားကိုနားထောင်ပြီးနောက်တွင် ဤနေရာ၌စုဝေးနေကြသောသူများမှာ ထူးကဲသည်ကို သတိထားမိသွားကြ၏။
ချန်ပန့်ရှန်းသည် ဖုန်းရွှေပညာရှင်ဖြစ်ပြီး သုချန်းကျင်သည် ကျွမ်းကျင်ဂူသင်္ချိုင်းဖောက်ထွင်းသူဖြစ်သည်။ ထိုနှစ်ဦးသည် သိုင်းပညာကောင်းမွန်သူများ မဟုတ်ကြသော်ငြား နေရာအနေအထားကို အကဲဖြတ်ခြင်းနှင့် ရွှေ့ပြောင်းခြင်း၊ စူးစမ်းရှာဖွေခြင်းနှင့် တူးဖော်ခြင်းတို့တွင် ကျွမ်းကျင်ကြပြီး လျှို့ဝှက်နယ်မြေ၌ ရတနာရှာဖွေရန် သင့်တော်ကြသူများဖြစ်သည်။
ဖင့်ယင်းရှောင်းသည် ကျော်ကြားသည့် သားရဲထိန်းကျောင်းလေ့ကျင့်သူမျိုးနွယ်ဖြစ်သည်။ ဖင့်ယင်းရှောင်းသည် သားရဲများနှင့်ဆက်သွယ်ပြောဆိုနိုင်ပြီး ငှက်များကိုထိန်းချုပ်နိုင်၍မွေးမြူနိုင်သည်။ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရပါက သားရဲများကိုထိန်းချုပ်ခြင်းဖြင့် ဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ သို့ပါက အခြားသူများထက် အသက်များစွာ အပိုရှိနေသည်ဟု သတ်မှတ်၍ရနိုင်သည်မဟုတ်ပါလော။
ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့သည် ထိပ်တန်းသိုင်းပညာရှင်ကြီးများဖြစ်ကြရာ များစွာသော ကူညီထောက်ပံ့မှုကြီးဖြစ်ပေလိမ့်မည်။ ထို့အပြင် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် ထူးကဲပြောင်မြောက်လှသော ကိုယ်ဖော့သိုင်းပညာနှင့် အရိုးကျုံ့စွမ်းရည်လည်းရှိသည်။ ဘုန်းတော်ကြီးခုန်းကျိ၌ အင်အားကြီးမားလှသောကာကွယ်ရေးအစီအရင်နှင့် ခြင်္သေ့ဟိန်းဟောက်ခြင်းသိုင်းတို့ရှိသည်။ ၎င်းတို့မှာ ခရီးစဉ်တစ်လျှောက်တွင် များစွာသော အထောက်အပံ့ဖြစ်နိုင်ပေသည်။
နေရာရှိလူတစ်ဦးချင်းစီ၌ မိမိ၏ကိုယ်ပိုင်သာလွန်ထူးကဲသောစွမ်းရည်များ ရှိကြပြီး လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရောက်ရန် သင့်တော်ကြသည်။ ကျားဂိုဏ်းသည် လူရှာဖွေရာတွင် များစွာအားစိုက်ထုတ်ခဲ့ပုံရ၏။ ကျားဂိုဏ်းသည် လူရှာဖွေခြင်းအဆင့်ကို လုပ်ဆောင်ပြီးခဲ့ပြီဖြစ်ရာ ကိစ္စရပ်များသည် မည်သို့မျှ ရှောင်လွှဲ၍ရနိုင်တော့မည်မဟုတ်ချေ။
ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် နံဘေးရှိချင်းယန်အား ဇွဲကြီးစွာသောအကြည့်တို့ဖြင့်ကြည့်လျက် ပြောလာခဲ့၏။
“ကျားဂိုဏ်းချုပ်အရှင် လျှို့ဝှက်နယ်မြေကိုသွားတဲ့ခရီးစဉ်က အရမ်းအန္တရာယ်များလွန်းပါတယ်။ ငါ့ရဲ့တပည့်လေးက ငယ်ရွယ်သေးပြီး ဘာကိုမှလည်း သေချာမသင်ယူရသေးပါဘူး။ ဆိုတော့ သူမလိုက်လည်း ရတယ်မလား။ ဒီလူအိုကြီးက ခင်ဗျားဆီမှာ အသက်တစ်ဝက်ပေးအပ်ထားပြီးဖြစ်နေပါပြီ။ ခင်ဗျားဆီ ဒီလူအိုကြီးရဲ့အသက်ကို ရောင်းလိုက်ရလည်း ကိစ္စမရှိပါဘူး။ ရှီးဖင့်ကွမ်မှာ ငါ့အတွက် အမွှေးနံ့သာပူဇော်ပေးမယ့်သူတစ်ဦး ချန်ထားခဲ့ချင်ရုံပါပဲ”
စုန့်ဟယ့်၏စကားသည် အခြားသူများကိုလည်း သတိပေးလိုက်သည်ကဲ့သို့ဖြစ်သွားကာ ဖင့်ယင်းရှောင်းသည်လည်း ပြောလာခဲ့သည်။
“ဟုတ်တယ်။ ကျွန်တော့်သမီးကလည်း အကူအညီဖြစ်နိုင်မှာ မဟုတ်ဘူး။ ကလေးသုံးယောက်ကို ထားခဲ့ကြရအောင်ပါ”
ဟူကျန်းစုန့်သည် အချိန်ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက်တွင် ပြောလာခဲ့သည်။
“ခင်ဗျားတဲ့ရဲ့တောင်းဆိုမှုက မများဘူးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကိစ္စက အရမ်းအရေးကြီးတယ်။ ပြီးတော့ ကိစ္စတစ်ခုလုံးပြီးဆုံးမသွားခင်အထိ ဒီအကြောင်းကို ဟိုဟိုသည်သည်လျှောက်ပြောလို့မဖြစ်ဘူး။ သူတို့သုံးယောက်လည်း သေချာပေါက် လိုက်ခဲ့ရမယ်။ ဒါပေမဲ့ အမတအရှင်တွေနဲ့ တွေ့ရတဲ့အခါကျရင် သူတို့သုံးယောက်ကို အပြင်မှာချန်ထားခဲ့ခွင့်ပြုဖို့ အမတအရှင်တွေကို တောင်းဆိုကြည့်လို့ရတယ်”
ဟူကျန်းစုန့်မှ လေးစားယဉ်ကျေးမှုဖြင့် ပြုမူဆက်ဆံနေရသည့်အကြောင်းရင်းမှာ ပထမတစ်ချက်သည် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိသည် လွန်စွာစွမ်းအားကြီးမားကြသူများဖြစ်ကြပြီး မိမိထက် အဆင့်အတန်း မနိမ့်ပါးသည့်ပုဂ္ဂိုလ်များဖြစ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထိုသူတို့အားလုံးမှ ကိစ္စရပ်များကိုလုပ်ဆောင်ချိန်၌ အကောင်းဆုံးလုပ်ဆောင်လိုသည့်ဆန္ဒ ဖြစ်ပေါ်လာစေရန်ဖြစ်သည်။
အနာဂတ်တွင် သူတို့အားလုံးသည် လျှို့ဝှက်နယ်မြေထဲသို့ အတူတကွ ဝင်ရောက်ရမည်ဖြစ်ရာ ထိုလူအုပ်စုသည် စိတ်မကျေနပ်ခြင်းကြောင့် အမတအရှင်များ၏ကိစ္စရပ်ကို ဖျက်ဆီးခဲ့ပါက အခြားသူများ၏ သေခြင်းရှင်ခြင်းသည် သေချာတော့မည်မဟုတ်သကဲ့သို့ ကျားဂိုဏ်းသည်လည်း ကံဆိုးရလိမ့်မည်ဖြစ်သည်။
ကျင့်ကြံသူအိုကြီးစုန့်ဟယ်၏တောင်းဆိုချက်မှာ ငြင်းပယ်ခံရလိမ့်မည်ကို ကြိုတင်မှန်းဆထားခဲ့ပြီးဖြစ်သည်။ ဟူကျန်းစုန့်သည်လည်း ငြင်းပယ်ကြောင်းကို ထုတ်ပြောလာခဲ့လေရာ တောင်းဆိုမှုကို ယာယီလက်လျှော့ရန်သာ တတ်နိုင်ပေသည်။ အမတအရှင်များသည်လည်း သဘောတူညီလိမ့်မည်ဟု မသေချာပါချေ။
ယခု၌ ကိစ္စရပ်များကို ဆွေးနွေးပြီးဖြစ်သောကြောင့် တင်းမာစွာ ပြုမူနေရန်မလိုအပ်တော့ပေ။ ကျားဂိုဏ်းသားများသည်လည်း သတိကြီးစွာထားလျက် သူတို့အား နှုတ်ဆက်ခဲ့ကြသည်။
ရှီးဖင့်စံအိမ်တော်နယ်မြေ၏ ဤလူတစ်စုကို ကျားဂိုဏ်းမှ သေချာလေ့လာစုံစမ်းထားခဲ့ပြီးဖြစ်ရာ ကျားဂိုဏ်းသားအားလုံးမှာ သူတို့အား သဘာဝကျကျပင် သိရှိနေခဲ့ကြသည်။ ကျားဂိုဏ်းချုပ်ဟူကျန်းစုန့်မှလွဲ၍ သပ်ရပ်သည့်ဝတ်ရုံများဝတ်ဆင်ထားသည့် အခြားကျားဂိုဏ်းသားလေးဦးမှာ ဟူကျန်းထိုက်၊ ဟူကျန်းဟွား၊ ဟူကျန်းဟန်၊ ဟူကျန်းဟန့်တို့ဖြစ်ကြသည်။
ထိုအခိုက်တွင် ချန်ပန့်ရှန်းသည်လည်း သတိပြန်လည်လာခဲ့သည်။ ချန်ပန့်ရှန်းသည်လည်း ရှီးဖင့်သားတစ်ဦးပင်ဖြစ်ရာ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့သည် လျစ်လျူရှုမထားနိုင်ချေ။ ချန်ပန့်ရှန်းအား ထူမတ်ပေးရန် ရှေ့သို့လျှောက်သွားခဲ့ကြလျက် ဒဏ်ရာသက်သာစေရန် ဆေးလုံးတိုက်ကျွေးခဲ့သည်။
ချန်ပန့်ရှန်း၏ဒဏ်ရာမှာ ပြင်းထန်ပုံပေါ်သော်ငြား သူ၏ပုံမှန်လုပ်ဆောင်ချက်ကိုမထိခိုက်နိုင်သည့် အတွင်းဒဏ်ရာဖြစ်သည်ဟု ဟူကျန်းစုန့်မှ ပြောထားခဲ့သည်။ ဆေးလုံးသောက်သုံးပြီးနောက်တွင် ချန်ပန့်ရှန်း၏သတိမှာ ပို၍ကောင်းမွန်လာခဲ့၏။ ချန်ပန့်ရှန်းသည် ထွက်သွားရန်အကြောင်းကို ထပ်မပြောရဲတော့ချေ။ ကျားဂိုဏ်းသားများအား ကြောက်ရွံ့မှုများပြည့်နှက်နေသော အကြည့်များဖြင့်ကြည့်လျက် ထိုကြောက်ရွံ့စိတ်မှာ စွဲမြဲနေဆဲဖြစ်လေသည်။