ရွှေကျီးကန်းတာအိုနတ်သူငယ်နှင့် ကျောက်ရှာအလင်း(ဂ)
Vol. 43 Ch. 652
နတ်ဘုရားလက်ချောင်းထံမှ တကျည်ကျည်မြည်သံ ထုတ်လွှတ်လိုက်သည်။ သူ၏ နတ်ဘုရားအာရုံက သူရိန်နေမင်း၏ အသွေးအသားပေါ်သို့ ကျရောက်ပြီးနောက် သူက ရွှီချင်း၏ ရွှေကျီးကန်းကို လျစ်လျူရှုလိုက်ပြီး ပန်းချီကားအဖိုးအိုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကာ သူ၏ နဖူးကို ဖိကပ်လိုက်သည်။
သူက ဆက်လက် မစောင့်နိုင်တော့သည့်အလား အကြင်နာမဲ့သော နတ်ဘုရားအာရုံသည် လက်ချောင်းထံမှ ပေါ်လျှိုးထွက်လာသည်။ ရူးသွပ်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဒလဟော လျှံထွက်လာလေရာ အကယ်၍ သူ၏ နတ်ဘုရားခန္ဓာကိုယ်သာ ပန်းချီဆွဲရန် ဆက်လက်မဖြစ်နိုင်သေးဘူးဆိုလျှင် သူ၏ ဒေါသသည် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်တော့မည့်ဟန်ရသည်။
ပန်းချီကားအဖိုးအိုသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ပြင်းထန်သော သေခြင်းအငွေ့အသက်ကို ခံစားမိသွားသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကိစ္စမရှိပါဘူး ရွေးချယ်ခံနတ်ဘုရား… ငါအခုပဲ မင်းရဲ့ခန္ဓာကိုယ်ကို ပန်းချီဆွဲတော့မယ် ”
အဖိုးအိုသည် စကားဆုံးသည်နှင့် စုတ်တံကို ပျာပျာသလဲ ထုတ်လိုက်ပြီး ရွှီချင်းရှိနေသော သူရိန်နေမင်းအလောင်း၏ အသွေးအသားဆီသို့ လှမ်းချိတ်လိုက်သည်။ ချက်ချင်းပင် သွေးနှင့်ချီအမျှင်တန်းတစ်ခုသည် အသွေးအသားထဲမှ ပျံ့နှံ့ထွက်လာပြီး အဖိုးအို၏ စုတ်တံထိပ်ဖျား အရှေ့တွင် စုဝေးသွားသည်။ ယင်းက ပန်းချီဆေးရည်နှင့် မင်ရည်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ ထို့နောက် သူက စုတ်တံကို ထိုအထဲတွင် အကြိမ်ရေအနည်းငယ် နှစ်လိုက်ပြီး ဘေးတွင် အလျှင်အမြန် ပန်းချီဆွဲလိုက်သည်။
အကြောင်းရေအနည်းငယ် ရေးဆွဲပြီးနောက် ခန္ဓာကိုယ်တစ်ခု၏ အကြမ်းဖျဉ်းပုံစံ ဖြစ်ပေါ်လာသည်။
ထိုပုံကို သတိထားမိပြီးသည့်နောက် နတ်ဘုရားလက်ချောင်းထံမှ ထုတ်လွှတ်နေသော ပြင်းပြသော လိုအင်ဆန္ဒနှင့် ကြမ်းကြုတ်သော စိတ်ဆန္ဒသည် အနည်းငယ် လျော့ကျသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို အရေးမစိုက်တော့ဘဲ သူ၏ နတ်ဘုရားအာရုံကို အဖိုးအိုဆွဲထားသည့် ခန္ဓာကိုယ်အကြမ်းဖျဉ်းပုံစံထံ နစ်မြှုပ်လိုက်သည်။
“ အရှင်ရွေးချယ်ခံနတ်ဘုရား… မင်းရဲ့ နတ်ဘုရားအာရုံကို အဲ့ဒီထဲ ပေါင်းစပ်နိုင်ပါတယ်… ငါပန်းချီစဆွဲတာနဲ့ အဲ့ဒါက ဒီခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း ပေါင်းစပ်သွားပါလိမ့်မယ်… အဲ့ဒါက ဒီရက်တွေမှာ အရှင်ရွေးချယ်ခံနတ်ဘုရားအတွက် ငါတွေးထားခဲ့တဲ့ အထူးနည်းလမ်းပါ… အဲ့ဒီနည်းလမ်းနဲ့ဆို အောင်မြင်ဖို့ ရာခိုင်နှုန်းများပြီး ခန္ဓာကိုယ်က ငြင်းဆန်နိုင်တဲ့ အခြေအနေကိုလည်း လျော့ချပေးနိုင်ပါတယ် ”
အဖိုးအိုသည် အလျှင်အမြန် ပြောသည်။ ပန်းချီကားအတွက် အဖိုးအခကြောင့်သော်လည်းကောင်း သို့မဟုတ် သူ၏ ကြိုးစားအားထုတ်မှုကို ပေါ်လွင်စေချင်သောကြောင့်သော်လည်းကောင်း သူ၏ အသွင်အပြင်သည် သိသိသာသာ ပြောင်းလဲသွားပြီး ယခင်ကဲ့သို့ သပ်ရပ်ကြော့ရှင်းသောပုံစံ မရှိတော့ချေ။ ယင်းအစား သူ၏ မျက်လုံးထဲတွင် ရူးသွပ်မှုပေါ်ထွက်နေပြီး သူ၏ ဆံပင်သည် ဘိုသီဘတ်သီဖြစ်နေသည်။
နတ်ဘုရားလက်ချောင်းသည် သူ၏ နတ်ဘုရားအာရုံကို ခန္ဓာကိုယ်ပုံကြမ်းထဲသို့ ချက်ချင်း ပေါင်းစပ်လိုက်သည်။ အဖိုးအိုသည် ပန်းချီစဆွဲသည်နှင့် ပေါင်းစပ်မှုသည် ပို၍နက်ရှိုင်းလာပြီး ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။
ရွှီချင်းသည် အလွန်စိုးရိမ်ကြောင့်ကြလာသည်။ သူ့မှာ အချိန်အများကြီး မကျန်တော့ကြောင်း သိသည်။ ခန္ဓာကိုယ်ကို အဖိုးအိုရေးဆွဲပြီးသည်နှင့် ဖြစ်ပေါ်လာမည့် အခြေအနေသည် သူ၏ ထိန်းချုပ်နိုင်မှုအပြင်ဘက်တွင် သေချာပေါက် ရှိလိမ့်မည်။
အထူးသဖြင့် သူက အဖိုးအိုကို မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ဖက်လူ၏ စောစောတုန်းက ပူးပေါင်းဆောင်ရွက်မူသည် နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်မှာ ရှင်းလင်းပေသည်။ ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်အတိအကျကို သူမသိသော်လည်း ကြီးမားသော အယုတ်တမာစိတ်တို့ ပါဝင်နေသည်မှာ သေချာ၏။
‘ ရွှေကျီးကန်းအဆင့်တတ်တာကို ဒီအဖိုးကြီး ပန်းချီဆွဲမပြီးခင် ငါပြီးစီးမှဖြစ်မယ်… ’
ရွှီချင်းသည် အံကြိတ်လိုက်ပြီး ရွှေကျီးကန်း၏ (၁၀၀)မြောက်အမြှီးကို စစ်ဆေးလိုက်သည်။
ဤနောက်ဆုံးအမြှီးသည် အလွန်အမင်း အရေးကြီးသည်။ ယင်းက တစ်ဝက်ခန့်သာ ရှိသေးပြီး တိုးတတ်မှုသည် နှေးကွေးသည်။
“ မြန်မြန် ”
ရွှီချင်းသည် အတွင်းစိတ်ထဲမှ အော်ပြောလိုက်သည်။
ရွှေကျီးကန်းသည် ရွှီချင်းထံမှ စိုးရိမ်ကြောင့်ကြမှုကို အာရုံခံမိသွားပြီး သူရိန်နေမင်းအလောင်း၏ အသွေးအသားကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။ ၎င်းသည် အသွေးအသားနှင့် မပေါင်းစပ်ရသေးသော မီးခိုးမျိုးနွယ်ဝင်များကိုပင် ဝါးမျိုပြီး သန့်စင်လိုက်သည်။
ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင်စာ မီးလောင်ကျွမ်းရန်အချိန် ကုန်ဆုံးသွားသည်။
ဤနေရာမှ မြင်ကွင်းသည် အလွန်းအမင်း ထူးခြားဆန်းကြယ်သည်။
အကိုက်ရာအမှတ်အသားများဖြင့် တစ်ကိုယ်လုံး ပြည့်နှက်နေသည့် ဆံပင်ဘိုသီဘတ်သီနှင့် အဖိုးအိုတစ်ယောက်သည် သွေးရောင်လွှမ်းနေသော မျက်လုံးဖြင့် ရူးသွပ်စွာ ပန်းချီဆွဲနေသည်။ သူပန်းချီဆွဲနေသည်မှာ ပေထောင်ပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ထိုခန္ဓာကိုယ်မှ အရိုးများကို ရေးဆွဲပြီးပြီဖြစ်၍ အသွေးအသားများသည် ဆက်လက်ဖြစ်ပေါ်နေသည်။ ယင်းက ထူးခြားဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ကောင်း၏။
ထိုခန္ဓာကိုယ်ထံမှလည်း သူရိန်နေမင်း၏ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် နတ်ဘုရားလက်ချောင်း၏ နတ်ဘုရားအာရုံက ယင်းထဲသို့ ပေါင်းစပ်သွားနေစဉ် ဖြစ်သည်။ ထိုနေရာတွင် ပျံ့နှံ့ထွက်နေသော နတ်ဘုရားအစွမ်းနှင့် ပြန်လည်ရှင်သန်တော့မည့် စိတ်ဆန္ဒလည်း ရှိသည်။
ရွှီချင်းသည် မျက်လုံးပိတ်ထားပြီး လုံးဝမလှုပ်မရှားပေ။ သို့သော်လည်း သူ၏ အနီးနားတစ်ဝိုက်မှ သူရိန်နေမင်း၏ အသွေးအသားသည် လျှင်မြန်စွာ ခြောက်သွေ့လာနေသည်။
ထိုသို့ခြောက်သွေ့လာနေခြင်းမှာ ရွှီချင်း၏ စုပ်ယူမှုနှင့် ပန်းချီကားအဖိုးအို၏ ပန်းချီဆွဲရန် ဆေးရည်အဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
အဝေးတွင် ကျောက်တုံးခြင်္သေ့သည် ခေါင်းကြီးကို ဆွဲခေါ်သွားပြီး ထိုနေရာနှင့်အဝေးသို့ ဂရုတစိုက် ရွေ့လျားသွားနေသည်။ သိပ်မကြာမီ ၎င်းသည် အတားအဆီးတစ်ခုနှင့် တွေ့ကြုံသွားပြီး ဆက်လက်မသွားနိုင်တော့ပေ။ ၎င်းသည် ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
“ ဒီနှစ်ကောင်က တစ်ဖက်လူကို အပြစ်ဖို့နေကြတာပဲ… ဒါကို ငါမြင်တယ်… အို ဘုရားရေ ငါ့မျက်လုံးက အရမ်းကြောက်စရာကောင်းတာပဲ ”
ထူးဆန်းသော အလင်းသည် ခေါင်းကြီး၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူက အနာဂတ်ကိုကြည့်ရန် သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်သည်။ သို့သော်လည်း စက္ကန့်ပိုင်းအတွင်း သူက တိတ်တဆိတ် အော်ငိုလိုက်သည်။
“ သူတို့အားလုံး သေသွားကြတယ်… သူတို့အားလုံး သေသွားကြတယ် ”
ခေါင်းကြီးသည် ငိုချင်လာသည်။ သူသည် အလွန်ကံဆိုးသည်ဟု ခံစားမိလာပြီး အကျဉ်းထောင်ဌာနတွင် ရှိနေခဲ့သည့်အချိန်ကို ပြန်လည်လွမ်းဆွတ်လာသည်။ ထိုအချိန်တွင် နောက်ဆုံးမှာတော့ ရွှေကျီးကန်းသည် အမြှီး(၁၀၀)မြောက်ချောင်းကို ဖွဲ့စည်းနိုင်သွားသည်။
ထိုလျှပ်တစ်ပြက်အတွင်း ရွှေကျီးကန်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားကာ အော်ဟစ်ပစ်လိုက်ချင်သည်။ သို့သော်လည်း ရွှီချင်းသည် ၎င်းကို ချက်ချင်း ချုပ်ထိန်းလိုက်သည်။
ရွှေကျီးကန်းသည် လည်ပင်းအစ်သွားသည်ဟု ခံစားရလိုက်သည်။
၎င်းသည် ဘာမှမတတ်နိုင်ဘဲ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ နာခံစွာ ပြန်ရောက်လာပြီး ပဉ္စမနတ်နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
ရွှီချင်း၏ ပဉ္စမနတ်နန်းတော်ကို ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်း အင်ပါယာကျင့်စဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရွှေကျီးကန်းပြန်ရောက်လာသည့်အခါ ၎င်း၏ အသွင်သဏ္ဍာန်သည် ရုတ်ချည်း ပြောင်းလဲသွားသည်။ ၎င်းသည် ရွှေကျီးကန်းအသွင်အပြင်မဟုတ်တော့ဘဲ လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ထိုလူငယ်သည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် သရဖူဆောင်းထားသည်။ သူ၏ အသွင်အပြင်သည် ရွှီချင်းနှင့်ခွဲခြားမရအောင် ဆင်တူသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ အဆုံးမဲ့ ဓမ္မစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူက ရွှေကျီးကန်း၏ တာအိုနတ်သူငယ်ဖြစ်သည်။
သူသည် ဝေဝါးနေဆဲဖြစ်ပြီး သန္ဓေသားလောင်းအဆင့်မှာသာ ရှိနေသေးသော်လည်း သူထွက်ပေါ်လာသည့်အခိုက်အတန့် ရွှေအမြူတေအဆင့်ကို ကျော်လွန်သွားသော အားလှိုင်းတစ်ခုသည် ပဉ္စမနတ်နန်းတော်ထဲမှ ပေါက်ကွဲထွက်လာသည်။
ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် ပြင်းထန်သော အားလှိုင်းများဖြင့် ပြည့်နှက်နေသည်။ တတိယအဆင့်သို့ ရွှေကျီးကန်းတတ်လှမ်းသွားသည်နှင့် ပဉ္စမနတ်နန်းတော်ကို နတ်နန်းတော်ဟု နောက်ထပ်မခေါ်နိုင်တော့ပေ။
ယင်းက တာအိုနတ်သူငယ်ပါရှိသော နယ်မြေတစ်ခုသို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
အတိအကျဆိုရလျှင် ထိုနန်းတော်သည် ဝိညာဉ်နတ်သူငယ်အဆင့်တွင် ရှိသည်။ သို့သော်လည်း ရွှီချင်း၏ တခြားနတ်နန်းတော်များက ထိုအဆင့်သို့ မရောက်ရှိကြသေးသဖြင့် ဤအခိုက်အတန့်မှာ သူ၏ အဆင့်သည် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်သာ ဖြစ်သည်။
တိုးမြှင့်သွားသော သူ၏ တိုက်ပွဲစွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ရွှီချင်းသည် ဟင်းလင်းပြင်ထဲမှ အချုပ်အနှောင်ကို အာရုံခံမိသည်။ ယင်းက မရေမတွက်နိုင်သော ဖောက်ထွင်းမြင်သံကြိုးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ နတ်ဘုရားအစွမ်းထဲမှ သိမ်မွေ့သော အပြောင်းအလဲများကို သူအာရုံခံနိုင်လာသည်။ ယင်းမှာ မရေမတွက်နိုင်သော ပိုးကောင်ငယ်များ၏ ပုံရိပ်များဖြစ်ကြသည်။