ရွှေကျီးကန်းတာအိုနတ်သူငယ်နှင့် ကျောက်ရှာအလင်း(ခ)
Vol. 43 Ch. 651
“ ကြီးမြတ်တဲ့ နတ်ဘုရား… ဥပမာပြောရရင် ဒီတစ်ခေါက် မင်းဖမ်းခေါ်လာတဲ့ မီးခိုးမျိုးနွယ်ကိုကြည့်ပါ… သူတို့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက သူရိန်နေမင်းရဲ့ အသက်ဓာတ်ကို တိုးမြှင့်စေဖို့ အရမ်းပဲသင့်တော်ပါတယ်… သူတို့က အရမ်းအသုံးဝင်မှန်း မင်းကိုယ်တိုင် သိတာကြောင့် သူတို့ကို အများကြီး ဖမ်းခေါ်လာတာ မဟုတ်လား… ဒါမှ သူရိန်နေမင်းရဲ့ အသက်ဓာတ်က ပိုပြီးအားကောင်းလာမှာ ”
“ ပြီးတော့ တကယ်လို့ ကျောက်ရှာအလင်းသာရှိမယ်ဆိုရင် အဲ့ဒါက နေအကြွင်းအကျန်ကို ခဏလေးအတွင်း အထွတ်အထိပ်ရောက်သွားအောင် လုပ်ပေးနိုင်လိမ့်မယ် ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
ကျောက်ရှာတောင်မှ မှတ်တမ်းမှတ်စုများကို သူဖတ်ပြီးပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် ထွက်ပေါ်ခဲ့သော ကျောက်ရှာအလင်းသည် လွန်ခဲ့သောနှစ်(၇၀)ကျော်လောက်က ဓားကိုင်ရုံးတော်၏ ယူဆောင်သွားခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ နောက်ထပ် ကျောက်ရှာအလင်း ထွက်ပေါ်မလာခဲ့သည်မှာ နှစ်အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။
အစမှအဆုံးအထိ ရွှီချင်းသည် မည်သည့်အလိမ်အညာမှ မပြောခဲ့ပေ။ သူပြောခဲ့သမျှအားလုံးသည် အမှန်ဖြစ်သည်။
သူသည် သူရိန်နေမင်း၏ အသက်ဓာတ်ကို အမှန်တကယ် တိုးမြှင့်ပေးနိုင်သည်။ မီးခိုးမျိုးနွယ်၏ ထူးခြားမှုသည် အသတ်ဓာတ်တိုးမြှင့်ရာတွင် အလွန်အသုံးဝင်သည်။ ကျောက်ရှာအလင်းမှာမူ နေကြွေကျသွားခြင်းနှင့် ဆက်စပ်နေပေသည်။ အကယ်၍ နေအကြွင်းအကျန်သာ ယင်းကို စုပ်ယူနိုင်မည်ဆိုလျှင် သေချာပေါက် အကောင်းဆုံးဖြစ်လိမ့်မည်။
နတ်ဘုရားလက်ချောင်း၏ နတ်ဘုရားအာရုံ ဖြန့်ကြက်သွားပြီးနောက် သူ၏ ကိုယ်ထည်မှ စိတ်ပျက်သော ခံစားချက်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးသော် သူက နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဝေးသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထွက်ခွာသွားသော လက်ချောင်း၏ ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ စောစောတုန်းက သူသည် အလောင်းအစားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားလက်ချောင်း၏ နတ်ဘုရားခန္ဓာကိုယ်တစ်ခု အလွန်တောင့်တလိုချင်နေသော ဆန္ဒအပေါ် သူက အလောင်းအစားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ဤနည်းလမ်းကိုအသုံးပြု၍ နတ်ဘုရားလက်ချောင်းကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထိုအချင်းအရာကို ရွှီချင်းမြင်ပြီးနောက် သူသည်လည်း ထိုသို့လုပ်ဆောင်နိုင်မည်ဟု ခံစားမိခဲ့သည်။
သူ၏ စကားသည် တစ်ဖက်လူကို နားဝင်စေခဲ့သည်။ ထို့အပြင် သူသည် လက်ဦးမှုရယူနိုင်ခဲ့သည်။
“ ဆရာ… မင်းမှာ နည်းလမ်းကောင်းတွေရှိတာပဲ ”
ပန်းချီကားအဖိုးအိုသည် ပြုံးလိုက်သည်။ သူ၏ အကြည့်သည် မသိမသာ တဖျတ်ဖျတ် လှုပ်ရှားသွားသည်။
ရွှီချင်းသည် သူ့ကို အရေးမစိုက်ပေ။ ယခု နတ်ဘုရားလက်ချောင်း ထွက်ခွာသွားပြီဖြစ်၍ သူသည် ရွှေကျီးကန်း၏ စုပ်ယူမှုနှုန်းကို ထပ်မံမြှင့်တင်ရန် ချက်ချင်း တိုက်တွန်းလိုက်သည်။ ထို့အပြင် အကယ်၍ နတ်ဘုရားလက်ချောင်းသာ ကျောက်ရှာအလင်းကို တကယ်သွားရှာမည်ဆိုလျှင် သူပြန်ရောက်လာရန် အချိန်တချို့ကြာလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ရှာအလင်းသည် အလွန်ရှားပါးရုံသာမက အချိန်အတော်ကြာအောင် ပေါ်ထွက်မလာခဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်း၏ သုံးသပ်မှုအရ နတ်ဘုရားလက်ချောင်း ကျောက်ရှာအလင်းကိုရှာတွေ့ရန် မည်သို့မှမဖြစ်နိုင်ပေ။
ရွှေကျီးကန်း၏ အမြှီးသည်မူ (၈၀)ချောင်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
၎င်းသည် အဆင့်ချိုးဖြတ်ရန် သိပ်မကွာဝေးတော့ချေ။
ရွှီချင်း၏ ခံစားမှုသည် တဖြည်းဖြည်း မြင့်တတ်လာသည်။ သူ၏ ရွှေကျီးကန်းက တတိယအဆင့်ကို ချိုးဖြတ်သွားသည့် အခိုက်အတန့်ကျလျှင် သူလွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိသည်။ တစ်ချိန်တည်းမှာ သူ့အား ရုံးတော်သခင်ပေးခဲ့သော တားမြစ်ဓမ္မရတနာမှ တစ်ခါသုံးအခွင့်အရေး၏ အကူအညီဖြင့်ဆိုလျှင် သူလွတ်မြောက်နိုင်ရန် သေချာသလောက် ရှိသည်။
အဝေးမှ ခေါင်းကြီးသည် ရွှီချင်းနှင့် ပန်းချီကားအဖိုးအိုကြားမှ လျှို့ဝှက်ကစားပွဲကို အစောကြီးကတည်းက ထွင်းဖောက်မြင်မိသည်။ သို့ဖြစ်၍ သူက ကျောက်တုံးခြင်္သေ့၏ ကျောပေါ်သို့တတ်လိုက်ပြီး ၎င်းကို တိုးတိုးကလေးပြောကာ ထိုနှစ်ယောက်၏ ကစားပွဲအဆုံးသတ်သည့်အခါ လွတ်မြောက်နိုင်မည့်အခွင့်အရေးကို အမိဖမ်းရန် ပြင်ဆင်လိုက်သည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် တဖြည်းဖြည်း ပိုပြီးသိပ်သည်းလာသည်။ ရွှေကျီးကန်းသည်လည်း အမြှီး(၉၃)ချောင်းထိ ရှိလာသည်။
၎င်းက ဆက်လက် တိုးမြှင့်သွားသည်။
၉၄… ၉၅… ၉၆…
အမြှီး(၉၇)ချောင်းကို ရောက်ရှိသွားသည်နှင့်ချက်ချင်း ပြင်းထန်သော အားလှိုင်းအတတ်အကျသည် အဝေးရှိ ချောက်နက်ပင်လယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်းသည် အမှန်တကယ် ပြန်ရောက်လာသည်။
ဤတစ်ကြိမ်တွင် မီးခိုးမျိုးနွယ်ဝင် အယောက်ထောင်ပေါင်းများစွာသည် သူ၏ အနောက်မှာ ချုပ်နှောင်ခံထားရကြသည်။ သူတို့အားလုံးသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုကြွေးနေကြသည်။
ထိုမျှသက်သက်ဆိုလျှင် အဆင်ပြေလိမ့်မည်။ သို့သော် ရွှီချင်းကို အပြင်းအထန် နှလုံးတုန်သွားစေသည်မှာ ထိုလက်ချောင်းပေါ်တွင် မြင့်မြတ်ထည်ဝါစွာ ထွန်းလင်းနေသော သက်တံ့အလင်းတစ်ခု ရှိနေခြင်း ဖြစ်သည်။
ထိုအရာသည် အလွန်အမင်း ထွန်းလင်းတောက်ပပြီး တုနှိုင်းမဲ့သော အံ့ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ ယင်းက အင်မော်တယ်အူခွေသစ်ပင်မှ အကိုင်းအခတ်များထက် အများကြီး ပိုမိုအဖိုးတန်သည်ဟု ရွှီချင်းအား ခံစားမိစေသည်။
ထိုရောင်ခြည်အလင်းကို ကြည့်လိုက်သည့်အခိုက် ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်လုံးသည် ပြူးကျယ်လာသည်။ နာမည်တစ်ခုသည် သူ၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။
‘ ကျောက်ရှာအလင်း ’
နေအကြွင်းအကျန်ကို စုပ်ယူနေသော ရွှေကျီးကန်းသည် အလွန်အမင်း လိုချင်တောင့်တသော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။ ၎င်းက နေအကြွင်းအကျန်နှင့် ကျောက်ရှာအလင်း နှစ်ခုစလုံးကို လိုချင်နေသည့်အလားပင်။
‘ သူက တကယ်ရှာတွေ့ခဲ့တယ်လား ’
ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှိုင်းထသွားသည်။ ယင်းက ယုံကြည်ရန် အလွန်ခဲယဉ်းသည်ဟု သူခံစားမိသည်။
နတ်ဘုရားလက်ချောင်း မည်သို့လုပ်ဆောင်ခဲ့ကြောင်း သူမသိချေ။ ကျောက်ရှာအလင်းသည် လွန်စွာမှ ရှားပါးပြီး ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုတော့ ယင်းကို တစ်စုံတစ်ယောက်က ကျောပေါ်မှာ သယ်ဆောင်ထား၏။
မီးခိုးမျိုးနွယ်ဝင် ထောင်ပေါင်းများစွာကိုမူ သူဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံသည် အလင်းတန်းပေါ်သို့သာ ကျရောက်နေသည်။
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် ဤကဲ့သို့ ကံကြမ္မာကောင်းနှင့် တွေ့ကြုံသည့်အခါ ရွှီချင်း၏ နှလုံးသည် အပြင်းအထန် လှုပ်ရှားလာလိမ့်မည်။ သို့သော် ယခုတော့ သူသည် စိတ်ရှုပ်ထွေးမှုကို ခံစားရလာသည်။
သူသည် အချိန်လိုအပ်သည်။
သို့ကြောင့် သူက နတ်ဘုရားလက်ချောင်းကို မီးခိုးမျိုးနွယ်သည် အကူအညီ ထောက်ပံ့ပေးနိုင်ကြောင်းနှင့် ကျောက်ရှာအလင်းသည် သူရိန်နေမင်း၏ အသက်ဓာတ်ကို အထွတ်အထိပ်ရောက်သွားအောင် လုပ်ပေးနိုင်ကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။
အစကတော့ သူသည် နတ်ဘုရားလက်ချောင်း ပြန်ရောက်လာရန် အချိန်အတော်ကြာလိမ့်မည်ဟု စဉ်းစားခဲ့သည်။ ဤနည်းဖြင့် သူသည် ရွှေကျီးကန်း အဆင့်တတ်ရန်နှင့် ဘေးပတ်ဝန်းကျင်ရှိ အချုပ်အနှောင်များမှ လွတ်မြောက်ရန် အချိန်အလုံအလောက်ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း နတ်ဘုရားလက်ချောင်းက အလွန်မြန်ဆန်စွာ ပြန်ရောက်လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ထို့အပြင် သူက ကျောက်ရှာအလင်းကိုပင် ယူဆောင်လာခဲ့သေး၏။
ရွှီချင်း၏ အတွေးများက ယောက်ယက်ခတ်နေစဉ် နတ်ဘုရားလက်ချောင်းသည် ကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ တစ်ချိန်တည်းမှာ မီးခိုးမျိုးနွယ်ဝင် ထောင်ပေါင်းများစွာသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြရပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ သူရိန်နေမင်း၏ အသွေးအသားပေါ်သို့ ပြုတ်ကျသွားကြသည်။
လျှပ်တစ်ပြက်အတွင်း ထိုမီးခိုးမျိုးနွယ်ဝင်များသည် အာဟာရဖြစ်လာပြီး အသွေးအသား၏ လျှင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရသည်။
အထွတ်အထိပ်ရတနာ ကျောက်ရှာအလင်းသည်လည်း ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ထိုရောင်ခြည်အလင်းသည် လျှင်မြန်စွာ ချဉ်းကပ်ရောက်ရှိလာပြီး သူ၏ ဘေးပတ်ပတ်လည်မှ အသွေးအသားထဲသို့ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ ယင်းသည် ရွှေကျီးကန်း၏ စုပ်ယူခံလိုက်ရပြီး သူရိန်နေမင်း၏ အသွေးအသားထဲမှ အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသွားမည့် သက်တံ့အလင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
အဝေးမှကြည့်လျှင် သူရိန်နေမင်း၏ အလောင်းသည် အမှန်တကယ် အသက်ပြန်ရှင်လာနေပုံပေါ်သည်။
အားကောင်းသော စွမ်းအင်အတတ်အကျလှိုင်းများသည် အတွင်းပိုင်းထဲမှ ပျံ့လွင့်ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားကြကာ ကျယ်လောင်သော ခပ်အုပ်အုပ်မြည်သံများကို ထွက်ပေါ်လာစေသည်။
မီးခိုးမျိုးနွယ်ဝင် ထောင်ပေါင်းများစွာမှ အာဟာရသည်လည်း အသွေးအသား၏ အသက်ဓာတ်ကို မြန်ဆန်စွာ ဖြည့်တင်းပေးနေသည်။
ရွှေကျီးကန်း၏ အမြှီးသည် (၉၉)ချောင်းသို့ တိုက်ရိုက် ရောက်ရှိသွား၏။
(၁၀၀)မြောက်ချောင်းသည် အလျှင်အမြန် ဖြစ်ပေါ်လာနေသည်။ ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မြင့်တတ်သွားနေသည်။ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါသည် ရွှေကျီးကန်းခန္ဓာကိုယ်ဆီမှ ဆက်လက်ဖြစ်ပေါ်နေသည်။