ခြေတစ်လှမ်း… အထီးကျန်လူမိုက်၊ ခြေတစ်လှမ်း… မိစ္ဆာ(ဃ)
Vol. 43 Ch. 645
ဤနေရာသည် ပင်လယ်ချောက်နက်၏ အောက်ခြေအပိုင်းလည်း ဖြစ်သည်။
ဤနေရာတွင် ဒြပ်နှောများနှင့် မကောင်းဆိုးဝါးအငွေ့အသက်များဖြင့် ပြည့်နှက်နေလေရာ တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းသည်။ ရံဖန်ရံခါ ဝိညာဉ်စိမ်းအခိုးအငွေ့များသည်လည်း ဘေးပတ်ဝန်းကျင်တွင် ထွက်ပေါ်လာတတ်၏။
“ နေကြွေပြီးတဲ့နောက် ဒြပ်နှောတွေအများကြီး ထုတ်လွှတ်ခဲ့တာပဲ… ”
ရွှီချင်းသည် အခြေအနေကို အာရုံခံပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။ ထို့နောက် သူသည် သတိကြီးစွာထားလိုက်ပြီး အရှိန်ထပ်တင်လိုက်သည်။
ဒြပ်နှောသိပ်သည်းသော ဤချောက်နက်ပင်လယ်ထဲတွင် အန္တရာယ်သည် နေရာတိုင်းတွင်ရှိနေနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သူနားလည်သည်။ ဤနေရာတွင် မကောင်းဆိုးဝါးသက်ရှိအများအပြားသည် သေချာပေါက် မွေးဖွားကြလိမ့်မည်။ အမှန်မှာတော့ ယင်းသည် ကျောက်ရှာပြည်နယ်မှ ကျင့်ကြံသူများ မြေအောက်ထဲသို့ မသွားဝံ့ကြရသည့် အကြောင်းအရင်းလည်း မှန်ပေသည်။
တားမြစ်ပင်လယ်မှာနည်းတူ ဤချောက်နက်ပင်လယ်အောက်တွင် ကြောက်မက်ဖွယ်ရာတည်ရှိမှုများသည် မည်မျှများများရှိသည်ကို မည်သူက သိနိုင်မည်နည်း။
ဤနေရာမျိုးတွင် အချိန်ကြာကြာနေခြင်းသည် အန္တရာယ်အား လက်ယပ်ခေါ်နေသလိုဖြစ်လိမ့်မည်။
ရွှီချင်းသည် သတိကြီးစွာထားနေသည့်အပြင် ဖုံးကွယ်ခြင်းနည်းလမ်းများကို ထပ်မံအသုံးပြုလိုက်ပြီး တောင်ကြားဆီသို့ အလျှင်အမြန် ရွေ့လျားသွားသည်။
လေးနာရီကြာပြီးသော် ကျောက်ရှာတောင်၏ စည်းချအစီအရင်အကွာအဝေးထဲမှ ထွက်လာခဲ့သော ရွှီချင်းသည် သူ၏ ဦးတည်ရာခရီးသို့ ရောက်ရှိသွားသည်။
တောင်ကြားသည် အမှန်တော့ ချောက်နက်၏ အောက်ခြေတွင်ရှိသည့် ချောက်ကြီးတစ်ခုသာလျှင် ဖြစ်၏။ ချောက်ကြီးသည် ပေတစ်ထောင်အကျယ်ရှိပြီး ပေထောင်ပေါင်းများစွာ ရှည်လျားသည်။
မြူခိုးနက်သည် ချောက်ထဲမှ ပျံဝဲထွက်ပေါ်နေပြီး ဘေးပတ်ဝန်းကျင်နှင့် ရောထွေးနေသည်။
ယင်းကို ရွှီချင်းသည် အဝေးမှ လှမ်းမြင်သောအခါ သူ၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက မြေပေါ်တွင် လျှင်မြန်သွက်လက်စွာ ဆောင့်ကြောင့်ကလေးဝပ်လိုက်ပြီး ကျောက်တုံးကြီးတစ်တုံး၏ အနောက်တွင် ဝင်ပုန်းလိုက်သည်။ သူ၏ အကြည့်သည် အဝေးရှိ တောင်ကြားထဲမှ နိမ့်ချည်မြင့်ချည် ဝဲပျံနေသော မြူခိုးပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်းသည် ထိုမြူခိုးထဲမှ ရင်းနှီးသော အားလှိုင်းအတတ်အကျတချို့ကို အာရုံခံမိသည်။
“ အရသာရှိတယ်… မီးခိုး… ”
ရွှီချင်းစုံစမ်းထောက်လှမ်းသည်နှင့် တစ်ပြိုက်နက်တည်း အရိပ်လေးသည် ၎င်း၏ နတ်ဘုရားအာရုံကိုအသုံးပြု၍ ရွှီချင်းကို အသံပို့လွှတ်လိုက်သည်။ အရိပ်လေးထွက်ပေါ်လာသောအခါ ၎င်း၏ လွှမ်းခြုံခြင်းခံထားရသော ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည်လည်း ပြန်ထွက်ပေါ်လာကြသည်။
သူတို့နှစ်ယောက်သည် ပြန်ထွက်ပေါ်လာပြီးနောက် မလှုပ်မရှားဝံ့ဘဲ ငိုင်တွေတွေ ရပ်နေကြသည်။ အရိပ်လေး၏ လွှမ်းခြုံခံလိုက်ရစဉ် ငါတို့တော့ အစားခံရပြီဟူသော အတွေးသည် သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
ရွှီချင်းသည် ကျောက်တုံးခြင်္သေနှင့် ခေါင်းကြီးကို လျစ်လျူရှုထားသည်။ သူက ချောက်ထဲသို့ တစ်ခဏကြာ လှမ်းကြည့်လိုက်သည်။ ထိုအခါ အမှန်တကယ်ပဲ မြူခိုးထဲ၌ မီးခိုးမျိုးနွယ်၏ ပုံရိပ်များ ရှိနေကြသည်ကို သူမြင်သွားသည်။ သို့သော် သူသည် အလျင်စလို မပြုမူချေ။ ယင်းအစား သူသည် အရိပ်လေးကို အမိန့်ပေးလိုက်ပြီး သွားရောက်စုံစမ်းစေသည်။
အရိပ်လေးသည် မြေကြီးပေါ်တွင် အမြန်ရွေ့လျားသွားပြီး ချောက်ကြီးဆီသို့ ဝင်သွားသည်။ သိပ်မကြာမီ ၎င်းက ပြန်ရောက်လာပြီး သူမြင်တွေ့ခဲ့သောအရာကို ရွှီချင်းအား ဖော်ပြသည်။ သို့သော်လည်း အရိပ်လေး၏ ဖော်ပြပုံသည် ဝေဝါးပြီး မရှင်းလင်းပေ။ ၎င်းက အလွန်ရှုပ်ထွေးသောအရာကို မြင်တွေ့ခဲ့သယောင်ပင်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည်ပင် အရိပ်လေးပြောချင်သည်ကို နားမလည်ပေ။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးခြင်္သေ့၏ အမြှီးပေါ်မှ ခေါင်းကြီးကို ဆွဲဖြုတ်လိုက်ကာ အရိပ်လေးဆီသို့ ပစ်ပေးလိုက်သည်။
“ သူ့ကိုပါခေါ်သွား ”
ခေါင်းကြီး၏ တုန်လှုပ်ခြောက်ခြားသော အကြည့်အောက်မှာ အရိပ်လေးသည် သူ့ကို တစ်လုပ်တည်း ဝါးမျိုလိုက်ပြီး ချောက်ကြီးဆီသို့ နောက်တစ်ကြိမ် ဦးတည်သွားသည်။ အချိန်ခဏအကြာမှာ ၎င်းသည် ပြန်ရောက်လာသည်။ ခေါင်းကြီးသည် အလောတကြီး ပြောသည်။
“ သူတို့က ဓမ္မရတနာတစ်ခုကို တပ်ဆင်နေကြတာ… ငါ သေချာစစ်ဆေးကြည့်လိုက်တော့ ငါ့ရဲ့ပေါကြွယ်ဝတဲ့ ဗဟုသုတတွေကြောင့် အကြည့်တစ်ချက်နဲ့တင် အဲ့ဒါက တားမြစ်ဓမ္မရတနာတွေရဲ့ သက်ရောက်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ တစ်ခါသုံးရတနာဆိုတာ မှတ်မိသွားခဲ့တယ် ”
ဘေးနားမှ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကြည့်က ခေါင်းကြီးဆီသို့ ကျရောက်သွားပြီး အန္တရာယ်ကို မသဲမကွဲ ခံစားမိလာသည်။
ခေါင်းကြီး၏ စကားကိုကြားသောအခါ ရွှီချင်းသည် ချောက်ကြီးဆီသို့ အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ကျောက်ရှာတောင်အနီးနားတွင် ဓမ္မရတနာတစ်ခုအား တပ်ဆင်နေသော မီးခိုးမျိုးနွယ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် မခက်ခဲလှပေ။ သူတို့၏ ပစ်မှတ်က ကျောက်ရှာတောင်ဖြစ်ရန် ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သည်။
ဤခန့်မှန်းမှုသည် အနည်းငယ် အလောတကြီးနိုင်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကို တခြားနေရာများတွင် အသုံးပြုနိုင်သော ဖြစ်နိုင်ခြေလည်း ရှိသေး၏။
သို့သော် အကယ်၍ သူ၏ ခန့်မှန်းမှုက မှားယွင်းနေလျှင်ပင် ကိစ္စမရှိပေ။ မည်သည့်အကြောင်းပြချက်ကြောင့် သူတို့လုပ်ဆောင်နေခြင်းဖြစ်ပါစေ ယင်းက ရွှီချင်းအတွက် အရေးမကြီးပေ။ သူသည် မီးခိုးမျိုးနွယ်အပေါ် မကောင်းသောအမြင် ရှိခဲ့ပြီးချေ၏။ ထို့အပြင် ယခု ကျောက်ရှာတောင်သည် ရွှီချင်း၏ နှလုံးသားထဲမှာ တောင်တစ်လုံးထက် ပိုပေသည်။
သို့ဖြစ်၍ မီးခိုးမျိုးနွယ်ဝင်များရှိနေကြသော ထိုချောက်ကြီးကို သူဖျက်ဆီးပစ်မှရတော့ပေမည်။
“ သူတို့မှာ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတွေရှိနေတယ်ဆိုတော့ ငါ ချောက်ထဲဝင်ပြီး သွားသတ်ဖို့ မလွယ်လောက်ဘူး ”
ရွှီချင်းသည် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ထဲမှ တတိယနတ်နန်းတော်သည် လှုပ်ခါလာပြီး တားမြစ်အဆိပ်သည် ပျံ့လွင့်ထွက်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်မှတဆင့် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
ရွှီချင်းသည် သူ၏ စိတ်အာရုံကို အသုံးပြု၍ လေအေးတိုက်ခတ်မည့် ဦးတည်ရာကို အာရုံခံလိုက်သည်။ ထို့နောက် သူသည် လေအပြင်းအထန် တိုက်ခတ်မည့်နေရာသို့ တိတ်တဆိတ် သွားရောက်ပြီး တားမြစ်အဆိပ်ကို ထပ်မံထုတ်လွှတ်လိုက်သည်။
ထိုနည်းဖြင့် သူသည် တစ်နာရီကြာအောင် တားမြစ်အဆိပ်ကို ဆက်လက် ထုတ်လွှတ်နေလိုက်သည်။ နောက်ဆုံးမှာတော့ သူသည် တွက်ချက်လိုက်ပြီး လုံလောက်ခြင်းရှိမရှိ အတည်ပြုလိုက်သည်။ အရှေ့သို့ညွှန်လိုက်သည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်၌ အပြည့်ဖုံးလွှမ်းနေသော အဆိပ်သည် ပေါ်လျှိုးထွက်လာပြီး မရေမတွက်နိုင်သော အင်းစက်အနက်များနှင့်အတူ ချောက်ကြီးဆီသို့ တဝီဝီပျံသန်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း အဆိပ်အားလုံးသည် ချောက်ကြီးဆီသို့ တစ်ဟုန်ထိုး ရွေ့လျားသွားသည်။
များမကြာမီ နာနာကျင်ကျင် အော်ကြွေးသံများသည် ချောက်ကြီးထဲမှ ပျံ့လွင့်ထွက်လာကြသည်။
တစ်ချိန်တည်းမှာ ဤနေရာနှင့် အတန်ငယ်ကွာဝေးသော ချောက်နက်ပင်လယ်၏ အတွင်းပိုင်းထဲဝယ် ပေတစ်ထောင်ရှည်လျားသော လက်ချောင်းတစ်ချောင်းသည် အကြောက်အရွံ့ကင်းမဲ့စွာ အရှိန်ပြင်းပြင်း ပြေးလွှားနေလေသည်။ လက်ချောင်းဖြတ်သန်းသွားသည့်နေရာတိုင်း သက်ရှိအားလုံးသည် ၎င်း၏ အနောက်တွင် ဖမ်းချုပ်ခံကြရလိမ့်မည်။
လက်ချောင်းအနောက်ရှိ မျိုးနွယ်အသီးသီးမှ ရာပေါင်းများစွာသော ကျင့်ကြံသူများသည် မည်သို့မှ မလွတ်မြောက်နိုင်ကြပေ။ သူတို့အားလုံး၏ အမူအရာသည် ကြောက်လန့်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေကြသည်။