နေကိုမျိုသော ရွှေကျီးကန်း(ဂ)
Vol. 43 Ch. 648
“ ဒါကြောင့်မို့လို့… ဒီအသွေးအသားတုံးရဲ့ လှုပ်ရှားမှုကို ကောင်းကင်ဘုံရွေးချယ်ခံဖြစ်တဲ့ ကြီးမြတ်တဲ့ အရှင်နတ်ဘုရားရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်ညီအောင်လုပ်ဖို့ နောက်ထပ်သက်ရှိတချို့ကို ငါလိုအပ်နေပါသေးတယ် ”
နတ်ဘုရားလက်ချောင်းထံမှ တကျည်ကျည်မြည်သံ ထွက်ပေါ်လာသည်။ သူသည် အနည်းငယ် အားမလိုအားမရဖြစ်နေသည့်အလားပင်။ အပြင်းအထန် လှုပ်ခါလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတချို့ပင် ကွဲထွက်သွားသည်။
သို့သော်လည်း သူသည် ဂရုမစိုက်ပေ။ ကောင်းကင်ပေါ်တွင် အကြိမ်ရေအနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် သူသည် ဘေးပတ်ဝန်းကျင်မှ ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုကြားတွင် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ဒလဟော ထွက်ပေါ်လာသည်။ သူ၏ လက်ရှိအခြေအနေသည် သေခြင်းရှင်ခြင်းကဒ်ဘေးဖြစ်သော်လည်း ယင်းက အခွင့်အရေးကြီးတစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။
သူ၏ ကျောနောက်မှ ရွှေကျီးကန်း တိုတမ်ဆေးမင်ကြောင်သည် အဆက်မပြတ် ပူလာနေပြီး ပြင်းပြသော လိုချင်တောင့်တစိတ်ကို ထုတ်ဖော်နေကြောင်း သူအာရုံခံမိသည်။ သို့သော်လည်း ရွှီချင်းသည် ရွှေကျီးကန်း၏ အရှိန်အဝါကို အပြင်သို့ မပျံ့လွင့်စေရန် ယင်းကို အတင်းအကျပ် ဖိနှိပ်ထားသည်။
အချိန်ကောင်း မကျရောက်သေးပေ။
ပန်းချီကားမျိုးနွယ်အဖိုးအိုနှင့် နတ်ဘုရားလက်ချောင်းကြားမှ ပြောဆိုပုံကို ကြည့်ပြီးနောက် ဤနတ်ဘုရားလက်ချောင်း၏ အခြေအနေက အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ရွှီချင်း ခံစားမိသည်။
“ သူ့ခေါင်းထဲမှာ တိမ်တွေရှိနေတာလား ”
ရွှီချင်းသည် အခြေအနေကို အမြန်သုံးသပ်လိုက်သည်။ သူ့ကိုယ်သူ ပန်းချီကားမျိုးနွယ်အဖိုးအို၏ နေရာတွင် ဝင်ရောက်စေပြီး ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တစ်ဖက်လူ၏ ရှုထောင့်ကို အသုံးချလိုက်သည်။
“ ခေါင်းကြီး… မင်းဘာလို့ ဒီရောက်နေတာလဲ… ကောင်းကောင်း မပုန်းလို့ အရှင်အစောင့်အကြပ်ရဲ့ အဖမ်းခံခဲ့ရတာလား ”
နတ်ဘုရားလက်ချောင်း ထွက်ခွာသွားပြီးနောက် ပန်းချီကားမျိုးနွယ်အဖိုးအိုသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက မျက်နှာတစ်ခုသာ ပေါလောပေါ်နေသော ခေါင်းကြီးကို ကြည့်လိုက်ပြီး သွားရောက်ပုတ်လိုက်သည်။
“ ဘာလို့ ငါမင်းကို ဖြေရမှာလဲ… မင်းမှာ အစွမ်းအစရှိရင် ငါ့ကို သတ်လိုက်စမ်းပါ… ငါတို့က အကျဉ်းခန်းတစ်ခုတည်းက လူတွေချည်းပဲ ”
အဖိုးအိုသည် ဒေါသထွက်သည့်ပုံမပေါ်ချေ။ သူက ပြုံးလိုက်ပြီး လက်မြှောက်ကာ ခေါင်းကြီး၏ မျက်နှာကို ရက်ရက်စက်စက် ဆက်တိုက်ရိုက်လိုက်သည်။
ခေါင်းကြီးသည် ကျယ်လောင်စွာ အပိုင်းပိုင်းကွဲထွက်သွားသည်။
ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ထိုနေရာတွင် အပြုံးမပျက်ဘဲ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် နက်နဲသော အဓိပ္ပာယ်တစ်ခု ထွက်ပေါ်နေသည်။
“ အရှင်အစောင့်အကြပ်… မင်း စောစောက စကားပြီးဆုံးအောင် မပြောခဲ့ရဘူး… ငါဘယ်လိုအကျိုးဆောင်ခဲ့တာပါလဲ ”
“ ငါစဉ်းစားကြည့်ပါရစေ… အရှင်အစောင့်အကြပ် မင်းက ကိုယ့်ဘာသာ နတ်ဘုရားရဲ့ အဖမ်းခံလိုက်တာလို့ ငါ့ကိုပြောချင်နေတာတော့ မဟုတ်ဘူးမလား… မင်းက တစ်ယောက်တည်းမဟုတ်ဘူး… အခု ကျောက်ရှာပြည်နယ်ဆီ ပညာရှင်ကျင့်ကြံသူတွေအများကြီး ရောက်နေကြပြီ… ဥပမာ ရုံးတော်သခင်၊ အမတ်ယောင်နဲ့ လက်ထောက်ဒေသအကြီးအကဲတို့ပေါ့… သူတို့ရဲ့ ရည်ရွယ်ချက်က နတ်ဘုရားလက်ချောင်းကို ဖမ်းဆီးဖို့မလား ”
“ မင်းက တည်နေရာဖော်ပြဖို့ တမင်သက်သက် အဖမ်းခံလိုက်တယ်… ဒါမှ ပညာရှင်ကျင့်ကြံသူတွေက ဒီနေရာကို အာရုံခံနိုင်ကြမယ်… ငါအကျိုးဆောင်ခဲ့တယ်လို့ မင်းဘာလို့ပြောလဲဆိုတော့ မင်းတို့ ဒီနေရာကို ရှာတွေ့နိုင်အောင် ငါက နတ်ဘုရားလက်ချောင်းကို အချိန်ဆွဲပေးထားလို့မဟုတ်လား ”
“ ဒါပေမဲ့ အရှင်အစောင့်အကြပ်… ငါက သုံးနှစ်ကလေးမဟုတ်ဘူး… မင်းရဲ့ အဲ့ဒီစကားကို ငါယုံမယ်လို့ ထင်နေလား ”
အဖိုးအိုသည် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရိုးသားမှုအရိပ်အယောင် ပေါ်ထွက်လာသောအခါ ခေါင်းကြီး၏ အပိုင်းပိုင်းအစစ ကွဲထွက်သွားသော အသွေးအသားများနှင့် တခြားအရာများကို အပြင်သို့ ဆွဲထုတ်လိုက်သည်။
သိပ်မကြာမီ ခေါင်းကြီးသည် အပိုင်းပိုင်းပြန်ဆက်သွားပြီး ပြန်အသက်ရှင်လာသည်။ သူက ကျိန်ဆဲတော့မည့်အချိန်မှာပဲ အဖိုးအိုသည် ပြုံးလိုက်ပြီး ပြောသည်။
“ ခေါင်းကြီး ငါတို့က တစ်လှေတည်းစီးသမားတွေလေကွာ… ငါက မင်းကိုကယ်ဖို့ သတ်လိုက်တာပါ… အပိုတွေလုပ်တာရပ်လိုက်တော့… ပြီးတော့ အရှင်အစောင့်အကြပ်ကို ငါ့ဆီခေါ်လာပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်… မင်းပြောတာ မှန်တယ်… ငါတို့(ဃ၁၃၂)က ပြန်ပေါင်းစည်းတော့မယ် ”
ခေါင်းကြီးသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်လုံးထဲတွင် သရော်လှောင်ပြောင်မှု ထွက်ပေါ်လာသည်။ သူက ယင်းကို လက်မခံသလို ငြင်းဆန်ခြင်းမပြုပေ။ ယင်းအစား ခေါင်းကြီးသည် ကျောက်တုံးခြင်္သေ့ကိုရှာရန် လူးလှိမ့်ထလိုက်သည်။
အဖိုးအိုသည် ခေါင်းကြီးကို လျစ်လျူရှုလိုက်သည်။ သူက ရွှီချင်း၏ ဘေးသို့သွားပြီး ဆောင့်ကြောင့်ထိုင်ကာ နှုတ်ခမ်းသပ်လိုက်သည်။
ရွှီချင်းသည် အဖိုးအိုကို ဂရုမစိုက်ချေ။ သူက အမူအရာကင်းမဲ့လျက် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေရာ ဤနေရာတွင် သူ့အား မလွတ်မြောက်နိုင်ရန် တားဆီးထားသော အချုပ်အနှောင်စွမ်းအားတစ်ခုရှိကြောင်း အာရုံခံမိသွားသည်။
ထိုအချုပ်အနှောင်ကို နတ်ဘုရားလက်ချောင်းက စည်းချထားခြင်းဖြစ်၍ ချိုးဖောက်ရန် အလွန်ခက်ခဲသည်။
ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ရွှီချင်း၏ အကြည့်သည် ပန်းချီကားအဖိုးအိုထံသို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ မင်းငါ့ကို ဒီလိုလာအစ်လို့မရဘူး… တကယ်လို့ မင်းအသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို အခြေအနေတစ်ခုလုံး အမြန်ပြောပြ ”
အဖိုးအိုသည် မျက်ခုံးပင့်တင်လိုက်သည်။
အဝေးမှ ခေါင်းကြီးသည် ကျောက်တုံးခြင်္သေ့ကို ရှာဖွေနေရင်း သရော်လှောင်ပြောင်စွာ ရယ်လိုက်သည်။
“ ဒီမယ်အဖိုးကြီး မိန်းမလိုမိန်းမရ လုပ်မနေစမ်းနဲ့… အခုကျမှ မင်းဘာလို့ အရမ်းတုံးအသွားတာလဲ… ယီးလိုပဲ ငါတို့အားလုံးက ဒီမှာ လာဆုံနေတယ်… မင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ပန်းချီဆွဲပြီးတာနဲ့ ငါတို့နဲ့အတူ အသတ်ခံမလား ဒါမှမဟုတ် အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုကို ငါတို့အမြန်စဉ်းစားကြမလား… ဒါကို မင်းက ဘာလို့ စကားနှိုက်ချင်နေတာလဲ… အလကား အချိန်ကုန်တာပဲရှိတယ်… မင်းမမောဘူးလား ”
ခေါင်းကြီး၏ စကားကိုကြားသောအခါ ပန်းချီကားအဖိုးအိုသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ အမှန်မှာတော့ ယင်းက သူတကယ် စိုးရိမ်ပူပန်သောအရာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အမှတ်အသား ပြုလုပ်ခံထားရပြီး သူသည် မလွတ်မြောက်နိုင်ပေ။ ဘေးပတ်ဝန်းကျင်တွင် အချုပ်အနှောင်များလည်း ရှိသည်။ သူ၏ အစ်မေးသောစကားက အမှန်ဖြစ်လာရန် တကယ်ဆန္ဒရှိပေသည်။
သို့သော်လည်း ယင်းက မည်သို့မှ မဖြစ်နိုင်မှန်း သူသိပေသည်။ အကယ်၍ ရွှီချင်းက ဝန်ခံလျှင်ပင် သူအလိမ်ခံရသည်ဟု ခံစားမိလိမ့်မည်။ ထို့ကြောင့် သူက စိတ်ရှုပ်ထွေးမှုနှင့် အမြင်ကွဲလွဲမှုကြားတွင် သက်ပြင်းချလိုက်လေသည်။
“ မင်းဘာလုပ်နိုင်မှာလဲ… အားလုံး သေကြတော့မယ်… ”
“ နောက်ဆုတ် ”
ရွှီချင်းသည် ရုတ်တရက် ပြောသည်။
ပန်းချီကားအဖိုးအိုသည် ရွှီချင်းကိုကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် ရွှီချင်းက သူ့ကို လျစ်လျူရှုထားသည်။ တစ်ဖက်လူနှင့် နတ်ဘုရားလက်ချောင်း၏ စောစောတုန်းက ပြောဆိုပုံမှတဆင့် ရွှီချင်းသည် သူ၏ အတွေးမှန်မမှန် အတည်ပြုခဲ့ပြီး ဖြစ်သည်။
ရေနစ်နေသည့်လူသည် အသက်ရှင်ရန် ကောက်ရိုးတစ်မျှင်ရှိလျှင် သေချာပေါက် အမိဖမ်းဆုပ်လိမ့်မည်။ သို့သော်လည်း ထိုကောက်ရိုးတစ်မျှင်သည် လက်တွေ့ဆန်ရမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိ၍ မဖြစ်ချေ။
အခါကောင်းသည် ယခုအချိန်ဖြစ်၏။ အကျဉ်းထောင်ဌာန ပြိုလဲပျက်စီးသွားပြီးနောက် (ဃ၁၃၂)မှ ရွှီချင်း၏ မှတ်ဉာဏ်များသည် အတိုင်းအတာတစ်ခုထိ ပြန်လည်ရရှိလာပြီ ဖြစ်သည်။ (ဃ၁၃၂)မှာ ရွှေကျီးကန်း၏ စွမ်းအားကို တစ်ခါမှ သူအသုံးမပြုဖူးကြောင်း သေချာသလောက်ရှိသည်။
သူသည် အဓိကအားဖြင့် နတ်ဘုရားအခွင့်အာဏာများကိုသာ အသုံးပြုခဲ့သည်။
ထို့ကြောင့် ဤအဖိုးအိုသည် သူ့မှာ ရွှေကျီးကန်းရှိကြောင်း မသိထားချေ။
ထို့အပြင် သူတို့သည် အကျဉ်းထောင်မှ ထောင်ဖောက်ထွက်ပြေးကြစဉ် အလျှင်လိုနေသောကြောင့် သူ၏ သတင်းအချက်အလက်ကို စုဆောင်းရန် မည်သို့မှမဖြစ်နိုင်ပေ။ ခေါင်းကြီး၏ ထူးဆန်းမှုကြောင့် သူက သိထားနိုင်သော်လည်း ဤပန်းချီကားအဖိုးအို မသိထားရန် ရာခိုင်နှုန်းအလွန်များသည်။
သို့သော်လည်း သူသိခြင်းမသိခြင်းက အရေးမကြီးပေ။
အကယ်၍ သူမသိထားလျှင် ပုံမှန်အားဖြင့် အကျိုးသက်ရောက်မှုသည် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သူသိထားလျှင်ပင် ရွှီချင်းမှာ ကိုင်တွယ်ဖြေရှင်းရန် တခြားနည်းလမ်းများ ရှိသေးပေသည်။
အတွေးရသည်နှင့် ရွှီချင်းသည် ရွှေကျီးကန်းကို ဆက်လက် မဖိနှိပ်တော့ပေ။ ချက်ချင်းဆိုသလို မီးတောက်စွမ်းအားသည် လုံးဝပေါက်ကွဲထွက်လာပြီး ရွှေကျီးကန်းသည် သူရိန်နေမင်းအလောင်း၏ အသွေးအသားတုံးဆီသို့ ပျံသန်းသွားသည်။