ရွှေကျီးကန်းတာအိုနတ်သူငယ်နှင့် ကျောက်ရှာအလင်း(က)
Vol. 43 Ch. 650
“ အရှင်အစောင့်အကြပ်… ငါ့မှာ အချိန်ဆွဲလို့ရမယ့် အစီအစဉ်တစ်ခုရှိတယ်… အဲ့ဒါက အရင်တုန်းက ငါ့ဘာသာလွတ်မြောက်ဖို့ တွေးထားခဲ့တဲ့ နည်းလမ်းလည်းဟုတ်တယ်… အစကတော့ ငါ့မှာ ယုံကြည်မှုသိပ်မရှိဘူး… ဒါပေမဲ့ အခု မင်းရှိနေပြီဆိုတော့ မင်းနဲ့ငါ ပူးပေါင်းလိုက်ရင် ဘာပြဿနာမှ မရှိလောက်ဘူး ”
ပန်းချီကားအဖိုးအိုသည် စိတ်လှုပ်ရှားစွာ ပြောသည်။
“ အရှင်အစောင့်အကြပ် ခဏနေလို့ လက်ချောင်းပြန်ရောက်လာတဲ့အခါ မင်းမှာ ရွှေကျီးကန်းခန္ဓာကိုယ်ရှိတယ်လို့ သူ့ကို ငါပြောလိုက်မယ်… မင်းရဲ့ ရောက်ရှိလာမှုက ဒီအရိုးခြောက်ကို လုံးဝအသက်ဝင်လာအောင် လုပ်နိုင်တယ်… တခြားသက်ရှိတွေနဲ့ နောက်ထပ်ပေါင်းစပ်ဖို့ မလိုတော့ဘူး ”
“ အဲ့ဒီနောက် လက်ချောင်းအတွက် ခန္ဓာကိုယ်ကို ငါပန်းချီဆွဲပေးမယ်… ပန်းချီဆွဲမယ့် လုပ်ငန်းစဉ်ကို ငါထိန်းချုပ်နိုင်တယ်… ပြီးတော့ ငါ ဖြည်းဖြည်းချင်း ပန်းချီဆွဲမယ်… မင်းကို အချက်ပြပြီးမှပဲ ငါ ပန်းချီဆွဲတာကို အဆုံးသတ်မယ် ”
“ အဲ့ဒါကို အရင်တည်းက ငါတွေးထားခဲ့တာ… ငါက ခန္ဓာကိုယ်တစ်ခုကို ပန်းချီဆွဲပေးနေတယ်ထင်ရပေမယ့် တကယ်တော့ ငါပန်းချီဆွဲနေတာက အသားလှောင်အိမ်တစ်ခုပဲ… နတ်ဘုရားလက်ချောင်းက အကျဉ်းထောင်ဌာနကနေ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်… ဒါကြောင့် သူ့ရဲ့အသိစိတ်က ဝေဝါးနေတယ်… ဒါ့အပြင် အပြင်လူတွေက ပန်းချီကို နားမလည်နိုင်ကြဘူး… ငါလုပ်နေတာကို သူအာရုံခံမိဖို့ အရမ်းခက်ခဲမယ်လို့ ယုံကြည်တယ် ”
“ သူ အဲ့ဒါနဲ့ပေါင်းစပ်ပြီးတဲ့အခါ အဲ့ဒါက လှောင်အိမ်တစ်ခုဖြစ်တယ်ဆိုတာ ရှာတွေ့သွားလိမ့်မယ်… အဲ့ဒီအချိန်က ငါတို့ထွက်ပြေးရမယ့်အချိန်ပဲ ”
“ နေအကြွင်းအကျန်ကနေ ပန်းချီဆွဲထားတာဖြစ်လို့ အဲ့ဒီလှောင်အိမ်အစွမ်းက မသေးဘူး… အစကတော့ သူ့ကို ရက်အနည်းငယ် ချုပ်နှောင်ထားနိုင်မယ်လို့ ငါခန့်မှန်းထားခဲ့တာ… ဒါပေမဲ့ မင်းရဲ့ရွှေကျီးကန်းနဲ့ဆို သူ့ကို လဝက်လောက်ထိ ချုပ်နှောင်ထားနိုင်မယ်လို့ ငါထင်တယ် ”
“ အဲ့ဒီအချိန်က ငါတို့လွတ်မြောက်ဖို့ လုံလောက်မှာပါ… မင်းမှာ ဘာအစီအစဉ်ရှိလဲ… အစီအစဉ်အောင်မြင်ဖို့ ငါပါဝင်ကူညီပေးမယ် ”
ပန်းချီကားအဖိုးအိုသည် တစ်ခါတည်း စကားအများကြီး ပြောခဲ့သည်။ ထို့နောက် သူက ထပ်ပေါင်းပြောသည်။
“ ဒါနဲ့ အရှင်အစောင့်အကြပ်… မင်းတော့မသိလောက်ဘူးဆိုပေမဲ့ ဒီအချိန်အတောအတွင်း နတ်ဘုရားလက်ချောင်း အကျဉ်းထောင်ဌာနကနေ ထောင်ဖောက်ထွက်ပြေးပြီး ရုံးတော်သခင်နဲ့ တားမြစ်ဓမ္မရတနာကြောင့် ဒဏ်ရာအပြင်းအထန်ရသွားတဲ့နောက် သူက နည်းနည်း သတိမေ့လာတယ်… ”
ရွှီချင်းသည် အဖိုးအိုကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တိတ်ဆိတ်စွာ မျက်လုံးပိတ်လိုက်ပြီး နေအကြွင်းအကျန်၏ စွမ်းအားကို အားအကုန်သုံး၍ စုပ်ယူလိုက်သည်။ ထိုအခိုက်အတန့်မှာ ရွှေကျီးကန်းသည် ပြန့်ကားထွက်လာပြီး ၎င်း၏ ခန္ဓာကိုယ်ကို နေအကြွင်းအကျန်၏ အတွင်းပိုင်းထဲမှာ ချဲ့ထွင်လိုက်သည်။
နေအကြွင်းအကျန်ကို ရွှေကျီးကန်း အရူးအမူး စတင်စုပ်ယူသည်နှင့် ၎င်း၏ အမြှီးများသည် တစ်ချောင်းပြီးတစ်ချောင်း ဆက်လက် ရှည်ထွက်လာနေကြကြောင်း သူ၏ စိတ်အာရုံမှတဆင့် ရွှီချင်း အာရုံခံမိသည်။ ယခု ၎င်းမှာ အမြှီး(၆၀)ချောင်း ရှိနေပြီဖြစ်သည်။
ယခင်က ရွှီချင်း၏ သုံးသပ်မှုအရ ရွှေကျီးကန်းသည် အမြှီး(၉၉)ချောင်းကို ချိုးဖြတ်ပြီးနောက် သူ၏ ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ်သည် တတိယအဆင့်သို့ မြှင့်တတ်သွားလိမ့်မည်။
တတိယအဆင့်စွမ်းအားသည် ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်သည်။
ထို့အတူ ရွှေကျီးကန်းကို ပဉ္စမနတ်နန်းတော်ထဲတွင် ထည့်သွင်းထားသောကြောင့် ရွှေကျီးကန်းအဆင့်တတ်သွားသည်နှင့် ရွှီချင်း၏ ပဉ္စမနတ်နန်းတော်သည် ကမ္ဘာတုန်ဟီးမည့် အပြောင်းအလဲဖြစ်ပေါ်လာပြီး ပဉ္စမနတ်နန်းတော်ပိုင်ဆိုင်မည့် အတုအယောင် ဝိညာဉ်နတ်သူငယ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်သွားသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှေကျီးကန်းက နေအကြွင်းအကျန်ကို ဆက်လက်စုပ်ယူနေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ဆက်လက်မြှင့်တတ်သွားပြီး ပိုမိုကြောက်စရာကောင်းလာသည်။ ခေါင်းကြီးနှင့် ပန်းချီကားအဖိုးအိုသည် ကြောက်မက်ဖွယ် စွမ်းအင်အတတ်ကျလှိုင်းကို ခံစားမိကြသည်။
သူရိန်နေမင်း၏ အလောင်းသည် ယခင်ကထက် ပိုမိုလှုပ်ရှားလာပြီး အသက်ပြန်ရှင်တော့မည် အရိပ်အယောင်ပြလာသည်။
ထိုအခိုက်အတန့်မှာ အဝေးမှ ချောက်နက်ပင်လယ်တွင် နတ်ဘုရားလက်ချောင်းပိုင်ဆိုင်သော ကြောက်မက်ဖွယ် နတ်ဘုရားအာရုံသည် ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ ချက်ချင်းပင် နတ်ဘုရားလက်ချောင်းသည် ထိုနေရာတွင် မျိုးနွယ်ခြားအများအပြားကို သူ၏ နောက်ကျောတွင် ချုပ်နှောင်ထားလျက် ထွက်ပေါ်လာသည်။ သူတို့ထဲမှ အများစုသည် မီးခိုးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။
ထိုမီးခိုးမျိုးနွယ်ဝင်များသည် မပြည့်မစုံရှိနေကြသည်။ နတ်ဘုရားလက်ချောင်းသည် သူတို့ကို ပစ်ချလိုက်လေရာ သူတို့အားလုံးသည် သူရိန်နေမင်း၏ အလောင်းပေါ်သို့ ကျဆင်းသွားကြသည်။
နတ်ဘုရားလက်ချောင်း၏ ပြန်ရောက်လာမှုသည် ရွှီချင်းကို အနည်းငယ် စိတ်ပူပန်စေသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး လက်ချောင်းကို ကြည့်လိုက်သည့်အခါ လက်ချောင်းသည် သူရိန်နေမင်းအသွေးအသားတုံး၏ မူမမှန်မှုကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။ သူ၏ နတ်ဘုရားအာရုံသည် အသွေးအသားတုံးပေါ်သို့ ဖြန့်ကြက်သွားသည်။
ထိုစဉ် လက်ချောင်း၏ ဘေးမှ ပန်းချီကားအဖိုးအိုသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ကျယ်လောင်စွာ ပြောသည်။
“ ကြီးမြတ်တဲ့အရှင်… အရှင်ဟာ တကယ်ပဲ ရွေးချယ်ခံနတ်ဘုရားပါ… အရှင်ဖမ်းလာတဲ့ လူတွေထဲမှာ ထူးခြားတဲ့ တစ်ယောက်ကို ငါရှာတွေ့ခဲ့တယ် ”
“ အဲ့ဒါ သူပါ ”
ပန်းချီကားအဖိုးအိုသည် ရွှီချင်းကို ညွှန်ပြသည်။
“ အရှင်က ဒီလူကို မမှတ်မိလောက်ဘူးထင်တယ်… သူက ငါတို့(ဃ၁၃၂)က အစောင့်အကြပ်ပါ… စောစောတုန်းက ငါသူ့ကို သေချာစစ်ဆေးကြည့်ခဲ့တယ်… ဒီလူမှာ ရွှေကျီးကန်းခန္ဓာကိုယ်ရှိတယ်… သူက သူရိန်နေမင်းရဲ့ နောင်မျိုးဆက်တစ်ဦးပါ ”
“ သူရောက်လာတာက အရှင့်ကို ကောင်းကင်ဘုံက ကောင်းချီးပေးလိုက်တာပါပဲ… သူတစ်ယောက်တည်းနဲ့ ဒီသူရိန်နေမင်းရဲ့ အသွေးအသားတုံးကို အတိုင်းအတာတစ်ခုထိ အသက်ဓာတ်ပိုင်ဆိုင်စေဖို့ လုံလောက်ပါတယ် ”
“ ငါအခုပဲ အရှင့်အတွက် နတ်ဘုရားခန္ဓာကိုယ်ကို ပန်းချီဆွဲပေးနိုင်ပါတော့မယ် ”
“ အရှင့်လို ရွေးချယ်ခံနတ်ဘုရားအတွက် နတ်ဘုရားခန္ဓာကိုယ်ကို ကိုယ်တိုင်ပန်းချီဆွဲခွင့်ရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူမိသလို ပြောမပြတတ်အောင် စိတ်လှုပ်ရှားမိပါတယ် ”
ပန်းချီကားအဖိုးအို၏ အမူအရာသည် တုနှိုင်းမဲ့ ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေသည်။ သူက နတ်ဘုရားလက်ချောင်း၏ အရှေ့တွင် ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
နတ်ဘုရားလက်ချောင်းသည် တကျည်ကျည်မြည်သံ ထုတ်ဖော်လိုက်ပြီး ရုတ်ချည်း ကောင်းကင်ပေါ်တွင် လှည့်ပတ်လိုက်ကာ နေအကြွင်းအကျန်ကို ကြည့်လိုက်သည်။ သူ၏ ကိုယ်ထည်မှ လိုအင်ဆန္ဒ လှိုင်းအတတ်အကျများကို ရှင်းလင်းထင်ရှားစွာ ထုတ်လွှတ်လိုက်သည်။
ထိုလှိုင်းအတတ်အကျများ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်သည် အပြင်းအထန် တုန်လှုပ်လာပြီး ဟင်းလင်းပြင်သည် အက်ကွဲလာသည်။ အက်ကွဲကြောင်းများသည် မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။
ပန်းချီကားအဖိုးအိုသည် ထိတ်လန့်သွားသည်။ သူက လက်ကိုမြှောက်လိုက်ပြီး ပန်းချီဆွဲတော့မည့်အချိန် ရွှီချင်းသည် နတ်ဘုရားနှင့် ရင်ဆိုင်နေရ၍ စိတ်မသက်မသာဖြစ်မှုကို ခံစားနေရသော်လည်း ကြိတ်မှိတ်သည်းခံပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ကြီးမြတ်တဲ့ နတ်ဘုရား… သူရိန်နေမင်းရဲ့ အသက်ဓာတ်က အခုချိန်ထိ မလုံလောက်သေးတာ တကယ်ဝမ်းနည်းစရာပါပဲ… အရှင်မယုံရင် စစ်ဆေးကြည့်နိုင်ပါတယ်… ငါ့ကို အချိန်နည်းနည်းပေးပါ… သူရိန်နေမင်းရဲ့ အသက်ဓာတ်ကို ပိုများလာအောင် လုပ်ပေးပါမယ်… အသက်ဓာတ်ပြည့်ဝတဲ့ သူရိန်နေမင်းရဲ့ အသွေးအသားနဲ့ ပန်းချီဆွဲတဲ့ ခန္ဓာကိုယ်က သေချာပေါက် အပြည့်စုံဆုံး ဖြစ်လိမ့်မယ်… ပြီးတော့ အောင်မြင်ဖို့ ရာခိုင်နှုန်းများလိမ့်မယ် ”
“ ဘာပဲဖြစ်ဖြစ် သူရိန်နေမင်းရဲ့ နောင်မျိုးဆက်တွေက အရမ်းရှားပါးသွားပါပြီ… တစ်ခါကျရှုံးသွားတာက တစ်ယောက်လျော့နည်းသွားတာနဲ့ အတူတူပါပဲ ”
“ ကြီးမြတ်တဲ့ နတ်ဘုရား… မင်းဘာလို့ နည်းနည်းလောက် ထပ်မစောင့်နိုင်တာလဲ ”
ရွှီချင်း၏ စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်းသည် နယ်မြေကျယ်တစ်ခုတွင် ဖြန့်ကားထွက်ပေါ်လာလေရာ သူရိန်နေမင်းအလောင်း၏ အသွေးအသားကို ပို၍သိပ်သည်းသော ပြန်လည်ရှင်သန်ခြင်း အရှိန်အဝါအား ထုတ်လွှတ်စေသည်။ ယင်းအပေါ်ကို နတ်ဘုရားလက်ချောင်း၏ ကြောက်မက်ဖွယ် နတ်ဘုရားအာရုံက ကျရောက်သွားသောအခါ သူက လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်သည်။ သူက တစ်စုံတစ်ရာကို တွေးတောနေသည့်အလားပင်။
နတ်ဘုရားလက်ချောင်း၏ ဘေးမှ ပန်းချီကားအဖိုးအို၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လျှို့ဝှက်စွာ ဖြတ်ပြေးသွားသည်။ ရွှီချင်း၏ စကားသည် စောစောတုန်းက သူတို့ဆွေးနွေးထားသည့် အစီအစဉ်နှင့် ကွဲပြားနေသည်။
ရွှီချင်းသည် အဖိုးအိုကို လျစ်လျူရှုထားသည်။ သူက နတ်ဘုရားလက်ချောင်းကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုကို ဖိနှိပ်ကာ ထပ်မံပြောသည်။